လူသားဆန်သော... သူ


နန့်စမ်းကျေးရွာကလေးတွင် ဦးနှောက်ကျပ်မပြည့်သော သူတစ်ဦးရှိသည်။ သူ့နံမည်က အောင်ထွန်း……

အောင်ထွန်းကို မွေးတော့ အချင်းစလွယ်ဆိုင်းပြီး မွေးသည်ဟု ပြောကြသည်။ ထိုသို့ အချင်းစလွယ်ဆိုင်း၍ မွေးလာသောသူသည် တစ်ခုခု ထူးထူးခြားခြား ဖြစ်ထွန်းတတ်သည်၊ အကြီးအကဲဖြစ်တတ်သည်ဟု ဆိုရိုးရှိသောကြောင့် လူအများက “ဒီကလေးက ထူးခြားမဲ့ကလေး”ဟု ၀ိုင်းပြီး မှတ်ချက်ပေးကြသောအခါ အနီးနားရှိ လူကြီးတစ်ဦးက “အင်း ထူးရင်ထူး၊ မထူးရင်တော့ အရူးဘဲ ဖြစ်မယ်” ဟု ပြောလိုက်ကြောင်းကို  အောင်ထွန်းမွေးလာသော ဇာတ်ကြောင်းအဖြစ် လူအချို့က ပြန်ပြောတတ်ကြလေသည်။ တကယ်တမ်း ကျောင်းနေသည့်အရွယ် ရောက်လာချိန်တွင် အောင်ထွန်းမှာ ဦးနှောက်ကျပ်မပြည့်သူ ဖြစ်သောကြောင့် အခြားကလေးများလို ကျောင်းတက်ဖို့ အခွင့်မရရှာပါ။ သို့သော် အံ့သြဖို့ကောင်းသည်မှာ အောင်ထွန်းက ဦးနှောက်မပြည့်သော်လည်း မှတ် ဉာဏ်တော့ အလွန်ကောင်းသည်။ နန့်စမ်းရွာ တစ်ရွာလုံးက လူတွေကို နံမည်နှင့်တွဲရက် သူမသိသူမရှိ။ မမှတ်မိဘဲမနေ။ ထို့ပြင် လူတိုင်းကို နံမည်မှန်အောင် ခေါ်နိုင်သလို လူတိုင်း၏ နံမည်ကိုလည်း အင်္ဂလိပ်လို စာလုံးပေါင်းတတ်သည်။ ကျောင်းပင်မနေခဲ့ဖူးသော အောင်ထွန်းသည် ထိုစာလုံးပေါင်းများကို မည်ကဲ့သို့တတ်လာသည်ကိုလည်း မည်သူကမျှ မပြောနိုင်ချေ။ ရွာထဲကလူတစ်ချို့က “အောင်ထွန်းရေ.. ငါ့နာမည် အင်္ဂလိပ်လို ပေါင်းပြစမ်းပါကွာ” ဟု မေးလိုက်လျှင် ရွှန်းရွှန်းဝေအောင် ပေါင်းပြလေတော့သည်။

အောင်ထွန်းသည် ထင်းခွေ၊ ရေခပ် ၊ တောတောင်ထဲတွင် သပြေပန်းများခူး၍ လိုအပ်သည့်အိမ်များကို ရောင်းချပေးခြင်းဖြင့် မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သည်။ ယောက်ျားသား မရှိသောအိမ်များ၊ အလုပ်မအားလပ်သော အိမ်များကလည်း အောင်ထွန်းကိုခေါ်၍ ထင်းခွဲခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်းတို့ကို အခကြေးငွေ ပေး၍ ခိုင်းစေတတ်ကြသည်။ ဘယ်၍ ဘယ်မျှဟု သတ်မှတ်ခြင်းမရှိဘဲ ပေးသလောက်သာ ယူတတ်၍ အလုပ်ကိုလည်း စေတနာပါပါ လုပ်ပေးတတ်သည်။ ဓားများတုံးနေသည်ကို မြင်ပါက မနေနိုင်ဘဲ သွေးသွားပေးခြင်း၊ ခြင်းများ စုတ်ပြဲနေလျှင် နှီးရက်ပြီး ဖာထေးသွားပေးခြင်း၊ ခြံထဲတွင် ရှုပ်ပွနေလျှင် ရှင်းသွားပေးခြင်း၊ ၀ါးလုံးတို အစများတွေ့လျှင် နှီးဖြာပေးသွားခြင်း စသည်ဖြင့် သူ့မျက်စိထဲ မြင်သမျှ တောက်တိုမယ်ရ အလုပ်တို့ကိုလည်း ၀င်လုပ်ပေးတတ်သောကြောင့် ရွာထဲမှ လူအများက အောင်ထွန်းကို သဘောကျ၊ ခင်မင်ကြသည်။

လူကြီးပိုင်းက အောင်ထွန်းနှင့် အဆင်ပြေသလောက် သူနှင့်အစေးမကပ်သော ရန်ဘက်များမှာ ကလေးများအုပ်စု ဖြစ်လေသည်။ အောင်ထွန်းတွင် မည်သို့သော အကြောင်းကြောင့်မှန်းမသိရဘဲ သူ့ရှေ့တွင် ချောင်းဆိုးလျှင် စိတ်ဖောက်ပြန်သလိုဖြစ်လာပြီး ချောင်းဆိုးသူကို တွေ့ရာဒုတ်ချောင်းများ ခဲလုံးများ စသည်ဖြင့် လိုက်ရိုက်ခြင်း၊ ပေါက်ခြင်းကို လုပ်တတ်သည်။ ပြီးလျှင်လည်း သူ၏ရှေ့တွင် ငပိဆိုသော စကားလုံးကို သုံးလျှင်လည်း အလွန်စိတ်ဆိုးတတ်သည်။ စိတ်ဆိုးပြီး လိုက်ရိုက်တတ်သော အကျင့်ရှိသည်။ ကလေးများအုပ်စုကလည်း အောင်ထွန်းကိုမြင်လျှင် သူ့ရှေ့တွင် တမင်တကာ ချောင်းဆိုးခြင်း သော်လည်းကောင်း၊ အောင်ထွန်း ငပိ ဟု အော်ဟစ်စနောက်ခြင်း သော်လည်းကောင်း ပြုလုပ်ကာ ထွက်ပြေးတတ်ကြသည်။ ထို့ကြောင့် ကလေးများက အောင်ထွန်းကိုမြင်တိုင်း စတတ်၊ နောက်တတ်သလို အောင်ထွန်းကလည်း သူ့ကို စနောက်တတ်သော ကလေးများကို မုန်းသူ၊ ရန်လိုသူ ဖြစ်လာသည်။ အချို့ကလေးများမှာ အောင်ထွန်း ရှိနေသည်ကို မတွေ့မိဘဲဖြစ်စေ၊ အောင်ထွန်းအကြောင်း မသိ၍ဘဲ ဖြစ်စေ ချောင်းဆိုးမိခြင်း ပြုခဲ့မိလျှင် ထိုကလေးကို အောင်ထွန်းက လိုက်ရိုက်တတ်လေသည်။ လူကြီး မိဘ တစ်ဦးဦးက မြင်တွေ့သွားပြီး အော်ဟစ်ခြောက်လှန့်ကာ အောင်ထွန်းကို ပြန်ရိုက်နှက်မည့်ပုံစံ လုပ်ပြမှ ထွက်ပြေးသွားတတ်သည်။

တစ်ရက် အောင်ထွန်းမှာ တောထဲ ပန်းခူးထွက်ဖို့ နန့်စမ်းကျေးရွာ၏ စာသင်ကျောင်းအနီးမှ ဖြတ်သွားရသောအခါ ကျောင်းခေတ္တအားလပ်ချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ကျောင်းသားများအားလုံး ကျောင်းခန်းပြင်ပ ကျောင်းဝင်းထဲတွင် ဆော့ကစားနေချိန် ဖြစ်လေသည်။ ကျောင်းအနီးမှ  အောင်ထွန်းဖြတ်သွားသည်ကို တွေ့မြင်ကြသော ကျောင်းသားများ အားလုံးက “အောင်ထွန်း ငပိ ၊ အဟမ်းအဟမ်း”  စသော အသံများ ဆူညံစွာဖြင့် အော်ဟစ် စနောက် ကြလေသောအခါ ဒေါသအိုး ပေါက်ကွဲလေသော အောင်ထွန်းသည် ကျောင်းကို ခဲဖြင့် အညှိုးတကြီး ထုလေတော့သည်။ ဆရာ၊ဆရာမများက ကျောင်းသားများကိုမစကြ၊ မနောက်ကြဖို့၊ အသံတိတ်ဖို့ အော်ဟစ်တားမြစ်သောကြောင့် ကျောင်းသားများဆီက အသံ တိတ်သွားတော့မှသာ အောင်ထွန်းမှာ တောထဲသို့ ထွက်ခွာသွားလေသည်။ ထိုသို့ဖြင့် ကလေးများမှာလည်း အောင်ထွန်းကိုတွေ့တိုင်း အော်ဟစ် နောက်ပြောင်ကာ ထွက်ပြေးတတ်သလို  အောင်ထွန်းကလည်း ကလေးများကိုတွေ့လျှင် မျက်စောင်းတခဲခဲ ဖြစ်နေတတ်သည်။ ဘယ်သူက သူ့ရှေ့တွင် ချောင်းဆိုးလိုက်လေမည်လဲ၊ ဘယ်သူက ငပိဟု အော်ဟစ်မည်လဲဟူ၍ သတိကြီးကြီးနှင့် စောင့်ကြည့်နေတတ်သည်။ ရွာထဲမှ အစ အနောက် သန်လွန်းသော အချို့ကလေးများ၊ အောင်ထွန်းအကြောင်း မသိ၍ ချောင်းဆိုးမိသော ကလေးများမှာ သူ့လက်ချက်ဖြင့် ထိပ်ပေါက်ခေါင်းကွဲခြင်းမှာ မကြာခန ဖြစ်တတ်လာသည်။ သို့ဖြင့် အောင်ထွန်းနှင့် ကလေးများမှာမူ ကမ္ဘာ့ရန်များသဖွယ် ဖြစ်လာကြလေတော့သည်။

နန့်စမ်းရွာ၏ စာသင်ကျောင်းသည် ရွာအ၀င် လမ်းမကြီးဘေးတွင်ရှိပြီး ရွာထဲမှ ကျောင်းသို့လာလျှင် ချောင်းကူး တံတားကြီးတစ်ခုကို ဖြတ်ပြီးမှ ကျောင်းသို့ရောက်သည်။ တံတားမှာ ခပ်ကျဲကျဲ ပျဉ်ချပ်များဖြင့် ခင်းထားလေသည်။ ကျေးလက်တောရွာဖြစ်ပြီး လယ်ယာအလုပ်၊ တောတောင်ထဲတွင် ထင်းခွေ၊ ဟင်းရှာ၊ မီးသွေးဖုတ် စသဖြင့် အလုပ်မအားလပ်ကြသော မိဘများမှာ မြို့ကျောင်းများမှ မိဘများကဲ့သို့ မိမိတို့သားသမီးများကို ကျောင်းပို့၊ ကျောင်းကြို လုပ်လေ့လုပ်ထ မရှိသလို လုပ်နိုင်အောင်လည်း အချိန်မပေးနိုင်ကြသောကြောင့် ကျောင်းသားများ၊ ကလေးသူငယ်များမှာ မိမိတို့ဖာသာ ကျောင်းသို့ သွားကြရသည်။ ကျောင်းတက်စ သူငယ်တန်း  ကလေးများကိုလည်း နီးစပ်ရာ ကျောင်းသားကြီးများနှင့် ထည့်ပေးလိုက်ကြသော်လည်း ကျောင်းတက်ရက် ကြာလာလျှင်တော့ သူတစ်ဦးတည်းဖြစ်စေ သူငယ်ချင်းများနှင့်ဖြစ်စေ ကျောင်းသွားကျင့် ရသွားတတ်ကြသည်သာ ဖြစ်လေသည်။

တစ်ရက်တွင် ၄တန်းကျောင်းသားလေး အိုက်ဦးမှာ မိခင်ဖြစ်သူ ထမင်းချက် နောက်ကျနေသဖြင့် မနက်စာ စားနောက်ကျသောကြောင့် ကျောင်းချိန် အနည်းငယ် နောက်ကျသွားလေသည်။ ကျောင်းနှင့် မဝေးလှသောကြောင့် ခေါင်းလောင်းထိုးသံကိုပင် ကြားလိုက်ရသေးသည်။ ကျောင်းနောက်ကျနေသဖြင့် ကပျာကယာ အပြေးအလွှား ကျောင်းသို့ထွက်အလာတွင် ချောင်းကူးတံတားပေါ်အရောက်တွင်  ပျဉ်ပြားခင်းသော တံတား၏ တစ်နေရာတွင် သစ်သားတစ်ချောင်းမှာ ကျိုးနေသောကြောင့် အပေါက်အနည်းငယ်ကျယ်နေရာ အမြန်လျှောက်လာသော အိုက်ဦးမှာ ထိုအပေါက်တွင် ခြေတစ်ဖက် ကျွံသွားပြီး သူစီးလာသော ဖိနပ်တစ်ဖက်မှာ တံတားအောက်သို့ ကျသွားတော့သည်။ ဖိနပ်မှာ မိခင်ဖြစ်သူ ဒီမနက်မှ ဈေးက၀ယ်လာသော ဖိနပ်အသစ်ဖြစ်သည့်အတွက် အရိုက်ခံ ထိတော့မည်ကို တွေးမိပြီး ထိတ်လန့်သွားမိလေသည်။ တံတားပေါက်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ ချောင်းအစပ်မြေပြင်ပေါ်တွင် ရေပြင်ပေါ်တစ်ပိုင်း ကမ်းစပ်ပေါ် တစ်ပိုင်း  ကျလုကျခင် တင်နေသော သူ၏ ဖိနပ်လေးကို တွေ့လိုက်ရသောကြောင့် အမြန်ဆင်းကောက်မည်ဟု ဆုံးဖြတ်ကာ တံတားထိပ်ဖက်သို့ ပြန်လျှောက်လာပြီး ဖိနပ်ကျသွားရာ တံတားအောက်ဖက်ရှိ ချောင်းကမ်းစပ်သို့ ဆင်းသွားလေသည်။

ထိုအချိန်တွင် အောင်ထွန်းမှာ တောထဲမှ သပြေပန်းများ ခူးပြီး  တံတားဟိုဘက်ထိပ်ဆီမှ ရွာဘက်သို့ ပြန်လာရာ အိုက်ဦးလေး ချောင်းစပ်သို့ ပြေးဆင်းသွားသည်ကို သူက တွေ့လိုက်ရလေသည်။ သို့နှင့် တံတားပေါ်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ချောင်းစပ်သို့ ပြေးဆင်းနေသော အိုက်ဦးကိုတွေ့လိုက်၍ ပြန်လာခဲ့ရန် အော်ခေါ်လိုက်သော်လည်း အိုက်ဦးမှာ ကြားဟန်မတူဘဲကမ်းစပ်ဆီသို့ ပြေးမြဲပြေးဆင်းနေသဖြင့် အောင်ထွန်းလည်း တံတားထိပ်ဘက်သို့ ရောက်အောင် အမြန်ပြေးကာ အိုက်ဦးနောက်သို့ လိုက်လေတော့သည်။ အိုက်ဦးလေး ချောင်းစပ်သို့ ရောက်ချိန်တွင် ညက ပြင်းပြင်းထန်ထန် ရွာခဲ့သော မိုးကြောင့် တရိပ်ရိပ် တက်နေသော ချောင်းရေက သူ့ဖိနပ်လေးကို ကမ်းစပ်မှ မျှောပါသွားအောင် ဆွဲချသွားလေတော့သည်။ ဖိနပ်အသစ်လေးလဲဖြစ်၊ အိမ်ရောက်၍ ဖိနပ်မပါလာသည်ကို တွေ့ပါက လူကြီးများ ရိုက်မည်ကိုလည်း စိုးသောကြောင့် အိုက်ဦးလေးမှာ ဘာမှ မစဉ်းစားတော့ဘဲ ရေကြီးနေသောချောင်းထဲ ဆင်းလိုက်ပြီး မျှောပါစ ပြုနေသော ဖိနပ်ကို ဆင်းဆယ်ပါတော့သည်။

သို့သော်လည်း ရေတက်နေသောကြောင့် ဖိနပ်မှာ ရေစီးဖြင့် အလျှင်အမြန်မျှောပါနေသလို ရေထဲဆင်းလိုက်သော အိုက်ဦးကိုလည်း ချောင်းရေက အရှိန်ဖြင့် ဆွဲခေါ်သွားလေရာ ရေကူးတတ်သော်လည်း ရေစီးပြင်းသဖြင့် အိုက်ဦးမှာ ချောင်းရေထဲ မျှောပါလေတော့သည်။ အိုက်ဦးနောက် လိုက်လာသော အောင်ထွန်းမှာ ချောင်းရေထဲ မျှောပါနေသော အောင်ထွန်းကိုတွေ့သည်တွင် ဘာမှ စဉ်းစားမနေတော့ဘဲ သူ့ထဲကိုင်လာသော သပြေပန်းနှင့် ခါးတွင်ထိုးထားသော ဓားကို ကမ်းစပ်တွင် ပစ်ချလိုက်ပြီး အောင်ထွန်းမျှောပါသွားရာ ချောင်းရေထဲသို့ အမြန် ဆင်းလိုက်လေတော့သည်။ ရေစီးသန်နေသဖြင့် အောင်ထွန်းကိုယ်တိုင်မှာလည်း မျှောပါသွားတော့သည်။ မကြာခင်တွင် ရေစီးနှင့်မျှောပါနေသော အိုက်ဦးလေးမှာ ရေကူးတတ်သောကြောင့် ရေစီးဖြင့် မျှောရုံသာမျှောပါနေသော်လည်း  အောင်ထွန်းမှာ ရေထဲတွင် မြုပ်ချည်ပေါ်ချည် ဖြစ်နေတော့သည်။ ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့် စက်လှေတစ်စီး ဖြတ်အသွား ရေနစ်စပြုနေသော အောင်ထွန်းနှင့် ရေစီးဖြင့် မျှောနေသော အိုက်ဦးတို့ကို စက်လှေပေါ်မှ လူများက ကယ်လိုက်ကြလေသည်။

သူတို့၂ယောက်ကို စက်လှေက ကမ်းစပ်သို့ ပြန်ပို့ချိန်တွင် ရေနစ်သည်ဟု အသံကြားသဖြင့် ကမ်းစပ်တွင် လူအများက ရောက်ရှိနေကြပြီဖြစ်သည်။  တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြရင်း အိုက်ဦးကို ဆင်းကယ်သဖြင့် အောင်ထွန်းရေနစ်သည် ဟု သိလိုက်ကြလေသည်။ တကယ်တမ်းတွင် အောင်ထွန်းမှာ ရေလုံးဝ မကူးတတ်ပါ။ သို့သော် သူ့ရှေ့တွင် ရေထဲမျှောပါနေသော ကလေးကိုတွေ့သဖြင့် ဘာကိုမှ မစဉ်းစားဘဲ ရေထဲဆင်းကယ်ဖို့ ကြိုးစားခြင်း ဖြစ်လေသည်။  ကလေးများကို မုန်းတီးသူ၊ ရန်လိုတတ်သူ အောင်ထွန်းမှာ ယခု သူ၏ ရန်ဘက်ဖြစ်သော အိုက်ဦးကဲ့သို့ ကလေးတစ်ယောက်ကို ရေပင်မကူးတတ်ဘဲ ကယ်ဖို့ ကြိုးစားသည်ကို ၀ိုင်းကြည့်နေသူများက နားမလည်နိုင်အောင်ဖြစ်ကာ အံ့သြကြလေသည်။ ဘာကြောင့်ရေမကူးတတ်ဘဲ ကလေးတစ်ယောက်ကို ကယ်ဖို့ ကြိုးစားသည်ကို နားမလည်နိုင်ဖြစ်ရသလို အံ့သြခြင်းလည်း ဖြစ်ကြရလေသည်။ သို့ဖြင့် အောင်ထွန်းအား လူအများက “ရေမကူးတတ်ဘဲ ဘာကြောင့် ရေထဲဆင်းသလဲ”  ဟု ၀ိုင်းမေးကြလေတော့သည်။ ထိုသူများ၏ မေးခွန်းကို အောင်ထွန်းပြန်ဖြေလိုက်သည်က “ လူတစ်ယောက် ရေနစ်နေတာ မြင်တော့ ကျုပ် ရေမကူးတတ်တာ သတိမရတော့ဘူး။ ရေနစ်မှာကိုလည်း သတိမထားမိတော့ဘူး.. ကျုပ်ကို ရွာဦးဆရာတော်က ပြောဖူးတယ်.. လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းဟာ ရခဲတယ်.. တန်ဖိုးရှိတယ်လို့ ပြောထားဖူးတယ်.. ကျုပ်အဲဒါကို ဘယ်တော့မှ မမေ့ဘူး.. ဒါကြောင့်လည်း ဒီကလေး ရေနစ်မှာစိုးလို့ ကျုပ် ဆင်းပြီးကယ်တာ..” ဟူ၍ ဖြစ်သည်။
လူအုပ်ထဲတွင် ၀ိုင်းကြည့်နေသောသူများထဲမှာ လူတော်တော်များများ၏ စိတ်ထဲတွင် “ကျပ်မပြည့်သော အောင်ထွန်းလို လူတစ်ယောက်ကပင် သူနှင့် လုံးဝ မတည့်သော သူ၏ရန်ဘက် ကလေးတစ်ယောက်အား လူ့အသက်တစ်ချောင်းသည် တန်ဖိုးရှိမှန်း၊ ကယ်တင်ရကောင်းမှန်းကို လူသားဆန်စွာ သိနားလည်နေခဲ့ပါလျှင် အောင်ထွန်းထက်  ဦးနှောက်အသိဉာဏ် ပြည့်စုံသောသူတွေကရော လူအများကို တန်ဖိုးထားရကောင်းမှန်း၊ အသက်တစ်ချောင်းကို ကယ်တင်ရကောင်းမှန်း သိကြပါရဲ့လား ” ဟူ၍ အတွေးနက်မိကြတော့သည်။

လူအချင်းချင်း တန်ဖိုးထားတတ်သော စိတ်နှလုံးကောင်းဟူသည် ရာထူးအဆင့်အတန်း၊ အသက်အရွယ်၊ ဆင်းရဲချမ်းသာ၊  ပညာတတ်ခြင်း၊ မတတ်ခြင်းပေါ်တွင် ခွဲခြမ်းစိတ်ဖြာ ကြည့်ရှု၍ မရနိုင်ဘဲ လူတစ်ယောက်၏ ပင်ကိုယ်နှလုံးသားထဲမှ စိမ့်ထွက် ယိုစီးကျလာသော စစ်မှန်သည့် အသံကို နားထောင်မှသာ မြင်နိုင်သည့်အရာ  ဖြစ်လေသည်။


33 Responses to “လူသားဆန်သော... သူ”

ပူးတေ said...

မမချောရေ

ဖတ်သွားတယ်နော်... ဟုတ်ပါတယ် လူတိုင်းသာ ရန်သူမိတ်ဆွေ မခွဲခြားပဲ တဦးကို တစ်ဦးက ကူညီကယ်တင်ပေးကြရင် ကောင်းမယ်နော်.... ရန်သူ မိတ်ဆွေမထားပဲ မိတ်ဆွေချည်းပဲဆို ပိုကောင်းမယ်နော်....

အောင်ထွန်းရဲ့စိတ်ဓာတ်လေးကိုတော့ မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲ..
အဲဒီလို ကျပ်မပြည့်တဲ့သူရဲ့စိတ်မျိုး....အသိတရားမျိုး..
ကျပ်ပြည့်သူများတိုင်းမှာ ရှိခဲ့မယ်ဆိုပါလျှင်...

မချောရေ လူကောင်းလို့ သတ်မှတ်ထားကြတဲ့ လူအတော် များများ မှာတောင် ဒီလို စိတ်ဓါတ်မျိုး မရှိကြဘူးနော်။ ကျပ်မပြည့် ပေမဲ့ စိတ်ထားကတော့ မလျှော့ကျဘူးနော်...

မချောရဲ့ ၀တ္ထုတိုလေးကိုဖတ်ပြီး.. စိတ်ထဲက အောင်ထွန်းလိုပဲ လူရိုင်းပဲဖြစ်ချင်လာတော့တယ်..
ကမ္ဘာကြီးပေါ်မှာ တစ်ခါတ်လေတော့ လူယဉ်ကျေးလုပ်ရတာ မနိပ်လှဘူး.. ပြောချင်တာမပြောရ လုပ်ချင်တာမလုပ်ရ.. ဟိုဟာထိန်းသိမ်းရ ဒီဟာထိန်းသိမ်းရနဲ့.. ဒါကြောင့်ထင်တယ်.. စိတ္တဇရောဂါဟာ လူယဉ်ကျေးတွေမှာပဲ ဖြစ်ပြီး လူရိုင်းတွေမှာ မဖြစ်ဘူးတဲ့..
စိတ်ထဲက အောင်ထွန်းလိုပဲဖြစ်ချင်လာတော့တယ်.. ဘာမာယာတွေမှ မရှိပဲနေရရင် ဘယ်လောက်ကောင်းမလဲ..

ဟုတ်တယ်အမချောရေ.....လူကောင်းဆိုတဲ့သူနဲ့ ကောင်းတဲ့လူဆိုတာ ကွာခြားမှုတွေရှိတယ်နော်။ ကိုယ့်ကိုကိုယ် ကောင်းအောင်နေတဲ့သူနဲ့ ကောင်းတဲ့အရာတွေ ပေးနိုင်သူဆိုတာ အများကြီးကွာတယ်နော် ။

ခင်တဲ့(ဖိုးကြယ်)

ကျပ်ပြည့်လေ ကြောက်ရလေ...ချောရဲ့ တချို့လူတွေ ပြောပါတယ်....:)

အနမ်း said...

ကျပ်မပြည့်တဲ့လူတွေက နာမည်တွေကို ပိုမှတ်မိတတ်တယ်နော်..။
ကိုယ်က မြင်လျက်သားနဲ့ မကူညီပဲ မျက်ကွယ်ပြုတယ်ဆိုရင်တော့ လူသားမဆန်တဲ့သူပဲဖြစ်မယ်..။ အောင်ထွန်းလိုလူက ချီးကျူးထိုက်တယ်.

Sunny said...

လာဖတ်ပြီး ခံစားသွားပါတယ် အစ်မရေ.. ၀တ္ထုလေးတွေ ဆက်ရေးပါဦး..

phyophyo said...

အားကြီးစာရေးနိုင်တဲ့ မချော ..
ရေးတဲ့စာလေးတွေကလည်း ကောင်းတယ်ပြောရလွန်းတော့ မောတောင်မောတယ်၊
တကယ်ချီးကျူးတယ်၊
စာအားဆေးလေးတွေ သိပ်ရေးတတ်တာပဲ၊
ထူးခြားဆန်းပြားတွေလည်း ရတာပဲ၊
ဟင်းချက်ကလည်းကောင်း၊
သီချင်းတစ်ယောက်တည်းမကြိုက်ပါဘူး၊ မချောကြိုက်ဖို့ပါ ပိုတင်ထားတာ၊ :D
ညီမတော့ စာရေးဖို့ အာရုံမရလို့ .. ဂိမ်းပဲဆော့တော့မယ်၊ သူငယ်ပြန်တာလေ
ချစ်တဲ့

ဖြစ်ရပ်မှန်လေးပေါ့နော်...ချီးကျူးစရာ စိတ်ထားပိုင်ရှင်ပါ ..မှတ်သားနာယူသွားပါတယ် ..အမရေ

ချော ရေ ကိုယ် စာ လာဖတ်တယ်နော်
ချောကတော့ ရသ တခုခုကို ပေးမြဲပဲနော်
လေးစားလျှက်
(ဒါက တမျိုးမန့်သွားတယ်)

shwezinu said...

ညီမ ချော ရေ

လူ့အသက်တချောင်း ကို တန်ဘိုးမထားတတ်တဲ့ သူတွေ ရှိနေသမျှ အားလုံးအဆင်ပြေမှာ မဟုတ်ဘူး စိတ်ဝေဒနာရှင်တောင် သိတယ် သူတို့ မသိတာ အံသြတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

crystal said...

ပူလောင်တာတွေ ရပ်ပြီး၊ ငြိမ်းချမ်းခွင့်လေးများ မသေခင်တွေ့ခွင့်ရပါလို၏။ :)

အင်း......
ဘာပြောရင်ကောင်းမလဲ.......
ဘာမှမပြောတော့ပါဘူးဗျာ.... ငါးခူပြုံးလေးတော့ ပြုံးသွားတယ်။


ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Arrow said...

ကျနော့်အယူအဆကတော့ တစ်ချို့ နေရာတွေမှာ တစ်ခြားသူတွေနဲ့ ကွဲနေမလားမသိဘူး။

အောင်ထွန်းလို စိတ်ဓါတ်ရှိတာ တကယ့်ကိုကောင်းမွန်တဲ့ စိတ်ဓါတ်ပါ။ ဒါပေမဲ့ အဲလို စိတ်ဓါတ်က လူကောင်းတစ်ယောက်မှာ ဘယ်လိုမှ မရှိနိုင်ဘူးလေ။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မှ ရေမကူးတတ်ပဲနဲ. ဆင်းကယ်ရင် ရေနစ်သူကို ကယ်ဖို. နေနေသာသာ ကိုယ်ပါ ရေနစ်သေမယ်ဆိုတာကို သိနေတဲ့ အသိဥာဏ်ကြောင့်လေ။

နောက်တစ်ခုက ကျပ်မပြည့်တဲ့သူတွေမှာ များသောအားဖြင့်က စိတ်ထဲမှာ အညှိုးနဲ့ အစွဲမထားတာ။ လူကောင်းတွေကတော့ အညှိုးတွေ အစွဲတွေများတယ်လေ။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အောင်ထွန်းမှာ ရှိတဲ့ကောင်းတဲ့ စိတ်ဓါတ်မျိုးကို သူ.လိုကျပ်မပြည့်တဲ့အခါမှ ကိုယ့်မှာရှိနိုင်မှာမဟုတ်ပါဘူး။ အဲလိုစိတ်ဓါတ်ကောင်းလေးတွေကို သတိလေးးထားပြီး အလေ့အကျင့်လေးးလုပ်ရင် ဖြစ်လာမှာပါ။


လူကောင်းတစ်ယောက်မှာ ဘာမှ များများစားစားမလိုအပ်ပါဘူး။ သူ.နေရာမှာ ကိုယ်သာဆိုတဲ့ ကိုယ်ချင်းစာတရားလေးးသာ ထားနိုင်ရင်ကို အဲဒီ့လူက တော်တော်လေးးမြင့်မြတ်နေပါပြီ။ ဒီလောကမှာ ကိုယ်ချင်းစာတရားမရှိတဲ့သူတွေက တစ်နေ.ထက်တစ်နေ.များသထက်.... များသထက်... များများလာတာ.............

လေးစားစရာ အောင်ထွန်းလို လူတွေအများကြီး လောကကြီးမှာ ရှိ၇င် ဘယ်လောက်ကောင်း ။

လသာည said...

အောင်ထွန်းအကြောင်းလေး တော်တော်စိတ်ဝင်စားစရာကောင်းသလို သနားစရာကောင်းတယ်နော်။

Bravo said...

အောင်ထွန်းက လူကိုးဗျ
လူဖြစ်နေလို့
လူမဟုတ်တဲ့ သူတစ်ယောက်ဆိုရင်
အဲလို ဘယ်လုပ့်မလဲး)

လေးစားလျက်။ ။နေသွေး(ဘရာဗို)

မမချစ်ကြည်အေး အဆိုကို အပြည့်အဝ ထောက်ခံတယ် ချောရေ........ ပြည့်လေကြောက်ရလေပဲ ...

သြော် ...တကယ်လူသားဆန်တယ်တဲ့အတွေးလေးရသွားပါတယ်ဗျာ..

ကိုမျိုး said...

အမရေးတဲ့စာတွေဖတ်ရတာကျနော့်အတွက်စိတ်ဓတ်ခွန်အားဖြစ်စေတာအမှန်ပဲခင်ဗျ

အတတ်တွေ အများကြီး တတ်နေတော့ လူသားဆန်မှုနဲ့ ပိုဝေးသွားတယ်လို့ ပြောလို့ရပေမယ့်
အတ္တတွေများနေသ၍တော့ လူလူချင်းကူညီ ကယ်တင်ဖို့ မျက်နာလွဲနေကြမှာပဲ။
ဟိုလူတွေက ပိုဆိုးပေါ့။ ငါဆွေမျိုးအတွက်ပဲ သိတဲ့သူတွေလေ

ဒီစာလေးကြိုက်တယ်မချော......။
ရေးတဲ့ပုံစံလေးလည်း ကြိုက်တယ်......
ဟုတ်တယ်.....။
လူလူ အချင်းချင်း.......လူကို လူလို့မြင်တတ်ဖို့......
အဲ့ဒါသိပ်အရေးကြီးတယ်........။

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

ရေမကူးတတ်လည်း ရေနစ်သူကိုကယ်ချင်တယ်ဆိုတဲ့
အတွေးလေးကို နှစ်သက်မိတယ်။
အောင်ထွန်းကို ပုံဖေါ်တာ ကောင်းတယ်နော်။

အောင်ထွန်းလိုလူမျိုးတွေ တကယ်ရှိနေတယ်..။
တချို့ပြည့်ပါတယ်ပြောပြီး ဆယ်ပြားလိုနေတဲ့လူတွေ တွေ့တွေ့နေတော့....။

khinmarlaraung said...

မရေ...အရမ်းကို အပြုသဘောဆောင်တဲ့ အတွေးလေးတွေ ပေးတဲ့
POST ကောင်းလေးတစ်ပုဒ်ပါ။ ဖတ်ရတာ အားရကျေနပ်မိရင်း ကိုယ့်ဘာသာလဲ
ပြန်တွေးလို့ ။ ကိုယ်ချင်းစာနားလည်မှု လူတိုင်းကိုယ်စီ ရှိကြရင်းး နေ့ သစ်များစွာကို
ကြိုဆိုချင်ရဲ့။ အားလုံးအေးချမ်းပါစေလို့ှဆန္ဒပြုရင်း....
ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

zawminhtet said...

အောင်ထွန်းလို စိတ်ဓါတ်လေးလူတိုင်းမှာ ရှိရင်အရမ်းကောင်း မှာပဲနော်

kotunygn said...

Very Good story .....

blackroze said...

Poat လေးထဲကအောင်ထွန်းရဲ့စိတ်ဓါတ်ကတကယ်ဘဲ
လေးစားဖို့ကောင်းပါတယ်..

scofield said...

Dear missgreen...
I came to ur site and read some...you are good one.Thanks a lot for share your knowledge as well as warning positive to others...carry on Miss.
best regards,
Scofield

အင်ကြင်းသန့် said...

အောင်ထွန်းရဲ့ လူသားဆန်သောစိတ်ဓါတ်လေးက တကယ်ကိုအတုယူစရာကောင်းပါတယ်။ လောကကြီးမှာ“လူ” လို့သာ အမည်နာမတပ်ထားပေမယ့် လူစိတ်မရှိတဲ့သူတွေအများကြီးပါ။

နွေဦး said...

နာမည်ကတော့ကြားဖူးနေတာကြာပါပြီ
ဒီနေ့ Facebook မှာတွေ့ လို့ ဝင်ကြည့်တာ
အမ ရဲ့ ( အစိမ်းရောင်လွင်ပြင်လေး ) ကိုဒီနေ့ မှစရောက်ဖူးတာပါ
လိုင်းကောင်းတုန်းလေး ဖတ်လိုက်တာ လူသာားဆန်သော သူ ဆိုတဲ့
ဝတ္ထုလေး ၁ ပုဒ်တော့ အားပေးသွားပါတယ်
နောက်လည်းရောက်ရင် အမြဲဝင်အားပေးပါ့မယ်
စာဖတ်ရတာဝါသနာပါတဲ့သူတွေအတွက်
အမတို့ ကကျေးဇူးတင်စရာ ၊ လေးစားစရာတွေပါ
အားပေးလျှက်
နွေဦး

phyu phyu said...

မချောရေမချောရေးထားတဲ့စာလေတွေကို နေ့တိုင်းလိုလိုဖက်ဖြစ်ပါတယ်
အောင်ထွန်းရဲ့ လူသားဆန်သောစိတ်ဓါတ်လေးကတကယ့်ကိုချီးကျုးပါတယ်
အောင်ထွန်းလို ကျပ်မပြည့်တဲ့လူတောင် လူသားဆန်တဲ့စိတ်ဓာတ်ရှိရင်
သာမန်လူတွေလဲ လူတိုင်းလိုလိုစာနာတက်တဲ့စိတ်တွေရှိရင်အရမ်းကောင်း
မယ်နော်။

အားပေးလျှက်
ဖြူ