စောင်းလျားသီးငပိချက်နှင့် ဒေသအစားအစာများ

စောင်းလျားသီး ငပိချက်

ဒီနေ့တော့ စောင်းလျားသီးမမှည့်တမှည့်လေးတွေကို ငပိချက် ချက်စားဖြစ်ပါတယ်.. စောင်းလျားသီးကို ဟင်းချက်စားကြသူ နည်းပါတယ်.. ဒါပေမဲ့ အညာက လက်ဖက်တွေမှာ ထည့်နှပ်ကြတာတော့ စားဖူးကြမယ်ထင်ပါတယ်.. စောင်းလျားသီးမှည့်ရဲ့ အရသာဟာ ချိုသလိုချဉ်သလို ရှိပြီး ပါးစပ်ထဲမှာ ခပ်မွှေးမွှေးလေး ရှိပါတယ်.. ကျွန်မ ချက်စားဖြစ်တဲ့ ငပိချက်ချက်နည်းလေးကို မျှဝေပါမယ်နော်..



ဒါလေးက ငပိချက်ချက်မဲ့ စောင်းလျားသီးလေးတွေပါ.. ဟင်းချက်လိုက်ရင် ပိုမွှေးအောင်လို့ မမှည့်တမှည့်လေးကို ရွေးလာပါတယ်..




Star Fruit ဆိုတဲ့အတိုင်းပါဘဲ ခုလိုလေးဆို ကြယ်လေးတွေလို လှလို့




ပြီးသွားရင်တော့ ခုလို နှုတ်နှုတ်လေး စင်းလိုက်တယ်လေ.. အစေ့တွေကိုတော့ ဖယ်ထုတ်လိုက်ပါနော်..

ကြက်သွန်ဖြူနီ၊ချင်း တို့ကို အရောင်တင်မှုန့် ဆနွင်းမှုန့်တို့ဖြင့် ဆီသတ် ၊ ခရမ်းချဉ်သီး ၃လုံး၎လုံးကို တောက်တောက်စင်းထားတာကိုထည့် .. ခရမ်းချဉ်သီးတွေ ထည့်ပြီးတာနဲ့ စောင်းလျားသီးတွေကို ထည့်ပြီး ရောသမမွှေလိုက်ပါတယ်..


ရောသမမွှေ

ငပိကွမ်းသီးလုံးလောက် ခန့်မှန့်ပြီးထည့်.. ငပိချက်ဆိုတော့ နည်းနည်းများပစေပေါ့နော်.... ပုဇွန်ခြောက် အလောတော်ကို ထောင်းပြီးထည့်ပါတယ်.... ငံပြာရည်၊ အချိုမှုန့်ထည့်.. ထို့နောက် ရေတွေခမ်းခြောက်ပြီး ဆီပြန်လာတဲ့အထိ မီးဖိုပေါ်ထားပါတယ်.. ကျက်ခါနီးမှ ငရုပ်သီးစိမ်းတွေ အပိုင်းပိုင်းဖြတ်ပြီး ထည့်ပါတယ်.. ပြီးရင် လက်ကလည်း မွှေပေးနေဖို့လိုပါသေးတယ် မဟုတ်ရင်အိုးကပ်သွားမှာ စိုးလို့ပါ.. ရေလုံးဝ ခမ်းပြီး ဆီတွေပြန်လာတော့မှ အရသာမြည်းပြီး အိုးကိုချလိုက်ပါတယ်..


ခံတွင်းပျက်သူတွေအတွက် စောင်းလျားသီး ငပိချက်ပါ..

ကဲ.... ကျက်ပါပြီ.. လျှာရင်းမြက်စေမဲ့ စောင်းလျားသီးငပိချက်ပါ.. အပေါ်က နံနံပင်လေးအုပ်ပေးလိုက်ရင် စားချင်စဖွယ်ဖြစ်ပါပြီ.. စောင်းလျားသီးအမှည့်ဟာ ချဉ်ပြီး ချိုတဲ့အရသာရှိသလို၊ မွှေးတဲ့အနံ့လေးလည်း ရှိပါတယ်.. ဒါကြောင့် စောင်းလျားသီး ငပိချက်ရဲ့အရသာဟာ ချိုချိုမွှေးမွှေးလေးနဲ့ လျှာဖျားမှာ အရသာ သိပ်ကိုကောင်းပါတယ်.. ခံတွင်းပျက်နေသူများ၊ ဘာစားစား စားမ၀င်ဖြစ်နေသူများအတွက် စောင်းလျားသီးဟာ ခံတွင်းမြိန်စေတဲ့ ဆေးတစ်လက်ဖြစ်တယ်လို့ သိရပါတယ်.. ဒါကြောင့်လည်း စောင်းလျားသီး ငပိချက်လေးကို စားရင် လျှာရင်းမြက်ပါလိမ့်မယ်လို့ ကြော်ငြာဝင်လိုက်ပါတယ်နော်..

အတို့အမြုပ် စုံအလင်
စောင်းလျားသီးငပိချက်ကို ခုလို အတို့အမြုပ် အစုံအလင်နဲ့ စားရင် ထမင်း သုံးပန်ကန်တော့ အသားလေး ၀င်သွားမှာ ဖြစ်ပါကြောင်း။  :)  :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝက်သားမုန်ညင်းချဉ်ပေါင်း

နောက်ထပ် မျှဝေမဲ့ ဟင်းတစ်မည်က ၀က်သားမုန်ညင်းချဉ်ပေါင်းပါ.. အဆီအသားအခေါက်ပါ ပါတဲ့ သုံးထပ်သားလို အသားမျိုးကို ရွေးချယ်ပါတယ်.. ပြီးသွားရင် အောက်က အတိုင်း ပါးပါးလေး လှီးပါတယ်..

ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်.

ခနနှပ်ထားမယ်..
ဝက်သားကို ဆား၊ ငံပြာရည်အကြည်၊ ချောက်ကောပါကော၊ ဟင်းချက်ဝိုင် (အရက်အနည်းငယ်) ၊ ကြက်သွန်ဖြူ၊ချင်းအရည်တို့ဖြင့် ရောနယ်ပြီး အချိန်အနည်းငယ် ထားပါတယ်..


မုန်ညင်းချဉ်

ဒါကတော့ မုန်ညင်းချဉ်ပါ.. ဓားနဲ့ ခပ်သေးသေးလှီးထားပြီး ချင်း၊ ကြက်သွန်ဖြူနီ၊ နံနံ ၊ ငရုပ်သီး ၊ ဆီမွှေး(နှမ်းဆီ) အချိုမှုန့်၊ ငံပြာရည်အကြည် တို့ဖြင့် ရောနယ်ထားပါတယ်..
နေရာတကျ..

အစောက ပါးပါးလှီးထားတဲ့ ၀က်သားပြားလေးတွေကို ပန်းကန်လုံးတစ်ခုထဲ ခုလို ဖြန့်ခင်းလိုက်ပါတယ်.. အခေါက်ရှိရာဘက်ကို အောက်ဖက်ကို ထားလိုက်ပါတယ်..
မုန်ညင်းချဉ်လဲထည့်

ပန်းကန်ရဲ့ အလယ်မှာ မုန်ညင်းချဉ်တွေကို ခုလို သိပ်ပြီး ထည့်လိုက်ပါတယ်.. လက်ကလေးနဲ့လည်း ဖိပေးပေါ့နော်.. ပြီးတော့ .....

ပေါင်းပါပြီ..
ရေနွေးဆူဆူမှာ ခုလို ပန်းကန်လေးကို ထည့်လိုက်ပြီး အဖုံးလေးအုပ်လို့ မိနစ်၂၀ နီးပါး ပေါင်းလိုက်ပါတော့တယ်.. ရေခမ်းရင် ထပ်ထည့်ပေးဖို့ သတိထားပါ.. မဟုတ်ရင် ပန်းကန်လုံးပါ မီးတူးသွားနိုင်ပါတယ်.. ပေါင်းရမဲ့ အချိန်ကိုတော့ အတိအကျ မပြောလိုပါ.. ၀က်သားနူးအိမအိကို စမ်းကြည့်ပြီး နူးရင်ချလို့ ရပါပြီ..


ပန်းကန်လုံးပုံမပျက်
ခုလို ပန်းကန်ပြားလေးထဲကို အသားလေး မှောက်ချလိုက်ရင် စားချင်စဖွယ် ၀က်သား မုန်ညင်းချဉ်ပေါင်း ရပါပြီ.. အပေါ်မှာတော့ ၀က်သားပြားလေးတွေ ဖုံးနေပြီး အောက်မှာတော့ မုန်ညင်းချဉ်တွေ ရှိနေပါတယ်.. အပေါ်က နံနံပင်လေး၊ ငရုပ်သီးစိမ်းလေး အလှဆင်လိုက်ရင် လှလဲလှ ၊ စားလို့လဲကောင်းတဲ့ ၀က်သား မုန်ညှင်းချဉ်ပေါင်းတစ်ခွက် ရပါပြီ.. ၀က်သားပန်းကန်ကို ပေါင်းအိုးထဲက ထုတ်လိုက်ချိန်မှာ ပန်းကန်လုံးထဲမှာ အရည်တွေ ရှိနေတတ်ပါတယ်.. အဲဒီအရည်တွေကို ခွက်တစ်ခုထဲ ငှဲ့ထည့်ထားပြီး မုန့်ညင်းချဉ်တွေကိုတော့ လက်ကလေးနဲ့ အသာပြန်ဖိထားပြီး မှောက်ချလိုက်ချိန်မှာ ခုလို ပုံမပျက်လေး ဖြစ်နေမှာ ဖြစ်ပါတယ်..

လှတယ်ဟုတ်...
ဧည့်သည်လာရင် ဒီဟင်းနဲ့ ပုံမှားရိုက်လို့ရတယ်.. ဟင်းခွက်က ကြီးနေပြီး အပေါ်မှာ ၀က်သားက နည်းနည်းလေး .. အောက်မှာတော့ မုန်ညင်းချဉ်တွေ... ဟိဟိ ဧည့်သည်ကတော့ စားရချည်သေးရဲ့ ၀က်သားတွေအများကြီးလို့ တွေးနေမှာ သေချာတယ်...  :)  :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှိုကပ်ပေါင်း

ကျွန်မတို့ကချင်ပြည်နယ်နဲ့ စကိုင်းတိုင်းတစ်ဝိုက်မှာ မှိုကပ်ဆိုတဲ့ သစ်တုံးအဆွေးတွေမှာပေါက်တဲ့ မှိုတစ်မျိုးပါ.. အဲဒီမှိုကို ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းစားပါတယ်..အဲဒါလေးကို ဝေမျှပါဦးမယ်.



ရေစင်အောင်ဆေးထားတဲ့မှိုကပ်များ

အဆာပလာတွေ
ကြက်သွန်ဖြူ၊ချင်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဆားအချိုမှုန့်၊ ငပိကိုအရည်ဖျော်ပြီးထည့်၊ ဆီအနည်းငယ် ထည့်ပြီး ရောမွှေပါတယ်..

နှယ်ပြီးပြီ
ဆန်မှုန့်( မုန့်နှစ်) အတော်များများကို ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ရောနယ်ပါတယ်.. ဆားအပေါ့အငံကို လျှာဖျားလေးဖြင့်မြည်းပါတယ်..

ဖက်နဲ့ထုပ်မယ်..
ငှက်ပျောဖက်ကို နေအနည်းငယ်ပြ၊ သို့မဟုတ် မီးကင်ပြီး ဖက်များ ပျော့ပြောင်းသွားအောင် လုပ်ပြီး မှိုကပ်များကို အနေတော် မှန်းပြီးထည့်ပါတယ်..

ပေါင်းခါနီး
ရလာတဲ့ အထုပ်လေးတွေကို Rice Cooker တွင်ပါသော ဇကာလေးထဲ စီထည့်လိုက်ပါတယ်..

ပေါင်းပြီ..

Rice cooker အောက်မှာ ရေဆူအောင်တည်ပြီး ပုံပါအတိုင်း ပေါင်းလိုက်ပါတယ်.. နာရီဝက် ကျော်ကြာအောင်ပေါင်းလိုက်ပါတယ်..
ကျက်ပါပြီ..

ကျက်သွားချိန်တော့ ဒီလိုလေးပေါ့နော်.. မွှေးကြိုင်တဲ့ မှိုကပ်ပေါင်းပါ.. ဒီနည်းအတိုင်း မုန်ညင်းပေါင်း၊ ဟင်းရွက်စုံပေါင်း တို့ကိုလည်း လုပ်စားနိုင်ကြပါတယ်ရှင်...
စားပါဦး မှိုကပ်ပေါင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချဉ်ပေါင်သီးထောင်း

ချဉ်ပေါင်သီးထောင်းတဲ့နည်းကို ပြောပြပါဦးမယ်ရှင်။ ချဉ်ပေါင်သီးကို ဆန်လှော်ချက်စားလို့ ရသလို ထောင်းစားလို့လည်း ရပါသေးတယ်..

ချဉ်ပေါင်သီးအကာများ

ဒီလိုချဉ်ပေါင်သီးတွေကို အပေါ်က အခွံနီတွေကို ယူပြီးရေစင်အောင် ဆေးပါတယ်.. ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို ထောင်း ချဉ်ပေါင်သီးများကို ငရုပ်ဆုံထဲထည့်၊ ငပိ၊ ပုဇွန်ခြောက်တို့ပါထည့်ပြီး ထောင်းပါတယ်.. ဆားအချိုမှုန့်ထည့်၊ နံနံပင်ထည့်ပြီး အပေါ့အငံမြည်းလို့ အရသာအနေတော်ဆိုရင် ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်သီးထောင်းကို ရပါပြီ.. ထမင်းမြိန်စေတဲ့ ချဉ်ပေါင်သီးထောင်းဖြစ်ပါတယ်။
ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်သီးထောင်းပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြောင်းဖူးမုန်ညင်းဟင်းချို


ပြောင်းဖူး မုန်ညင်းဟင်းချို

ပြောင်းဖူးကို အစေ့ခြွေပြီး ဘလင်ဒါ ( Blender) ဖြင့် ညက်အောင်လုပ်လိုက်ပြီး ရေနွေးဆူအောင်တည်ပြီး ဆား၊အသားမှုန့် ၊ ကြက်သွန်ဖြူ ရိုက်ပြားထည့်ပြီး ရေနွေးဆူလျှင် ပြောင်းဖူးများကိုထည့်ပါတယ်..  ချခါနီးတွင် မုန်ညင်းဖြူ ( အခါးမဟုတ်) များကို ထည့်ပြီး ချလိုက်ရင် ပြောင်းဖူး မုန်ညင်းဟင်းချို ရပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မုန်လာဥချဉ်ရည်



မုန်လာဥချဉ်ရည်ပြင်ဆင်ပုံ

မုန်လာဥချဉ်ရည်ကိုတော့ လူတိုင်းချက်တတ်ကြမှာပါနော်... ဒါပေမဲ့ ဟင်းမချက်တတ်ပါဘူးဆိုတဲ့ ညီမလေး၊ မောင်လေးများအတွက် ချက်နည်းကို ပြန်လည်ဝေမျှလိုက်ပါတယ်.. မုန်လာဥကို အတုံးအရွယ် တော်လေးများ ပြုလုပ်ပြီး ကြက်သွန်နီ၊ ဖြူ၊ ငပိ၊ ပုဇွန်ခြောက်ထောင်းထည့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီး၊ အရောင်တင်၊ ဆား၊အချိုမှုန့်၊ ဆနွင်းမှုန့်၊ မက်လင်သီး ၊ဆီ အနည်းငယ် တို့ကို တစ်ခါတည်း ချက်မဲ့အိုးထဲကို ထည့်ပါတယ်..  မီးဖိုပေါ်တင်ပြီး ဟင်းအိုးကို အနည်းငယ်လုံးချက်ချက်ပြီး ရေထည့်ပါတယ်..မုန်လာဥကို ငါး၊ ငါးခေါင်းတို့နဲ့လည်း အချဉ်ရည်ကျိုတတ်ကြပါတယ်..


ရေဆူအောင်၊ ရေခန်းအောင် တည်

ရေခမ်းပြီး ဟင်းအိုးကျပြီဆိုရင် အပေါ့အငံ၊ အချဉ်အရသာမြည်းလို့ ကြက်သွန်မြိတ်၊ နံနံပင်ကြိုက်ရာခတ်လိုက်ရင် မုန်လာဥ အချဉ်ရည်ဟင်းတစ်ခွက် ရပါပြီရှင်...

 
မက်လင်သီးခြောက်များ

ဒါလေးက ကချင်ပြည်နယ်မှာ အသုံးများတဲ့ မက်လင်သီးခြောက်ပါ..  အချဉ်ရည်ဟင်းထဲ ထည့်ချက်စားသလို ကြက်သား ကချင်ချက်ဆိုရင်လည်း ထည့်ပါတယ်.. ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ချင်းငရုပ်သီးစိမ်းလေးနဲ့ ဆွန်ထန်လိုမျိုးလည်း ဟင်းရည်လုပ်သောက်လို့ရပါတယ်.. ရှမ်းပြည်နယ်မှာတော့ မက်ခေါက်သီးနဲပ ချဉ်စော်ခါးသီးအခြောက်ကို အသုံးများပါတယ်.. ပုံစံဆင်သလိုရှိပြီး အရသာလည်း သိပ်မကွဲပါဘူး....
အားလုံးဘဲ လျှာရင်းမြက်ကြပါစေရှင်...

25 Responses to “စောင်းလျားသီးငပိချက်နှင့် ဒေသအစားအစာများ”

Sunny said...

ဝေးး ပထမဆုံးကွ.. စောင်းလျားသီးငါးပိချက်ကနေ တံတွေးမြိုရင်း စဖတ်လိုက်တာ
ဝက်သားမုန်ညင်းချဉ်ပေါင်းကျတော့ ဟင်း ကနဲ သက်ပြင်းချ.. (စားချင်လို့.. လုပ်စားဦးမှ)
အယ်.. နောက်ထပ် မှိုကပ်ပေါင်းတဲ့..
ဟင်.. ချဉ်ပေါင်သီးထောင်းတဲ့.. (ဒါက လိုက်လုပ်စားလို့မရ.. ပုံပဲကြည့်ရတော့မှာပဲ)
ပြောင်းဖူးမုန်ညင်းဟင်းချို (တော်သေးတယ် ဟင်းချိုသိပ်မကြိုက်ဘူး)
မုန်လာဥချဉ်ရည် ..
မရတော့ဘူး.. လာစားပြီ မချောရေ.. :)

Baby taster said...

သူများတော့ ပြောတယ်မရွှေချော

မခံစားနိုင်ဘူးတဲ့ ကိုယ်တော့ မခံစားတော့ဘူးလေ
နှိုက်စားသွားတယ် :)
ဇောင်းလျားသီး အရမ်းကြိုက်တယ် အိမ်မှာဆို အပင်ရှိတယ်
ဒီမှာတော့ တလုံးကို ၁.၉၉တဲ့ ဈေးကလည်းကြီးပါ့
မှိုကပ်တဲ့ ရှင်ဟာလေ ကိုယ်ကြိုက်တာတွေကို တမင်
ရွေးတင်နေသလား အောက့်မေ့ရတယ် :D
ဝက်သားအစား အမဲသားနဲ့ မုံညှင်းချဉ် စားဖြစ်တယ်
အယ် သူများရေးနေတုန်းမှာ အပေါ်က ခလေးတယောက်က
ပထမရလို့ သိပ်ပျော်နေတယ်။ လာခဲ့ဆုချမယ် ဆန်းနီ
ဒုတ်ဆုနော် ဟင်းဟင်း တခြားမထင်နဲ့
အမလေး မအိပ်ဘူးနော် တော်တော် ကြိုးစားတာပဲ
ပို့စ်တင်ဖို့ မအိပ်တာလား????

phyophyo said...

မချောရေ ... စားချင်စရာလေးတွေချည်းပဲ၊
မှိုကပ်ပေါင်းလဲကြိုက်တယ်၊ မှိုဆိုအကုန်ကြိုက်တယ်၊ ဇောင်းငါးသီးငါးပိချက်လည်းစားချင်တယ်၊
ချဉ်ပေါင်းသီးထောင်းက ငယ်ငယ်က အစ်မလားလုပ်ကျွေးဖူးတယ်၊
မုန်လာဥချဉ်ရည်လဲ အရမ်းကြိုက်တယ်၊ ပုဇွန်ခြောက်လေးနဲ့ သိပ်ကောင်း၊
ဟင်း ... စားချင်လိုက်တာနော်
ဖတ်နေရင်း ဂလု .. ဂလု .. တကယ်ဖြစ်လာတယ်၊ :(
ချစ်တဲ့

MDW said...

ချောရေ ... ဟင်းတွေက မနည်းပါလား။
မှိုကပ်နဲ့ ၀က်သားမုန်ညင်းပေါင်း စားချင်တယ်။
စောင်းလျားသီးကိုလဲ ငပိချက် တခါမှ ချက်မစားဖူးဘူး။
လဘက်ထဲတော့ ထည့်စားဖူးတယ်။ ဒီတိုင်းစားရတာတောင် သိပ်ကြိုက်တာ သူ့အနံ့လေးမွှေးလို့။
စာမေးပွဲနဲ့မို့ ဟင်းကောင်းကောင်း ချက်မစားရတာကြာပြီ။
ငတ်ငတ်နဲ့ ချောဟင်းတွေ အကုန်နှိုက်စားသွားပြီ။ :)

စောင်းလျားသီးငပိချက်နဲ့ ပြောင်းဖူးမုန်ညင်းဟင်းချိုလေး တဝကြီးစားသွားတယ်မချောရေ...

mg han said...

ချက်ရပြန်ပီ

ahphyulay said...

အင်း...
မ ချောရေ..။
စောင်းလျားသီးငပိချက်ကိုအကြိုက်ဆုံးပါပဲ။
ဒါနဲ့  ရေးတော့ စောင်းလျားသီး ဖတ်တော့ ဇောင်းခါးသီးလားမသိ။
အဲ့ လိုပဲထင်တာပဲ။ကျွန်တော်က အဲ့ ဒီစောင်းလျားသီးငပိချက်ကို
ပဲဟင်းနဲ့  ကြိတ်ပလိုက်ချင်သား....။

တော်လိုက်ကြတာ...
ချက်တတ်ပြုတ်တတ်လိုက်ကြတာ...
မှိုကပ်ပေါင်း လုပ်စားကြည့်လိုက်ဦးမယ်..

အိမ်း..ခက်ကပြီ
အိပ်မပျော်လို့ မထူးဘူးဆိုပြီး တက်လာတာ မုန်လာဥချဉ်ရည်အရန်သင့်ပြင်ထားတာနဲ့
တိုးပါလေရော...မျက်လုံးတွေ ပိုကျယ်သွားတယ် အိပ်မရတော့ဘူး:P

မြတ်နိုး said...

စားချင်လိုက်တာ..
အတော်များများက မစားဘူးဘူး။
ဒါနဲ့အဲ့ဒီမယ်လင်သီးခြောက်ကို ရန်ကုန်မှာဝယ်လို့ရလားဟင်။

မရောက်တာကြာလို့ အလည်လာတာ ဟင်းပွဲနဲ့ တန်းပြီး တိုးနေပါရောလား။
ဝက်သား မုန်ညင်းပေါင်းတော့ လုပ်စားကြည့်အုန်းမယ်။
စားချင်လိုက်ထှာ...........နော်..

နှိပ်စက်တယ်...ဂယ်ပဲ.. ဟင့်

အားးးးးးးးးးးးးးးးးးးးး

ဗိုက်ဆာတယ်ဗျ

စောင်းလျားသီးငပိချက် နဲ့ ၀က်သားမုန်ညင်းချဉ်ပေါင်း
လူကြုံပို့ပေးပါ...။
မတရားစားချင်လာပြီ..။
ငါ့နှယ့်..ထမင်းစားချိန်နီးမှာ လာဖတ်မိတာ..ကတောက်..!

ယမင်း said...

မမချောရေ မရောက်တာကြာလို့ တတ်လာတာ စားစရာတွေနဲ့တန်းတိုး နေတာပါလား တကယ်စားလို့မရလို့ တွေးရင်းနဲ့ပဲ ဂလုသွားပါကြောင်း..... :D

သစ္စာဖြူ said...

အမလေး ထမင်းစားပြီးတာမကြာသေးတာတောင် ထပ်စားချင်စိတ်ပေါက်လာပြီနော် ..
အစ်မချောတို့များ တော်လိုက်တာ... အချက်အပြုတ်လည်းရ၊ စာအရေးအသားကလည်းကောင်း၊ ညီမမှာသာ အစ်ကိုရှိရင် လက်ဆောင်ပေးပါတယ်... ဟိဟိ.

rose said...

မမချော... အလည်ရောက်ပါတယ်ရှင့်..။ ပာင်း အဆန်းလေးတွေ ကြည့်ပြီး သရေကျသွားတယ်။ စောင်းလျားသီး ငပိချက်လေး မြည်းကြည့်ချင်တယ်း)

shinlay said...

အားရပါးရစားသွားပါတယ်ရှင်

ဟီးးးးးးးးးးးးးးး အားလုံးစားချင်တယ် ချက်ကျွေးပါ

မယ်လင်သီးခြောက်ကို ရှမ်းပြည်အခေါ်က ချဉ်စော်ခါးသီးတဲ့..
ချဉ်စော်ခါးသီးဟုတ်ပါတယ်နော်.. ခြောက်ပြီးမည်းနေတော့ သေချာမမြင်ရဘူး

ဝက်သားမုန်ညင်းချဉ်ပေါင်းက ချောချက်တာနဲ့ စနေတို့ချက်စားတာ မတူဘူး..
စနေတို့ပေါင်းတာက မုန်ညင်းချဉ်ကို ဝက်သားပေါ်တင်လိုက်တာလေ..
နောက်မှ လုပ်စားအုန်းမယ်..း)
ဒါပေမယ့် မုန်ညင်းချဉ်က မရှိဘူးး(

blackroze said...

မကြီးမိုးငွေ့စီမှာမနက်စာထမင်းကြော်စားပြီးတော့...နေ့လည်စာအတွက်
မကြီးချောချက်ထားတဲ့..ဇောင်းလျားသီးငပိချက်..
ဝက်သားမုန်ညင်းချဉ်..မှိုကပ်ပေါင်း.ချဉ်ပေါင်သီးထောင်း..
ပါဆယ်ထုပ်သွားပါကြောင်း....

မချော လက်ရာခုမှပဲ အ၀စားရတော့တယ်။ ဟင်းတွေက စုံလွန်းလို့ ဘယ်ဟင်းကို စနှိုက်ရမှန်း မသိတောင် ဖြစ်သွားတယ်... အကုန်ကြိုက်တာမို့ အားလုံး အားပေးသွားပြီနော်.. :)

ချော said...

မနိုင်း မက်လင်သီးနဲ့ ချဉ်စော်ကားသီးက မတူဘူးရယ်..
မက်လင်သီးက လုံးလုံးဝိုင်းဝိုင်းနဲ့ ချဉ်စော်ခါးသီးထက်ကြီးတယ်.. ကျွဲကောသီးအသေးလေးလောက်ရှိတတ်တယ်..
ခြောက်သွားရင်တော့ ဆင်သလိုရှိတယ်.. ချဉ်တူးလန်တာချင်းတော့တူတယ်
ပြောရင်း သွားကျိန်းလိုက်တား)
လာအားပေးသူများ အားလုံးအားလုံး ကျေးဇူး...

လျှာရင်းအမြက်လွန်ပြီး သရေပါ ထွက်လာပါကြောင်း

kotunygn said...

Nice to eat them .....

tsawtsaw said...

စားလို့ ကောင်းလိုက်တဲ့ဖြစ်ခြင်းးးးးးးးးးး
ကျေးဇူးအထူးထူး တင်ပါတယ်...
နောက်ကိုလဲအများကြီးးးးးးတင်နိုင်ပါစေနော်အမ
မစားဖူးတဲ့ဟင်းတွေလဲစားရတော့မယ် ပျော်လိုက်တာ
ဟိဟိ............