သေတ္တာအလွတ်

ဒီဇင်ဘာလရဲ့ ၁၆ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ ၇၅နှစ်မြောက် မွေးနေ့ကိုကျင်းပပြီးချိန်မှာတော့ လက်ရှိ သူဦးစီးနေတဲ့ ကုမ္ပဏီရဲ့ ဥက္ကဌ လုပ်ငန်းတာဝန်ကနေ အနားယူဖို့ အချိန်တန်ပြီလို့ သူ ဆုံးဖြတ်လိုက်ပါတယ်..

သူ့ဘ၀မှာ ချစ်စရာကောင်းတဲ့ ဇနီးနဲ့ လက်ထပ်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ခဲ့သလို သားသုံးယောက်ကိုလည်း လူလားမြောက်ပြီး ပညာတတ်တွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်.. မိသားစုပိုင် စီးပွားရေးလုပ်ငန်းကိုလည်း ကြီးကျယ်ဖြစ်ထွန်းလာအောင် သူလုပ်ဆောင်နိုင်ခဲ့တယ်… ခုချိန်မှာတော့ အသက်အရွယ်အရ သူအနားယူဖို့ အချိန်ရောက်ပြီ… သူဟာ သန်မာဖြတ်လတ်တဲ့ သူ့ရဲ့ ခွန်အားတွေ၊ ထူးချွန်ထက်မြက်တဲ့ ဥာဏ်ပညာတွေ၊ သူ့ဘ၀ရဲ့အချိန်တွေကို မိသားစုအတွက်၊ စီးပွားရေးအတွက် အကျိုးရှိစွာ သူအသုံးချခဲ့ပြီးပြီ.. အခုတော့ သူဟာ အသက်ကြီးကြီး ချည့်နဲ့နဲ့ လူအိုတစ်ယောက် ဖြစ်နေခဲ့ပြီ… သူ့ကျန်းမာရေးဟာလည်း ပြီးခဲ့တဲ့ နှစ်ကစလို့ ချုချာလာခဲ့ပြီ.. သူ အရင်ကလို အလုပ်မလုပ်နိုင်တော့… ဒီတော့ သူ့လုပ်ငန်း၊ တာဝန်တွေကို သူ့ရဲ့ သားတွေလက်ထဲ လွှဲပြောင်းပေးဖို့ သူဆုံးဖြတ်လိုက်ပြီ။

အလုပ်တာဝန်ဆိုတာ ကိုယ်တတ်နိုင်ချိန်မှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ကိုယ်မတတ်နိုင်တော့ချိန်၊ ကာယအင်အား၊ ဥာဏအင်အား ချို့ယွင်းလာချိန်မှာတော့ သင့်တော်တဲ့သူလက်ထဲကို လွှဲအပ်ပေးရတော့မှာ လောကရဲ့ ထုံးတမ်းစဉ်လာတစ်ခုဘဲ မဟုတ်ပါလား.. ဒီတော့ ကိုယ်တာဝန်လွှဲအပ်မဲ့သူဟာ အရည်အချင်းရှိသူ ဖြစ်ဖို့လည်း လိုပါသေးတယ်.. မဟုတ်ရင် သူကြိုးစားပြုစုပျိုးထောင်လာရတဲ့ လုပ်ငန်းကြီးတစ်ခုလုံးဟာ အရည်အချင်းမရှိသူ လက်ထဲသာ ရောက်သွားခဲ့ရင် တိုးတက်ဖြစ်ထွန်းမလာဘဲ ဆုတ်ယုတ်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နိုင်တယ်… ဒါတွေကို သူသေချာတွေးမိပါတယ်.. ဒါပေမဲ့ သူ့မှာက သားသုံးယောက်ရှိလေတော့ ဘယ်သားကို အခုလက်ရှိ ကုမ္ပဏီကြီးတစ်ခုလုံးရဲ့ ဦးစီးဦးဆောင်ဖြစ်တဲ့ သူ့နေရာ ဥက္ကဌအဖြစ် လွှဲအပ်ရင် သင့်တော်မယ်ဆိုတာ အချိန်ယူပြီး စဉ်းစားနေခဲ့တာ အတော်ကိုကြာပါပြီ.. သူ လူရွေးမမှားချင်ပါ။ အငယ်ဆုံးသားကိုတော့ အချစ်ဆုံးမို့၊ အကြီးဆုံးသားကိုတော့ လိမ္မာလို့၊ သားအလတ်ကိုတော့ သနားလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မျက်နှာလိုက်ပြီး၊ ဘက်လိုက်ပြီးတော့လဲ ဘယ်တစ်ယောက်ကိုမှ  အကြီးအကဲ ရာထူးကို သူက မပေးခဲ့ချင်ပါ။ ထိုက်တန်တဲ့ အရည်အချင်းရှိသူကိုသာ ခေါင်းဆောင်တစ်ယောက်အဖြစ် သူရွေးချယ်ခဲ့ချင်ပါတယ်.. ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ထိုက်တန်တဲ့ အရည်အချင်းတော့ ရှိရမယ် မဟုတ်ပါလား ။

သူကိုယ်တိုင် ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ သူ့သား သုံးယောက်လုံးဟာလည်း အရည်အချင်းကိုယ်စီ ရှိကြသူတွေဖြစ်ပါတယ်.. သူ့လုပ်ငန်းတွေမှာ အသီးသီး ၀င်လုပ်နေကြတာမို့ လုပ်ငန်းအတွေ့အကြုံတွေလည်း ရှိနေပြီးသား၊ ဒီလုပ်ငန်းကြီးကို ဆက်လက်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ကြမဲ့ အရည်အချင်းကိုယ်စီလဲ ရှိနေကြပါတယ်.. ဒါကို သူလည်း ကောင်းကောင်းတွေ့နေ၊ မြင်နေခဲ့သလို သိလည်း သိနေခဲ့ပါတယ်.. ဒါပေမဲ့ သူတို့မှာရှိတဲ့ အရည်အချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘဲ ကွဲပြားခြားနားကြပါတယ်.. ဒီတော့ ဘယ်သူဟာ ဒီလုပ်ငန်းကြီးတစ်ခုလုံးရဲ့ အကြီးအကဲတာဝန်နဲ့ ပိုပြီးထိုက်တန်မလဲဆိုတာ ရွေးချယ်ဖို့တော့ သူ့အတွက် အနည်းငယ် ခက်ခဲတဲ့ ပြဿနာဖြစ်နေခဲ့ပါတယ်… ခုချိန်မှာ သူ့အတွက်အရေးအကြီးဆုံးက သူအနားမယူခင်မှာ လုပ်ငန်းကြီးတစ်ခုလုံးကို ဦးဆောင်ဖို့ သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ထိုက်ထိုက်တန်တန် ရွေးချယ်ပေးခဲ့ဖို့သာ။

သူ့မိသားစုတွေ၊ ၀န်ထမ်းတွေ စုံညီစွာနဲ့ သူ့ရဲ့ မွေးနေ့ကျင်းပနေတဲ့အချိန်မှာဘဲ သူလုပ်ငန်းတာဝန်ကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်.. အဲဒီခါမှာ သူ့သားတွေထဲက တစ်ယောက်က “ဖေဖေ… ဖေဖေ့လို ဦးဆောင်သူမရှိဘဲ ဒီကုမ္ပဏီကြီးတစ်ခုလုံး ဘယ်လိုများ ရှေ့ဆက်သွားမှာလဲ.. ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရပါဘူး.. ” လို့ ပြောလာသလို နောက်သားတစ်ယောက်က “ ဖေဖေမရှိရင်တော့ လုပ်ငန်းလည်ပတ်ဖို့ တော်တော်တော့ခက်ခဲမှာ အမှန်ပါဘဲ.. ဒါပေမဲ့ ဖေဖေလည်း အသက်ကြီးပြီဆိုတော့ အနားယူဖို့လိုတာလည်း မှန်ပါတယ်” လို့ပြောလာသလို နောက်သားတစ်ယောက်ကတော့ “ ဖေဖေနဲ့ ဒီကုမ္ပဏီဆိုတာက ခွဲခြားလို့ မရနိုင်ပါဘူး ဖေဖေရယ်” လို့ ပြောလာပါတယ်.. ပြီးတော့ သူတို့ သားအဖတွေကြားမှာ ရုတ်တရက် တိတ်ဆိတ်ခြင်းက ကြီးစိုးလို့ သွားခဲ့တယ်.. သေချာပါတယ်.. ခုချိန်မှာတော့ သားသုံးယောက်လုံးရဲ့ အတွေးထဲမှာ “ဖခင်နေရာကို ဆက်ခံမဲ့သူက ဘယ်သူဖြစ်မလဲ” ဆိုတဲ့ မေးခွန်းကိုယ်စီကို တွေးနေကြတော့မှာပါ။

ဒီကိစ္စအတွက် သူ့မှာ အစီအစဉ်တစ်ခု ရှိနေခဲ့ပါတယ်..  ဒီပြဿနာကို သူဖြေရှင်းနိုင်ပါလိမ့်မယ်.. သူ ထိုင်နေရာကနေ ထရပ်လိုက်ပြီး အခန်းရဲ့ထောင့်ဘက်ကို လျှောက်သွားခဲ့ပါတယ်.. အဲဒီမှာတော့ သေတ္တာလေး သုံးလုံးရှိနေခဲ့ပါတယ်.. သူ့သားတွေဘက်လှည့်ပြီး ပြောလိုက်တာက

“ကဲ.. သားတို့သုံးယောက် ဒီကိုလာပြီး တစ်ယောက်ကို သေတ္တာတစ်လုံးစီ လာယူကြပါ… ဒီသေတ္တာသုံးလုံးဟာ အရွယ်အစား အတူတူ ပြုလုပ်ထားတာဖြစ်တယ်.. ဒီနေ့ကစပြီး နောက် မကြာခင်ရောက်လာမဲ့ နှစ်သစ်ကူး ပထမဆုံးရက်မှာ ဒီနေရာမှာ ဖေဖေတို့ပြန်ဆုံကြမယ်.. ဖေဖေရဲ့ ဆန္ဒကတော့ ဒီသေတ္တာလေးထဲကို ကုမ္ပဏီတစ်ခုလုံးမှာ သားတို့ တန်ဖိုးအထားဆုံး၊ အရေးအကြီးဆုံးလို့ ယုံကြည်တဲ့ အရာတွေကို ပြည့်အောင်ဖြည့်လာခဲ့ကြစေချင်တယ်.. သားတို့ အရေးကြီး တန်ဖိုးအထားဆုံးလို့ ယုံကြည်ပြီး ရွေးချယ်လာတဲ့အပေါ် ဘယ်သူဟာ ကုမ္ပဏီရဲ့ အကြီးအကဲ ဖြစ်သင့်တယ်ဆိုတာ ဖေဖေက ဆုံးဖြတ်မယ်” လို့ သူပြောလိုက်ပါတယ်… အခန်းထဲကနေ သူထွက်ခွာလာပြီးတဲ့နောက်မှာတော့ စကားသံတွေ၊ ဝေဖန်သံတွေ၊ ဆွေနွေးသံတွေနဲ့ အခန်းဟာ ဆူညံပြီး ကျန်ရစ်ခဲ့ပါတော့တယ်..
နှစ်သစ်ကူးဖို့ ၁၅ရက်သာ လိုပါတော့တယ်… ဒီကြားထဲမှာ သူ့သားတွေကို အကဲခတ်ရသလောက် သားတစ်ယောက်ကတော့ သေတ္တာကြီးထဲ အဖိုးတန်ပစ္စည်းရှိနေတဲ့ပုံနဲ့ သူသွားလေရာနီးပါး သယ်ယူသွားလေ့ ရှိသလို၊ နောက်တစ်ယောက်ကတော့ စာရင်းအင်းဌာန တစ်ခုပြီးတစ်ခု ပြေးလွှားနေပြီး စုံစမ်းမေးမြန်းနေတာကို သူတွေ့ရပါတယ်… နောက်ဆုံးတစ်ယောက်ကတော့ သူ့ရဲ့သေတ္တာကို သူ့စားပွဲအောက်မှာ ထားထားပြီး ဘာမှ ထူးထူးခြားခြား လုပ်တာ ကိုင်တာမတွေ့ရဘဲ ပုံမှန်အတိုင်း သူလုပ်စရာရှိတဲ့ အလုပ်တွေကိုသာ လုပ်နေခဲ့ပါတယ်… ၀န်ထမ်းတွေကြားမှာတော့ သူ့သားသုံးယောက်ရဲ့ ပြင်းထန်တဲ့ အားပြိုင်မှုတွေ၊ အလုပ်ကြိုးစားမှုတွေဟာ၊ လှုပ်ရှားမှုတွေဟာ စိတ်ဝင်စားစရာ၊ စောင့်ကြည့်စရာ ဖြစ်နေခဲ့ပါတယ်..

ဇန်န၀ါရီလ ၁ရက်နေ့


နှစ်သစ်ကူးနေ့ဖြစ်တဲ့အတွက် သူတို့ မိသားစုနဲ့ ကုမ္ပဏီဝန်ထမ်းတွေအားလုံး နှစ်သစ်ကူးပွဲကျင်းပဖို့ ပြန်လည်ဆုံတွေ့ကြပါပြီ။ နှစ်သစ်ကူး ညစာစားပွဲ ကျင်းပပြီးချိန်မှာတော့ သူဟာ သူ့သားသုံးယောက်ကို ခေါ်ယူလိုက်ပါတယ်..

“ကဲ.. အချိန်ကျပြီ.. သားတို့ သေတ္တာထဲမှာ ဘယ်လိုအရာတွေ သိမ်းဆည်းထားတယ်ဆိုတာ အဖေ့ကို အသိပေးဖို့ အချိန်ရောက်ပြီ.. ဒီတော့ တစ်ယောက်စီ သေတ္တာကို ယူပြီး ဖေဖေ့ကို လာပြကြပါ” လို့ သူက ကြေငြာလိုက်တော့ သားအကြီးဆုံးက အရင်ဆုံး ထိုင်ခုံကနေ ခုန်ထလိုက်ပြီး သေတ္တာထဲကနေ လယ်ဂျာစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပါတယ်.. “ဖေဖေ... စီးပွားရေးလုပ်ငန်းတစ်ခုမှာ စာရင်းအင်းတွေလောက် အရေးကြီးတာ ဘာများ ရှိတော့မှာလဲ.. ဒီ စနစ်တကျ ပြင်ဆင်ထားတဲ့ ရင်းနှီးမြုပ်နှံမှုစာရင်းတွေ၊ အရှုံးအမြတ် စာရင်းတွေဟာ ကျွန်တော်တို့ ကုမ္ပဏီလုပ်ငန်းကြီးတစ်ခုလုံး တိုးတက်အောင်မြင်ဖို့ အဓိက အကြောင်းအရာတွေဘဲ မဟုတ်လား” လို့ ပြောလိုက်ပါတယ်..  ဒီတော့ သူက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး “အင်း.. ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့အချက်ပါဘဲ ” လို့ ပြောလိုက်ပြီး ဒုတိယသားကို လက်ညှိုးညွှန်လိုက်ပြီး “ကဲ.. သား မင်းရဲ့ သေတ္တာရော ” လို့မေးလိုက်ပါတယ်..

“အပြင်ဘက်က ထရပ်ကားပေါ်မှာပါ ဖေဖေ.. ဒါပေမဲ့ ဖေဖေပေးတဲ့ သေတ္တာနဲ့ မဆန်အော့င် ကျွန်တော်ပြမဲ့ ပစ္စည်းတွေဟာ များလွန်းလှပါတယ်... ကျွန်တော့်ရဲ့ အလုပ်သမားတွေက ပစ္စည်းတွေကို သယ်ယူလာဖို့ အပြင်ဖက်မှာ အဆင်သင့် စောင့်ဆိုင်းနေကြပါတယ်..” လို့ သူ့သားက ပြန်ပြောလိုက်တော့ သူက ပြူတင်းပေါက်ကနေ အပြင်ဖက်ကို ကြည့်လိုက်တဲ့အခါ မြင်တွေ့လိုက်ရတာက ထရပ်ကားကြီးတွေပေါ်မှာတော့ အင်မတန်လှပတဲ့ ဇိမ်ခံရွက်လှေတစ်စီး၊ တန်ဖိုးကြီး အနုပညာလက်ရာမြောက် ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများ စတာတွေနဲ့ အတူ သူပေးလိုက်တဲ့ သေတ္တာကိုတော့ တူညီဝတ်စုံဝတ်ဆင်ထားတဲ့ အစောင့် ၂ယောက်က သတိကြီးစွာနဲ့ စောင့်ကြပ်ကြည့်ရှုနေတာ တွေ့လိုက်ရပါတယ်..

“သေတ္တာထဲမှာ ဘာတွေ ပါသလဲ”  လို့ ဒုတိယသားကို သူကမေးလိုက်ပါတယ်..  “ကျွန်တော့်မိန်းမရဲ့ လက်ဝတ်ရတနာတွေပါ ဖေဖေ.. ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ဆိုတာ ငွေရေးကြေးရေးက အရေးအကြီးဆုံး မဟုတ်လား.. ကျွန်တော်တို့မှာ ဒီပစ္စည်းတွေ ရှိနေရင် ဘယ်ချိန်ဖြစ်ဖြစ် လုပ်ငန်းကြီးကို လည်ပတ်လို့ ရနေပြီလေ.. ဒါကြောင့် ကျွန်တော့်အတွက်တော့ ငွေဖြစ်မဲ့ ဒီပစ္စည်းတွေက အရေးကြီးတယ်လို့ ယုံကြည်ပါတယ်အဖေ…. ပစ္စည်းတွေ ဒီကိုယူလာဖို့ ကျွန်တော် အမိန့်ပေးလိုက်ရမလား ဖေဖေ” လို့ ပြန်မေးတော့ “မလိုတော့ပါဘူးကွာ..  ဖေဖေ မြင်ပြီးပြီဘဲ.. နေပါစေ.. ရပါပြီ”  လို့ သူက ပြန်ပြောလိုက်ပါတယ်..

သူ.. သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပါတယ်.. သူ့မျက်နှာပေါ်မှာတော့ စိတ်မကောင်းတဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေခဲ့မယ် ထင်ပါတယ်.. သူ.. တတိယသားဘက်ကို လှည့်လိုက်ပြီး “ ကဲ .. သားကရော .. ဘာတွေများ တန်ဖိုးထားတာတွေ ယူလာခဲ့သလဲ ” လို့ မေးလိုက်ပါတယ်.. ဒီတော့ သူ့သားအငယ်က ထိုင်ရာက ထလိုက်ပြီး လက်ထဲက သေတ္တာကို သူ့ဆီ ထည့်ပေးလိုက်ပါတယ်..  သူ သေတ္တာလေးကို ဖွင့်လဲကြည့်လိုက်ရော အထဲမှာ မြင်လိုက်ရတာက ဘာဆိုဘာမှ မရှိတဲ့ အလွတ်သက်သက်မျှသာ…

“ ဟင်.. ဘာမှလည်း မရှိပါလား.. ဒါဆို သားဆိုလိုတဲ့သဘောက ဖေဖေရဲ့ ဒီ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးမှာ တန်ဖိုးထားစရာဆိုလို့ တစ်ခုတစ်လေတောင် မရှိဘူးဆိုတဲ့ သဘောလား” သူ အံ့အားသင့်သလိုနဲ့  မေးလိုက်တော့

“ဒီသဘောရဲ့ ဆန့်ကျင်ဘက်ပါ ဖေဖေ.. ကျွန်တော် တန်ဖိုးထားတဲ့အရာတွေဟာ ဒီသေတ္တာနဲ့ ထည့်လို့ ဆန့်နိုင်မှာ မဟုတ်သလို ထရပ်ကားကြီးတွေနဲ့လည်း သယ်နိုင်မှာ မဟုတ်ပါဘူး… ပြီးတော့လည်း စာရင်းအင်းတွေအပြည့်အစုံ ဖော်ပြထားတဲ့ လယ်ဂျာစာအုပ်ထဲမှာလည်း ထည့်သွင်းနိုင်မှာ မဟုတ်ပါဘူး.. ”

သားစကားကို ကြားရတော့ သူ့မျက်နှာ ၀င်းခနဲတစ်ချက်လက်သွားပြီး သူပြုံးလိုက်မိတယ် ထင်ပါတယ်.. ပြီးတော့ သူထိုင်နေတဲ့ ခုံကို ပြန်သွားပြီး ထိုင်ချလိုက်ပါတယ်..


သူ့သားအငယ်က ဆက်ပြီး ပြောနေခဲ့တယ်.. “ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံး အောင်မြင်လာဖို့အတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အရည်အချင်း၊ ရိုးသားမှု၊ စတာတွေကို ကျွန်တော်တို့ ဘယ်လိုပေတံတွေနဲ့ တိုင်းတာမလဲ.. အဲဒါတွေကို ဘာနဲ့ တန်ဖိုးဖြတ်ကြမလဲ အဖေ.. ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေ၊ ကုမ္ပဏီရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေ၊ စီးပွားဖက်တွေရဲ့ သစ္စာရှိမှုနဲ့ ယုံကြည်မှုတွေကို ဘယ်လိုနည်းနဲ့ တိုင်းတာမလဲ အဖေရယ်.. ပြီးတော့ ကျွန်တော်တို့ နှစ်စဉ်နှစ်တိုင်း လူမှုရေးလုပ်ငန်းတွေမှာ ပြုလုပ်ခဲ့ကြတဲ့ အလှူဒါနတွေ၊ ၀န်ထမ်းတွေအတွက် ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့တဲ့ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်တွေ အဲဒါတွေကိုရော ဘာနဲ့ တန်ဖိုးဖြတ်ရမလဲ။ အဖေ.. သေတ္တာလေးထဲကို ပြန်ကြည့်ပါဦး.. အဲဒီထဲမှာ ကျွန်တော်တို့ ကုမ္ပဏီဝန်ထမ်းတွေ၊ ဖောက်သည်တွေ ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တစ်ဦးအပေါ်တစ်ဦးရှိကြတဲ့ အပြန်အလှန် ယုံကြည်အားထားမှု၊ သစ္စာရှိမှု၊ မေတ္တာစေတနာထားမှု စတဲ့အရာတွေ ရှိနေပါတယ်.. အဲဒါတွေဟာ ဒီလုပ်ငန်းကြီးတစ်ခုလုံးမှာ ကျွန်တော် တန်ဖိုးအထားဆုံး အရာတွေဘဲ ဖြစ်ပါတယ် အဖေ.. ”

သားအငယ်စကားကို နားထောင်ရင်း သူနှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပါတယ်.. သူ့သားရဲ့ သေတ္တာအလွတ်ထဲမှာ ထည့်ထားတဲ့အရာတွေဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ခေါင်းဆောင်လုပ်ခဲ့တဲ့ သူကိုယ်တိုင်ကလည်း အသိဆုံးဘဲမဟုတ်လား.. အကြီးအကဲ ခေါင်းဆောင်လုပ်ရမဲ့ သူတစ်ယောက်ဟာ ကိုယ့်အောက်က လူတွေ၊ ၀န်ထမ်းတွေ၊ ကိုယ်နဲ့ စီးပွားဖက်၊ မိတ်ဆွေတွေရဲ့ ယုံကြည်အားထားမှု၊ လေးစားချစ်ခင်မှု၊ ပူးပေါင်းဆောင်းရွက်မှု၊ သစ္စာရှိမှု ဆိုတဲ့အရာတွေမပါဘဲ၊ အဲဒီအရာတွေကို တန်ဖိုးမထားတတ်ဘဲနဲ့ ဦးစီးဦးဆောင်လုပ်နိုင်ဖို့ ၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ မလွယ်ကူမှန်း သူ့သားအငယ်က ကောင်းမွန်စွာ သဘောပေါက်သူ ဖြစ်ပါတယ်. ဒီတော့ ဘယ်သူဟာ သူရဲ့ နေရာကို ဆက်ခံသင့်တဲ့သူလည်း  ဆိုတာ အားလုံးရှေ့မှာ သိသာထင်ရှားစွာ ရွေးချယ်နိုင်ပြီ မဟုတ်ပါလားလေ…

Bob Perks ရဲ့  I Hope Your Box Is Empty ကို နှစ်သက်စွာ ဘာသာပြန်ပါသည်။


photo from http://www.flickr.com/photos/moderndomestic/2863607993/

26 Responses to “သေတ္တာအလွတ်”

စိတ်ဝင်စားစရာပဲ အဖိုးကြီးက ပညာရှိပီသတော့ သားတွေလည်း တော်တာပေါ့

မှန်လိုက်တာ.. လောကမှာ ယုံကြည်မူ့ နဲ့ သစ္စာ တရားသာ အရေးအကြီးဆုံးပါ... ယုံကြည်မူ့ပျောက်တဲ့နေ့ဟာ မိသားစု ကုပ္မဏီ အသိုင်းအ၀ိုင်းတခုလုံးရဲ့ ဆုံးရူံးစေခြင်းရဲ့ အခြေခံပါပဲ.......

မှတ်သားစရာ post လေးပါ.. အမြဲလာဖတ်တယ်..
ဖတ်တိုင်းလည်း အသိတခုတော့ ရင်မှာ ကျန်ခဲ့တယ်....
အဖိုတန် blog လေးတခုပါ...

ချိုမာညွန့်.

noblemoe said...

ကောင်းလိုက်တာ ရိုးသားမှူ ၊ သစ္စာ ၊ယုံကြည်မှူတွေကို ဘာနဲ့မှတန်ဖိုးဖြတ်မရတာတွေပါနော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မလေး said...

ဖတ်ခွင့်ပေးတာ ကျေးဇူးပါနော်။

Sunny said...

ဒီလို စာကောင်းလေးတွေ တင်ပေးလို့ ကျေးဇူးပါ အစ်မ..

အကြီးအကဲ ခေါင်းဆောင်လုပ်ရမဲ့ သူတစ်ယောက်ဟာ ကိုယ့်အောက်က လူတွေ၊ ၀န်ထမ်းတွေ၊ ကိုယ်နဲ့ စီးပွားဖက်၊ မိတ်ဆွေတွေရဲ့ ယုံကြည်အားထားမှု၊ လေးစားချစ်ခင်မှု၊ ပူးပေါင်းဆောင်းရွက်မှု၊ သစ္စာရှိမှု ဆိုတဲ့အရာတွေမပါဘဲ၊ အဲဒီအရာတွေကို တန်ဖိုးမထားတတ်ဘဲနဲ့ ဦးစီးဦးဆောင်လုပ်နိုင်ဖို့ ၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ မလွယ်ကူ

ဒီစကားလေးက သိပ်မှန်ပါတယ် မမချောရေ.... ဒီဟာလေးကို ပူးတေ သဘောကျမိပါတယ်... လုပ်ငန်းကောင်းတခု အဖွဲ့စည်းကောင်းတခုမှာ တဦးကောင်းတယောက်ကောင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်သလို ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာကလဲ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့တခုအတွက်ပဲ လက်အောက်ငယ်သားတွေ ဝန်ထမ်းတွေရဲ့ ခံစားချက်တွေ အခက်ခဲတွေ လေးစားချစ်ခင်မှု၊ စက်စုပ်ရွံရှာမှု၊ ယုံကြည်အားထားမှု၊ ယုံကြည်ချက် ကင်းမဲ့မှု ဆိုတာတွေကို လစ်လျူရှုလို့ မဖြစ်နိုင်ဘူးလို့ ပူးတေလဲ မြင်မိပါတယ်...


စာကောင်းလေးတွေ မျှဝေပေးတဲ့ မမချောလည်း ရောက်ရာနေရာ၊ ကျရာတာဝန်မှာ ဝန်ထမ်းကောင်း ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်း တယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

ညီမလေးလဲ ကြိုးစားပါမယ်... မမချောရေ ပူးတေအလုပ်တွေ အရမ်းအရမ်းကို ရှုပ်နေလို့ မမန့်ဖြစ်ခဲ့တာတွေအတွက် တွေ့ပုချိပါနော်.. စာတွေကတော့ လာဖတ်ဖြစ်ပါတယ်

ခင်မင်စွာဖြင့်
ချစ်ညီမ ပူးတေ

ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ ၊ လုပ်ငန်းတခုကို ဦးဆောင်ဖို့ ၊သွေးအေးစွာ ဦးနှောက်နဲ့စဉ်းစားတွေးခေါ်ပုံလေးကို နမူနာယူသွားတယ် မချောရေ...

ahphyulay said...

အင်း...
ဖတ်ရတာ ခပ်ပေါ့ ပေါ့  လေးလိုဖြစ်နေပေမဲ့  အတွေးအခေါ်တွေက
တကယ်ပဲ လေးနက်နေပါတယ်။ ကျွန်တော်ကတော့  ဒီပို(စ)လေးကို
ကြိုကြိုက်ပါတယ်။

အစ်မချောကို ကျေးဇူးတင်လိုက်တာ။ ပို့စ်အသစ်တင်တိုင်း လာဖတ်မိပါတယ်။ ဖတ်တိုင်းလည်း အသိတစ်ခုအမြဲတိုးပါတယ်။ ဆက်ပြီးအားပေးနေပါအုံးမယ်။

ခင်မင်လေးစားလျှက်
သစ္စာဖြူ

ထင်တော့ ထင်သား
သားသုံးယောက်ပါလာတဲ့ ပုံပြင်တိုင်း အငယ်ဆုံးသားတွေကပဲ
ဦးဆောင်သွားနိုင်တာကို များသောအားဖြင့် တွေ့ရတယ်နော်
(အဟဲ..ပြောချင်တာက ဒီလိုပါ):D

မချောတို့ကတော့ စာဖတ်အားကောင်းပါ့...။ အဲလိုစာတွေ ဘယ်မှာရှာဖတ်ရမယ်မှန်းတောင် ကျွန်တော်မသိ... :P..

ခင်မင်တဲ့
နေ၀သန်

crystal said...

အင်းးးးး အခုမှပဲ ဝင်လို့ရတော့တယ် ဖတ်လိုက်တယ် နားလည်လိုက်တယ် အဲ အငယ်တွေတော်တာကိုတော့ အပြည့်အဝ ထောက်ခံသွားတယ် သိတယ်မှတ်လား အဟဲ :P

ခေါင်းဆောင်လုပ်နေရတဲ့ ဘ၀ကို ဘဘောမကျတစ်ချက်ကြတစ်ချက်ပဲ... ဖြည်းဖြည်းသက်သာပြောရင် လိုက်မလုပ်ကြဘူး... အော်လိုက်ငေါက်လိုက်ရင်လည်း အော်လို့ငေါက်လို့ဆိုပြီး လိုက်မလုပ်ကြဘူး.. ကဲ ကောင်းရော..

မိုက်စ်တယ်။

အရမ်းကောင်းတယ်။

ကိုယ်တန်ဖိုးထားတဲ့ အရာတွေဆိုတာ ထိတွေ့ကိုင်တွယ်လို့ ရနိုင်တာတွေ ဘယ်ဟုတ်ပါ့မလဲ..
ဒီလို အရာတွေကို သေတ္တာထဲ ဘယ်ထည့်လို့ရပါ့မလဲနော်..
သားငယ်က ပညာရှိပါပေတယ်..

sosegado said...

အလုပ်တာဝန်ဆိုတာ ကိုယ်တတ်နိုင်ချိန်မှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ကိုယ်မတတ်နိုင်တော့ချိန်၊ ကာယအင်အား၊ ဥာဏအင်အား ချို့ယွင်းလာချိန်မှာတော့ သင့်တော်တဲ့သူလက်ထဲကို လွှဲအပ်ပေးရတော့မှာ လောကရဲ့ ထုံးတမ်းစဉ်လာတစ်ခုဘဲ မဟုတ်ပါလား.. ဒီတော့ ကိုယ်တာဝန်လွှဲအပ်မဲ့သူဟာ အရည်အချင်းရှိသူ ဖြစ်ဖို့လည်း လိုပါသေးတယ်..
လက်တွေ့မှာတော်တော်ရှားပါလိမ့်မယ်၊
တကယ်မှတ်သားဖွယ်ရာများပါတဲ့ပို့စ်လေူပါပဲ၊ ကျေးဇူးပဲ မချောရေ။

..............
.........
...........
...........
............
.............. :)

ဟုတ်တာပေါ့ ချောရေ...ယုံကြည်မှုနဲ့သစ္စာတရား ပျောက်ဆုံးသွားရင် အားလုံးပြီးဆုံးသွားပြီးပေါ့ ။

phyophyo said...

မချော .. ခွန်အားဖြည့်ပညာပေးလေးတွေရေးတာအရမ်းကောင်းပါတယ်၊ တစ်ခါတစ်လေ ရေးမွှေးယောက်ျားလေးတွေမျိုး အချစ်ဝတ္တုဆန်းဆန်းလေးတွေ ရေးချင်ဘူးလား၊ မချော ကိုယ်ပိုင်လေးတွေဖတ်ချင်တယ်၊ ဖြစ်နိုင်ရင်ပေါ့ မချောရယ်၊
စကားမစပ် ပုံပြင်တို့ ဒီလို ပညာပေးစာလေးတွေမှာ များသောအားဖြင့်အငယ်ဆုံးလေးတွေက ပိုတော်ကြတာ ဘာလို့လဲမသိနော် :D
ပုံ
အငယ်ဆုံးဖြစ်သူ
မချော ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

ရွှေချောရေ စာ လာဖတ်တယ်ဝေ့
နောက်တခါကျရင် အလတ်တွေ တော်တာကို ထည့်ရေး ဒါပဲ ဟွင့်
များက အလတ်နော် ဟင်းးး ဟင်းးးး

အလကားအတည်နောက်တာ စကားလုံးတွေနဲ့ ကွန်မန့်ပေးလို့မရပါဘူး
ဘာလို့လဲဆိုတော့ ပြောစရာမရှိအောင်ကို ကောင်းနေတဲ့အတွက်

ဟဲဟဲ ဘိုင် ..

babytaster said...

ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ ထိုက်တန်တဲ့
အရည်အချင်းတော့ ရှိရမယ် မဟုတ်လားတဲ့
မှန်လိုက်လေချင်း.... တချို့ သောသူတွေလည်း
အမြင်မှန် ရသင့်ပါပြီလေ :)

တွေးပုံတွေးနည်းလေးက သဘာဝကျသလို အသိပညာတိုးစေပါတယ်။
ခက်တာတခုက ဒီလို သားသုံးယောက်ကို ရာထူးလွဲပေးတိုင်း အငယ်ဆုံးပဲ
ရလေ့ရှိတာက ဇာတ်ကို အရှိန်ပေါ့စေတယ်။ ဖတ်ဖူးတဲ့ စာအုပ်တိုင်းရဲ့ ၈၀% မှာ
အငယ်ဆုံးတွေပဲ ရလေ့ရှိကြတယ်။

blackcoffee said...

ကျေးဇူးမချောရေ.. ပိုစ့်ကောင်းလေးတစ်ပုဒ် ဖတ်ရပြန်ပြီ... ကျေးဇူး..

သိပ်ကိုကောင်းတဲ့ စာစုလေးပဲ မချောရေး)))))

အရမ်းကောင်းပါတယ် အတွေးကောင်းလေး ရစေလို. ကျေးဇူးပါ

Yan Naing Aye said...

ဖတ်လို့ကောင်းပါတယ်။ တွေးစရာ လေးတွေရတာပေါ့။ လက်တွေ့ ဘဝမှာတော့ အတွေးအခေါ် (ကောင်း) ဖို့ထက် (ကိုက်) ဖို့ ပိုကြိုးစား ကြမှာပါ။ ပြောရရင် ဘယ်နေရာမှာ မဆို ကီးကိုက် ဖို့လိုတယ်ပေါ့ဗျာ။ ပေးတဲ့သူက သိပ်မြင့်ပြီး လက်ခံတဲ့သူက နိမ့်နေရင်လဲ ပြဿနာရှိပါတယ်။ ဥပမာ ဆိုရင်ဗျာ ငွေသိပ်မက်တဲ့ ခေါင်းဆောင်ကြီးကို ဗူးခွံကြီး သွားပေးပြီး ယုံကြည်မှုသာ အကောင်းဆုံးပါပဲ လို့ သွားပြော လိုက်ရင် မစဉ်းစားရဲအောင် ဖြစ်သွားနိုင်ပါတယ် ဟီး...