ဝေမျှခြင်းရဲ့ ရလဒ်

 




   photo from google


 


တစ်ခါက ပြောင်းတွေကို အကြီးအကျယ် စိုက်ပျိုးတဲ့ ယာသမားကြီး တစ်ဦးရှိပါတယ်… သူဟာ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ သီးနှံပြပွဲ ပြိုင်ပွဲမှာ သူ့ပြောင်း တွေကို ပြိုင်ပွဲ ၀င်ပါတယ်.. ပြိုင်ပွဲ ၀င်တိုင်းလည်း အမြှင့်ဆုံးဆုဖြစ်တဲ့ ဖဲကြိုးပြာဆုကို အမြဲရရှိအောင် သူ့ပြောင်းတွေဟာ အရည်အသွေး ကောင်းမွန် မြင့်မားလှပါတယ်..


 


တစ်နှစ်မှာ  ယာသမားကြီး ပြပွဲက ဆုရအပြီး သတင်းထောက် တစ်ယောက်ဟာ သူ့ကို အင်တာဗျူး လုပ်ပါတယ်.. နှစ်စဉ် ဒီလို ဆုရအောင် အရည်အသွေး ကောင်းမွန်တဲ့ ပြောင်းတွေကို ဘယ်လိုများ စိုက်ပျိုးပါသလဲလို့  မေးတော့ ယာသမားကြီးက သူ့ပြောင်းမျိုးစေ့တွေကို အနီးအနားက ယာခင်းတွေ အားလုံး မျှဝေပေးပြီး စိုက်ပျိုးစေတယ် ဆိုတာကို သတင်းထောက်က သိလိုက်ရပါတယ်….


 


ဒီတော့ သတင်းထောက်က နှစ်စဉ် ပြပွဲတိုင်းမှာ ဆုရတဲ့ ဒီ ပြောင်းမျိုးစေ့ကောင်းတွေကို ဘာစိတ်ကူးနဲ့များ  သူများတကာကို မျှဝေပေးတာလဲ ကိုယ်တစ်ယောက်တည်း စိုက်ပျိုးတော့ မျိုးကောင်းကို ကိုယ်တစ်ယောက်တည်း မပိုင်ဆိုင်ရပါလား ၊ ကိုယ်တစ်ယောက်တည်း စီးပွားမဖြစ် ပေဘူးလားလို့ မေးပါတယ်..


 


ယာသမားကြီးက "ဘာလို့ မဝေရမှာလဲဗျာ.. ခင်ဗျား သိရဲ့လား ပြောင်းပင်မှာ ပန်းပွင့်လေးတွေ ဖူးပွင့်တဲ့ အချိန် ရောက်တဲ့ အခါ လေပြေက ပြောင်းဝတ်မှုန် လေးတွေကို သယ်ဆောင်ပြီး စိုက်ခင်း တစ်ခုကနေ တစ်ခု ၀တ်မှုန် ကူးစေနိုင်တယ်လေ.. စိုက်ခင်းများလေ ၀တ်မှုန်ကူးတာ အောင်မြင်လေ ပြောင်းတွေ အရည်အသွေး အထွက်နှုန်း ကောင်းလေ ပေါ့ဗျာ… တကယ်လို့ ကျွန်တော့် စိုက်ခင်းနား နီးချင်းတွေကသာ မျိုး မကောင်းတဲ့ ပြောင်းတွေကို စိုက်ပျိုးမယ် ဆိုရင် မကောင်းတဲ့ ပြောင်းဝတ်မှုန်တွေနဲ့ အပြန်အလှန် ၀တ်မှုန်ကူးခံရတဲ့ ကျွန်တော့် ပြောင်းတွေကရော အရည်အသွေး၊ အထွက်နှုန်း ကောင်းနိုင် ပါဦးမလား.. ဒီတော့ ပြောင်း မျိုး ကောင်းတွေ ကျွန်တော် လိုချင်တယ်ဆိုရင် ကျွန်တော့် ယာနီးနားချင်း အားလုံး ကိုလဲ ပြောင်း မျိုးစေ့ ကောင်းတွေ စိုက်ပျိုးနိုင်ဖို့ ကျွန်တော် ကူညီရမယ်လေ " လို့ ပြန်ဖြေလိုက်ပါတယ်…


 


ယာသမားကြီးဟာ လောက သဘာဝကြီးရဲ့ ဆက်စပ်မှုကို သေချာဂဏစွာ နားလည်သူတစ်ဦးဖြစ်ပါတယ်.. သူ့အိမ်နီးနားချင်းတွေ စိုက်ပျိုးတဲ့ ပြောင်းတွေ မကောင်းဘဲနဲ့ သူ့အတွက်လည်း ပြောင်းမျိုးကောင်းကို မရနိုင်ဘူးဆိုတာ သဘောပေါက် နားလည် ထားသူပါ.... မျှဝေခြင်း ဆိုတဲ့  အသိတရားကောင်းရဲ့ ရလဒ်ကိုလဲ ပိုင်ဆိုင်ထားသူ တစ်ဦးလဲ ဖြစ်ပါတယ်..


 


------------------------------------------------------------------------------------------------------------------------------


 


 ကျွန်မတို့တွေကရော ယာသမားကြီးလောက် အသိတရားကြွယ်ဝသူများ ဟုတ်ပါရဲ့လား.. မိမိ တတ်ထား၊ သိထားသမျှကို သိုဝှက်လို့ တစ်ကိုယ် တည်း ကောင်းအောင် ကျင့်ကြံနေသူများ ဖြစ်နေမလားနော်.. စဉ်းစား ကြည့်မယ်ဆိုရင်  မျှဝေနိုင်တဲ့စိတ်ထားမျိုး ရှိဖို့ဆိုတာ တကယ်တမ်းတော့ မခက်ခဲ လှပါဘူးရှင်.. တစ်ဖက်သားကို မျှဝေလိုက်ခြင်းအားဖြင့် မိမိတွင်လည်း တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို မလွဲမသွေ ပြန်ခံစားရမှာ ဖြစ်ပါတယ်.. လုပ်ငန်းခွင်မှာ ကိုယ့်အသင်းအဖွဲ့ တစ်ခုလုံး နာမည်ကောင်း ရဖို့၊ အောင်မြင်ဖို့ ဆိုတာ ကိုယ်တစ်ဦး တစ်ယောက်တည်း တော်နေ၊ တတ်နေရုံနဲ့ မဖြစ်နိုင်ပါဘူး.. မိမိ ကိုယ်တိုင်ရော အဖွဲ့ဝင်တွေပါ တော်ဖို့၊ တတ်ဖို့၊ ညီညွှတ်ဖို့ လိုပါတယ်.. ဒီလိုဆိုရင် မိမိမှာ ရှိတဲ့ အရည်အချင်း ကောင်းတွေကို တစ်ပါးသူတွေကိုပါ ပြန်လည် မဝေမျှ သင့်ဘူးလားရှင်… အပြန်အလှန် မျှဝေခြင်းအားဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သဘော တရားအရ နှစ်ဦး နှစ်ဘက်လုံး အကျိုးရှိစေနိုင်ပါတယ်..


 


အချို့သော ကုမ္ပဏီကြီးများ လုပ်ငန်းရှင်ကြီးများဟာ မိမိတို့ လုပ်ငန်း၊ အကျိုးစီးပွားကို အောင်မြင်ဖို့ အလွန်အမင်း ဆန္ဒ ရှိကြသော်လည်း မျှဝေဖို့ကို မေ့လျှော့ နေတတ်ကြပါတယ်.. မိမိ အကျိုးစီးပွား တိုးတက် အောင်မြင်ဖို့၊ အလုပ်သမားများ ကောင်းမွန်စွာ၊ စေတနာပါပါ အလုပ် လုပ်ပေးကြဖို့ ဆိုတာ အလုပ်ရှင်များဘက်မှ အလုပ်သမားများအပေါ် ထိုက်သင့်တဲ့ အခွင့်အရေး ၊ ထိုက်သင့်တဲ့ ဝေမျှမှုကို ပေးထားပါမှသာ အလုပ်သမားများ ဘက်မှလည်း ကောင်းမွန်သော လုပ်အားများ ထုတ်လုပ် ပေးချင်ကြမှာ ဖြစ်ပါတယ်.. စေတနာပါတဲ့ အလုပ်သမားနဲ့ စေတနာကောင်းတဲ့ အလုပ်ရှင်  ဒီနှစ်ဦး နှစ်ဝ ကြားမှာ အောင်မြင်တဲ့ ရလာဒ်က ခက်ခဲမယ် မထင်တော့ပါဘူးနော်.... မိမိအပေါ် ကောင်းမွန် မျှတတဲ့ အလုပ်ရှင်များ အပေါ် ဘယ်အလုပ်သမားကမှ သစ္စာဖောက်ဖို့၊ အလုပ်ခိုကပ်ဖို့၊ အလုပ်က ထွက်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့  ဆန္ဒ ရှိတော့မှာ မဟုတ်ပါဘူး.. ဒါဆိုရင် အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ဟာ ဝေမျှခြင်းလို့ ပြောရင်လဲ ထိုက်သင့်သလောက်တော့ မှန်ကန်မယ် မဟုတ်ပါလားရှင်…. ကိုယ့်ဘက်က ပေးလိုက်ရတဲ့ ဝေမျှခြင်းဟာ တကယ်တမ်းတော့ ဘာမှမပြောပ လောက်ပေမဲ့ ပြန်ရတဲ့ အကျိုးတရားက ဘယ်အတိုင်း အတာ ထိအောင် ရှိမယ်ဆိုတာ ခန့်မှန်းဖို့တောင် မလွယ်နိုင်ပါဘူးနော်…


 


ဒီတော့ ပြောင်းစိုက်တဲ့ ယာသမားကြီးရဲ့ ဝေမျှခြင်း သဘောတရားကို နမူနာယူပြီးတော့ ကျွန်မတို့လဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ငန်းခွင် တွေမှာ တတ်နိုင်သလောက် မျှဝေသူများ ဖြစ်အောင် ကြိုးစား ကြည့်ကြပါစို့လားရှင်….


 


Funzug.com မှ Growing Good Corn ကို ဘာသာပြန်၍ ပြောင်းစိုက်သမားကို အားကျကာ ဝေမျှပါသည်................ :)


 


ချော(အစိမ်းရောင်လွင်ပြင်)