ချဉ်ချဉ် စပ်စပ် ငါးသံပုရာပေါင်း

ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိကြရင်း အစားအသောက် အကြောင်း ပြောဖြစ်ပါတယ်.. ကျွန်မပြောပြတဲ့ ငါးသံပုရာပေါင်းကို မစားဖူးဘူးတဲ့ .. ဒါနဲ့ လုပ်နည်းပြောပြမယ်လို့ ပြန်ပြော လိုက်တယ်.. ပြောပြမယ် ဆိုတာက ဘလောဂ့်ပေါ်မှာ တင်ပေးမယ် အားလုံးလဲ သိအောင် စိတ်ဝင်စား သူတွေလဲ လုပ်စားကြည့်လို့ ရအောင်ပေါ့နော်.. အရသာလေးက ချဉ်ချဉ်စပ်စပ်လေးနဲ့ ဆိုတော့ ငါးမကြိုက်တဲ့ သူတွေတောင် စားလို့ ကောင်းလောက်ပါတယ်.. ခက်ခက်ခဲခဲလဲ မဟုတ်တော့ လူတိုင်းအလွယ်တကူ လုပ်စားလို့ ဖြစ်ပါတယ်.. နိုင်ငံခြားရောက်နေတဲ့ တစ်ယောက်တည်း ချက်စား သူများ၊ သူငယ်ချင်းနဲ့ စားသူများလည်း အပြောင်းအလဲလေး လုပ်စားကြည့်ပေါ့နော်.. လျှာလည် သွားမှာပါ.. အဲ အချိုးအဆ လေး မှန်အောင်တော့ ခန့်မှန်းပြီး ထည့်ပေါ့နော်... သံပုရာနံ့ ငရုပ်သီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ချဉ်စပ်စပ် အရသာက လူတိုင်း သွားရေကျချင်လာအောင်တော့ ဆွဲဆောင်မှု ရှိပါတယ်.. အရသာလဲ ရှယ်ပါဘဲ...... :)





ဒါကတော့ ငါးသံပုရာပေါင်း လုပ်မဲ့ ငါးပေါ့နော်.. တီလားဗီယား(ဆလားဗီးယား)ငါး၊ ငါးကြင်း၊ ဘယ်ငါးအမျိုး အစားနဲ့ မဆို လုပ်လို့ အဆင်ပြေပါတယ်.. ( ကြေးခွံမပါတဲ့ ငါးကလွဲလို့ပေါ့..)




အဲဒီငါးကို ရေစင်စင်ဆေးပြီး အကြေးခွံခွာ ဓါးနဲ့ ခပ်ကျဲကျဲလေးမွန်းပါတယ်..  ပြီးရင် ငါးတစ်ကောင်လုံး ထည့်လို့ ဆန့်မဲ့ အိုးထဲမှာ ရေအတော်အသင့် ထည့်ပါတယ်.. ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်(ရှိက) အနည်းငယ်စီထည့်ပါ.. ဆား၊ အချိုမှုန့်၊ အသားမှုန့် ထည့်ပြီး ရေဆူပါက ငါးကို ထည့်ပြုတ်ပါ.. ၃ မိနစ်ခန့် အကြာတွင် ငါးကို နောက်တစ်ဘက်သို့ လှန်ပေးပါ.. ဆား၊ အချိုမှုန့်ကို ခပ်လေးလေး ထည့်စေချင်ပါတယ်.. သို့မှသာ ငါးအသားအတွင်းသို့ ၄င်း အရသာများ ၀င်မှသာ စားကောင်းမည်ဖြစ်ပါတယ်.. မဟုတ်ရင်တော့ ငါးအသားထဲသို့ အရသာ မ၀င်ဘဲ ပေါ့ရွှတ်ရွှတ်နဲ့ စားမကောင်းပါ.. မိုက်ခရိုဝေ့ သုံးသူများ အတွက် ငါးကို ဆားအချိုမှုန့် ( ဟင်းချက်ဝိုင်ဖြူ ) နဲ့ နယ်ပြီး မိုက်ခရိုဝေ့ထဲကို ၇ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ.. ငါးပြုတ်တဲ့ အခါ  ဂျင်းကို ပါးပါး ရှည်ရှည် သွယ်သွယ်လေး လှီးပြီး ငါးကျက်ခါနီးမှ ထည့်ရင် လှလဲ လှသလို မွှေးလဲပိုမွှေးပါတယ်..





ဒါကတော့ ငါးကို ပြုတ်နေတာပါ.. သံပုရာပေါင်းလို့ဆိုပေမဲ့ ငါးကို ခုလိုဘဲ ပြုတ်ပါတယ်..


နံနံပင်၊ ဖက်ဖယ်၊ ပင်စိမ်း၊ ရှမ်းနံနံ ( အားလုံးမရှိလဲ တစ်မျိုး နှစ်မျိုးလောက် ရှိလဲဖြစ်ပါတယ်) ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း (များများ)  စသည်တို့ကို တောက်တောက်စင်းပါ.. ပြီးလျှင် ပန်းကန်တစ်လုံးထဲ ထည့်ထားပါ.



ပြုတ်ပြီး အရသာဝင်ပြီး ငါး

တောက်တောက်စင်းထားတဲ့ ငရုပ်သီး၊ နံနံ၊ ကြက်သွန်ဖြူ တို့ပါ။  သံပုရာသီး ၂လုံးလောက် ညှစ် ထည့်ထားပါတယ်.. အချဉ်ကတော့ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး သင့်သလို ထည့်လို့ရပါတယ်..






အစောက ပြုတ်၍သော်လည်းကောင်း၊ မိုက်ခရိုဝေ့နဲ့ သော်လည်းကောင်း၊ ကျက်ပြီးဖြစ်တဲ့ ငါးကို ဇောက် ခပ်နက်နက် ပန်းကန် ခပ်ပြားပြား တစ်လုံးထဲကို ထည့်ပါ.. ပြီးရင်  ငါးပြုတ်ထားတဲ့ အရည်ကိုပါ ထည့်ပါ... နောက်ဆုံးမှာ နံနံ၊ ငရုပ်သီး စသည် တောက်တောက်စင်းထားသမျှနဲ့ ညှစ်ထားသော သံပုရာရည်တို့ကို ငါးအပေါ် လောင်းချလိုက်ပါ.. မွှေးကြိုင်သင်းပျံ့ပြီး အရသာထူးတဲ့ ငါးသံပုရာပေါင်းကို ရပါပြီ.. ခံတွင်းပျက်သူများနဲ့လည်း သင့်တော်ပါတယ်.. ဧည့်သည်လာရင်လဲ အထူးအဆန်းလေး အဖြစ်နဲ့ ဧည့်ခံလို့ကောင်းပြီး ဆွဲဆောင်မှုကောင်းတဲ့ ဟင်းလျှာတစ်ခွက် ဖြစ်လာမှာပါ..





ဒီလို ဒီလို လေးပါ.... သူငယ်ချင်း အားလုံးအတွက် အရည်သောက်ရင်လဲ ကောင်း အဖတ်စားရင်လဲ အဆင်ပြေမဲ့ ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးနဲ့ ငါးသံပုရာပေါင်းပါရှင်...... :P



Image Hosted by PicturePush - Photo Sharing

ဒါကတော့ နောက်တစ်ကြိမ် လုပ်စားဖြစ်တဲ့ခါ ရိုက်ထားတာပါ။ အဲဒီမှာတော့ ဂျင်းလေးတွေကို အချောင်းလေးတွေ ဖြစ်အောင် လှီးပြီး ထည့်ထားပါတယ်။ 


အားလုံးဘဲ စားကောင်း သောက်ကောင်း ဖြစ်ကြပါစေနော်...... :) :)


ချော (အစိမ်းရောင်လွင်ပြင်)