ကော်ဖီဆိုင်လေး ပြန်ဖွင့်ပြီ.....

 



 


ခုတစ်လော ကျွန်မတို့ သုံးနေတဲ့  Mylovecafe  Server  က အခက်အခဲ တစ်ခုနဲ့ အဆင်မပြေ ဖြစ်နေတော့ ဘလောဂ့်က ၀င်မရ တဲ့ ဒုက္ခကို ခနခန ကြုံနေရတယ်.. အဲလိုဖြစ်တော့ စာရေးရတာလဲ စိတ်က မလန်းဆန်းဘူး ဖြစ်နေတာပေါ့နော်.. ခုတော့ ကော်ဖီဆိုင်လေး ပြန်ကောင်းပြီလို့ မျှော်လင့်ပါတယ်..  ဒီတော့ ကျွန်မရဲ့ Missgreenlady  Cafe ကို လာလည်တဲ့ သူတွေကို ကော်ဖီလေးတစ်ခွက်နဲ့ အတူ ပြုံးစရာလေး တစ်ပုဒ်နဲ့ ဧည့်ခံပါမယ်နော်.. ခုလောလောဆည်တော့ ကျွန်မကို ပေါ့ပေါ့ပါးပါးလေးတွေဘဲ ရေးခွင့် ပြုစေချင် ပါတယ်.. လေးလေးနက်နက် ရှိတာတွေ ကိုတော့ ဘလောဂ့်ကြီး ကောင်းကောင်း အဆင်ပြေသွားရင် အကောင်းဆုံး ပြန်ရေးနိုင်အောင် ကြိုးစား ပါ့မယ်.. ကိုယ့်ဘလောဂ့်ထဲကို ကိုယ်တိုင်လဲဝင်မရတော့ စိတ်ညစ်ညစ်နဲ့ စာရေးဖို့ စာလုံးတွေလဲ မထွက်နိုင်ဘူး ဖြစ်နေလို့ပါ .. ခွင့်လွှတ်ကြပါလို့ တောင်းပန်ပါတယ်နော်…


 


 
ဒီနေ့ ရေးချင်တဲ့အကြောင်းအရာလေးက စာဖတ်သူတွေကို ဘာဗဟုသုတ၊ ဘာရသမှတော့ ပေးနိုင်မှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ဖတ်ပြီး ရယ်မောရမဲ့၊ ပြုံးမိစေနိုင်မဲ့ ငယ်စဉ်ဘ၀ အမှတ်တရ အဖြစ်ကလေးကို ရေးမှာပါ… ငယ်စဉ်ဘ၀ အကြောင်းအရာဆိုတာ မေ့သွားတဲ့ အဖြစ်လေးတွေရှိသလို တစ်ခါတစ်ရံ တိုက်ဆိုင်မှုရှိလာတဲ့အခါ ပြန်သတိရတတ်တာလေး တွေလဲ ရှိတတ်တယ်မဟုတ်လား..  ခုလဲ တိုက်ဆိုင်မှုလေး တစ်ခုကြောင့် ပြန်သတိရလာတယ် ဆိုရမယ်.. အဲဒီချိန်တုန်းက ဖြစ်ခဲ့ပုံက ဒီလိုပါ…


 


 
ကျွန်မ ငယ်စဉ်က ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းတက်ပါတယ်.. ဇာတိကတော့ မိုးကောင်းမြို့ မဟုတ်ပါဘူး.. မိုးကောင်းနဲ့ မိုင် ၇၀ လောက်ဝေးတဲ့ တစ်နေရာကပါ..  မိုးကောင်းမြို့ကလေးဟာ ချစ်စရာကောင်းတဲ့ မြို့ကလေးပါ.. မိုးကောင်းသူတွေကလဲ ချောကြပါတယ်.. ဒီထဲမှာ ကျွန်မတော့ မပါဘူးပေါ့လေ.. ကိုယ်က မိုးကောင်းသူမှ မဟုတ်တာကိုး.. ချောတဲ့စာရင်းထဲ ဘယ်ဝင်ပါ့မလဲနော်.. ကျွန်မရဲ့ သူငယ်ချင်း လေးတွေကလဲ ချောချော မောမော လှလှပပလေးတွေပါ… ဘယ်သွားသွား ဘာလုပ်လုပ် အတူတူ သွားလာနေကျ၊ သိပ်ခင်စရာကောင်းတဲ့ သူတွေပါ.. ဘင်ခရာ သင်တန်းတို့၊ ကြက်ခြေနီတို့ စတဲ့ သင်တန်းတွေ အတူတူတက်နေကျ ကိုယ့်အိမ်သူ့အိမ် အိပ်နေကျ အဲလို ခင်မင် ရင်းနှီးလာသူတွေပါ...


 


 
တစ်နေ့တော့ အတန်းထဲမှာ ဆရာမက မြန်မာစာသင်နေတုန်း ကျောင်းဆင်းဖို့ကလဲ နာရီဝက်အလိုမှာ ကျွန်မဘေးမှာ ထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်းမလေးက အိမ်သာ သိပ်တက်ချင်နေကြောင်း ပြောပါတယ်.. နာရီကြည့်လိုက်တော့လဲ ကျောင်းဆင်းဖို့က သိပ်မလိုတော့  ကျောင်းဆင်းတဲ့ထိ စောင့်လိုက်ပါဦးလို့ သူငယ်ချင်းကို ပြောပါတယ်.... သူငယ်ချင်းကလဲ မျက်နှာလေးရှုံ့မဲ့ပြီး မအောင့်နိုင်တော့ဘူးတဲ့.. ဒါနဲ့ ၂ယောက်သား ဆရာမကို ခွင့်တောင်းပြီး အိမ်သာဘက်ကို ထွက်လာခဲ့ပါတယ်.. ကျွန်မတို့ ၉တန်း ကျောင်းဆောင်နဲ့ အိမ်သာရှိတဲ့နေရာဟာ အတော်လေးကို ဝေးပါတယ်.. အဲဒီအချိန် ကာလကလည်း မိုးတွင်းဆိုတော့ မိုးရွာထားတာနဲ့ အိမ်သာသွားတဲ့ မြေနီလမ်းကလေးက ရေတွေနဲ့ ခပ်လျှောလျှောပေါ့.. သူငယ်ချင်းက အိမ်သာ အရမ်း တက်ချင်နေတဲ့သူဆိုတော့ ရှေ့ကနေ ခြေလှမ်းသုတ်သုတ်နဲ့ အပြေးတစ်ပိုင်း သွားနေ ပါတယ်..


 


 
အဲဒီခေတ်က မိုးကောင်း အထက (၁)ရဲ့ ကျောင်းအိမ်သာတွေဟာ ရေလောင်းအိမ်သာ မဟုတ်သလို အုတ်နဲ့ဆောက်ထားတဲ့ အိမ်သာတွေ မဟုတ်ပါဘူး.. မြေကျင်းကို တူးပြီး အဲဒီမြေကျင်းပေါ်မှာမှ သစ်သားနဲ့ သွပ်အမိုးမိုးထားတဲ့ အိမ်သာကို အလုံးလိုက် ချထားတာပါ.. ဒီနေရာမှာ  ကျင်းပြည့်သွားပြီဆိုရင် နောက်တစ်နေရာကို ကျင်းအသစ်တူးပြီး အိပ်သာကိုရွေ့လိုက်ရုံဘဲ ဖြစ်ပါတယ်.. ကျောင်းသားများစွာ သုံးထားတော့ အချို့ အိမ်သာတွေက ပြည့်လုမတတ် ဖြစ်နေပါပြီ.. စွန့်ထားသမျှ အကုန်လုံးကိုလဲ မမြင်ချင်လဲ မြင်နေရက်သား အနံ့ကိုလဲ မရချင်လဲ ရှူရက်သား ဖြစ်နေရပါတယ်..  အိမ်သာ တက်ချင်သူ တို့ရဲ့ ထုံးစံ သူငယ်ချင်းခမြာ အိမ်သာနားနီးလေ ခြေလှမ်းတွေက ပိုစိတ်လာလေ ဖြစ်လာ ပါတယ်.. နီးလာလေ အိမ်သာပိုတက်ချင်လေ ဆိုတာ ခံစားဖူးသူများ သိပါ လိမ့်မယ်နော်…  :)   :)   :)


 


 
အဲလိုနဲ့ အပြေးကလေး လျှောက်နေရင်း အိမ်သာရှေ့အရောက်မှာ မိုးရေနဲ့ လျှောနေတဲ့ မြေနီလမ်းကြောင့်ရော၊ အိမ်သာတက်ချင်ဇောနဲ့ လောကြီးလွန်းနေတဲ့ စိတ်ကြောင့်ရော ပေါင်းပြီး သူငယ်ချင်းမလေးဟာ ခြေချော်ပြီး အိမ်သာကျင်းထဲ လျှောခနဲ ကျသွားပါ တော့တယ်.. ကံကောင်းချင်တော့ အိမ်သာဟာ စွန့်ပစ်ပစ္စည်းတွေ အပြည့် ဖြစ်နေတဲ့အတွက် သူ့ရဲ့ ခြေထောက်ကြီး ၂ချောင်းလုံးဟာ အဲဒီ စွန့်ပစ်ပစ္စည်းပုံထဲ ၀င်စိုက်မိနေပြီး ခါးအထက် ခန္ဓာကိုယ် တစ်ဝက်ကတော့ ကျင်းအပြင်မှာ ကျန်နေခဲ့ပါတယ်.. မြင်ယောင်ကြည့်ကြပါနော်..  တကယ်လို့များ အိမ်သာကျင်းသာ အသစ်စက်စက် ဖြစ်ခဲ့မယ်ဆိုရင်တော့ လူတစ်ကိုယ်လုံး ကျင်းထဲကို ကျသွားခဲ့မှာ သေချာပါရဲ့.. အိမ်သာကြီး ပြည့်နေတာကိုဘဲ ကျေးဇူးတင်စရာပေါ့နော်...


 


 
ကျွန်မလဲ အပြေးကလေးသွားပြီး သူငယ်ချင်းကို သွားဆွဲထူရပါတယ်.. သူငယ်ချင်းဟာ ရှက်တာရော၊ ဒေါသထွက်တာရော၊ ရွံတာရော၊ အိမ်သာတက်ချင်တာတွေရော ပေါင်းပြီး မျက်နှာပြင်တစ်ခုလုံးဟာ နီရဲနေပါတယ်.. မျက်ဝန်းမှာလဲ မျက်ရည်က ခပ်စို့စို့… သူ့ခြေထောက် တစ်ခုလုံးလည်း မြင်မကောင်းအောင် ပေကျံနေပါတော့တယ်.. ဘာပြော ကောင်းမလဲနော်.. အနံ့ကတော့ ထောင်းထောင်းကို ထလို့ပေါ့.. သူငယ်ချင်းလဲ အိမ်သာထဲ ခပ်သုတ်သုတ်ဝင်လိုက်ပြီး ပြန်ထွက်လာတော့ ကျောင်းခန်းထဲ ပြန်မ၀င်တော့ဘဲ အိမ်ကို ပြန်တော့မယ်ဆိုပြီး ကျောင်းနဲ့ မနီးမဝေးက သူ့အိမ်ကို ပြန်ပြေး ပါတော့တယ်..  ဆရာမကိုတော့ နေမကောင်းလို့ ပြန်သွားကြောင်း ကျွန်မက အသိပေးလိုက်ရပါတယ်..


 


 
ကျောင်းဆင်းတော့ သူ့လွယ်အိတ်ကို ကျွန်မကဘဲ သူ့အိမ်ကို သွားပို့ပေးလိုက်ပါတယ်.. ဒီအချိန်မှာတော့ သူငယ်ချင်းက ရေမိုးချိုး သန့်စင်ပြီးနေပါပြီ.. ရေချိုးခန်းထဲမှာ ဆပ်ပြာ ဘယ်နှတုံးကုန်ပြီး အချိန် ဘယ်လောက် ကြာမယ်ဆိုတာတော့ သူငယ်ချင်းလေး အသိဆုံး ဖြစ်ပါလိမ့်မယ်.. ကျွန်မ သူ့ကို မေးမနေတော့ပါဘူး… ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ အနံ့အသက်က ကျန်နေသေးတယ်လို့ကို ထင်မိပါတယ်.. ဒါကြောင့် သူ့ရှေ့မှာ နှာခေါင်းလေးကို ရှုံ့ပွရှုံ့ပွ လုပ်လိုက်မိတော့ သူငယ်ချင်းက ကျွန်မကို လိုက်ရိုက် ပါတော့တယ်.. ပြီးတော့ ကျွန်မကို ကတိတစ်ခုတောင်းပါတယ်.. နင်ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောရဘူးနော်.. ငါ့ကို ကတိပေးနော်တဲ့ … ကျွန်မလဲ ကတိပေးလိုက်ပါတယ်.. ဒီအကြောင်းကို ကျွန်မ ဘယ်သူ့ကိုမှ ဒီနေ့အထိ မပြောခဲ့ပါဘူး.. ဘယ်သူငယ်ချင်း တစ်ယောက်ကမှ ဒီအဖြစ်ကို မသိလိုက်ကြပါဘူး.. ခုချိန်ထိလဲ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး.. ဒါပေမဲ့ ဒီနေ့တော့ ရေးချင်စိတ် သိပ်ဖြစ်လာတာနဲ့ ဘလောဂ့် စာမျက်နှာပေါ် တင်လိုက်ပါတယ်.. သူငယ်ချင်းရေ ငါဘယ်သူ့ကိုမှ မပြောပါဘူးကွာ.. ကတိတည်ပါတယ်နော်… ခုလဲ စာလေးနဲ့ဘဲ ရေးတာပါ.. ငါ့ပါးစပ်က တစ်ခွန်းဆို တစ်ခွန်းမှ မဟခဲ့ပါဘူးနော်… :)  :)


 


 


 
မွန်းကြပ်တဲ့ စိတ်ကြောင့် ရယ်စရာ သက်သက်အနေနဲ့ ငယ်ဘ၀နဲ့ သူငယ်ချင်း အကြောင်း အမှတ်တရ ရေးခြင်းပါ.. ရသတစ်ခုခု မပေးနိုင်မှန်း သိပါတယ်.. ဟာသလေးတစ်ပုဒ်အနေနဲ့ ဖတ်သွားပေးကြပါနော်..


 


စာဖတ်သူများကို လေးစားစွာဖြင့်


 


ချော (အစိမ်းရောင်လွင်ပြင်)