ကြည်လင်ရွှင်လန်းတဲ့စိတ်

 



 


မင်္ဂလာသက်တမ်း နှစ်၅၀ပြည့်ပြီးတဲ့ နောက်မှာ အဖွားရဲ့ယောက်ျားဟာ ဆုံးပါး သွားခဲ့ပါတယ်.. မုဆိုးမ ဘ၀နဲ့ ကျန်ခဲ့ရှာတဲ့ အဖွားဟာ တစ်နေ့တော့ ဂရင်းနိုက် ကျောက်ပြားတွေ ရောင်းတဲ့ ကျွန်တော့ဆိုင်ကို ရောက်လာပြီး အလှဆုံး၊ အကောင်းဆုံး ဖြစ်မဲ့ ကျောက်ပြားကို သူကိုယ်တိုင် ရွေးချယ်နေပါတယ်..  ရွေးချယ်ပြီးတဲ့အခါမှာတော့ ကျောက်ပြားရဲ့ အပေါ်ပိုင်းမှာ သူ့ယောက်ျား နံမည်နဲ့ မွေးနေ့ရယ်၊ အောက်ဘက်မှာ သူ့နံမည်နဲ့ မွေးနေ့ရယ် ထွင်းပေးဖို့၊ ပြီးတော့ နံမည်၂ခုရဲ့ ကြားမှာတော့ သူတို့ ၂ယောက် လက်ထပ်ခဲ့တဲ့ နေ့စွဲလေးကို ရေးထိုးပေးဖို့ ညွှန်ကြားပါတယ်.. ဒီကျောက်ပြားကို သူနဲ့ အဖိုးတို့၂ယောက် နားခိုလှဲလျောင်းရာ သင်္ချိုင်း အုတ်ဂူပေါ်မှာ ထားဖို့ ကြိုတင်မှာကြားတာ ဖြစ်ပါတယ်..


 


ကျောက်ပြားလေးကို ရက်အနည်းငယ်သာ လိုတော့တဲ့ သူတို့ရဲ့ ၅၁နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့အမီ လိုချင်ကြောင်း အဖွားက ကျွန်တော့်ကို တောင်းဆိုပါတယ်.... ဒီကျောက်ပြားလေးဟာ သူမအနေနဲ့ သူ့ယောက်ျားကို ပေးနိုင်မဲ့ နောက်ဆုံးလက်ဆောင် တစ်ခုလဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် လို့လဲ ပြောပြပါတယ်.. ဒါကြောင့်လဲ အကောင်းဆုံး ဖြစ်လိုတဲ့ဆန္ဒက အဖွားရဲ့ ရင်ထဲမှာ ခိုအောင်းနေတာဖြစ်မှာပါ… ကျွန်တော်လဲ ကျောက်ပြားပေါ် စာထွင်းပေးမဲ့ အလုပ်သမားလေးကို အဖွားရဲ့ ဆန္ဒအတိုင်း စိတ်တိုင်းကျ ဖြစ်အောင် မှာကြားပေးပါတယ်.. ဂရုတစိုက်နဲ့ အချိန်မီ ပြီးအောင် လုပ်ပေးဖို့ကိုလဲ အထပ်ထပ် သတိပေးမိပါတယ်. .  


 


ကျောက်ပြားလေးဟာ အဖွားလိုချင်တဲ့ နေ့မှာဘဲ အချိန်မီ ပြီးစီးသွားခဲ့ပါတယ်… အဖွာကို ကျွန်တော် ဖုန်းဆက် အကြောင်းကြားတော့ ကျောက်ပြားကို သုသာန်အရောက် မပို့မီ သူကိုယ်တိုင် လာရောက် ကြည့်ချင်ပါကြောင်းနဲ့ အခုမကြာခင်မှာဘဲ ဆိုင်ကို ရောက်လာမယ်ဆိုတာကို အကြောင်း ပြန်ကြားပါတယ်.. အဖွားလာကြည့်မယ် ဆိုတော့လဲ ကျွန်တော်က ကျောက်ပြားကို သင့်တော်တဲ့ နေရာကောင်းတစ်ခုမှာ အဆင်သင့် ချထားဖို့ ၀န်ထမ်း ကောင်လေးတွေကို ညွှန်ကြားလိုက်ပါတယ်… ကောင်လေးတွေက ကျောက်ပြားကို သားရေကြိုးတွေနဲ့ ဆိုင်းပြီး ဆိုင်ခန်းအတွင်းဘက်ထဲကနေ သယ်ထုတ်လာကြပါတယ်.. ဒီမှာတင်ဘဲ မမျှော်လင့်တဲ့ဖြစ်ရပ်က  ကျောက်ပြားဟာ သားရေကြိုးဆိုင်းကနေ လျှောထွက်သွားပြီး ကြမ်းပြင်ပေါ်ကျကာ အလယ်တည့်တည့်ကနေ အလျားလိုက် ၂ပိုင်း ကွဲထွက်သွား ပါတော့တယ်..


 


ကျွန်တော်လဲ ရုတ်တရက် ဖြစ်သွားတဲ့ ဒီအဖြစ်ကြောင့် ပျာယာခတ်သွားပြီး အဖွား ရောက်မလာခင်  အဆင်ပြေ နိုင်မဲ့ နည်းလမ်းတစ်ခုခုကို စဉ်းစားကြည့်မိတယ်.. ဒီမှာတင်ဘဲ စိတ်ရိုင်းလေးတစ်ခုက ကျွန်တော့ရင်ထဲကို အမှတ်မထင် ၀င်ရောက်လာ ပါတယ်.. ကျောက်ပြား နောက်တစ်ခု ရွေးပြီး စာလုံးတွေကို ဖြစ်သလိုဘဲ အမြန်ဆုံး ပြန်ထွင်းပေးလိုက်ရ ကောင်းမလား၊ ဒါမှမဟုတ် ကျောက်ပြားထွင်းတာ မပြီးသေးဘဲ မှားပြောမိတာ ပါလို့ဘဲ လိမ်ညာလိုက်ရမလား ဆိုတာ စဉ်းစားနေမိပါတယ်.. လင်သားတစ်ယောက်ဆုံးရှုံးရလို့ နာကျင် ခံစားနေတဲ့ မုဆိုးမဖြစ်တဲ့ ဒီအဖွားအိုကို ထပ်မံ မလိမ်မညာ သင့်ဘူးဆိုတာ ကျွန်တော် နားလည်ပေမဲ့ ဆိုင်နံမည် ပျက်မှာကိုလည်း ကျွန်တော့အနေနဲ့ မလိုလားပါဘူး…


 


ဒွိဟ စိတ်တွေနဲ့ လွန်ဆွဲနေတဲ့ အဲဒီအချိန်မှာဘဲ အဖွားဟာ ကျွန်တော်တို့ ဆိုင်ရှေ့ကို ရောက်လာပါ တော့တယ်… အဖွားရဲ့ မျက်နှာပေါ်မှာတော့ သူ လက်ရွေးစင် အကောင်းဆုံး ရွေးချယ်ထားတဲ့ ကျောက်ပြားပေါ်မှာ လက်ရာမြောက်အောင် လှလှပပ သေသေသပ်သပ် ထွင်းထုထားမဲ့ သူနဲ့ သူ့ယောက်ျား နံမည်ကို တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတာ အတိုင်းသား မြင်တွေ့နေရပါတယ်.. ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်.. အဖွားကို အမှန်အတိုင်းဘဲ ပြောပြလိုက်တော့မယ်…


 


အမှန်အတိုင်းဘဲ ကျွန်တော် ဖွင့်ပြောလိုက်တဲ့အချိန်မှာ အဖွားဆီကနေ ကျွန်တော် မျှော်လင့်ထားမိ တာက ဒေါသတကြီး တုံ့ပြန်မဲ့ စကားလုံးတွေ၊ ဒါမှမဟုတ်ရင်တော့ မျက်ရည်တွေဘဲ ဖြစ်လိမ့်မယ် ဆိုတာကိုပါ.. ဟက်ဟက်ပက်ပက် အူလှိုက်သည်းလှိုက် ရယ်မောလိုက်မဲ့ အသံကိုတော့ ဘယ်လိုမှကို မမျှော်လင့်ခဲ့ပါဘူး… ဒါပေမဲ့ အဖွားဟာ အလယ်ကနေ ထက်ပိုင်း ကွဲနေတဲ့ ကျောက်ပြားကိုလဲ မြင်လိုက်ကော သူမရဲ့ လေးနက်တည်ငြိမ်တဲ့ အမူအရာတွေဟာ ချက်ခြင်းဘဲ ရွှင်မြူးပေါ့ပါးတဲ့ အမူအရာကို ပြောင်းလဲသွားပြီး  လှိုက်လှိုက်လှဲလှဲ ရယ်မောလို့ နေပါတော့တယ်..


 


အဖွားကို ကြည့်ပြီး ကျွန်တော်တို့အားလုံး ထူးဆန်းအံ့သြနေမိပါတယ်.. အံ့သြနေတဲ့ ကျွန်တော်တို့ရဲ့ ပုံစံတွေကို ကြည့်ရင်းက အတိတ်ကို ပြန်လည်သတ သတိရတဲ့လေသံနဲ့ အဖွားက လွမ်းဆွတ်စွာ ဇာတ်ကြောင်းပြန်ပါတယ်.. “လွန်ခဲ့တဲ့ ၅၁နှစ်က အဖွားနဲ့ အဖိုးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမှာ အဖွားရော သူရော မင်္ဂလာကိတ်မုန့်ကို ဓားနဲ့လှီးဖို့ ပြင်ဆင်နေခဲ့ကြတာပေါ့... အဲဒီအချိန်မှာ အဖွားတို့ ၂ယောက် အတူတူ ကိုင်ထားတဲ့ ဓားနဲ့လဲ ထိလိုက်ရော မင်္ဂလာကိတ်မုန့်ဟာ အခု ဒီ ဂရင်းနိုက် ကျောက်ပြား ကွဲသွားသလို  အလယ်ကနေ ထက်ပိုင်း ကွဲသွားခဲ့ပါတယ်. ဒီလောက် လူစည်ကားလှတဲ့ ဧည့်ခံပွဲမှာ ခုလိုအဖြစ်က အမှန်တော့ ရှက်စရာ တစ်ခုပါဘဲ...


 


ရုတ်တရက်တော့ အဖွားတို့လဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့ပြီး တစ်ခဏတော့ ဆွံ့အသွားခဲ့တယ်.. နောက်တော့ သူရော အဖွားရော တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အသံထွက်အောင် ဟက်ဟက်ပက်ပက် အားပါးတရ ရယ်မောလိုက် မိကြတယ်..  ဧည့်ခံပွဲမှာ ရောက်နေတဲ့ ပရိတ်သတ်တွေ အားလုံးကလဲ အဖွားတို့နဲ့ အတူတူ ၀ိုင်းဝန်း ရယ်မောခဲ့ကြတယ်.. အရှက်တစ်ကွဲ ဖြစ်မဲ့ အကြောင်းတရားကနေ ရယ်စရာ၊ ပျော်စရာ အမှတ်တရလေး ဖြစ်သွားခဲ့ရတယ်.. ဒီအဖြစ်အပျက်လေးက အဖွားတို့အတွက် မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတစ်ခုပါဘဲ.. အဖွားတို့ ၂ယောက်ဟာ အိမ်ထောင်သက် တစ်လျှောက်လုံးမှာလဲ အခုလို အဆီအငေါ် မတည့်တဲ့အဖြစ်တွေ ၊ အခက်အခဲတွေ မကြာခဏ ကြုံတွေ့ခဲ့ကြပေမဲ့ အတူတူ လက်တွဲပြီး ရယ်မောနိုင်အောင် ကြိုးစားခဲ့တယ်.. ဘယ်လောက် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါစေ အရာရာကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး  ရယ်ရယ်မောမော ရွှင်ရွှင် လန်းလန်းနဲ့ ဖြတ်သန်းနိုင်ခဲ့ကြတယ်..


 


အဖွားဟာ ဒီ၅၁နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ်နဲ့ရော နောက်ဆုံး လက်ဆောင်အဖြစ်နဲ့ပါ အကောင်းဆုံးနဲ့ အမှတ်တရ အဖြစ်နိုင်ဆုံး တစ်ခုခု သူ့ကိုပေးချင်ခဲ့တယ်.. အခုတော့  ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလဲ... ဒီကျောက်ပြားဟာ အဖွားတို့ရဲ့ လွန်ခဲ့တဲ့ ၅၁နှစ်က မင်္ဂလာဧည့်ခံပွဲကို ပြန်လည် အမှတ်ရစေမဲ့ အကောင်းဆုံး အမှတ်တရ လက်ဆောင်တစ်ခုဖြစ်သွားခဲ့ပါပြီ.. အဖွားရဲ့ ရင်ထဲ နှလုံးသားထဲက သိနေတာက အဖွားယောက်ျားဟာ ခုချိန်မှာ ဒီကျောက်ပြားကိုမြင်ပြီး အဖွားနဲ့အတူ ဟက်ဟက်ပက်ပက် ရယ်မောနေလိမ့်မယ် ဆိုတာကိုပါဘဲ.. သေချာပါ တယ်ကွယ် .. အဖွားရဲ့ လက်ဆောင်ကို သူသိပ်သဘောကျမှာပါ..” 


 


ပြုံးပြုံးလေးပြောပြနေတဲ့ အဖွားရဲ့ စကားသံအဆုံးမှာ ခပ်ဖွဖွ ဟက်ဟက်ပက်ပက် ရယ်မောသံ တိုးတိုးလေးတစ်ခု ကျွန်တော်တို့နဲ့ မလှမ်းမကမ်း တစ်နေရာကနေ ထွက်ပေါ်တယ်တယ်လို့ ကျွန်တော့စိတ်ထဲ ခံစားမိလိုက်သလိုလိုပါ…….


 


------------------------------------------------------------------------------------------------------------------------


 


ဘ၀ရဲ့ အဆီအငေါ်မတည့်မှုများ၊ မကြာခဏ ကြုံတွေ့နိုင်တဲ့ အခက်အခဲများကို ရယ်ရယ်မောမော ရင်ဆိုင် ဖြေရှင်းခဲ့ကြတဲ့ အဖွားအိုတို့ ၂ယောက်ရဲ့ အဖြစ်က အားကျ ချီးကျူးစရာ၊ လေးစားအတုယူစရာပါ. ကျွန်မတို့ ဘ၀မှာ ခဏတာ ရှင်သန်နေရချိန်အတွင်း စိတ်တိုဒေါသထွက်စရာ မကျေနပ်စရာတွေ အဖြစ်နဲ့သာ အရာရာကို ရှုမြင် သုံးသပ် ကြမယ်ဆိုရင်  အသက်ရှင်သန်ကြခြင်းရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ ခံစားကြရပါရဲ့လား.. စဉ်းစားစရာပါ... ဒေါသနဲ့ မကျေနပ်မှုဟာ လူတွေရဲ့ စိတ်ကို ညစ်နွမ်းပူလောင်စေနိုင်ပြီး ရယ်မောရွှင်ပျခြင်းကတော့ လူတွေရဲ့စိတ်ကို ပေါ့ပါး လန်းဆန်းစေပါတယ်.. ကျွန်မကိုယ်တိုင်လဲ ဒေါသနဲ့၊ မကျေမနပ် ဖြစ်တတ်တာတွေကို လျှော့နိုင်သလောက် လျှော့ပြီး ရယ်မောရွှင်ပျစွာနဲ့ အရာရာကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရပါဦးမယ်.. ကြုံလာတဲ့ မကျေနပ်စရာ စိတ်ဆိုး ဒေါသထွက်စရာများကိုလဲ ရင်ထဲမှာ ကြာရှည် မွေးမြူမထားဘဲ အမြန်ဆုံး ဖယ်ရှားတတ်ပြီး ကြည်လင်ရွှင်လန်းတဲ့ စိတ်နဲ့ ဟက်ဟက်ပက်ပက် ရယ်မောရင်း ဘ၀ကို ရင်ဆိုင် ကြည့်ကြပါစို့နော်..


 


အဝေးက သူချင်းတစ်ယောက် ပို့ပေးလာတဲ့ Chicken Soup For The Goldern Soul မှ Maureen S. Pusch ရဲ့   Cracking Up ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ စာအုပ်ပို့ပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးများစွာ တင်ပါတယ်နော်..


 


ချော (အစိမ်းရောင်လွင်ပြင်)