သွားကြစို့ ပူတာအို



ပူတာအိုမှ ကြိုဆိုပါ၏။






သွားကြစို့ ပူတာအို


~~~~~~~~~~~~~~~~~~~~~~~









ကချင်ပြည်နယ်ရဲ့ သာယာလှပတဲ့ နေရာတွေအကြောင်း ရေးပါဦးလို့ ဆိုလာကြသူများအတွက် ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ လှပငြိမ်းချမ်းတဲ့ ဒေသလေး တစ်ခုအကြောင်း ပြောပြချင်ပါတယ်.. အဲဒီနေရာလေးကတော့ ပူတာအိုမြို့နဲ့ အနီးတစ်ဝိုက်ဒေသ ဖြစ်ပါတယ်.. ပူတာအိုဒေသဟာ မြစ်ကြီးနားမြို့ကနေ ၂၁၉မိုင် ကွာဝေးပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၁၃၀၀ မှ ၁၈၀၀ ထိ အမြင့် ရှိပါတယ်.. တောင်တန်းတွေကြားမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ပူတာအို လွင်ပြင်ဒေသ ဖြစ်ကာ မြောက်ကနေ တောင်ကို ၁၅မိုင် ကျယ်ပြန့်ပြီး အရှေ့ကနေ အနောက်ကို ၂၅မိုင်ကျယ်ဝန်းပါတယ်..  စမ်းချောင်းတွေပေါများပြီး မြေသြဇာကောင်းမွန်တဲ့ ပူတာအိုလွင်ပြင်ဒေသမှာ သစ်သီးဝလံများလည်း ပေါများလှပါတယ်.. ဂရိတ်ဖရု၊ လိမ္မော်၊ ၀ါရှင်တန်သီး စသည်တို့ စိုက်ပျိုးထားသော ခြံများစွာ ရှိပါတယ်..






============================














တိုင်းရင်းသားတို့ စပါးထောင်းလေ့ရှိတဲ့ လက်ထောင်းဆုံလေးပါ..







ရိုးရာ ဂျပ်ခုပ်ယက်ကန်း





ချစ်စရာ တိုင်းရင်းသူလေး







တိုင်းရင်းသားတို့ရဲ့ အဆင်တန်ဆာ




ပူတာအိုမြို့ကလေးဟာ အသီးအနှံပေါရုံမက မိန်းမချောလေးတွေလဲ ပေါတယ်လို့ ပြောရမှာပါ.. ကျွန်မမှာ အလွန်ဘဲ ခင်မင်ရင်းနှီးတဲ့ ပူတာအိုသူ  သူငယ်ချင်းတစ်ယောက် ရှိပါတယ်.. သူ့ရဲ့ အသားအရေဟာ ဖြူဖွေးဝင်းနှစ်နေပြီး ခင်မင်ဖော်ရွေစွာဘဲ ချစ်စရာအလွန်ကောင်းတဲ့ ခန္တီးရှမ်း လူမျိုးဖြစ်ပါတယ်.. သဘောမနောလဲ ကောင်းလှပါတယ်.. သူ့ဆီ သွားလည်တဲ့အခါ ဧည့်သည်လာရင် ပျော်ရွှင်စွာ ဧည့်ဝတ် ကျေပြွန်တတ်ကြတဲ့ ချစ်စရာ တိုင်းရင်းသား အလေ့အထများကို အပြည့်အ၀ မြင်တွေ့ရပါတယ်..  ပူတာအို ဈေးကတော့ သစ်တောထွက်ပစ္စည်းများနဲ့ စိတ်ဝင်စားစရာ ကောင်းလှသလို အရောင်စုံလှတဲ့ တိုင်းရင်းသားတို့ရဲ့ ၀တ်စားဆင်ယင်ပုံ များကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်.. ပူတာအို တစ်ဝိုက်မှာတော့ ကချင်၊ ရ၀မ်၊လီဆူး၊ ခန္တီးရှမ်း၊ စတဲ့ တိုင်းရင်းသား လူမျိုးတွေ နေထိုင်ကြပြီး ဗမာနဲ့ အခြား တိုင်းရင်းသားများ အနည်းငယ် ရှိပါတယ်... ပူတာအိုကို သွားမယ်ဆိုရင် လေယာဉ်နဲ့သာ သွားနိုင်ပါတယ်.. နွေရာသီမှာတော့ ကားနဲ့လည်း သွားနိုင်တယ်လို့ ဆိုပါတယ်..







=================================









ပလိုင်းလွယ်သူ လှပျိုဖြူ ( နောက်မှာ လွယ်ရတဲ့ ပလိုင်းမို့  ကျွန်မတို့အရပ်မှာ နောက်လွယ်လို့လဲ ခေါ်ပါတယ်..)



===============================









ပူတာအိုမြို့က နေချင့်စဖွယ် အိမ်ကလေး




================================






ပကာသနမဖက်တဲ့ ရိုးရာအိမ်ကလေးတစ်လုံး


==============================






တောင်တွေကြည့်ပြီး လွမ်းတယ်..


================================












ခါကာဘိုရာဇီတောင် ရဲ့အလှ


==================================





တောင်စဉ်တောင်တန်းတွေ ၀ိုင်းပတ်ကာရံထားတဲ့ ပူတာအိုမြို့ကလေးကတော့ တစ်နှစ်ပတ်လုံး အေးမြတဲ့ရာသီဥတုရှိပြီး ရေခဲဖုံးနေတဲ့ တောင်ထွတ်များကို လှမ်းမြင်ရတဲ့ မြို့ကလေးဖြစ်ပါတယ်.. မနက်ခင်း နေခြည်ဖြာအဆင်းမှာ ဟိုးဝေးဝေးက တောင်တန်းထိပ်ဖျားများပေါ်က လင်းလက်တောက်ပနေတဲ့ ရေခဲပြင် ဖြူဖြူဖွေးဖွေးတွေကို မြင်ရတာ ဘယ်အရာနဲ့မှ မတူအောင် ရင်ခုန် ကြည်နူးဖို့ ကောင်းလှပါတယ်.. သာယာလှပတဲ့ ပူတာအိုမြို့ကလေးဟာ မြို့ပြနဲ့ အလှမ်းဝေး နေသေးတဲ့ အတွက် သဘာဝအလှတရားများ၊ တိုင်းရင်းသားတို့ရဲ့ စစ်မှန်တဲ့ ရိုးရာ ယဉ်ကျေးမှုများကို တွေ့မြင်နေရဆဲ နေရာတစ်ခု ဖြစ်ပါတယ်.. ရိုးသားလှတဲ့ တိုင်းရင်းသားတွေနေထိုင်တဲ့ ဒေသဖြစ်တာကြောင့် အေးချမ်းပြီး စိတ်ဝင်စားစရာ ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းလှပါတယ်.. ပူတာအိုမြို့ကနေ မချမ်းဘော၊ ဆွမ်ပရာဘွမ် စတဲ့ မြို့ကလေးတွေကိုလည်း အလည် သွားရောက်နိုင်ပါတယ်. မချမ်းဘော မြို့ကလေးမှာတော့ လည်စရာနေရာတစ်ခုက ကျောက်နဂါးလို့ခေါ်တဲ့ နဂါးပုံဖြစ်နေတဲ့ ကျောက်တန်းရှည်ကြီးတစ်ခုပါ.. ကျောက်နဂါးနဲ့ ပါတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတို့ရဲ့ ပါးစပ်ရာဇ၀င်လေးကိုလည်း နားထောင်နိုင်ပါတယ်..  ပူတာအိုမြို့အနီးက မူလာရှီးဒီ ချောင်းကလေးဟာ ဖန်သားပြင်တစ်မျှ ကြည်လင်လှပပြီး သန့်စင်လွန်းလှပပြီး ချောင်းကိုဖြတ်ကူးတဲ့ မူလာရှီးဒီ ကြိုးတံတားကိုလည်း ရောက်ဖူးသူတိုင်းက မေ့မရအောင် တသသနဲ့ သတိတရ ရှိနေတတ်ကြပါတယ်..








မူလာရှီးဒီ ကြိုးတံတား ( Source )








ကျောက်နဂါး ( photo source )








သဘာဝဆန်တဲ့ မြေနီလမ်း












=================================











စိတ်ဝင်စားဖွယ် တိုင်းရင်းသားတို့ရဲ့ ပူတာအိုဈေး






==========================











===============================





နှင်းဖုံးတောင်ထွတ်များရဲ့ အလှအပ



==============================








ကြည်လင်အေးမြနေတဲ့ စမ်းချောင်းကလေးရဲ့ အလှ




================================







ပူတာအိုကနေ မိုင် ၁၈၀အကွာမှာတော့ အမြင့်ပေ ၁၉၃၂၆ ရှိပြီး အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီတောင် တည်ရှိပါတယ်… ခါကာဘိုရာဇီ တောင်ထိပ်ကိုတော့ ၁၉၉၆ခုနှစ်မှသာ ဂျပန်အမျိုးသား တောင်တက်သမား တစ်ဦ်းက ကချင်လူမျိုး လမ်းပြများနဲ့အတူ တက်ရောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်.. တောင်ထိပ်ကို တက်ရောက်ဖို့ အလွန်ခက်ခဲပြီး အန္တရာယ်လဲ များလွန်းလှပါတယ်.. ပေ ၉၀၀၀ ကျော်မြင့်တဲ့ ဖုန်ဂမ်ရာဇီ တောင်ကတော့ ပူတာအိုမြို့ကနေ ခြေလျှင်ခရီးနဲ့ ၆ရက်ခရီးတာ ကွာဝေးပြီး တောင်တက်သမားများ အတွက် တက်ရောက်ရတာ ပိုအဆင်ပြေ လွယ်ကူတာကြောင့် တောင်တက်ဝါသနာပါသူတို့ တောင်တက်လေ့ကျင့်တဲ့  နေရာတစ်ခုလည်း ဖြစ်ပါတယ်.. ပူတာအိုမြို့ဟာ တောင်တက်သမားများ၊ သဘာဝ အလှအပချစ်သူများ၊ သစ်ခွမုဆိုး၊ လိပ်ပြာမုဆိုးတို့ မဖြစ်မနေ ရောက်ရှိစခန်းချရာ မြို့ကလေး ဖြစ်ပါတယ်.. အဲဒီကမှတစ်ဆင့်  တောင်တန်းတွေပေါ်ကို တက်ရောက်ဖို့ စီစဉ်ပြင်ဆင်ကြတာ ဖြစ်ပါတယ်..








ဖုန်ဂမ်ရာဇီတောင်


=====================================







================================










ရဲဝံ့သူတို့ရဲ့ ခရီး




ဟိမ၀န္တာ တောင်တန်းကြီးကနေ ဖြာဆင်းလာတဲ့ တောင်စဉ်တောင်တန်းတွေကြောင့် တောတောင် ထူထပ်ပြီး သဘာဝအရင်းအမြစ်တွေ ပေါပေါများများ ရှိနေဆဲဒေသ ဖြစ်တာကြောင့် သိပ္ပံပညာရှင်များအတွက် လေ့လာစရာများ၊ ပယင်းကဲ့သို့သစ်စေးရုပ်ကြွင်း၊ သားမင်း၊ တောင်ဆိတ်၊ တောဝက်၊ ဆတ်၊ ကတိုးကောင်၊ ၀က်ဝံနက်၊ သမင်နက် အစရှိသော ရှားပါး သတ္တ၀ါများ၊ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ သစ်ခွနက်လို ရှားပါးသစ်ခွများ၊ ဆေးဘက်ဝင် အပင်များ၊ သစ်မွှေးများ စသည်တို့ ပေါများစွာ တွေ့ရနိုင်ပါတယ်.. သစ်ခွမျိုးစိတ်အသစ်များ၊ လိပ်ပြာ မျိုးစိတ်သစ်များကို ထိုဒေသတို့မှာ မကြာခန တွေ့ရှိရတတ်တာကြောင့် နိုင်ငံခြားသားများ အလွန်ဘဲ စိတ်ဝင်စားတဲ့  ဒေသတစ်ခုလဲဖြစ်ပါတယ်.. တောင်ဆိတ်အဆီဆိုတာ ကချင်ဒေသမှာတော့ ဈေးကြီးပေးရတဲ့ ဆေးဘက်ဝင်တဲ့ အရာပါ.. ဒဏ်ကြေလိမ်းဆေးအဖြစ် ထည့်သွင်းဖော်စပ် အသုံးပြုကြပါတယ်.. ပြီးတော့ မချစ်ဥ (မဂျစ်ဥ)၊ ခမ်းတောက်မြစ်၊ ရေခဲမှို၊ မရှော့ရွက် စတဲ့ နံမည်ကျော် ဆေးဘက်ဝင်အပင်များစွာလည်း ရှိပါတယ်..







နံမည်ကျော် တောင်ဆိတ်


===============================












သစ်ခွနက်





တောတောင်တွေကြားက ချောင်းအလှ





အဲဒီဒေသတစ်ဝိုက်မှာ အောက်ခံကျောက်တုံးကျောက်ခဲတို့ကို မြင်ရလောက်အောင် သန့်ရှင်း ကြည်လင်စွာစီးဆင်းနေတဲ့ စမ်းချောင်းများစွာ ရှိပါတယ်.. စမ်းချောင်းတွေကိုဖြတ်ကူးဖို့ ဆောက်လုပ်ထားတဲ့ ကြိုးတံတားနဲ့ ၀ါးတံတားများစွာတို့ဟာ ဒေသခံလူမျိုးတွေအတွက် မထူးဆန်းပေမဲ့ တစ်ခေါက်တစ်ခါ အလည်ရောက်သူများ အတွက်တော့ အထူးအဆန်း စိတ်ဝင်စားစရာများ ဖြစ်ပါတယ်.. အချို့ချောင်းတွေဟာ ရေစီးသန်လှပြီး တစ်ဝုန်းဝုန်းနဲ့ အသံမြည်နေအောင်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေပါတယ်.. ကျောက်ဆောင် ကျောက်တုံးများကို ဖြတ်ပြီး စီးဆင်းနေတာကြောင့် အလွန်လှပတဲ့ မြင်ကွင်းဖြစ်သလို ပြင်းထန်လှတဲ့ ရေစီးသံကလည်း ရင်ခုန်ထိတ်လန့်ဖို့ ကောင်းလှပါတယ်.. စွန့်စွန့်စားစား ခရီးသွားချင်သူများ၊ တောင်တက်ဝါသနာပါသူများ၊ တောင်ပေါ်ရေခဲပြင်တို့ရဲ့ အလှကို မြင်တွေ့ ခံစားချင်သူများ အတွက် မမေ့နိုင်တဲ့ ခရီးဖြစ်မှာတော့ သေချာလှပါတယ်..














ရင်ခုန်စရာ ကြိုးတံတား




================================











တိုင်းရင်းသားတို့ရဲ့ ရွာ


===============================










အေးချမ်းဆိတ်ငြိမ်ရာ






ပူတာအိုဒေသနဲ့ ပါတ်သက်သော ဓာတ်ပုံများကို http://sites.google.com/site/jinghpawlaika/putao နဲ့ http://www.plateaumyanmar.com/gallery.htm တို့မှ ကျေးဇူးတင်စွာ အသုံးပြုပါတယ်.. အချို့ပုံများအတွက် လင့်များ ဖော်ပြဖို့ကျန်ခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ပန်ကြားပါတယ်ရှင်...  စာဖတ်သူများလည်း အချိန်လေးများရခဲ့ရင် တိုင်းရင်းသားတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ မပျက်မစီး တည်ရှိနေသေးတဲ့ သဘာဝ အလှအပတွေကို ခံစားဖို့ ပူတာအိုမြို့ကို တစ်ခေါက်တစ်ခါ အရောက်သွားကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ရှင်……..







ချော(အစိမ်းရောင်လွင်ပြင်)