လှပတဲ့ နှင်းစက်ကလေး


လှပတဲ့ နှင်းစက်ကလေး






နက်ခင်းရဲ့ နေခြည်နုနုလေးက သစ်ရွက်ပေါ်မှာ တွဲရရွဲခိုနေတဲ့ ကျွန်မရဲ့ ဖြူလွလွ ကိုယ်ခန္ဓာလေးပေါ်ကို လှပစွာဖြန်းပက်လိုက်တော့ ကျွန်မနဲ့ နေရောင်ခြည်အတွေ့မှာ လင်းလက်တောက်ပနေပုံက စိန်ပွင့်ကလေးတွေလို တစ်ဖြတ်ဖြတ်လက်လို့ပါဘဲ… လှလိုက်တာ.. ဘေးနားက ကျွန်မနဲ့ ဘ၀တူ နှင်းစက်ကလေးတွေကို ကြည့်လိုက်မိတော့လည်း တစ်ချို့တွေက ကျွန်မရှိနေတဲ့ သစ်ရွက်ပေါ်တွဲခိုလို့ ... တစ်ချို့ကျတော့ အခြားသစ်ရွက် သစ်ကိုင်းတွေပေါ်မှာ.. ရွှန်းစိုလင်းပနေကြတယ်... အားလုံးဟာ ကဗျာလေးတစ်ပုဒ်လို ငြိမ်သက် အေးမြခြင်းနဲ့အတူ နွေးထွေးတဲ့ နေရာင်ခြည်ရဲ့ လက်ဖြာမှုအောက်မှာ ၀င်းလို့ လင်းလို့.. နှိုင်းရက်စရာမရှိအောင် လှလွန်းနေပါရဲ့….. သူတို့တွေရဲ့ မျက်နှာပေါ်မှာလည်း သူတို့ရဲ့ လင်းလက် တောက်ပမှုတွေအတွက် ဂုဏ်ယူဝံ့ကြွားတဲ့ အပြုံးကိုယ်စီနဲ့.... ဘယ်လောက်တောင် သဘာဝဆန်ပြီး အေးချမ်းကြည်လင်ကာ ကြည်နူးရွှင်ပျဖို့  ကောင်းလိုက်တဲ့ အလှလဲနော်..











ဒါပေမဲ့ နှင်းစက်တွေအားလုံးထဲမှာတော့ ကျွန်မဟာ အလှဆုံး နှင်းစက်ကလေး တစ်စက်ပါဘဲ.. .. ကြည့်ပါဦး.. စိမ်းစိုရင့်မှောင်နေတဲ့  သစ်ရွက်ပေါ်  တွဲခိုနေပုံကိုက မခို့တရို့ ကဗျာဆန်ဆန် နွဲ့နွဲ့နှောင်းနှောင်းနဲ့  ဘယ်လောက်များ လှနေသလဲဆိုတာ.. ကတ္တီပါမြသားပေါ်က စိန်ရတီပွင့်ကလေး လင်းလက်ဝင်းပနေပုံနဲ့ တူရဲ့ မဟုတ်လားရှင်.. ကျွန်မလောက် လှတဲ့သူ ဒီပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတော့ဘူး.. ကျွန်မသာလျှင် အလှဆုံး.. အတောက်ပဆုံးနဲ့ အကြီးဆုံး နှင်းစက်ကလေးတစ်စက်ပါဘဲ..  ကျွန်မကြောင့်သာ သစ်ရွက်ကလေးရဲ့အလှက ပိုပြီးစိမ်းစိုလာသလို၊ ကျွန်မကြောင့်ဘဲ ပတ်ဝန်းကျင်က ပိုပြီးလင်းလက် တောက်ပ နေတာမဟုတ်လား... ဒီအတွက်လည်း ကျွန်မက သိပ်ကို ဂုဏ်ယူဝမ်းမြောက်ရပါတယ်.. ကိုယ်ရှိနေတဲ့သစ်ရွက်၊ ကိုယ်ရောက်နေတဲ့ ၀န်းကျင်ကို အလှဆင်ခွင့်ရတာ သိပ်ကို ကြည်နူးဝမ်းမြောက်ဖို့ ကောင်းတယ် မဟုတ်ပါလားနော်..








ပျော်ရွှင်ကြည်နူးမဆုံး ဖြစ်နေတုန်းမှာဘဲ မမျှော်လင့်တဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့လိုက်ရပါတော့တယ်.. ကျွန်မတွဲခိုထားတဲ့ သစ်ရွက်ဟာ တစ်ဆတ်ဆတ် တုန်ခါလာပါတယ်. ဟင်…  ဘယ်လိုဖြစ်တာပါလိမ့်.. စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့  ဘေးဘီဝဲယာ ဘေးပတ်ဝန်းကျင်ကို  ကြည့်မိတော့ ကျွန်မ သဘောပေါက်လိုက်ပြီ.. လေပြင်းတိုက်ခတ်နေတာပါလား.. တစ်ချက်တစ်ချက်  ခပ်ပြင်းပြင်း ဝေ့ကနဲ့ တိုက်လိုက်တဲ့လေကြောင့် ထက်အောက် ဘယ်ညာ ရမ်းခါလွန်းနေတဲ့ သစ်ရွက်အရှိန်ဟာ ကျွန်မရဲ့ ကိုယ်လေးကို သစ်ရွက်အစွန်အဖျားဆီ တစ်လိမ့်လိမ့်နဲ့ ရောက်အောင် တွန်းပို့နေသလိုပါဘဲ...သိပ်ကို  ကြောက်ဖို့ကောင်းတာပါလား...






ဆိုးရွားလိုက်တာရှင်.. ဘာကြောင့်များ ငြိမ်သက်အေးချမ်းနေတဲ့ အခြေအနေ၊ လှပချောမွေ့နေတဲ့ အခြေအနေကို ပြောင်းလဲချင်ရတာပါလိမ့်.. ဘာကြောင့်လဲ.. ဘာကြောင့်များလဲရှင်…  ဒီသစ်ရွက်ပေါ်က လိမ့်ဆင်းသွားခဲ့ရင် ကျွန်မဟာ ဘယ်နေရာကိုများ ရောက်သွားမှာပါလိမ့်.. ကျန်တဲ့နှင်းစက်ကလေးတွေကို ကြည့်မိတော့လဲ အလူးလူးအလိမ့်လိမ့်.. အားလုံဟာ ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့နေတဲ့ မျက်နှာတွေနဲ့.. စောစောတုန်းက အခြေအနေတွေနဲ့ တစ်ခြားစီ.. ဂုဏ်ယူတဲ့အပြုံးတွေ ပျောက်ကွယ်လို့..  ကျွန်မကရော.. ဒီသစ်ရွက်အစွန်အဖျားပေါ်မှာ ဘယ်ချိန်ထိ ရှိနေနိုင်မှာလဲ..





ကြမ်းသထက်ကြမ်းလာတဲ့ လေတိုက်နှုန်းကလည်း ကြောက်ခမန်းလိလိ.. သေချာပါပြီ.. ကျွန်မတို့အတွက် နောက်ဆုံးအချိန်ဟာ ရောက်ရှိလာပါပြီ.. ဒီမနက်တင်မှ ကောင်းကင်ကနေ ကျဆင်းလာပြီး လှပတဲ့ နှင်းစက်ကလေးဖြစ်ခွင့်ရလာတာ ဘာမှကိုမကြာသေး.. အားလုံးဟာ အဆုံးသတ်ရတော့မယ်… မတရားလိုက်တာ.. မျှတမှုမရှိလိုက်တာ.. ကျွန်မလဲ တတ်နိုင်သမျှ အင်နဲ့အားနဲ့ သစ်ရွက်အစွန်းလေးကို ဖက်တွယ်လို့ ကြံ့ကြံ့ခံပြီး လေပြင်းဒဏ်ကို အံတုကာ ကြိုးစား နေကြည့်ပါသေးတယ်.. ဒါပေမဲ့ တစ်ဖြေးဖြေးနဲ့ ခွန်အားချည့်နဲ့လို့လာပါပြီ… ကျွန်မသွားရပါတော့မယ်.. ဒီသစ်ရွက်ကလေးကိုစွန့်ခွာပြီး လွှင့်စင်ကျသွားတော့မှာ..









ကြောက်ရွံ့မှုကြောင့် ကျွန်မတစ်ကိုယ်လုံးလဲ တုန်ရီနေပါရဲ့..  တကယ်လို့များ ကျွန်မသာ လွှင့်စင်ကျသွားခဲ့ရင် ဘယ်ကိုရောက်သွားမှာပါလိမ့်.. သိချင်စိတ်ကြောင့် အောက်တည့်တည့်မှာ ဘာများရှိနေမလဲ ဆိုပြီး ငုံ့ကြည့်လိုက်မိတော့ မှန်တစ်ချပ်လို ကြည်လင်တောက်ပနေတဲ့ ကျယ်ပြန့်တဲ့ အရာတစ်ခုကို တွေ့လိုက်မိပါတယ်.. နေရောင်အောက်မှာ တစ်လက်လက် တစ်ဖြတ်ဖြတ်နဲ့ အစွမ်းကုန် တောက်ပနေပုံက မျက်စိတောင်ကျိန်းလောက်ပါရဲ့.. ဒါဟာ ဘယ်လိုအရာမျိုးပါလိမ့်.. အိုး ရေကန်ကြီးတစ်ခုပါလား.. အစောတုန်းကတော့ အောက်ကို မကြည့်ခဲ့မိဘဲ  အပေါ်မှာရှိတဲ့ ကျွန်မရဲ့ ဘေးဝန်းကျင်ကိုသာ ကြည့်ခဲ့မိတယ်..  သာယာ ကြည်နူးနေခဲ့မိတယ်..  နောက်ဆုံးတစ်ချက် လေခပ်ပြင်းပြင်းအဝေ့မှာ ကျွန်မဟာ သစ်ရွက်ပေါ်ကနေ စွင့်ကနဲ လွှင့်စင်ပြီးတော့ အောက်က ရေကန်မျက်နှာပြင်ဆီ တစ်ရှိန်ထိုး ကျဆင်းသွားပါတော့တယ်..





ရေကန်မျက်နှာပြင်နဲ့အတွေ့မှာတော့ ကျွန်မဟာ နှင်းစက်ကလေးတစ်စက် မဟုတ်တော့ဘူး.. ရေကန်ထဲက ရေအဖြစ်ပြောင်းလဲသွားပြီ.. ကျန်တဲ့ နှင်းစက်တွေလဲ ကျွန်မလို အလားတူပါဘဲ.. ကျွန်မတို့တွေဟာ ဘယ်ဟာနှင်းစက် ဘယ်ဟာ ရေပေါက်ရယ်လို့ ခွဲခြားလို့မရတော့ဘူး အားလုံးဟာ တစ်သားတည်း ဖြစ်သွားခဲ့ပြီ.. ကြောက်ရွံ့ထိတ်လန့်နေရာကနေပြီး ပျော်ရွှင်ကြည်နူးစိတ်ကို ရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီ.. ဘယ်လောက်အင်အားကြီးတဲ့ လေပြင်းကမှ ကျွန်မတို့ကို မဖျက်ဆီးနိုင်တော့ပါဘူး… နှင်းစက်ကလေးတွေ စုပေါင်းပြီးလဲ ရေကန်ထဲက ရေတွေ ဖြစ်လာနိုင်သေးတာဘဲနော်..










ကျွန်မဟာ နှင်းစက်ကလေး ဘ၀တုန်းကလို လှချင်မှ လှပပါလိမ့်မယ်.. တောက်ပချင်မှ တောက်ပပါလိမ့်မယ်.. ဒါပေမဲ့ အခုတော့ ရေကန်ထဲက ရေအဖြစ် လူသားတွေ၊ တိရိစ္ဆာန်တွေ လိုရာသုံးစွဲဖို့၊ သစ်တောကြီးတွေ စိမ်းစိုလန်းဖြာဖို့၊ လယ်ယာမြေတွေမှာ ကောက်ပဲသီးနှံတွေ ဝေဆာနိုင်ဖို့အတွက် လိုအပ်တဲ့ ရေတွေမျှဝေဖို့.. အိုး ကျွန်မတို့ လုပ်နိုင်တာ၊ အသုံးဝင်တာတွေက  အများကြီးပါဘဲ… ခုမှ တကယ့်ဂုဏ်ယူစရာအလှ၊ ဂုဏ်ယူသင့်တဲ့ ဘ၀ကို ကျွန်မပိုင်ဆိုင်လိုက်ရပါပြီ.. ခုလိုစုစည်း ပေါင်းစပ်လိုက်တာဟာ ရန်သူတွေ အလွယ်တကူ မဖြိုဖျက်နိုင်ဘူး ဆိုတာရယ် တစ်ဦးတစ်ယောက်တည်းထက် ပိုပြီး လောကကို အကျိုးပြုနိုင်တယ် ဆိုတာရယ်ကို ကျွန်မ နှင်းစက်ကလေး (အခုတော့ ရေ) က သင်ခန်းစာကောင်းကောင်း ရသွားပါပြီရှင်။






Peter Hughes  ရဲ့ The Dew Drop ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။






ချော(အစိမ်းရောင်လွင်ပြင်)




Photo from google and  Here