အာလူး အပုပ်ကလေးများ




တစ်နေ့မှာ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကျောင်းသားတွေကို သင်ခန်းစာလေးတစ်ခု ပေးချင်တဲ့အတွက် သူတို့ရဲ့အိမ်ကနေ အာလူးတစ်ချို့ကို ပလပ်စတစ်အိတ်ကလေးနဲ့ ထည့်ပြီး ယူလာဖို့ ကျောင်းသားတွေကို ပြောလိုက်ပါတယ်.. ပြီးတော့လည်း အဲဒီအာလူး တွေပေါ်မှာ ကိုယ်မုန်းတဲ့လူရဲ့ နာမည်ကို ရေးထိုးခဲ့ရမယ်လို့လဲ ဆိုပါတယ်.. အာလူးအရေအတွက်ဟာ မုန်းတဲ့သူ အရေအတွက်ပေါ် မူတည်ပြီး ကြိုက်သလောက် ယူလာခဲ့လို့ရတယ်လို့ ပြောပါတယ်..




ဒီလိုပြောလိုက်တော့ တစ်ချို့ကျောင်းသားတွေက အာလူး ၂လုံး၊ အချို့ကလည်း ၄လုံး၊ အချို့ ၅လုံး စသဖြင့် သူတို့မုန်းတဲ့သူ အရေအတွက် များရင် များသလို အာလူးတွေ ပိုယူလာခဲ့ကြပါတယ်.. လူတိုင်း လူတိုင်း အာလူးတွေ ပါလာပြီးတဲ့နောက်မှာ ဆရာမက သူတို့ယူလာသမျှ အာလူးကို ပလပ်စတစ်အိတ် ကိုယ်စီနဲ့ထည့်ထားပြီး သွားလေရာနေရာတိုင်း ( အိမ်သာသွားချိန်ပါမကျန်) နှစ်ပတ်တိတိ သယ်ယူသွားရမယ်လို့ ပြောပါတယ်..




အာလူးအိတ်ကိုယ်စီနဲ့ ကျောင်းသားတွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာတော့  သူတို့သယ်ယူရတဲ့ အာလူးနဲ့ပတ်သက်ပြီး အသံတွေ ထွက်လာပါပြီ.. ဘာကြောင့်လဲဆိုတော့ အချို့ အာလူးတွေက ပုပ်စပြုလာပြီဖြစ်လို့ အနံ့အသက်တွေလဲ ထွက်စပြုလာပြီ ဖြစ်ပါတယ်.. ဒီတော့ နံစော်နေတဲ့ အာလူးတွေကို နေရာတကာကို သယ်ယူသွားရတာ စိတ်အနှောက်အယှက် ဖြစ်လာကြပါပြီ …. အချို့ မုန်းသူများပြီး အာလူးအရေအတွက် များများ သယ်ယူတဲ့ သူတွေအတွက်ဆို ဒီအာလူးထည့်ထားတဲ့ ပလပ်စတစ်အိတ်ကို  နေရာတကာယူသွားရတာ ပိုပြီး ၀န်ထုပ်ဝန်ပိုးဖြစ်လို့ လာပါတယ်.. ရက်ကြာလေ ပုပ်လာလေဖြစ်တဲ့ အာလူးအနံ့ကလဲ မခံမရပ်နိုင်အောင် ပျို့အံချင်စရာ ကောင်းလွန်းလှပါတယ်..




နှစ်ပတ်ကုန်ဆုံးသွားတော့မှ အာလူးအိတ်တွေ သယ်ယူဖို့ အချိန်စေ့ပြီဖြစ်တာကြောင့် သွားလေရာသယ်သွားဖို့ မလိုတော့ဘဲ ကျောင်းသားတွေဟာ စိတ်ရော လူပါ သက်သာရာ ရပါတော့တယ်.. ဒီတော့မှ ဆရာမက “အာလူးတွေကို နှစ်ပတ်တိတိ သွားလေရာ သယ်သွားရတာ ဘယ်လိုများနေကြသလဲ” လို့ မေးပါတယ်.. ကျောင်းသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် ပုပ်နေတဲ့ အာလူးကြောင့် ရရှိတဲ့ အနံ့ဆိုးတွေ၊ အာလူးများလို့ သယ်ရတာ လေးလံတဲ့ ဒုက္ခတွေအကြောင်း ပြောကြပါတယ်.. သေချာတာကတော့ လူတိုင်းဟာ ဒီအာလူးတွေအတွက် စိတ်အနှောက်အယှက်ကြီးစွာ ဖြစ်ကြရတာပါဘဲ…




အားလုံးဟာ သူတို့ခံစားရသမျှတွေကို ပြောပြီးတဲ့ နောက်မှာမှ ဆရာမက အခုလို လုပ်ခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်.. “အာလူး အနည်းငယ်ကိုတောင် နှစ်ပတ်လောက် သယ်ရတာ ရက်ကြာလာတာနဲ့အမျှ ပုပ်လာတဲ့ အာလူးရဲ့အနံ့၊ သူ့ရဲ့ လေးလံလာမှုတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြရရင် အာလူးမှာ နံမည်ရေးထိုးထားတဲ့ မုန်းသူတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ နာကြည်းမုန်းတီးစိတ်နဲ့ သွားလေရာကို အမြဲတမ်း သယ်ယူသွားခဲ့ရလိမ့်မယ်.... ဒီလူကို မုန်းတီးစိတ်နဲ့ အမုန်းကြောင့်ဖြစ်ရတဲ့ ဒေါသတွေ၊ နာကြည်းမှုတွေဟာ အဆိပ်တွေလို မင်းတို့နှလုံးသားကို ကောင်းကောင်းကြီး ဒုက္ခပေးနေလိမ့်မယ်.. အာလူးရဲ့ အနံ့ဆိုးတွေကို တစ်ပတ် နှစ်ပတ်လောက်တောင် သည်းခံနိုင်ဖို့ ခက်ခဲလွန်းတယ်ဆိုရင် လူတစ်ယောက်ကို မုန်းတီးမှုတွေနဲ့ တစ်သက်လုံး ဘယ်လောက်များ စိတ်တွေ၊ နှလုံးသားတွေ ဖိစီးလေးလံနေမလဲ.. နာကျင် အဆိပ်သင့်နေမလဲဆိုတာ သေချာ စဉ်းစားကြည့်ကြပါ… အမုန်းတွေကို ကိုယ့်နှလုံးသားထဲမှာ ရေရှည် မွေးမြူထားမလား.. သန့်ရှင်းတဲ့ နှလုံးသားနဲ့ အမုန်းတရားကင်းစွာ စိတ်အေးချမ်းသာ နေမလားဆိုတာ မင်းတို့ ဘ၀အတွက် စဉ်းစားကြပါ.. ကိုယ့်စိတ်ကို ဒုက္ခပေးမဲ့ အာလူးအပုပ်တွေလို ကိုယ်မုန်းနေတဲ့ လူများရှိခဲ့ရင် နှလုံးသားထဲကနေ ထုတ်ပစ်ကြပါ”  လို့ ဆရာမက ကျောင်းသားတွေကို သင်ခန်းစာပေးလိုက်ပါတယ်..





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဒီသင်ခန်းစာလေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့ရင်ထဲမှာရော လူတစ်ယောက်ကို မုန်းတီးတဲ့ အာလူးတွေ ဘယ်နှလုံးလောက်များ ရှိနေခဲ့သလဲ.. ဒီအာလူးကြောင့် နှလုံးသားဟာ ဘယ်လောက်များ အဆိပ်သင့် နေခဲ့ပြီလဲ.. ကိုယ်တိုင်ကရော အခြားလူတွေအတွက် အာလူးအပုပ်တစ်လုံးများ ဖြစ်နေခဲ့သလား ဆိုတာပါဘဲ… ရင်ထဲက အာလူးတွေကို စွန့်ပစ်နိုင်ဖို့နဲ့ ကိုယ်တိုင်လည်း သူတစ်ပါးအတွက် နံစော်ပြီး သွားလေရာ သယ်ယူသွားခြင်းခံရတဲ့ အာလူးအပုပ်တစ်လုံး မဖြစ်အောင်တော့ ကြိုးစားရပါဦးမယ်ရှင်။





Rotten Potatoes ( Unknown Author) ကို ဘာသာပြန် ဝေငှပါသည်။







အမုန်းတရားများ ကင်းဝေးကြပါစေရှင်။






ချော(အစိမ်းရောင်လွင်ပြင်)