ပေါ့ပေါ့ပါးပါး ပြုံးစရာ(၈)

ပေါ့ပေါ့ပါးပါး ပြုံးစရာများ






ဥာဏ်များတဲ့ လယ်ပိုင်ရှင်


~~~~~~~~~~~~~~~~~~~~~~





လယ်ယာမြေတွေ အများကြီးပိုင်တဲ့ လူတစ်ဦးရဲ့ မြေပိုင်နက်ထဲမှာ ရေကန်ကြီးတစ်ကန် ရှိပါတယ်… လယ်ပိုင်ရှင်ကြီးက အဲဒီရေကန်ကို သာယာလှပလာအောင် ပြုပြင်ဖို့ စိတ်ကူးရလာတဲ့အတွက် ရေကန်ဘေးဝန်းကျင်မှာ သစ်ပင်ပန်းမာန် လှလှပပတွေ စိုက်တယ်.. ရေကန်ကိုလည်း ရေကူးလိုသူတွေအတွက် အဆင်ပြေအောင် ပြင်ဆင်လိုက်ပါတယ်.. ပျော်ပွဲစား လာကြမဲ့သူတွေအတွက် စားပွဲတွေ ထိုင်ခုံတွေကို လုပ်ပေးထားပေးပြီး လူငယ်တွေအတွက် တင်းနစ်ကစားကွင်းတွေ၊ မြင်းစီးဝါသနာပါသူတွေအတွက် စီးဖို့မြင်းတွေ၊ မြင်းဇောင်းတွေ စသဖြင့် ပြည့်ပြည့်စုံစုံ လုပ်ထားတဲ့အခါမှာတော့ သူ့ရေကန်တစ်ဝိုက်ဟာ  ရေကူးကြသူတွေ၊ ပျော်ပွဲစားလာသူ၊ တင်းနစ်ရိုက်သူ၊ မြင်းစီးသူတွေနဲ့ စည်ကားနေပါတော့တယ်။





တစ်ရက်မှာတော့ လယ်ပိုင်ရှင်ကြီးဟာ ရေကန်တစ်လျှောက် လိုက်လံကြည့်ရှုရင်း တစ်နေရာအရောက်မှာ အုပ်စုလိုက် အော်ဟစ်ရယ်မောနေတဲ့အသံကို ကြားလိုက်ရတဲ့အတွက် အသံလာရာဆီကို အနားနား တိုးကပ်လို့ သွားကြည့်တဲ့အခါ ချောချောမောမော မိန်းမပျိုလေးတစ်စုဟာ ရေကူးဝတ်စုံလေးတွေနဲ့ ရေထဲမှာ ကူးခပ်ရင်း အော်ဟစ်နောက်ပြောင်နေတာကို တွေ့လိုက်ပါတယ်..  လယ်ပိုင်ရှင်ကြီးလဲ နေရာက မရွေ့ဘဲ အဲဒီမိန်းမပျိုလေးတွေကို ကြည့်နေတဲ့အခါ သူ့ကို တွေ့မြင်သွားတဲ့ မိန်းခလေးတွေက ရေနက်ရာဘက်ကို ကူးသွားကြပြီး “ဦးလေးကြီး .. ရှင် အဲဒီနေရာကနေ မထွက်သွားမချင်း ကျွန်မတို့ ရေကန်ပေါ် မတက်ဘူး.. ရပ်ကြည့်မနေနဲ့” လို့ လှမ်းပြောပါတယ်.. ဒီတော့ လယ်ပိုင်ရှင်ကြီးက “မင်းတို့ကို စောင့်ကြည့်နေတာ မဟုတ်ပါဘူးကွယ်.. ကျုပ်က ဒီကန်ထဲမှာ မွေးထားတဲ့ မိကျောင်းတွေကို အစာကျွေးနေတာပါ” လို့ ပြောလိုက်ပါတော့တယ်..





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



အမွေတစ်ဝက်


~~~~~~~~~~~~~~~~




တစ်ခါက ညီအစ်ကို ၂ယောက်ဟာ စီးပွားရေးတစ်ခု စပ်တူလုပ်ကြပါတယ်.. ၂ယောက်လုံးဟာ ဥာဏ်ရည်ထက်မြက်ကြသူများ ဖြစ်ကြတော့ စီးပွားရေးလုပ်ငန်းလဲ ပိုပိုပြီး အောင်မြင်လာပါတယ်.. ဒါပေမဲ့ အစ်ကို ဖြစ်တဲ့သူဟာ ကင်ဆာရောဂါနဲ့ မကြာခင်မှာ သေရတော့မယ်မှန်းသိတော့ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ညီဖြစ်သူကို မပေးခဲ့ချင်တာနဲ့ သူ့ညီကို ခေါ်ပြီး “ ငါသေရင် မင်းနဲ့ငါ လုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းက ငါရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ငါနဲ့အတူတူ ငါ့ကိုမြုပ်နှံမဲ့ အုတ်ဂူထဲထည့်ပေးပါ”  လို့ ကတိတောင်းပါတယ်.. ညီဖြစ်သူကလဲ “စိတ်ချပါ အစ်ကို … အစ်ကို့ဆန္ဒအတိုင်း ဖြစ်မြောက်အောင် လုပ်ပေးပါမယ်” လို့ ကတိပေးလိုက်ပါတယ်.. အစ်ကိုဖြစ်သူ ဆုံးသွားတော့ ညီက သူ့အစ်ကိုရဲ့ ပိုင်ဆိုင်မှုတန်ဖိုးအတိုင်း  ချက်လက်မှတ်တစ်စောင်ရေးပြီး အုတ်ဂူထဲကို ထည့်ပေးလိုက်ပါတယ်။


(တော်တော်ကတိတည်တဲ့ ညီ) :)




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ယောက်ျားဦးနှောက် ဘာကြောင့် ဈေးပိုကောင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ဆွေမျိုးတစ်စုဟာ သူတို့ရဲ့ သွေးနီးတဲ့အမျိုးတစ်ယောက် အပြင်းအထန် နာမကျန်းဖြစ်တာမို့ အရေးပေါ် ဆေးရုံတင်လိုက်ပြီး အခြေအနေကို သိလိုစိတ်ကြောင့် စိတ်လှုပ်ရှား ပူပင်စွာနဲ့ ဧည့်ခန်းမှာ စောင့်ဆိုင်းနေကြပါတယ်.. လူနာကို စမ်းသပ်စစ်ဆေးပြီး အခန်းပြင်ကို ထွက်လာတဲ့ ဆရာဝန်ဟာ သူတို့ကို စိတ်မကောင်းတဲ့ မျက်နှာနဲ့  “ကျွန်တော့မှာ ခင်ဗျားတို့အတွက် သတင်းဆိုးတစ်ခု ရှိပါတယ်… လူနာက အတော်ကို အခြေအနေဆိုးနေပါတယ်.. သူ့အတွက် နောက်ဆုံးမျှော်လင့်ချက်က ဦးနှောက်အစားထိုးကုသဖို့ဘဲ ရှိတော့တယ်… ဒီတော့ ခင်ဗျားတို့က လူနာရဲ့ ဦးနှောက်အစားထိုးဖို့အတွက် ကုန်ကျစရိတ်ကို ပေးချေရလိမ့်မယ်..”  လို့ ပြောလိုက်ပါတယ်.. ဆွေးမျိုးတစ်စုဟာ ရုတ်တရက် ငြိမ်ကျသွားပါတယ်.. ခနအကြာမှာတော့ တစ်စုံတစ်ယောက်က ဆရာဝန်ကို ပြန်မေးလိုက်ပါတယ်..




“ ဦးနှောက်အစားထိုးဖို့ ဘယ်လောက်ကုန်ကျပါမလဲ ဒေါက်တာ”




“ခင်ဗျားတို့လူနာအတွက် ယောက်ျားဦးနှောက်ကို အစားထိုးမယ်ဆိုရင် ဒေါ်လာ ၅၀၀၀ ကုန်ကျပါလိမ့်မယ်..  အဲ.. မိန်းမဦးနှောက်ကို အစားထိုးမယ်ဆိုရင်တော့ ဒေါ်လာ ၂၀၀ ဘဲ ကျပါလိမ့်မယ်..” လို့ ဆရာဝန်က ပြန်ဖြေပါတယ်.။




ဆရာဝန်စကားကို ကြားတဲ့အခါ ဆွေမျိုးစုထဲမှာ ရှိနေတဲ့ အမျိုးသမီးအုပ်စုက မကျေမနပ်ဖြစ်သွားကြပြီး ယောက်ျားတစ်သိုက်ကတော့ မပြုံးမိအောင် ထိန်းလိုက်ကြကာ မိန်းမအုပ်စုတွေနဲ့ မျက်လုံးချင်း မဆုံမိအောင် ကြိုးစားလိုက်ရပါသတဲ့..  သေချာတာကတော့ ယောက်ျားတွေက သူတို့ဦးနှောက်ဟာ မိန်းမတွေဦးနှောက်ထက် ဈေးပိုကြီးနေတဲ့ အတွက် ဂုဏ်ယူကျေနပ်တဲ့ စိတ်ကလေးတွေ ဖြစ်သွားကြတာပါဘဲ…  အုပ်စုထဲက အမျိုးသားတစ်ယောက်က သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ လူတိုင်းသိချင်နေတဲ့ မေးခွန်းကို ဆရာဝန်အား မေးလိုက်ပါတော့တယ်  “ ယောက်ျားဦးနှောက်က ဘာကြောင့် ဈေးပိုကြီးနေရတာလဲ ဒေါက်တာ ”




ဆရာဝန်က ဘာမှ မသိတဲ့ အပြုံးကလေးနဲ့ ပြန်ဖြေလိုက်တာက “ဒါကတော့ ဦးနှောက်ကို သုံးပြီးသားလား မသုံးသေးဘူးလား ဆိုတာနဲ့ တိုင်းတာစစ်ဆေးပြီး ဈေးသတ်မှတ်ထားတာပါ။ မိန်းမတွေရဲ့ ဦးနှောက်က အသုံးပြုပြီးသား ဖြစ်လို့ ဈေးသက်သာတာပါ.. ယောက်ျားတွေရဲ့ ဦးနှောက်ကတော့ အသစ်အတိုင်းဘဲ ရှိသေးတာမို့ ဈေးများနေတာပါ”  လို့ပြန်ဖြေလိုက်ပါတယ်.. :)   :)





( မူရင်းအတိုင်း ဘာသာပြန်ထားတာနော်) :)



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ရုပ်ဆိုးတဲ့ ကလေး


~~~~~~~~~~~~~~~~~~~~~




အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကလေးလေးကို ပွေ့ပြီး ဘတ်စ်ကားပေါ်တက်အလာမှာ ကားပေါ်အရောက်မှာတော့ ဘတ်စ်ကားမောင်းသူက ကလေးရဲ့ မျက်နှာကိုလည်း တွေ့လိုက်ရော “အိုး… ကလေးရုပ်ကလည်း ဆိုးလိုက်တာ” လို့ အသံထွက်ပြီး ပြောလိုက်မိပါတယ်..


သူ့ကလေးကို ရုပ်ဆိုးတယ် အပြောခံလိုက်ရတဲ့အတွက် အမျိုးသမီးဟာ အတော်လေးစိတ်ဆိုးသွားပါတယ်.. စိတ်တိုတိုနဲ့ ကားထဲကိုဆက်လျှောက်လာပြီး အဖိုးကြီးတစ်ဦးရဲ့ ဘေးနားက နေရာလွတ်မှာ ၀င်ထိုင်လိုက်တော့ သူမရဲ့ စိတ်တိုနေတဲ့ အမူအရာကိုကြည့်ပြီး အဖိုးကြီးက“ခင်ဗျား ဘာကြောင့် စိတ်တိုနေတာလဲ.. ဘယ်သူက ဘာလုပ်လိုက်လို့လဲ” လို့ မေးလိုက်ပါတယ်။




“ကားမောင်းတဲ့သူက ကျွန်မကို စော်ကားတဲ့စကား ပြောတယ်လေ”  လို့ အဲဒီမိန်းမက ပြန်ပြောလိုက်တော့


အဖိုးအိုက “ဟာ ဒီကားသမား အတော်ဆိုးတာဘဲ.. သူတို့လို လူအများနဲ့ ဆက်ဆံရတဲ့သူတွေက ကိုယ့်ရဲ့ ဖောက်သည်တွေကို လေးစားရမယ်ဆိုတာ နားမလည်ဘူးလား.. ဒီလိုလုပ်.. ခင်ဗျား သူရဲ့ ရင်ဘတ်မှာ ကပ်ထားတဲ့ နံမည်ကိုသွားမှတ်ခဲ့.. ပြီးတော့ သူတို့ရုံးချုပ်ကို တိုင်လိုက်”  လို့အကြံပေးပါတယ်။




“ဟုတ်တယ်.. တိုင်ရမယ် ” လို့ မိန်းမက ပြောလိုက်တော့  “ဒါဆို  ခင်ဗျား ထသွားပြီး သူရဲ့ နံမည် သွားမှတ်ခဲ့.. ကျုပ် ခင်ဗျားရဲ့ မျောက်ကလေးကို ထိန်းထားပေးမယ်” လို့ ပြောလိုက်ပါတယ်။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ထီးသူခိုး


~~~~~~~~~~~~~~~




လူတစ်ယောက်ဟာ သူ့ရဲ့ ပျက်နေတဲ့ထီး၇ လက်ကို တစ်ကြိမ်တည်း အပြီး ပြင်ဖို့ ဆိုင်ကို ယူလာပါတယ်.. ဆိုင်ရှင်ကို ညနေရုံးဆင်းချိန်မှာ အားလုံးကို လာယူမှာ ဖြစ်တဲ့အကြောင်းပြောပြီး ထီးကို ထားခဲ့ပါတယ်..  ရုံးကိုသွားဖို့ ဘတ်စ်ကားစီးချိန်မှာ သူ့ဘေးမှာ အမျိုးသမီးတစ်ယောက် လာထိုင်ပါတယ်.. ထီးအမြဲကိုင်နေကျ အဲဒီလူဟာ ကားပေါ်က ဆင်းတဲ့အချိန်မှာ အကျင့်ပါပြီး ထိုင်ခုံဘေးမှာ ချထားတဲ့ အမျိုးသမီးရဲ့ထီးကို ကောက်ကိုင်ပြီး ချိုင်းကြားမှာ ညှပ်လိုက်ပါတယ်.... သူ တစ်လှမ်းနှစ်လှမ်း လျှောက်ပြီးချိန်မှာ အမျိုးသမီးဟာ “ထီးသူခိုး၊ ထီးသူခိုး” ဆိုပြီး လှမ်းအော်ပါတော့တယ်.. ဒီတော့မှ သူများထီးကို ကိုင်လာမိမှန်း သတိဝင်လာတဲ့ အဲဒီလူက မနည်းတောင်းပန်ပြီး အမျိုးသမီးရဲ့ထီးကို ပြန်ထားလိုက်ကာ ရှက်ကိုးရှက်ကန်းနဲ့ ကားပေါ်က ပြေးဆင်းသွားရပါတယ်.။




ညနေစောင်း ရုံးဆင်းချိန်မှာ ထီးပြင်ဆိုင်မှာ ပြင်ထားတဲ့ ထီး ၇လက်ကို ချိုင်းကြားညှပ်ပြီး အိမ်ကိုပြန်လာတော့ မမျှော်လင့်ဘဲ မနက်က ကားပေါ်မှာ အတူတူထိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ လမ်းမှာ ဆုံတွေ့ပါတော့တယ်.. အမျိုးသမီးက ထီး ၇ လက်နဲ့ သူ့ကို စေ့စေ့ကြည့်ပြီး “အော်.. ဒီနေ့အတွက် နေ့တွက်ကိုက်ခဲ့ပြီပေါ့ ” လို့ ပြောလိုက်ပါတော့တယ်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





သားသားတို့အတွက်လဲ ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေ တင်ပေးပါဦး ဆိုသူများ ကျေနပ်မယ် ထင်ပါတယ်.. ရယ်မောရင်း ဘ၀အမောများ ပြေပျောက်ကြပါစေရှင်။






ချော(အစိမ်းရောင်လွင်ပြင်)




A wise farmer, the male brain, Two Brothers, Rude Bus Driver and The Umbrella Thief  တို့ကို ဘာသာပြန် မျှဝေပါသည်။