အမေ့အတွက်လက်ဆောင်



အမေ့ရဲ့ ဘုရားစင်




ကျွန်မရဲ့ အမေအကြောင်းကို ပြောပြရမယ်ဆိုရင် အမေဟာ ဘာသာတရားကို အလွန်ကိုင်ရှိုင်းသူတစ်ဦးပါ။ အလှူအတန်းကို မွေ့လျော်သူ၊ ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်သူ ဖြစ်ပါတယ်.. ကျွန်မတို့ဒေသမှာ ၀ါတွင်းကာလ အချိန်တွေရောက်တိုင်း  လပြည့်လကွယ်လို အခါရက်များမှာ မနက်စောစော ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ တစ်ရွာလုံးက  ဆွမ်းကပ်လှူတဲ့ အလေ့ရှိပါတယ်.. မြတ်စွာဘုရား ရုပ်ပွားတော်ရှေ့မှာ စားပွဲကြီးငယ်များစွာ  ချထားပြီး အဲဒီစားပွဲပေါ်မှာမှ တစ်ရွာလုံးက လှူတန်းထားတဲ့ ဆွမ်းနဲ့ အသီးအနှံမျိုးစုံကို ခင်းကျင်းထားပါတယ်..  ဒီလို မနက်ခင်းမျိုးတွေမှာ အမေက မုန့်မျိုးစုံနဲ့ ဆွမ်းအမည်ပေါင်း ၄၀၊ ၅၀အထိ စီစဉ်ပြီး လင်ဗန်းတို့လို ဗန်းကြီး ဗန်းငယ်များနဲ့ အိမ်ရှိလူကုန်က သယ်ယူကာ ဆွမ်းကပ်လေ့ ရှိပါတယ်.. မနက် ၄နာရီတိတိမှာ ရွာထဲက ဆွမ်းတော်ကပ်မဲ့လူတွေ ဆွမ်းတော်ဗန်းတွေနဲ့ လူစုံရောက်လာပြီး ဆွမ်းပွဲတွေလည်း စုံပြီဆိုရင် မြတ်စွာဘုရားရှင်ကို ရည်မှန်းလို့ ဆွမ်းလှူဒါန်းဆက်ကပ်ပြီး ငါးပါးသီလ ခံယူကြပါတယ်… ဆွမ်းတော်ကပ်ပြီးလို့ အမျှအတန်းဝေကာ ကြေးစည် ထုလိုက်တာနဲ့ တင်ထားတဲ့ဆွမ်းတော်ပွဲတွေ၊ အသီးအနှံတွေကို ရွာထဲမှာ ရှိတဲ့ ကလေးတွေက အလုအယက် စွန့်ကြဲကြပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်တတ်ကြပါတယ်.. ကျွန်မလဲ ငယ်ငယ်တုန်းက အဲဒီကလေးအုပ်စုထဲ ကောင်းကောင်းကြီး ပါခဲ့ဖူးတာပေါ့နော်. :)




အမေရဲ့ ဘုရားစင်ဟာ ဘယ်တော့မှ ပန်းမညိုးသလို၊ ဆွမ်းတော်မတင်တဲ့ ရက်ရယ်လို့ မရှိခဲ့ပါဘူး... အမေနေ့စဉ် ဆွမ်းတော်တင်ပုံက သက်ရှိဘုရားရှင်ကို ဆွမ်းကပ်လှူသကဲ့သို့ ထမင်းစားပန်ကန်နဲ့ ဆွမ်းကိုအပြည့်ခူးပြီး ဟင်းမျိုးစုံနဲ့ ဖွယ်ဖွယ်ရာရာ ကပ်လှူတတ်ပါတယ်.. ညအချိန်တွေမှာလည်း  ငယ်စဉ်ကဆိုရင် အမေရဲ့ ဘုရားရှိခိုးသံကို နားထောင်ပြီး အိပ်ပျော်သွားတတ်ခဲ့ပါတယ်.. အမေဟာ ဘုရားစာအမျိုးမျိုးကိုလည်း နားထောင်ချင်စရာ အသံနေအသံထားနဲ့ ဆိုတတ်တာမို့ နားထောင်ကောင်းလှတဲ့ အမေရဲ့ ဘုရားရှိခိုးသံကို နားထောင်ရင်း ကျွန်မတို့မောင်နှမတတွေလဲ ဘေးကနေထိုင်လို့ လိုက်ဆိုတတ်လာပြီး ဘုရားရှိခိုး တော်တော်များများကိုလည်း နားဝင် ယဉ်ပါးခဲ့ရပါတယ်.. အခုအသက်ကြီးလာတော့လည်း ကျွန်မအမေဟာ ဘုရားတရားအလုပ်ကိုသာ ဇောက်ချပြီး တရားအားထုတ်နေတတ်ပြီး ကျွန်မတို့ မောင်နှမတွေကိုလည်း အလုပ်ပိတ်ရက် သင်္ကြန်တို့လို အခါရက်မျိုးမှာ ရိပ်သာ၊ တရားစခန်းဝင်ဖို့လဲ တိုက်တွန်းတတ်ပါတယ်.. ရန်ကုန်မှာနေတုန်း အမေရဲ့ တိုက်တွန်းမှုကြောင့် သင်္ကြန်ပိတ်ရက်မှာ မဟာစည်ရိပ်သာကို ၀င်ဖြစ်ခဲ့ပါတယ်.. အဲဒီအချိန်တွေဟာ ဘာနဲ့မှ အစားထိုးလို့ မရတဲ့ စိတ်ချမ်းမြေ့ဖွယ် အချိန်တွေ ဖြစ်ခဲ့ပါတယ်..  ဒါကိုလည်း အမေရဲ့ တိုက်တွန်းချက်၊ အမေစိတ်ချမ်းသာစေလိုစိတ်နဲ့ လုပ်ဖြစ်ခဲ့ပေမဲ့ အေးချမ်းမှုနဲ့အတူ စိတ်ထားတတ်ဖို့ နည်းလမ်းများ ရခဲ့တဲ့အတွက် ကျွန်မအမေကို ကျေးဇူးတင်ရမှာပါ.. အမေကြောင့် ကျွန်မတို့မောင်နှမဟာ ဘာသာတရားကို ကိုင်းရှိုင်းတတ်သူများ ဖြစ်ခဲ့ကြရပါတယ်။





ဘုရားရှင်ကို ကပ်လှူတဲ့ အမေ့ရဲ့ နေ့စဉ်ဆွမ်းတော်ပွဲ



ကျွန်မတို့ ငယ်စဉ်၂တန်း ၃တန်းလောက်မှာ အမေက ခါးတိုအင်္ကျီလေးနဲ့ ကလေးအရွယ်ဝတ် ထမီလေးတွေ စပြီး ချုပ်ပေးခဲ့ပါတယ်.. သာမန်နေ့ရက်တွေထက် ကျောင်းဆုပေးပွဲတို့လို၊ အခါကြီးရက်ကြီး ဘုရားသွား ကျောင်းတက်ရတဲ့ ရက်တွေဆို အမေချုပ်ပေးတဲ့ မြန်မာ ခါးတိုအင်္ကျီလေးနဲ့ ထမီလေးကို မ၀တ်တတ် ၀တ်တတ် ၀တ်ဆင်ခဲ့ရတာ ပြန်တွေးတိုင်း ပြုံးမိရသေးတယ်.  ကျွန်မတို့ အမေကိုယ်တိုင်ကလည်း သူဝတ်သမျှအင်္ကျီလေးတွေအားလုံးဟာ ရင်ဖုံး၊ ရင်စေ့တို့လို မြန်မာဆန်တဲ့ ခါးတိုအင်္ကျီ လေးတွေသာ ဖြစ်ခဲ့ပါတယ်.. နည်းနည်းလေး သိတတ်လာတဲ့ အချိန်တွေမှာ အမေ့ရဲ့ အ၀တ်ဘီရိုလေးကိုဖွင့်ပြီး အရောင်အသွေးစုံ ချုပ်ထားတဲ့ သပ်ရပ်လှပနေတဲ့ အမေ့ရဲ့ မြန်မာ ၀တ်စုံလေးတွေကို ကြည့်ပြီး အားကျငေးမောခဲ့ရတာ ခုချိန်ထိ မှတ်မိနေခဲ့ပါသေးတယ်.. ကလေးအရွယ်မို့ လူကြီးတွေလောက် အ၀တ်များများ မရှိတာကို အားငယ်စိတ်ကလေးနဲ့ အမေရဲ့ အ၀တ်တွေကို သွားရေကျခဲ့မိပါတယ်.. အရွယ်နည်းနည်းရလာလို့ ကိုယ်တိုင်အ၀တ်အစား ၀တ်ဆင်တတ်လာချိန်ထိလဲ အမေက မြန်မာဝတ်စုံလေးတွေသာ ချုပ်ဖို့ တိုက်တွန်းတတ်ခဲ့ပါတယ်.. ကျွန်မ တက္ကသိုလ်ရောက်တဲ့အချိန်အထိ ခါးတိုအင်္ကျီလေးတွေနဲ့ အချိတ်ဆန်ဆန် ထမီလေးတွေဘဲ အမြဲဝတ်ဖြစ်ခဲ့ပါတယ်.. ဒီအ၀တ်တွေကို အမေက ငယ်စဉ်ကတည်းက အကျင့်လုပ်ပေးခဲ့လို့ စွဲစွဲမက်မက် ၀တ်တတ်လာတာ ဖြစ်သလို ကျွန်မကိုယ်တိုင်လည်း နှစ်ခြိုက်မိတာမို့ ၀တ်ဆင်ဖြစ်ခဲ့တာပါ။ ကျောင်းတွေပြီးသွားလို့ လုပ်ငန်းခွင်ဝင်ရောက်တော့မှသာ ကိုယ်ရောက်ရှိရာနေရာဒေသ၊ ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ သတ်မှတ်ဝတ်စုံတွေ ရှိလာတာကြောင့် အခြားခေတ်ပေါ်ဒီဇိုင်းတွေ၊ ရုံးယူနီဖောင်းတွေ ပြောင်းလဲ ၀တ်ဆင်ခဲ့ရပေမဲ့ ခုချိန်ထိလဲ မြန်မာဝတ်စုံကို နှစ်သက်နေတုန်းပါဘဲ.. မြန်မာဝတ်စုံနဲ့ သင့်လျှော်တဲ့ပွဲတွေမှာ ၀တ်ဆင်နေတုန်းပါဘဲ… ဒါက ကျွန်မအမေကြောင့် မြန်မာဝတ်စုံတွေကို နှစ်သက်မိခဲ့ရတဲ့ အကြောင်းရင်းတစ်ခုပါ။



အမေဟာ စာရေး၊ စာဖတ် အလွန်ဝါသနာပါပါတယ်.. ကျွန်မတို့ရဲ့ မွေးဇာတိဒေသဟာ မြို့ပြနဲ့ အလှမ်းဝေးလွန်းပေမဲ့ အိမ်မှာစာအုပ်တွေ တော်တော်များများ ရှိပါတယ်.. မဂ္ဂဇင်းတစ်ချို့မှာ ပါလာတတ်တဲ့ အမေရဲ့ လက်ရာ ကဗျာ၊ ဆောင်းပါး စတာတွေကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရပါတယ်.. သူကိုယ်တိုင်လည်း စာဖတ်ဝါသနာပါသလို ကျွန်မတို့ကိုလည်း ငယ်စဉ်ကတည်းက စာဖတ်တဲ့ အကျင့်ကို ပျိုးထောင် ပေးခဲ့ပါတယ်.. ကျွန်မကို ၃တန်း ၄တန်းလောက် အရွယ်မှာတင် မဂ္ဂဇင်း စာအုပ်မျိုးတွေ၊ ဗုဒ္ဓဝင်တွေကို ဖတ်ခိုင်းနေပါပြီ။ ဒီအရွယ်နဲ့ ဒီလိုစာတွေ ဖတ်နိုင်တယ်ဆိုပြီး အခြားသူတွေက ချီးကျူးကြရင်လည်း အမေက ၀မ်းသာဂုဏ်ယူတဲ့ အပြုံးလေးနဲ့ ပြုံးနေတတ်ခဲ့ပါတယ်။ ကျွန်မကလည်း စာအုပ်ဆိုရင် ဘာစာအုပ်မှ မရွေးဘဲ အကုန်ဖတ်တဲ့သူ ဖြစ်ပါတယ်.. ငယ်စဉ်က စပြီး ခုချိန်ထိ ဖတ်ခဲ့တဲ့ စာအုပ်အမျိုးအစားပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒီလို စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးခဲ့တဲ့ ကျွန်မအမေကို ကျေးဇူး များစွာ တင်မိပါတယ်.. ခုလို စာတွေ ရေးလာနိုင်တာဟာ အမေ အစပျိုးပေးလိုက်တဲ့ အမေ့ဆီက ဆက်ခံရရှိတဲ့ ၀ါသနာတွေကြောင့်ဘဲ ဖြစ်ပါတယ်.. စာပေကိုလဲ ၀ါသနာပါတဲ့ကျွန်မကို မြို့မှာ ကျောင်းတက်စေလိုတဲ့စိတ်နဲ့  ကျွန်မအမေက ကျွန်မအသက် ၁၁နှစ်အရွယ်မှာ အိမ်နဲ့ခွဲခွာပြီး တစ်မြို့တစ်နယ်က အဖွားအိမ်မှာ ကျောင်းတက်ဖို့ ပို့ထားခြင်း ခံရပါတယ်.. အဲဒီချိန်ကတည်းက အိမ်နဲ့ ခွဲခွာပြီး နေခဲ့ရတာ ခုချိန်ထိလဲ အိမ်နဲ့ ခွဲခွာနေရတုန်းပါဘဲ။



ကျွန်မနဲ့အမေနဲ့က ၀ါသနာ တော်တော်များများ တူပါတယ်.. ကျွန်မတို့အမေက အချက်အပြုတ် အလွန်ဝါသနာပါပါတယ်.. ကျွန်မတို့အိမ်မှာ ကျွန်မတို့ ငယ်ငယ်ကလေး ကတည်းက အမေကမုန့်မျိုးစုံလုပ်ပြီး အိမ်ဘေးပတ်ဝန်းကျင်ကို ဝေတတ်သလို၊ မြန်မာ့ရိုးရာ အခါကြီးရက်ကြီးတွေမှာလည်း ဧည့်သည်တွေဖိတ်ပြီး ကျွေးမွေးတတ်ပါတယ်.. ဥပုသ်ရက်တွေမှာ သူကိုယ်တိုင် ဥပုသ်မစောင့်ဖြစ်ခဲ့ရင် အသက်ကြီးရွယ်ကြီး ဥပုသ်သည်များကို ဖိတ်ခေါ်ပြီး ဖွယ်ဖွယ်ရာရာချက်ပြုတ်လို့ အိမ်မှာ ဆွမ်းကျွေးတတ်ပါတယ်.. အချက်အပြုတ် ၀ါသနာပါသူမို့ အမေဘာချက်ချက် စားကောင်းနေတတ်ပြီး ကျွန်မကိုယ်တိုင်လည်း အမေ့လိုဘဲ အချက်အပြုတ်ကို ၀ါသနာပါတတ်ခဲ့ပါတယ်.. အထူးအဆန်း စားသောက်ဖွယ်ရာတွေဆို အမေနဲ့ နှစ်ဦးသား တက်ညီလက်ညီ စိတ်ဝင်တစား လုပ်စားဖြစ်ခဲ့ပါတယ်.. အိမ်ကိုပြန်ချိန်တွေမှာ အမေ့က ကျွန်မကို စားဖိုမှူးတာဝန်ကို ယုံကြည်စိတ်ချစွာ ပေးတတ်ပါတယ်.. ကျွန်မတို့ မောင်နှမ ၆ယောက်မှာ ကျွန်မနဲ့ ညီမအငယ်တစ်ယောက်သာ အချက်အပြုတ်ကို အမေ့လို ၀ါသနာပါလာပြီး အစားအသောက် အသစ်အဆန်း တီထွင်ဖန်တီးရတာကို စိတ်ဝင်စားကြပါတယ်..  စာရေးချင်၊ စာဖတ်ချင်စိတ်ကတော့  အမေလို ကျွန်မတစ်ယောက်သာ ၀ါသနာပါလာပါတယ်.. နောက်ထပ် ကျွန်မအမေနဲ့ ကျွန်မနဲ့ တူတဲ့အချက်တွေက ပန်းတွေ အပင်တွေ စိုက်ပျိုးတာဖြစ်ပြီး အမေ့ဆီမှာလည်း ပန်းအမျိုးပေါင်းစုံ အိုးတွေများစွာနဲ့ ရှိသလို ခြံထဲမှာလည်း ပုန်းညက်လိုအပင်မျိုးမှစပြီး ကင်မွန်းချဉ်၊ ဆူးပုတ် ၊ နံနံ စတဲ့ စားပင်သောက်ပင်တွေထိ စုံနေအောင် စိုက်ထားတတ်ပါတယ်..



အမေက ပန်းတွေကို စိုက်ပျိုးတာ ၀ါသနာပါသလို ပန်းအလှထိုးတာကိုလည်း ၀ါသနာပါပါတယ်.. ဒီနေရာမှာလည်း ကျွန်မနဲ့ တူပြန်ပါတယ်.. ပန်းလေးတွေကို လှလှပပ ပြုပြင်ပြီး ပန်းအိုးတွေနဲ့ အလှထိုးတာ၊ အခမ်းအနားတွေမှာ အလှဆင်တာတွေကို ၀ါသနာပါပါတယ်.. ပြီးတော့ ကျွန်မတို့အမေက အလွန်အသန့်အပြန့်ကြိုက်ပါတယ်.. အိမ်ထောင်မှုထိမ်းသိမ်းတာ အရမ်းနိုင်နင်းပြီး သန့်သန့်ရှင်းရှင်း နေတတ်ပါတယ်.. အိမ်မှာ စလယ်ဝင်အိုး အရွယ်မှ စပြီး အလှူပွဲတွေမှာ ချက်ပြုတ်ကျွေးမွေးနိုင်တဲ့ အိုးအထိ အရွယ်စုံရှိပြီး အားလုံးဟာ မှန်ကြည့်လို့ရအောင် တောက်ပ ပြောင်လက်နေတတ်ပါတယ်.. ပန်းကန်၊ ခွက်ယောက်ဆိုရင်လည်း လူတစ်ရာနှစ်ရာ ကျွေးမွေးနိုင်တဲ့အထိ ပြည့်စုံလုံလောက်အောင် အမေက စုစုဆောင်းဆောင်း သိမ်းဆည်းထားတတ်ပါတယ်.. ကျွန်မတစ်သက် အမေ့ကို နေ့လည်နေ့ခင်း အိပ်တယ်ဆိုတာ မတွေ့ဖူးခဲ့လောက်အောင် အမေဟာ အလုပ်နဲ့လက် ပြတ်တယ်မရှိ အလုပ်လုပ်တတ်ပြီး အမေ ရှိနေရင် အိမ်တစ်ခုလုံး ပြောင်လက် သန့်ရှင်းနေတတ်ပါတယ်.. အမေဟာ တကယ့်ကို အိမ်ရှင်မကောင်း ပီသသူတစ်ဦးဖြစ်ပါတယ်.. ဒီနေရာမှာတော့ ကျွန်မကို အမေနဲ့တူလိမ့်မယ်လို့ ထင်ခဲ့ရင်တော့ မှားပါလိမ့်မယ်..  ကျွန်မဟာ အမေ့ခြေရာကို နည်းနည်းမှ မမှီတာဝန်ခံပါတယ်.. အမေလောက်လည်း အလုပ်ကို လက်နဲ့မပြတ် မလုပ်နိုင်သလို၊ ၀ိရိယလည်း အမေ့လောက်မကောင်းပါဘူး… အိမ်မှုကိစ္စတွေကိုလည်း အမေ့လောက် မလုပ်နိုင်တာ၊ မနိုင်နင်းတာ သေချာပါတယ်..



တနင်္ဂနွေသမီး အမေဟာ စိတ်ဆတ်သလို ကျွန်မကလည်း ဒေါသကြီးတဲ့သူ၊ မဟုတ်မခံတတ်တဲ့သူမို့ ငယ်ရွယ်နုနယ်စဉ်အချိန်တုန်းကတော့ အမေနဲ့ စကားများ ကတောက်ကဆဖြစ်တာတွေ မကြာခန ဖြစ်ခဲ့ဖူးပါတယ်.. ဒါပေမဲ့ ခုလိုအသက်အရွယ်အရ သိတတ်လာတဲ့အချိန်မှာတော့ ကျွန်မ မိဘတွေကို စိတ်မချမ်းသာအောင်၊ စိတ်မကြည်မလင်မဖြစ်အောင် လုပ်တဲ့အမူအကျင့်မျိုး ကြိုးစားပြီး ဖျောက်ဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်.. ခုချိန်မှာ အသက်ကြီးနေပြီဖြစ်တဲ့ ကျွန်မ အဖေအမေကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားဖို့သာ ဆုံးဖြတ်ထားမိပါတယ်..  အဝေးကနေ အိမ်အတွက် လူကြုံရှိတိုင်း စားသောက်ဖွယ်ရာတွေ၊ ကိုယ်တတ်နိုင်တာတွေ တစ်ခုမဟုတ်တစ်ခု အမြဲတမ်း ပို့ပေးတတ်တဲ ကျွန်မကို တစ်ခါတော့ အမေက “သမီးလဲ ကိုယ့်နောင်ရေးရှိသေးတယ် အမေတို့ကို ဒီလောက်မ၀ယ်ပေးနဲ့ .. အမေတို့အတွက်က ဘာမှ မလိုအပ်ဘူး.. သမီးသာ ကိုယ့်အတွက်ကိုယ်စု၊ ပိုက်ဆံ စုပြီးရင် ကိုယ်ပိုင်စီးပွားရေးလေး လုပ်ဖို့ စိတ်ကူးဦး ” လို့ ပြောတတ်ပါတယ်.. ဒီလိုပြောလာတဲ့ အမေကို ကျွန်မပြန်ပြောဖြစ်ခဲ့တာက “ဒီလိုဆိုရင် သမီးအခု ရတဲ့ပိုက်ဆံတွေကို အမေတို့ကို ဘာမှမ၀ယ်ပေး၊ မပို့ပေးဘဲ စုထားပြီး ပိုက်ဆံတွေ အများကြီး ဖြစ်လာတော့  စီးပွားရေးလုပ်ပြီး အောင်မြင်ချိန်မှာ အမေတို့မရှိတော့ဘူး ဆိုခဲ့ရင် ဘယ်လိုလုပ်ရမလဲ…  အမေတို့ ရှိနေစဉ်မှာ မကျွေးမမွေးလိုက်ရတဲ့ အတွက် ဒီပိုက်ဆံတွေကိုင်ပြီး နောင်တ မရချင်ဘူး။  အဲဒီအချိန်မှတော့ ပိုက်ဆံချမ်းသာနေတော့ရော ကိုယ့်မိဘကိုယ်မှ ကျေးဇူးမဆပ်လိုက်ရ၊ ကျွေးမွေးပြုစုတာမျိုး မလုပ်လိုက်ရရင် စိတ်ချမ်းသာဦးမှာလား.. သမီး အဲဒီလိုမျိုး မကြုံချင်ဘူး.. နောင်တလဲမရချင်ဘူး.. ဒါကြောင့် ပိုက်ဆံ မစုနိုင်ချင်နေ.. အခုအချိန်မှာ အမေတို့ အသက်ရှင်နေတုန်းမှာ တတ်နိုင်သလောက်တော့ တာဝန်ကျေချင်တယ်.. ကျွေးမွေး ပြုစုသွားချင်တယ်..”  လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်.. တကယ်လဲ ကျွန်မကိုယ်တိုင် အဖေအမေကို အသက်ရှင်ချိန်မှာ အနီးအနားမှာ မနေနိုင်ဦးတော့တောင် အဝေးကနေ ကျွေးမွေးပြုစုခွင့်တော့ ရလိုက်ချင်ပါတယ် .. မိဘတွေ မရှိတော့မှ မကျွေးမမွေးလိုက်ရတဲ့ နောင်တမျိုး တကယ်ကို မဖြစ်ချင်ပါဘူး။ ဒါကြောင့် ဒီနေရာမှာတော့ ပိုက်ဆံစုပါ၊ အိမ်အတွက် ဘာမှ မပို့ပါနဲ့ဆိုတဲ့ အမေ့စကားကို ကျွန်မ နားမထောင်ဖြစ်ခဲ့ပါဘူး။



ဒီနေ့ဟာ ကျွန်မအမေရဲ့ ၆၆နှစ်ပြည့် မွေးနေ့မွေးရက် တိုက်ဆိုင်တဲ့ ရက်ဖြစ်ပါတယ်.. ဒါကြောင့် အမှတ်တရအဖြစ် ကျွန်အမေအကြောင်းလေးကို ဒီစာလေးနဲ့ ပိုစ့်တစ်ပုဒ် ဖန်တီးဖြစ်သလို အမေအတွက်လည်း မွေးနေ့မှာ မှတ်မှတ်ရရ ဖြစ်စေချင်တဲ့အတွက်ရော၊ မွေးနေ့ဆုတောင်းလည်း ပေးချင်တာကြောင့်ပါ ဘလော့ဂ်စာမျက်နှာပေါ် တင်ဖြစ်ပါတယ်.. အမေအကြောင်းရေးဖို့ဆိုရင် ဒီလောက်နဲ့ ပြည့်စုံမှာမဟုတ်ပါဘူး.. ဒါပေမဲ့ ဘာဘဲပြောပြော ဒီစာလေးက အမေအတွက် သမီးဖြစ်သူရဲ့ မွေးနေ့လက်ဆောင်လို့ မှတ်ယူလို့ ရပါတယ်.. ညက အမေ့ဆီဖုန်းဆက်တော့ သံဃာတွေကို သင်္ကန်းနဲ့ ၀တ္ထုငွေများ ကပ်လှူပြီး အာရုဏ်နဲ့ နေ့ဆွမ်းကျွေးဖို့၊ ယောဂီတွေနဲ့ အခြားဧည့်သည်များကိုလည်း ထမင်းကျွေးဖို့ စီစဉ်ပြင်ဆင်နေတယ် လို့ ပြောပါတယ်.. အလှူအတန်းအတွက် တက်ကြွပျော်ရွှင်နေတဲ့ အမေရဲ့လေသံကို နားထောင်ပြီး ကျွန်မကိုယ်တိုင်လည်း ပျော်ရွှင်ကြည်နူးမိပါတယ်.. အမေဟာ အလှူအတန်းလုပ်ရမယ်ဆိုရင် ဘယ်တော့မှ မောပန်းတယ်ဆိုတာမရှိဘဲ သူကိုယ်တိုင် စီစဉ်ချက်ပြုတ်ပြီး သူ့ခြေသူ့လက် လုပ်တတ်သူပါ။ အမေလှူချင်တာ လှူနိုင်ဖို့လဲ ကျွန်မတို့မောင်နှမတစ်တွေ အမေ့မွေးနေ့ မတိုင်ခင်ကတည်းက အမေ့အလှူအတွက် ကိုယ်စီကိုယ်ငှ တတ်နိုင်သလောက် ကုသိုလ်ပါဝင်ခဲ့ကြပါတယ်..  အမေ့မွေးနေ့မှာ ဆုတောင်းမိတာက အမေ ကျန်းမာချမ်းသာပြီး တရားဘာဝနာအလုပ်ကို ခုထက်ပိုပြီး ကြိုးပမ်း လုပ်ဆောင်နိုင်ပါစေ.. သာသနာ့တာဝန် ကျေပြွန်တဲ့သူ တစ်ယောက်ဖြစ်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကို အားထုတ်နိုင်ပါစေ။ သက်ရှည်ကျန်းမာကာ အလှူရေစက် လက်နဲ့မကွာ လှူတန်းနိုင်ပြီးတော့ ကျွန်မသည်လည်း အမေရဲ့ ပါရမီကို ဖြည့်ခွင့်ရသော၊ မိဘကို လုပ်ကျွေးပြုစုခွင့်ရသော သမီးတစ်ယောက် ဖြစ်ရပါလို၏ လို့ ဆုတောင်းမိပါတယ်။


Image Hosted by PicturePush - Photo Sharing