အဝေးက ကြည့်လိုက်ရင် ကျောက်တုံးကြီး ပိနေတယ်လို့ ထင်ရလောက်အောင် ကျောက်ဆောင်ကြီးရဲ့ အောက်မှာ အိမ်တွေ တည်ဆောက်ထားတဲ့ မြို့ကလေးအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ ထူးထူးဆန်းဆန်း စိတ်ဝင်စားသူများ၊ ခရီးသွား ၀ါသနာပါသူများအတွက်တော့ သွားလည် လေ့လာချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေမှာတော့ သေချာပါတယ်။
အဲဒီမြို့ဟာလည်း စပိန်နိုင်ငံ Cadiz Andalusia ပြည်နယ်မှာ ရှိတဲ့ Setenil De Las Bodegas လို့ခေါ်တဲ့ မြို့ကလေးပါ။ ကြီးမားလှတဲ့ ကျောက်ဆောင်ကြီးက ဖိနေတယ်လို့ ထင်ရလောက်အောင် အိမ်တွေကို ကျောက်ဆောင်ကြီးရဲ့ အောက်ခြေ အတွင်းထဲမှာ စိတ်ကူးကောင်းကောင်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. အဲဒီ ကျောက်ဆောင်ကြီး အပေါ်မှာလည်း နောက်ထပ် အိမ်တွေက ရှိနေပြန်ပါတယ်.. အဲဒီအရပ်ဒေသမှာ ငလျှင်များသာ လှုပ်လို့ကတော့ မတွေးရဲစရာပါဘဲ။ အချို့အိမ်များဆိုရင် အမိုးက ကျောက်ဆောင်ဖြစ်နေပြီး အဲဒီအမိုး ကျောက်ဆောင်ပေါ်မှာမှ သံလွင်သီးပင်များကို စိုက်ပျိုးထားတယ်လို့ သိရပါတယ်.. ဒီမြို့လေးဟာ လွန်ခဲ့တဲ့ ၁၂ရာစုလောက်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်.. သို့သော်လည်း အဲဒီဒေသမှာ လူတွေ နေထိုင်ခဲ့တဲ့ အထောက်အထား များစွာကတော့ ဒီထက် အများကြီး စောတယ်လို့ ဖော်ပြနေကြောင်း သိရပါတယ်.. ကျောက်ဂူတွေမှာ တွေ့ရှိရတဲ့ သက်သေ အထောက်အထားများကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ သက်တမ်းရှိ လူသားတို့ရဲ့ လက်ရာအစအနများကို တွေ့ရှိရတဲ့အတွက် ဒီဒေသမှာ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားများ အခြေချ နေထိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်..
မြို့ကလေးမှာရှိတဲ့ အိမ်တွေအားလုံးဟာ အိမ်နံရံတွေကို အဖြူရောင်ဆေးများ သုတ်ထားလေ့ရှိတာကြောင့် တစ်မြို့လုံး ဖြူဖွေးသန့်ရှင်းနေပါတယ်.. ကျောက်ဆောင်တွေရဲ့ အောက်မှာ လူနေအိမ် သက်သက်သာ ရှိတာမဟုတ်ဘဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဘီယာဘားတွေလဲ ရှိနေပါတယ်.. အဲဒီ ဒေသ တောင်ကုန်းတွေ တစ်ဝိုက်က ထွက်တဲ့ အသားနဲ့ပတ်သက်တဲ့ စားသောက်ဖွယ်ရာ၊ ၀က်အူချောင်းတွေဟာ အရည်အသွေးကောင်းပြီး အရသာလဲ ရှိလှတာကြောင့် နံမည်ကျော် ထင်ရှားပါတယ်.. အသားနဲ့ ပြုလုပ်ထားတဲ့မုန့်တွေ၊ အဆာသွပ်မုန့်တွေဟာလည်း အဲဒီမြို့ကလေးရဲ့ စားသောက်ဆိုင်တွေကို နံမည်ကြီး စေတဲ့ အရာတွေဖြစ်ကြောင်း သိရပါတယ်.. စနေတနင်္ဂနွေလို ပိတ်ရက်မျိုးတွေမှာ စားသောက်ဆိုင်တွေ၊ ဘားတွေဟာ လူတွေ ပြည့်ကျပ်နေလောက်အောင် စည်ကားနေတတ်ပါတယ် ။
ကျောက်တုံးအောက်မှာ ပိပိပြား
ဒီလိုလဲ ရှိရဲ့
အဲဒီဒေသတစ်ဝိုက်က လူတွေဟာ မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ကြပါတယ်.. သံလွင်သီး၊ အယ်လ်မန်သီး၊ နဲ့ စပျစ်သီးတို့ကို စိုက်ပျိုးကြပြီး အဲဒီဒေသက ထွက်တဲ့ ၀ိုင်နီကလည်း ဆွေမျိုးမေ့လောက်အောင် ကောင်းမွန် အရသာရှိလှတယ်လို့ ဆိုပါတယ်။ ကျောက်တုံးတွေအောက်က မြို့ကလေးရဲ့ ပတ်လည် အနီးတစ်ဝိုက်မှာလည်း လည်ပတ်စရာနေရာတွေ အများအပြား ရှိနေပါသေးတယ်.. ရှေးခေတ် Morish ရဲတိုက်၊ ရှေးခေတ်ဘုရားရှိခိုးကျောင်း ၊ အေဒီ ၁ရာစု လောက်ကတည်းက ရှိခဲ့ဖူးတဲ့ ရှေးဟောင်းမြို့တော် Acinipo ၊ ရောမခေတ် ခန်းမဆောင် ၊ ကြေးခေတ် လူနေမှုစနစ်ရဲ့ အထောက်အထား သက်သေများ စသဖြင့် စိတ်ဝင်စားစရာ နေရာများစွာ ရှိနေပါတယ်..
မီးသာ ပျက်လို့ကတော့ အတွင်းထဲမှာ မှောင်မဲနေမယ် ထင်တယ်
သတ္တိရှိရှိ နေရဲကြတယ်
တစ်မြို့လုံး အဖြူရောင်နံရံနဲ့ အနီရောင် အမိုးတွေ
ကျောက်တောင်အောက်က စားသောက်ဆိုင်
ကျောက်တုံးတွေအောက်က Setenil မြို့ကလေးကိုရောက်လို့ Torism Center နဲ့ ဆက်သွယ်လိုက်ရင် တည်းခိုရန်နေရာ၊ လည်ပတ်စရာနေရာ၊ ကျောက်တုံးတွေအောက်က အိမ်တစ်ချို့ကို သွားရောက်နိုင်ဖို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ လေ့လာစရာ နေရာတွေကို စီစဉ်ပေးတယ်လို့ သိရပါတယ်.. စပိန်နိုင်ငံရောက်လို့ ကြုံကြိုက်ခဲ့ရင် စိမ်းလန်းနေတဲ့ ဘူတာကို ရောက်အောင်သွားပြီး ကျောက်တုံးအောက်က မြို့လေးကိုလဲ သွားလည်ကြပါဦးလို့.............
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီပိုစ့်လေးဖြစ်မြောက်ဖို့ တကူးတက လင်ခ့်လေး ပေးပို့ပြီး ရေးပါလို့ တိုက်တွန်းသွားတဲ့ မောင်လေး ဇေတာရာနဲ့ ညီမလေး တို့ကို ကျေးဇူးအထူးပါနော်။
အားလုံးကို လေးစားချစ်ခင်စွာဖြင့်
Sources and Photos from : http://thechive.com/2009/05/25/city-built-into-rocks-setenil-de-las-bodegas-spain-26-photos/
http://www.odditycentral.com/pics/setenil-de-las-bodegas-living-under-a-rock.html and google search