စောင်းလျားသီးငပိချက်နှင့် ဒေသအစားအစာများ

စောင်းလျားသီး ငပိချက်

ဒီနေ့တော့ စောင်းလျားသီးမမှည့်တမှည့်လေးတွေကို ငပိချက် ချက်စားဖြစ်ပါတယ်.. စောင်းလျားသီးကို ဟင်းချက်စားကြသူ နည်းပါတယ်.. ဒါပေမဲ့ အညာက လက်ဖက်တွေမှာ ထည့်နှပ်ကြတာတော့ စားဖူးကြမယ်ထင်ပါတယ်.. စောင်းလျားသီးမှည့်ရဲ့ အရသာဟာ ချိုသလိုချဉ်သလို ရှိပြီး ပါးစပ်ထဲမှာ ခပ်မွှေးမွှေးလေး ရှိပါတယ်.. ကျွန်မ ချက်စားဖြစ်တဲ့ ငပိချက်ချက်နည်းလေးကို မျှဝေပါမယ်နော်..



ဒါလေးက ငပိချက်ချက်မဲ့ စောင်းလျားသီးလေးတွေပါ.. ဟင်းချက်လိုက်ရင် ပိုမွှေးအောင်လို့ မမှည့်တမှည့်လေးကို ရွေးလာပါတယ်..




Star Fruit ဆိုတဲ့အတိုင်းပါဘဲ ခုလိုလေးဆို ကြယ်လေးတွေလို လှလို့




ပြီးသွားရင်တော့ ခုလို နှုတ်နှုတ်လေး စင်းလိုက်တယ်လေ.. အစေ့တွေကိုတော့ ဖယ်ထုတ်လိုက်ပါနော်..

ကြက်သွန်ဖြူနီ၊ချင်း တို့ကို အရောင်တင်မှုန့် ဆနွင်းမှုန့်တို့ဖြင့် ဆီသတ် ၊ ခရမ်းချဉ်သီး ၃လုံး၎လုံးကို တောက်တောက်စင်းထားတာကိုထည့် .. ခရမ်းချဉ်သီးတွေ ထည့်ပြီးတာနဲ့ စောင်းလျားသီးတွေကို ထည့်ပြီး ရောသမမွှေလိုက်ပါတယ်..


ရောသမမွှေ

ငပိကွမ်းသီးလုံးလောက် ခန့်မှန့်ပြီးထည့်.. ငပိချက်ဆိုတော့ နည်းနည်းများပစေပေါ့နော်.... ပုဇွန်ခြောက် အလောတော်ကို ထောင်းပြီးထည့်ပါတယ်.... ငံပြာရည်၊ အချိုမှုန့်ထည့်.. ထို့နောက် ရေတွေခမ်းခြောက်ပြီး ဆီပြန်လာတဲ့အထိ မီးဖိုပေါ်ထားပါတယ်.. ကျက်ခါနီးမှ ငရုပ်သီးစိမ်းတွေ အပိုင်းပိုင်းဖြတ်ပြီး ထည့်ပါတယ်.. ပြီးရင် လက်ကလည်း မွှေပေးနေဖို့လိုပါသေးတယ် မဟုတ်ရင်အိုးကပ်သွားမှာ စိုးလို့ပါ.. ရေလုံးဝ ခမ်းပြီး ဆီတွေပြန်လာတော့မှ အရသာမြည်းပြီး အိုးကိုချလိုက်ပါတယ်..


ခံတွင်းပျက်သူတွေအတွက် စောင်းလျားသီး ငပိချက်ပါ..

ကဲ.... ကျက်ပါပြီ.. လျှာရင်းမြက်စေမဲ့ စောင်းလျားသီးငပိချက်ပါ.. အပေါ်က နံနံပင်လေးအုပ်ပေးလိုက်ရင် စားချင်စဖွယ်ဖြစ်ပါပြီ.. စောင်းလျားသီးအမှည့်ဟာ ချဉ်ပြီး ချိုတဲ့အရသာရှိသလို၊ မွှေးတဲ့အနံ့လေးလည်း ရှိပါတယ်.. ဒါကြောင့် စောင်းလျားသီး ငပိချက်ရဲ့အရသာဟာ ချိုချိုမွှေးမွှေးလေးနဲ့ လျှာဖျားမှာ အရသာ သိပ်ကိုကောင်းပါတယ်.. ခံတွင်းပျက်နေသူများ၊ ဘာစားစား စားမ၀င်ဖြစ်နေသူများအတွက် စောင်းလျားသီးဟာ ခံတွင်းမြိန်စေတဲ့ ဆေးတစ်လက်ဖြစ်တယ်လို့ သိရပါတယ်.. ဒါကြောင့်လည်း စောင်းလျားသီး ငပိချက်လေးကို စားရင် လျှာရင်းမြက်ပါလိမ့်မယ်လို့ ကြော်ငြာဝင်လိုက်ပါတယ်နော်..

အတို့အမြုပ် စုံအလင်
စောင်းလျားသီးငပိချက်ကို ခုလို အတို့အမြုပ် အစုံအလင်နဲ့ စားရင် ထမင်း သုံးပန်ကန်တော့ အသားလေး ၀င်သွားမှာ ဖြစ်ပါကြောင်း။  :)  :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝက်သားမုန်ညင်းချဉ်ပေါင်း

နောက်ထပ် မျှဝေမဲ့ ဟင်းတစ်မည်က ၀က်သားမုန်ညင်းချဉ်ပေါင်းပါ.. အဆီအသားအခေါက်ပါ ပါတဲ့ သုံးထပ်သားလို အသားမျိုးကို ရွေးချယ်ပါတယ်.. ပြီးသွားရင် အောက်က အတိုင်း ပါးပါးလေး လှီးပါတယ်..

ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်.

ခနနှပ်ထားမယ်..
ဝက်သားကို ဆား၊ ငံပြာရည်အကြည်၊ ချောက်ကောပါကော၊ ဟင်းချက်ဝိုင် (အရက်အနည်းငယ်) ၊ ကြက်သွန်ဖြူ၊ချင်းအရည်တို့ဖြင့် ရောနယ်ပြီး အချိန်အနည်းငယ် ထားပါတယ်..


မုန်ညင်းချဉ်

ဒါကတော့ မုန်ညင်းချဉ်ပါ.. ဓားနဲ့ ခပ်သေးသေးလှီးထားပြီး ချင်း၊ ကြက်သွန်ဖြူနီ၊ နံနံ ၊ ငရုပ်သီး ၊ ဆီမွှေး(နှမ်းဆီ) အချိုမှုန့်၊ ငံပြာရည်အကြည် တို့ဖြင့် ရောနယ်ထားပါတယ်..
နေရာတကျ..

အစောက ပါးပါးလှီးထားတဲ့ ၀က်သားပြားလေးတွေကို ပန်းကန်လုံးတစ်ခုထဲ ခုလို ဖြန့်ခင်းလိုက်ပါတယ်.. အခေါက်ရှိရာဘက်ကို အောက်ဖက်ကို ထားလိုက်ပါတယ်..
မုန်ညင်းချဉ်လဲထည့်

ပန်းကန်ရဲ့ အလယ်မှာ မုန်ညင်းချဉ်တွေကို ခုလို သိပ်ပြီး ထည့်လိုက်ပါတယ်.. လက်ကလေးနဲ့လည်း ဖိပေးပေါ့နော်.. ပြီးတော့ .....

ပေါင်းပါပြီ..
ရေနွေးဆူဆူမှာ ခုလို ပန်းကန်လေးကို ထည့်လိုက်ပြီး အဖုံးလေးအုပ်လို့ မိနစ်၂၀ နီးပါး ပေါင်းလိုက်ပါတော့တယ်.. ရေခမ်းရင် ထပ်ထည့်ပေးဖို့ သတိထားပါ.. မဟုတ်ရင် ပန်းကန်လုံးပါ မီးတူးသွားနိုင်ပါတယ်.. ပေါင်းရမဲ့ အချိန်ကိုတော့ အတိအကျ မပြောလိုပါ.. ၀က်သားနူးအိမအိကို စမ်းကြည့်ပြီး နူးရင်ချလို့ ရပါပြီ..


ပန်းကန်လုံးပုံမပျက်
ခုလို ပန်းကန်ပြားလေးထဲကို အသားလေး မှောက်ချလိုက်ရင် စားချင်စဖွယ် ၀က်သား မုန်ညင်းချဉ်ပေါင်း ရပါပြီ.. အပေါ်မှာတော့ ၀က်သားပြားလေးတွေ ဖုံးနေပြီး အောက်မှာတော့ မုန်ညင်းချဉ်တွေ ရှိနေပါတယ်.. အပေါ်က နံနံပင်လေး၊ ငရုပ်သီးစိမ်းလေး အလှဆင်လိုက်ရင် လှလဲလှ ၊ စားလို့လဲကောင်းတဲ့ ၀က်သား မုန်ညှင်းချဉ်ပေါင်းတစ်ခွက် ရပါပြီ.. ၀က်သားပန်းကန်ကို ပေါင်းအိုးထဲက ထုတ်လိုက်ချိန်မှာ ပန်းကန်လုံးထဲမှာ အရည်တွေ ရှိနေတတ်ပါတယ်.. အဲဒီအရည်တွေကို ခွက်တစ်ခုထဲ ငှဲ့ထည့်ထားပြီး မုန့်ညင်းချဉ်တွေကိုတော့ လက်ကလေးနဲ့ အသာပြန်ဖိထားပြီး မှောက်ချလိုက်ချိန်မှာ ခုလို ပုံမပျက်လေး ဖြစ်နေမှာ ဖြစ်ပါတယ်..

လှတယ်ဟုတ်...
ဧည့်သည်လာရင် ဒီဟင်းနဲ့ ပုံမှားရိုက်လို့ရတယ်.. ဟင်းခွက်က ကြီးနေပြီး အပေါ်မှာ ၀က်သားက နည်းနည်းလေး .. အောက်မှာတော့ မုန်ညင်းချဉ်တွေ... ဟိဟိ ဧည့်သည်ကတော့ စားရချည်သေးရဲ့ ၀က်သားတွေအများကြီးလို့ တွေးနေမှာ သေချာတယ်...  :)  :)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှိုကပ်ပေါင်း

ကျွန်မတို့ကချင်ပြည်နယ်နဲ့ စကိုင်းတိုင်းတစ်ဝိုက်မှာ မှိုကပ်ဆိုတဲ့ သစ်တုံးအဆွေးတွေမှာပေါက်တဲ့ မှိုတစ်မျိုးပါ.. အဲဒီမှိုကို ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းစားပါတယ်..အဲဒါလေးကို ဝေမျှပါဦးမယ်.



ရေစင်အောင်ဆေးထားတဲ့မှိုကပ်များ

အဆာပလာတွေ
ကြက်သွန်ဖြူ၊ချင်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဆားအချိုမှုန့်၊ ငပိကိုအရည်ဖျော်ပြီးထည့်၊ ဆီအနည်းငယ် ထည့်ပြီး ရောမွှေပါတယ်..

နှယ်ပြီးပြီ
ဆန်မှုန့်( မုန့်နှစ်) အတော်များများကို ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ရောနယ်ပါတယ်.. ဆားအပေါ့အငံကို လျှာဖျားလေးဖြင့်မြည်းပါတယ်..

ဖက်နဲ့ထုပ်မယ်..
ငှက်ပျောဖက်ကို နေအနည်းငယ်ပြ၊ သို့မဟုတ် မီးကင်ပြီး ဖက်များ ပျော့ပြောင်းသွားအောင် လုပ်ပြီး မှိုကပ်များကို အနေတော် မှန်းပြီးထည့်ပါတယ်..

ပေါင်းခါနီး
ရလာတဲ့ အထုပ်လေးတွေကို Rice Cooker တွင်ပါသော ဇကာလေးထဲ စီထည့်လိုက်ပါတယ်..

ပေါင်းပြီ..

Rice cooker အောက်မှာ ရေဆူအောင်တည်ပြီး ပုံပါအတိုင်း ပေါင်းလိုက်ပါတယ်.. နာရီဝက် ကျော်ကြာအောင်ပေါင်းလိုက်ပါတယ်..
ကျက်ပါပြီ..

ကျက်သွားချိန်တော့ ဒီလိုလေးပေါ့နော်.. မွှေးကြိုင်တဲ့ မှိုကပ်ပေါင်းပါ.. ဒီနည်းအတိုင်း မုန်ညင်းပေါင်း၊ ဟင်းရွက်စုံပေါင်း တို့ကိုလည်း လုပ်စားနိုင်ကြပါတယ်ရှင်...
စားပါဦး မှိုကပ်ပေါင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချဉ်ပေါင်သီးထောင်း

ချဉ်ပေါင်သီးထောင်းတဲ့နည်းကို ပြောပြပါဦးမယ်ရှင်။ ချဉ်ပေါင်သီးကို ဆန်လှော်ချက်စားလို့ ရသလို ထောင်းစားလို့လည်း ရပါသေးတယ်..

ချဉ်ပေါင်သီးအကာများ

ဒီလိုချဉ်ပေါင်သီးတွေကို အပေါ်က အခွံနီတွေကို ယူပြီးရေစင်အောင် ဆေးပါတယ်.. ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို ထောင်း ချဉ်ပေါင်သီးများကို ငရုပ်ဆုံထဲထည့်၊ ငပိ၊ ပုဇွန်ခြောက်တို့ပါထည့်ပြီး ထောင်းပါတယ်.. ဆားအချိုမှုန့်ထည့်၊ နံနံပင်ထည့်ပြီး အပေါ့အငံမြည်းလို့ အရသာအနေတော်ဆိုရင် ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်သီးထောင်းကို ရပါပြီ.. ထမင်းမြိန်စေတဲ့ ချဉ်ပေါင်သီးထောင်းဖြစ်ပါတယ်။
ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်သီးထောင်းပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြောင်းဖူးမုန်ညင်းဟင်းချို


ပြောင်းဖူး မုန်ညင်းဟင်းချို

ပြောင်းဖူးကို အစေ့ခြွေပြီး ဘလင်ဒါ ( Blender) ဖြင့် ညက်အောင်လုပ်လိုက်ပြီး ရေနွေးဆူအောင်တည်ပြီး ဆား၊အသားမှုန့် ၊ ကြက်သွန်ဖြူ ရိုက်ပြားထည့်ပြီး ရေနွေးဆူလျှင် ပြောင်းဖူးများကိုထည့်ပါတယ်..  ချခါနီးတွင် မုန်ညင်းဖြူ ( အခါးမဟုတ်) များကို ထည့်ပြီး ချလိုက်ရင် ပြောင်းဖူး မုန်ညင်းဟင်းချို ရပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မုန်လာဥချဉ်ရည်



မုန်လာဥချဉ်ရည်ပြင်ဆင်ပုံ

မုန်လာဥချဉ်ရည်ကိုတော့ လူတိုင်းချက်တတ်ကြမှာပါနော်... ဒါပေမဲ့ ဟင်းမချက်တတ်ပါဘူးဆိုတဲ့ ညီမလေး၊ မောင်လေးများအတွက် ချက်နည်းကို ပြန်လည်ဝေမျှလိုက်ပါတယ်.. မုန်လာဥကို အတုံးအရွယ် တော်လေးများ ပြုလုပ်ပြီး ကြက်သွန်နီ၊ ဖြူ၊ ငပိ၊ ပုဇွန်ခြောက်ထောင်းထည့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီး၊ အရောင်တင်၊ ဆား၊အချိုမှုန့်၊ ဆနွင်းမှုန့်၊ မက်လင်သီး ၊ဆီ အနည်းငယ် တို့ကို တစ်ခါတည်း ချက်မဲ့အိုးထဲကို ထည့်ပါတယ်..  မီးဖိုပေါ်တင်ပြီး ဟင်းအိုးကို အနည်းငယ်လုံးချက်ချက်ပြီး ရေထည့်ပါတယ်..မုန်လာဥကို ငါး၊ ငါးခေါင်းတို့နဲ့လည်း အချဉ်ရည်ကျိုတတ်ကြပါတယ်..


ရေဆူအောင်၊ ရေခန်းအောင် တည်

ရေခမ်းပြီး ဟင်းအိုးကျပြီဆိုရင် အပေါ့အငံ၊ အချဉ်အရသာမြည်းလို့ ကြက်သွန်မြိတ်၊ နံနံပင်ကြိုက်ရာခတ်လိုက်ရင် မုန်လာဥ အချဉ်ရည်ဟင်းတစ်ခွက် ရပါပြီရှင်...

 
မက်လင်သီးခြောက်များ

ဒါလေးက ကချင်ပြည်နယ်မှာ အသုံးများတဲ့ မက်လင်သီးခြောက်ပါ..  အချဉ်ရည်ဟင်းထဲ ထည့်ချက်စားသလို ကြက်သား ကချင်ချက်ဆိုရင်လည်း ထည့်ပါတယ်.. ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ချင်းငရုပ်သီးစိမ်းလေးနဲ့ ဆွန်ထန်လိုမျိုးလည်း ဟင်းရည်လုပ်သောက်လို့ရပါတယ်.. ရှမ်းပြည်နယ်မှာတော့ မက်ခေါက်သီးနဲပ ချဉ်စော်ခါးသီးအခြောက်ကို အသုံးများပါတယ်.. ပုံစံဆင်သလိုရှိပြီး အရသာလည်း သိပ်မကွဲပါဘူး....
အားလုံးဘဲ လျှာရင်းမြက်ကြပါစေရှင်...