ချစ်သူရဲ့ နှင်းဆီလက်ဆောင်


ကျွန်မရဲ့နံမည်က မနှင်းဆီပါ။ နံမည်နဲ့လိုက်အောင် ပန်းလေးတစ်ပွင့်လို နူးညံ့သိမ်မွေ့စွာ လှပတယ်လို့ လူတိုင်းက ပြောကြသလို ကျွန်မရဲ့ ခင်ပွန်းကလည်း ဒီလိုအမြဲ ပြောတတ်ပါတယ်.. ပြီးတော့လည်း ကျွန်မ အနှစ်သက်ဆုံး ပန်းဟာလည်း အနီရောင် နှင်းဆီပန်း များသာ ဖြစ်ပါတယ်..  ကျွန်မရဲ့ ခင်ပွန်းက နှစ်စဉ် နှစ်တိုင်း ချစ်သူများနေ့မှာ ကျွန်မ ချစ်တဲ့ အနီရောင် နှင်းဆီပန်းတွေကို အလွန်လှပ ချစ်စရာကောင်းတဲ့ ပန်းစည်းလေး ပြုလုပ်ပြီး လက်ဆောင်ပေးလေ့ ရှိပါတယ်.. ကျွန်မ ခင်ပွန်းဟာ ကျွန်မကို အလွန် ချစ်ခင်ကြင်နာပြီး အလိုလိုက်တတ်သူ တစ်ယောက် လည်း ဖြစ်ပါတယ်.. ကျွန်မတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာပြီး လူတကာ အားကျရတဲ့ စံပြ အိမ်ထောင်ရေး ဖြစ်ခဲ့ပေမဲ့ ကံတရားရဲ့ ရက်စက်စွာ ထိုးနှက်မှုကြောင့် ကျွန်မချစ်တဲ့ ခင်ပွန်းဟာ မမျှော်လင့်တဲ့ မတော်တဆမှု တစ်ခုနဲ့ တိမ်းပါး သွားခဲ့ရပါတယ်.. ကျွန်မဟာ လောကကြီးအလယ်မှာ တစ်ယောက်တည်း အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့သလို ၀မ်းနည်း ဆွေးမြေ့ခြင်း၊ အထီးကျန် အားငယ်ခြင်းတို့ကိုသာ အဖော်ပြုလို့ ဘ၀ကို ငြီးငွေ့စွာ ဖြတ်သန်းရပါတော့တယ်.. နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် ရှိခဲ့တဲ့ ဘ၀မှာ တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ ဘယ်လောက်များ အထီးကျန်ခြောက်ကပ်ပြီး ပျင်းရိငြီးငွေ့ဖို့ ကောင်းတယ်ဆိုတာ ခံစားဖူးသူတွေ သိကြမှာပါ။

ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့ဖြစ်ပါတယ်… မနက်စောစော အိပ်ရာနိုးနိုးခြင်း ကျွန်မ အရင်ဆုံး သတိရမိတာက ကျွန်မချစ်တဲ့ သူ့ကိုပါ.. ဒီနေ့ရောက်တိုင်း သူ့ဆီကနေ နှင်းဆီနီလေးတွေ လက်ဆောင် ရနေကျ.. ခုတော့ တစ်ယောက်တည်း ကြေကွဲ လွမ်းဆွတ် နေရတဲ့ အထီးကျန် ဘ၀ကို တွေးမိရင်း ၀မ်းနည်းစိတ်က ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဆို့တက်လို့ လာပါတယ်.. ပါးပြင်ပေါ်မှာတော့ ကြေကွဲမျက်ရည်စတွေ စီးဆင်း ကျလာမိပါတယ်.. အဲဒီချိန်လေးမှာဘဲ အိမ်တံခါးခေါက်သံကို ကျွန်မ ကြားလိုက်ရပါတယ်..  အိပ်ရာက အသာထလို့ အိမ်ရှေ့တံခါးအဖွင့်မှာ အံ့သြစရာ မြင်ကွင်းလေးတစ်ခုက ထူးဆန်းစွာ ဆီးကြို လိုက်ပါတယ်.. အလွန်လှပတဲ့ နှင်းဆီပန်းကြီး တစ်စီးက ကျွန်မရဲ့ အိမ်တံခါးအနီးမှာ .. အရောင်ကလည်း ကျွန်မ ကြိုက်တဲ့ အနီရောင်ရင့်ရင့် နှင်းဆီတွေ… မွှေးပျံ့တဲ့ ရနံ့လေးတွေကလည်း ကြူကြူသင်းလို့… နှင်းဆီပန်းလေးမှာ ချိတ်ထားတဲ့ ကဒ်လေးပေါ်မှာတော့ “ချစ်တဲ့ နှင်းဆီလေးအတွက် ချစ်လက်ဆောင်” တဲ့… အခါတိုင်း ကျွန်မ ခင်ပွန်းရှိစဉ်က ချစ်သူများနေ့မှာ ပေးနေကျ ပန်းလက်ဆောင်လေး အတိုင်း တသွေမတိမ်းပါဘဲ.. ရေးထားတဲ့စာက အစ ခါတိုင်းနှစ်တွေနဲ့ တစ်ပုံစံတည်း။





ကျွန်မ သိလိုက်ပါပြီ.. ကျွန်မခင်ပွန်းဟာ မကွယ်လွန်ခင်ကတည်းက ချစ်သူများနေ့မှာ ပန်းလက်ဆောင်ပေးဖို့ ပန်းဆိုင်မှာ ကြိုတင်ငွေချေပြီး မှာထားခဲ့ပုံရပါတယ်… ဒီနှစ်ရဲ့ ချစ်သူများနေ့ဟာ ကျွန်မအတွက် ချစ်ခင်ပွန်းဆီက နောက်ဆုံးရတဲ့ နှင်းဆီပန်း လက်ဆောင်လဲ ဖြစ်ပါလိမ့်မယ်.… ကျွန်မ ခင်ပွန်းဟာ သူသေဆုံးမှာကို ကြိုသိလို့ မှာထားခဲ့တာမျိုး မဖြစ်နိုင်ပါဘူး.. သူဟာ အလုပ်တစ်ခု လုပ်ရင် အချိန်မကျခင်ကတည်းက အမြဲတမ်း ကြိုတင် စီစဉ်တတ်တဲ့ အကျင့် ရှိသူတစ်ယောက်ပါ… တကယ်လို့ အလုပ်သိပ်များလို့ မေ့လျော့သွားခဲ့ ရင်တောင်  ကြိုတင် စီစဉ်ထားခြင်း အားဖြင့် အရာရာဟာ ပုံမှန် လည်ပတ်သွားနိုင်အောင် သူဟာ စေ့စပ်သေချာလှသူ ဖြစ်ပါတယ်…




ကျွန်မ နှင်းဆီပန်းစည်းလေးကို အိမ်ထဲကို တယုတယ ယူဆောင်လာပြီး ပန်းအိုး လှလှလေး  တစ်ခုထဲ ထိုးစိုက်လိုက်ပါတယ်..   ကျွန်မခင်ပွန်းရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံဘေးမှာ ပန်းအိုးလေးကို ချထားလိုက် ပြီးတော့ သူ သက်ရှိထင်ရှား ရှိစဉ်က ထိုင်နေကျ ခုံလေးမှာ ထိုင်ကာ ဓာတ်ပုံလေးနဲ့ ပန်းစည်းလေးကို အတော်ကြာအောင် စိုက်ကြည့်နေမိပါတယ်… ကြည့်နေရင်းမှာဘဲ ကျွန်မတို့ ၂ယောက်ရဲ့ အတိတ်က ပျော်စရာ အချိန်တွေကို တရေးရေးနဲ့ ပြန်မြင်ယောင်လာရင်း ကြည်နူး ပျော်ရွှင်စိတ်နဲ့အတူ ကြေကွဲ ၀မ်းနည်းစိတ်ပါ တစ်ပြိုင်တည်း ခံစားရပါတယ်… သူဟာ ဘာလို့များ ကျွန်မအနားကနေ စောစောစီးစီး ထွက်ခွာသွားရတာပါလဲ.. ခုလိုချိန်မှာ ကျွန်မရဲ့ ဘေးနားမှာ ရှိနေပြီး ဒီပန်းစည်းလေးဟာ သူ ကိုယ်တိုင် ပေးတဲ့ ပန်းစည်းလေးဖြစ်ခဲ့ရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်.. ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့ ရရှိလိုက်တဲ့ ပန်းစည်းလေးကြောင့် ချစ်သူများနေ့ဟာ ကျွန်မအတွက် အထီးကျန်တဲ့ နေ့တစ်နေ့ မဟုတ်တော့ဘဲ အနည်းဆုံးတော့ ပန်းစည်းလေးကို သတိတရ စီစဉ်ပေးတဲ့သူ ရှိနေသေးတာဘဲ ဆိုတဲ့ စိတ်ခံစားမှုနဲ့အတူ ကျွန်မခင်ပွန်းရဲ့ ချစ်ခင်ကြင်နာခြင်းတွေကို အသစ်တစ်ဖန် ပြန်လည်ရရှိလိုက်သလို ခံစားရပါတယ်..


ဒီလိုနဲ့ တစ်နှစ် ကုန်ဆုံးသွားပြန်ပါပြီ.. ချစ်သူနဲ့ သေကွဲကွဲပြီး တစ်ယောက်တည်းနေရသူအဖို့ ဖြတ်သန်းရတဲ့နေ့တွေကတော့ ပျင်းရိငြီးငွေ့စရာ၊ ခြောက်ခြားစရာ ကောင်းလောက်အောင် လောကကြီး တစ်ခုလုံးဟာ  ကျွန်မအတွက်တော့ အထီးကျန် လွန်းလှပါတယ်.. ပျော်ရွှင်မှု ဆိုတာ ရှာဖွေလို့ မတွေ့တော့လောက်အောင် အရာရာဟာ ကြေမွ ဆိတ်သုန်းလို့၊ ယုံကြည်ချက် အနာဂတ်မဲ့စွာ လမ်းပျောက်နေတဲ့ သူလို ဖြစ်နေပါတော့တယ်… ဒီတစ်နှစ်လဲ ထုံးစံအတိုင်း ဖေဖော်ဝါရီ ၁၄ရက်ဆိုတဲ့ ချစ်သူများနေ့ ရောက်လာပြန်ပါတယ်.. ဒီနေ့ဟာတော့ ကျွန်မအတွက် ဘယ်လိုမှ ထူးခြားတဲ့နေ့ မဖြစ်နိုင်တော့ပါဘူး။ အရင်လို ကြေကွဲခြောက်ကပ်နေတဲ့ နေ့တစ်နေ့သာ ဖြစ်နေဦးမှာပါဘဲလေ။ အထီးကျန် ငြိမ်သက်ခြင်း အတွေးစတွေနဲ့ လွှင့်မျောနေတုန်းမှာဘဲ  အိမ်ရှေ့တံခါး ခေါက်သံလေး မြည်လာတဲ့အတွက်  အပြေးအလွှား သွားရောက်လို့ တံခါးဖွင့်ကြည့်တဲ့အခါမှာ



လှပ နီရဲနေတဲ့ နှင်းဆီပန်းတွေ..


ရှင်းသန့်မွှေးမြတဲ့ ရနံ့နဲ့အတူ ရဲရဲနီစွေးနေတဲ့ နှင်းဆီပန်းတွေကို ကြည့်ပြီး ကျွန်မစိတ်ထဲမှာ ထူးဆန်းအံ့သြခြင်း၊ မယုံကြည်နိုင်ခြင်းများနဲ့ မှင်သက်မိလို့..   ဘယ်ချိန်ထိ ကျောက်ရုပ်လေးလို ရပ်နေမိတယ် မသိ.. သတိရတဲ့အချိန်မှာ နှင်းဆီပန်းစည်းကို ကိုင်ဆောင်လို့ အိမ်ထဲကို အပြေးအလွှား ၀င်ရောက်ကာ ပန်းစည်း စီစဉ်ပေးပို့တဲ့ ဆိုင်ကို ဖုန်းဆက်မိပါတော့တယ်… ဆိုင်ရှင်ဖြစ်သူ ဖုန်းလာကိုင်တဲ့အချိန်မှာ  မေးခွန်းတွေ တရစပ် မေးမိပါတယ်…. ဘယ်သူက ခုလို ကျွန်မကို နာကျင်ခံစားစေလိုတဲ့စိတ်နဲ့ ဒီပန်းစည်းတွေကို ပို့ပေးနေတာလဲ.. ကျွန်မကို ရှင်းပြပေးပါလို့ တောင်းဆိုမိပါတယ်…

ပန်းဆိုင်ပိုင်ရှင်က  “ခင်ဗျားယောက်ျား လွန်ခဲ့တဲ့ တစ်နှစ် လောက်က ဆုံးသွားပြီဆိုတာ ကျွန်တော် သိပါတယ်.. ခင်ဗျား ဖုန်းဆက်မေးလိမ့်မယ် ဆိုတာလဲ ကျွန်တော် မျှော်လင့်ပြီးသားပါ..  ခင်ဗျား အရမ်းကို သိချင်လိမ့်မယ်ဆိုတာလဲ ကျွန်တော် တွေးမိပါတယ်.. ခံစား နားလည်ပေးလို့ ရပါတယ်.. ခင်ဗျား ဒီနေ့ လက်ခံရရှိတဲ့ပန်းတွေဟာ ခင်ဗျား ခင်ပွန်း ကိုယ်တိုင် သူ မကွယ်လွန်ခင်ကတည်းက ငွေချေပြီး ကြိုတင်စီစဉ် ထားတဲ့ပန်းတွေပါ..  ဒီလို နှင်းဆီပန်းတွေကို နှစ်စဉ်နှစ်တိုင်း ခင်ဗျား လက်ခံရဦးမှာပါ.. ခင်ဗျားယောက်ျားဟာ အရာရာကို ကြိုတင် တွက်ချက်ပြီး ခင်ဗျားအတွက် ကြည်နူုးစရာ အကောင်းဆုံး ချစ်သူများနေ့ ဖြစ်အောင်  စီစဉ်ပေးသွားခဲ့ပါတယ်... ပန်းစည်းမှာ ချိတ်ဖို့ ကဒ်ပြားလေးနဲ့ အတူ စာလေးတွေကိုလည်း သူကိုယ်တိုင်ရေးပြီး ထားရစ်ခဲ့ပါတယ်.. တကယ်လို့များ သူမရှိတော့ရင်တောင် နှင်းဆီပန်းတွေကို ခင်ဗျားဆီ နှစ်စဉ် ဒီနေ့ရောက်တိုင်း ဆက်ပြီး ပို့ပေးဖို့ သူ မှာခဲ့ပြီးသားပါ.. ဒီနောက်ပိုင်းမှာ သူကိုယ်တိုင် ဆိုင်ကို တစ်ခေါက်မှ ရောက်မလာတော့ဘူး ဆိုကတည်းက သူမရှိတော့ဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်.. ဒီတော့ သူမှာကြားခဲ့တဲ့ အတိုင်း နှင်းဆီပန်းလေးတွေနဲ့အတူ၊ ခင်ဗျားအတွက် အထူး စီစဉ် ရေးသားထားတဲ့ စာလေးကို ဒီနေ့ ခင်ဗျားဆီ  မပျက်မကွက်  ကျွန်တော် အရောက် ပို့ပေးလိုက်ပါတယ်.. နောင်နှစ်တွေမှာလဲ ခင်ဗျားဆီ ကျွန်တော် ပို့ပေးဦးမှာပါ.. ဒါဟာ ခင်ဗျား ခင်ပွန်းရဲ့ အစီအစဉ်တွေကြောင့်ပါဗျာ….”


ပန်းဆိုင်ပိုင်ရှင်စကားအဆုံးမှာ ဆိုင်ရှင်ကို ကျေးဇူးစကားဆိုရင်း  ဖုန်းကို ချလိုက်ပြီး တုန်ယင်နေတဲ့ လက်အစုံနဲ့ ပန်းစည်းလေးပေါ်က စာအိတ်လေးကို ဖြုတ်ယူလိုက်တော့ စာအိတ်လေးထဲမှာ စာလေးတစ်စောင် ရှိနေခဲ့ပါတယ်… စာထဲမှာက ကျွန်မ ခင်ပွန်းရဲ့ လက်ရေးတွေနဲ့


အချစ်ရေ..

မင်းအနားမှာ ကိုယ်မရှိနိုင်တော့ဘူးနော်... ကိုယ်မရှိတဲ့အခါ ဘ၀ကြီးကို မင်းတစ်ယောက်တည်း ရင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ်.. မင်းတစ်ယောက်တည်း ဘယ်လောက်တောင်  အထီးကျန်မယ်.. ကြေကွဲ၊ ပူဆွေးနေမယ် ဆိုတာလည်း ကိုယ် နားလည်စာနာပါတယ်.. မင်းကို ကိုယ် ဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာလဲ မင်းသိခဲ့မှာပါနော်… ကိုယ်တို့၂ယောက်ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ကိုယ်တို့ဘ၀ကို လွှမ်းခြုံလို့ ပျော်ရွှင်သာယာဖွယ် ကမ္ဘာလေးကို တည်ဆောက်ခဲ့ကြတယ် . သိပ်ပျော်ဖို့ ကောင်းတဲ့အချိန်တွေကို ကိုယ်တို့ရရှိခဲ့ကြတယ်လေ... ဘ၀မှာ အချစ်တွေနဲ့ ပြီးပြည့်စုံ ခဲ့ကြတယ်… အချစ်ရယ်..  မင်းဟာ ကိုယ့်ဘ၀ရဲ့ အကောင်းဆုံး အမွန်မြတ်ဆုံး ဇနီးမယားကောင်းတစ်ဦးပါ.. ပြောပြစရာ စကားလုံး ရှာမတွေ့လောက်အောင် မင်းကို ကိုယ်ချစ်မြတ်နိုးခဲ့ပါတယ်..

ကိုယ့်ရဲ့ လိုအင်ဆန္ဒ မှန်သမျှကို သိတတ်စွာ အမြဲတမ်းဖြည့်ဆည်းပေးပြီး ကိုယ့်စိတ်ကို အမြဲ နားလည်ပေးခဲ့တဲ့  မင်းဟာ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ဦး ဖြစ်သလို အကောင်းဆုံး ချစ်သူ တစ်ယောက်လဲ ဖြစ်ပါတယ်.. မင်းကို ကိုယ် သိပ်တန်ဖိုးထားခဲ့ပါတယ်.. ကိုယ်ဟာ မင်းအနားမှာ မရှိတော့ပေမဲ့ ၀မ်းနည်း ပူဆွေးမနေပါနဲ့ အချစ်ရယ်. မျက်ရည်တွေကို သုတ်လိုက်ပါ နော်   မင်းကို အမြဲတမ်း ပျော်ရွှင်စေချင်တယ်.. ဒါကြောင့်လဲ မင်းအတွက် နှင်းဆီပန်းလေးတွေ ချစ်သူများနေ့ရောက်တိုင်း နှစ်စဉ်ပေးနိုင်ဖို့ ကိုယ်စီစဉ် ခဲ့တာပါ.. ဒီ နှင်းဆီပန်း လေးတွေကို မင်းလက်ခံရတဲ့အခါတိုင်း ကိုယ်တို့၂ယောက်ရဲ့ အပျော်ဆုံး အချိန်တွေကို သတိရလိုက်ပါ… ပြီးတော့ ကိုယ်တို့၂ယောက် ဘယ်လောက်တောင် ချစ်ခဲ့ကြတယ်ဆိုတာကို ပြန်စဉ်းစားပြီး ပျော်ရွှင်နိုင်အောင် ကြိုးစားပါ.. ကိုယ် မင်းကို သိပ်ချစ်ခဲ့တယ်.. အမြဲတမ်းလဲ ချစ်နေမှာပါ… ကိုယ်မရှိတော့တဲ့ အခါ မင်း ၀မ်းနည်းပူဆွေးပြီး ကျန်နေမှာကို ကိုယ်မလိုလားပါဘူး. ဒါကြောင့် ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ အချိန်တွေကို ပျော်ပျော်နေနိုင်အောင် ကြိုးစားပါနော်..

ဒီလို မလွယ်ဘူးဆိုတာတော့ ကိုယ်လဲသိပါတယ်.. ဒါပေမဲ့ ကြိုးစားပြီး နေပါအချစ်ရယ်…. ဒီနှင်းဆီနီလေးတွေဟာ မင်းပျော်ရွှင်စေဖို့  မင်းဆီကို နှစ်စဉ်နှစ်တိုင်း ရောက်လာပါလိမ့်မယ်…  ပန်းဆိုင်က တစ်ယောက်ယောက်ဟာ မင်းရဲ့ အိမ်တံခါးကို နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့တိုင်းမှာ တံခါးလာခေါက်မှာပါ…  မင်းဆီက ဘာတုံ့ပြန်မှုမှ မရတော့တဲ့ နောက်ဆုံးတစ်နေ့ ရောက်မှသာ နှင်းဆီပန်းလေးတွေ မင်းဆီပို့တာ ရပ်မှာပါ..… အဲဒီနေ့မှာ မင်းအိမ်တံခါးကို သူဟာ ၅ ကြိမ်တိုင်တိုင် အရောက်လာပြီး လာခေါက်ပါလိမ့်မယ်.. မင်းဆီက တုံ့ပြန်မှု မရတာ လုံးဝ သေချာပြီ ဆိုရင်တော့ မင်းဒီလောကကြီးမှာ မရှိတော့တာ သူတို့သဘောပေါက်ကြမှာပါ… အဲဒီလိုဆိုရင် နှင်းဆီနီလေးတွေကို ကိုယ်ညွှန်ကြားထားတဲ့ နေရာကို သူတို့ ဆက်ပြီး ပို့ပါလိမ့်မယ်.. အဲဒီနေရာလေးဟာ မင်းနဲ့ကိုယ်နဲ့ တူယှဉ်တွဲလို့ လှဲလျောင်း အိပ်စက်အနားယူတဲ့ အုတ်ဂူလေး၂ခုပေါ့ကွယ်.. ဒီလို ချစ်သူများနေ့ ရောက်ချိန်မှာ ကိုယ်တို့ ၂ယောက်ရဲ့ အုတ်ဂူလေးဟာ မင်းချစ်တဲ့ နှင်းဆီရနံ့တွေနဲ့ သင်းပျံ့ မွှေးမြနေပါလိမ့်မယ်.. ကိုယ်တို့၂ယောက်ကတော့ ပြန်လည်ဆုံစည်းခွင့် ရတဲ့အတွက်  ချစ်စရာ လှပတဲ့ နှင်းဆီတွေနဲ့အတူ ပျော်ရွှင်နေကြမှာပေါ့အချစ်ရယ်.. ခုချိန်မှာတော့ ကျန်နေသေးတဲ့ မင်းဘ၀ရဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင် အားတင်းထားလိုက်ပါ ကိုယ့် အချစ်ဆုံးရယ်…..

စာလေးဖတ်ပြီး ကျွန်မရင်တွေ တဒိတ်ဒိတ်ခုန်လာမိပါတယ်.. အိုး... ဒီလိုဆိုရင်ဖြင့် ကျွန်မ ဘာများ ၀မ်းနည်း ကြေကွဲနေစရာ လိုသေးသလဲနော်...  ကျွန်မ သက်ရှိထင်ရှား ရှိနေသမျှကာလပတ်လုံး  ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းဆီက  ကျွန်မ သိပ်ကိုနှစ်သက်မြတ်နိုးတဲ့ နှင်းဆီပန်းတွေ နှစ်စဉ်နှစ်တိုင်း မလွဲမသွေ ရနေဦးမယ်ဆိုရင် သူ့ရဲ့ အချစ်တွေဟာ ကျွန်မရဲ့ဘေးနားမှာ ထာဝစဉ်ရှိနေတာနဲ့ အတူတူပါဘဲလေ... တဖြေးဖြေးနဲ့ ကျွန်မရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်က  ကြည်စင်ဝင်းပနေသလို၊ ကျွန်မရဲ့ မျက်ဝန်းလေးတွေ ဟာလည်း ရွှန်းလက်တောက်ပလို့ နေမယ်ဆိုတာ သိလိုက်ပါတယ်.. ဒါတွေဟာ ချစ်ခြင်းရဲ့ အင်အားထက်မြက်တဲ့ အစွမ်းကြောင့်ဘဲ မဟုတ်ပါလား....


Chicken Soup for the Gardener's Soul မှ James A.Kisner ရဲ့ Valentine Roses ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်..


(မနှစ်က တင်ခဲ့ဖူးတဲ့ ပိုစ့်လေးပါ။ ခရီးထွက်ရာက ပြန်ရောက်ပြီး အလုပ်တွေ များနေတာမို့ အသစ် မတင်နိုင်သေးတာကြောင့် ဒီနေ့အတွက် ဒီပိုစ့်လေးကို မှတ်မှတ်ရရ ပြန်တင်ပေးလိုက်ပါတယ်နော်. မဖတ်ရသေးသူများ ဖတ်ရှုခံစားနိုင်ဖို့နဲ့ ဖတ်ပြီးသူများလည်း အသစ်တဖန် ပြန်လည်ခံစားပေးကြပါလို့ )


အားလုံးအတွက် ပျော်စရာနေ့လေးများ ဖြစ်ကြပါစေရှင်


23 Responses to “ချစ်သူရဲ့ နှင်းဆီလက်ဆောင်”

ပို့စ်လေးက အရမ်းကောင်းပါတယ်... ကဗျာဆန်မှု နဲ့အတူ ချစ်ခြင်းကို လှပစွာဖွဲ့ထားတဲ့အတွက် ရသလေးက အံ့မခန်းပါပဲ... ဘာသာပြန်ပေးတဲ့ ချောကို အထူးကျေးဇူးတင်မိပါတယ်...
အချစ်နဲ့ထပ်တူ ထာဝရ ဆိုတဲ့ ပျော်ရွှင်စေချင်တဲ့ ဆန္ဒလေးကို ဖန်တီးကြဖို့ လှုံ့ဆော်ပေးလိုက်သလိုပါပဲ...

ကျေးဇူးတင်စွာဖြင့်....
စာရေးသူကော ဘာသာပြန်သူ ချောပါ ချစ်သူများနေ့မှာ ချစ်ရသူများနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါရစေ...

နီနီဝင်း
http://niniwin.mmblogger.info

mg han said...

ရှိတော့ရှိမယ်ရှားတယ်..ဒီလိုမျိုး..:)

မနှစ်က မဖတ်လိုက်ရဘူး။ အရေးအသား သိပ်ကောင်းတယ်။ ဖတ်လို့အရမ်းကောင်းတယ်။ တကယ်လို့ ဖြစ်ရပ်မှန်သာဆိုရင် ဘယ်လောက်ဝမ်းနည်းဖွယ် ကောင်းလိုက်မလဲ။ တကယ်စစ်မှန်တဲ့ အချစ်တွေပေါ့နော်။ အုဌ်ဂူအထိတောင် ချစ်ကြမယ်ဆိုတော့...ကျန်းမာပျော်ရွှင်ပါစေ

PhyoPhyo said...

မချောရေ
အရင်ပိုစ့်အဟောင်းတုန်းကလည်း ဖတ်ဖူးတယ်၊
အခုလည်းပြန်ဖတ်လိုက်သေးတယ်၊ ရေးထားတာလေးကညက်နေရော၊ ကိုယ်တောင် စိတ်ဝင်စားသလိုဖြစ်လာပြီ အဲဒီနေ့ကို :D
အသက်ကပဲကြီးလာလို့လား .. ဟုတ်သေးပါဘူး အရင်ထဲကလည်း ဖေဖေါ်ဝါရီ ၁၄ ဆို ဘယ်လိုမှ မနေဘူး၊ ချောကလက်တို့ ပန်းစည်းတို့ လက်ဆောင်တို့ ပေးမယ့်သူလည်း မရှိပါဘူးလေ
မချောလည်း နေ့တိုင်းပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

Baby taster said...

ချော သိပ်ကောင်းတဲ့ ပို့စ်လေးအတွက်
ကျေးဇူးပါ။ ကိုယ်တော့ ဒီနေ့ကို အထူးတလည်
ဘာမှ မလုပ်ဖြစ်ဖူး။ ချစ်သူများနေ့ထက် သူ့အရင်
ရက်တွေကို ပိုစိတ်ဝင်စားတယ်။

ချစ်စရာ၊ ကြည်နူးစရာကောင်းတဲ့ ပို့စ်လေးပါပဲ၊ အခုလို ပြန်တင်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်၊ မနှစ်က မဖတ်ဖူးခဲ့ဘူး၊ ချစ်သူများနေ့ကို ချစ်တဲ့သူတွေနဲ့ ဖြတ်သန်းနိုင်ပါစေဗျာ..။

ကြေကွဲဝမ်းနည်းမှုလေးနဲ့ အတူကြည်နူးမှုလေး ခံစားလိုက်ရပါတယ် ချောရယ်။ လင့်ခ်လေးပြန်ယူသွားတယ်နော်။

Anonymous said...

ဗာလင်တိုင်းမှာပျော်ရွှင်ပါစေ..ချော..

မနှစ်ကလဲဖတ်တယ်။ ဒီနှစ်လည်းဖတ်တယ်။
မရိုးသွားဘူး။ ကြိုက်တယ်။
ချောစာအရေးအသားကိုလည်း တအားကြိုက်တယ်။

မြတ်နိုး

Anonymous said...

ဘယ်သူ့ကိုဝယ်ပေးခဲ့ရမှန်းမသိလို့..ဟစ်ဟစ်ပြီးငိုသွားပါသည်...

ပုံ

ကျောက်နှင်းဆီ

nYi ThU E@iN said...

ပို့စ်ထဲက ဇာတ်ကောင်နှစ်ဦးလို အပြင်မှာ တကယ်
ရှိဖို့တော့ လွယ်မယ်မထင်..။
သူမရှိတော့လို့ နာကျင်ခံစားရသည့်တိုင်
နောက်တော့လည်း အသားကျသွားမှာလေ..။

ahphyulay said...

အင်း ...
မ ချော ၊ ဒါကြောင့်ထင် တူနေပါတယ်လို့ ။
ရှေ့ နားမှာ ဖတ်ထားဘူးသလိုပဲလေ။ စတိုးဆိုင်ကြီးထဲမှာ
အဲ့ လိုပဲ ပန်းစည်း လာပေးတာ..။

ဝက်ဝံလေး said...

မဖတ်ရသေးတော့ အသစ်ပေါ့နော်
ရွှေချောရေ များကိုလဲ လာပေးပါ့လား နှင်းးးဆီပန်း ဟိဟိ

မနှစ်က မဖတ်လိုက်ရဘူး..
ဆိုတော့ အသစ်ပေါ့..။
ဖတ်သွားတယ် မချောရေ..။
လင့်ပြန်ချိတ်ထားလိုက်ပြီနော်။
Happy Valentine's Day ပါ...

ဝဲကင်းသွားပြီဆိုတော့ ပြန်ချိတ်ထားတယ်..း)))))))

ချစ်သူများနေ့မှာ သန့်သန့်ရှင်းရှင်းနေကြတာပေါ့. .ဟီး

ဒီလိုအစီအစဉ်လေးမျိုးက တွေးထားသင့်တဲ့ အချက်ပါပဲ။ တသက်လုံးစာ မဖြစ်ရင်တောင် နောင် ၄ ၊ ၅ နှစ်အထိပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

မဲဝဲ ရှင်းထားတဲ့ လင့်ခ်တွေအကြား ပြန်ချိတ်ရင်
ပြန် နီသွားလို့ မျက်စိလည်နေတုန်းပဲ ချောရေ ...

Anonymous said...

ဒါကြောင့် ဒီပို့စ်ကို သေသေချာချာ ဖတ်ထားဖူးမှန်းသိနေတာ။ အမ တင်ခဲ့ပြီးသားကိုး။

ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောာင်(ပန်းရနံ့)

sosegado said...

ချစ်ခြင်းရဲ့စွမ်းအားတွေပါလား၊ လွတ်လပ်ခွင့်မပေးပဲ တုတ်နှာင်ထားတာ၊အတ္တများဆန်နေသလားလို့၊

Anonymous said...

ညီမ ချောရေ

ုစာလေးဖတ်သွားပြီ ဝဲကူးနေတယ်နော် ဆေးလိမ်းလိုက်အုန်း ခဏဖြုတ်ထားတယ် နောက်မှ ပြန်တတ်မယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ညီမ ရေ

ပျောက်သွားတဲ့အတွက် ပြန်ချိတ်ထားပါတယ်နော်
အမ စစ်တာကြာသွားပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

may16 said...

ပျော်ရွှင် စရာလေးပါ. . . .

ဒီပိုစ့်လေးကိုဖတ်ပြီးတိုင်းရသနှစ်မျိုးကိုခံစားရတယ်

ချစ်တဲ့

မဒိုးကန်

Anonymous said...

အရင်ကမဖတ်ဖူးသေးတော့ အသစ်ပေါ့နော်...