ချစ်တတ်သူတို့နဲ့ တစ်နေ့တာ



ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ ကျွန်မနေတဲ့ မြို့ကလေးရဲ့ ဆိုင်တွေ တော်တော်များများ လှလှပပ ပြင်ဆင်ထားကြသလို စတိုးဆိုင်၊ စူပါမားကက်တွေမှာတော့ ချောကလက်ဗူး လှလှလေးတွေကို အဲဒီနေ့ မတိုင်ခင်ကတည်းက ခင်းကျင်းရောင်းချ ထားကြပါတယ်. ၀ယ်သူတွေလဲ အုန်းအုန်းကျက်ကျက် ပါဘဲ။ ချစ်သူများနေ့ ဖြစ်တဲ့ ၁၄ရက်နေ့မှာတော့  တစ်မြို့လုံးမှာ ရှိတဲ့ ပန်းဆိုင်တွေဟာလည်း ပန်းစည်း လှလှပပတွေ အများကြီးကို အဆင်သင့်ပြုလုပ်ထားပြီး ၀ယ်မဲ့သူကို စောင့်နေကြပါတယ်..


ဆိုင်တစ်ခုရဲ့ အပြင်အဆင်


ချစ်သူများနေ့အတွက် ပန်းစည်းတွေ အဆင်သင့်ပြုလုပ်ရောင်းချတဲ့ ပန်းဆိုင်


နောက်တစ်ဆိုင်။ ပန်းတွေက လှမှလှ။ တစ်မြို့လုံး ပန်းဆိုင်တွေအားလုံး ဒီလိုပန်းစည်းတွေ ပြင်ဆင်ထားကြလေရဲ့။


မနက်ခင်းပိုင်းမှာ တစ်ဆိုင်လုံးအပြည့် ရှိနေတဲ့ ပန်းစည်းတွေဟာ ညပိုင်းအရောက်မှာ ရှိသမျှဆိုင်တွေ တော်တော်များများမှာ ကုန်သလောက် ရှိသွားပါတယ်.. ပြီးတော့ လမ်းပေါ်မှာ သွားလာနေတဲ့ မိန်းမငယ်၊ မိန်းမလတ် တွေရဲ့ လက်ထဲမှာလည်း ပန်းစည်းတွေ ကိုယ်စီ ကိုယ်စီနဲ့ မျက်နှာပေါ်မှာတော့ အပြုံးတွေကို ၀တ်ရုံလွှာ သဖွယ် လှပစွာ ဆင်မြန်း လွှမ်းခြုံလို့ပေါ့။ ပန်းတွေများ ၀ယ်လို့တောင် မရတော့လောက်အောင် အ၀ယ်လိုက် အရောင်းသွက်နေကြတယ်လို့ ဆိုကြပါတယ်။ ဈေးကလည်း အခါတိုင်းထက် အများကြီး ပိုပေးပြီး ၀ယ်ရပါတယ်တဲ့။ ဒီတော့ စဉ်းစားမိတယ်.. လူတွေ တော်တော် ချစ်တတ်လာကြတယ် ထင်တယ်လို့။ ဒါမှမဟုတ် ကိုယ်ချစ်ခင် တွယ်တာတဲ့သူတွေကို အလေးအနက် ထားတတ်လာကြတယ်လို့များ ပြောရမလား မသိပါဘူး။


ချစ်သူများနေ့မှာ ပေါင်းစပ်ခွင့် ရလို့ ပျော်ရွှင်နေတဲ့ မင်္ဂလာမောင်နှံပါ။


ပြီးတော့လဲ အဲဒီနေ့မှာမှ လက်ထပ်မင်္ဂလာ ဆင်ယင်ကျင်းပချင်တဲ့ ချစ်သူတွေကလည်း ရှိပါသေးတယ်။ ချစ်သူများနေ့မှာ ဘ၀တစ်သက်တာ လက်တွဲကြမဲ့ လက်ထပ်မင်္ဂလာပွဲကို မှတ်မှတ်ရရ ပြုလုပ် ကျင်းပချင်ကြပါသတဲ့လေ။ အဲဒီထဲမှာ ညီမအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက်လည်း ပါပါတယ်.။ ပွဲလမ်းသဘင်တွေကို တက်ရောက်ဖို့ ၀န်လေးတတ်ပေမဲ့ ကိုယ့်ညီမလို ခင်မင်ရတဲ့သူ ဆိုတော့လည်း မင်္ဂလာဆောင်ပွဲလေးကို တက်ရောက်ဖို့ ဖြစ်လာပါတော့တယ်။ ညီမလို ခင်ရတဲ့ သူလေးက ရှမ်း-တရုတ် ဖြစ်တာကြောင့် မင်္ဂလာပွဲကို တရုတ်လိုကျင်းပကြပါတယ်။  မင်္ဂလာပွဲရောက်တော့ ကျွေးမွေးတဲ့ အစားအသောက်တွေကို ကြည့်ပြီး ကိုယ့်ဘလော့လေးမှာ တင်ချင်လာမိတယ်.. ဘာလို့ဆိုတော့ ခရီးထွက်နေတဲ့ တစ်ပတ်အတွင်း ဟင်းမချက်စားဖြစ်တော့ ဘလော့မှာ ဟင်းအကြောင်း မတင်ဖြစ်သေးတာရယ်၊ ကျွေးတဲ့ ဟင်းလေးတွေကို သဘောကျမိတာရယ်ကြောင့်ပါ။ ဒါနဲ့ဘဲ ဘလော်ဂါပီပီ ရှေ့မျက်နှာ နောက်ထားလို့ မင်္ဂလာပွဲလယ်ကောင်မှာ ဟင်းတစ်ပွဲချင်းစီကို ဓာတ်ပုံရိုက်ယူလာခဲ့ပါတော့တယ်။



မင်္ဂလာ ညနေစာ။ ဒင်နာ ကျွေးတာမဟုတ်ဘဲ ညနေ ၃နာရီလောက်မှာ ကျွေးတာမို့ မင်္ဂလာ ညနေစာလို့ဘဲ တင်စားရမယ် ထင်ပါတယ်။


စားပါဦး။ ( အလှူလက်ဖက်နဲ့ မျက်နှာလုပ်တယ် ဆိုဆို)

ကျွန်မက ကင်မရာ မကိုင်ဖြစ်ဘဲ သွားလေရာ ဘယ်နေရာဖြစ်ဖြစ် လက်စွဲတော် ဖုန်းအစုတ်ကလေးနဲ့သာ ရိုက်တတ်သူမို့ မသိမသာလေး ခိုးရိုက်လို့ ရတယ်ပေါ့။ ဒါပေမဲ့ လူတွေကတော့ အထူးအဆန်းအဖြစ် ကြည့်နေကြတာပါဘဲ။ “ဘာလို့များ ဟင်းတွေကို ဓာတ်ပုံရိုက်နေသလဲ ။ မစားဖူးတာတွေ မို့လို့လား” လို့ တွေးနေမလားတော့ မသိပါဘူး။ ထင်ချင်လဲ ထင်ပါစေတော့ ကိုယ်ကတော့ ဓာတ်ပုံမရိုက်ဘဲ မနေနိုင်တာမို့ သေသေချာချာကို ရိုက်ယူလာမိပါတယ်။ ဟင်းတွေ အငမ်းလွန်ပြီး ကံကောင်းလို့ သတို့သားနဲ့ သတို့သမီးပုံ မရိုက်ဘဲ နေမိတော့မလို့။ မင်္ဂလာပွဲလေးက သပ်သပ်ရပ်ရပ်နဲ့ ပျော်ရွှင်စဖွယ်လေးပါဘဲ။ သတို့သား၊ သတို့သမီး လာနှုတ်ဆက်ချိန်မှာ သတို့သမီးလက်ထဲက နှင်းဆီပန်းစည်းက လှလွန်းလို့ မနေနိုင်ဘဲ ချီးကျူးလိုက်မိပါတယ်။ (အမှန်တော့ ပွဲပြီးရင် ကိုယ့်များ ပစ်ပေး လေမလားလို့ စကားစမိတာပါ။ ဒါပေမဲ့ သတို့သမီးက မသိချင်ဟန်ဆောင်သွားပါတယ်. ဟိဟိ)



ဟင်းပွဲတွေအကြောင်း စပြောမယ်နော်။ စစချင်းမှာ ဒီလိုလေး လာချပါတယ်.. ဘာဟင်းလို့ထင်ပါသလဲ။



အလူမီနီယံနဲ့ ထုပ်ထားတာလေး ဖြည်လိုက်တော့ ခုလို စားချင်စဖွယ် လက်ယပ်ခေါ်နေတဲ့ ပုဇွန်တုတ်ထိုးတွေ ထွက်လာပါတယ်..  ပုဇွန်ကို ဆား ဟင်းခတ်မှုန့် ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ငရုပ်ဆော့တို့နဲ့ နယ်ထားပြီး တုတ်နဲ့ထိုးကာ  အပေါ်ကနေ အလူမီနီယံဖွိုင်လေးနဲ့ ထုပ်ပြီး ဆားနဲ့တစ်ခါ အပေါ်မှာ မံထားပြီး မီးကင်ထားတဲ့ ပုဇွန်ပါ။ အသားနုနုလေးနဲ့ စားလို့သိပ်ကောင်းပါတယ်။


ဒါကတော့ ဘဲကင်ပါ။ ကြက်သွန်မြိတ် ( Leek ) နဲ့ တွဲစားကြပါတယ်။ ဘဲကင်ကို အချဉ်နဲ့ တို့စားတာမျိုး မဟုတ်ဘဲ  ပဲနဲ့လုပ်တဲ့ ချိုချိုငံငံအရသာရှိတဲ့ ဆောစ့်တစ်မျိုးနဲ့ တို့စားကြပါတယ်။



ဝက်နံရိုးကြော်ပါ။



အအီပြေ ကြာဇံသုပ် ချဉ်စပ်ပါ။  ကြာဇံကိုပြုတ်ပြီး မုန်လာဥနီ၊ အော်ဆွန်း( ဆလပ်ရိုး) ပါးပါးသေးသေး ရှည်ရှည် လှီးထည့်၊ ငရုပ်သီး နံနံထည့်ပြီး ပဲငံပြာရည် သံသပုရာသီး၊ ဆား အချိုမှုန့်တို့နဲ့ သုပ်ထားတာ ဖြစ်ပါတယ်.. ကြာဇံက ကြွပ်ကြွပ်ရွရွ လေးမို့ စားလို့ အတော်ကောင်းပါတယ်..


ဝက်စတူးပါ။

ဘေးနားမှာ မုန်ညင်းတွေ ရံထားတာပါ။ ကျွန်မက အသားထက် အခေါက်တို့ အရေပြားတို့ကို ကြိုက်သူမို့ ဒီအခေါက်တွေကို များများစားမိပါတယ်.. ဘေးနားက ညီမလေးတစ်ယောက်က အစ်မ မအီဘူးလား။ ဒီအခေါက်တွေ စားရတာတဲ့။ မအီပါဘူးနော် ကိုယ်က ကြိုက်တာကိုး :)


ကြက်သားနဲ့ မှိုကို စွတ်ပြုတ်ဟင်းရည်ချက်တာပါ။

ကြက်သားကို ဂျင်း၊ ကြက်သွန်ဖြူ၊ ချောက်ကော ပါးကော၊ ပဲငံပြာရည်တို့နဲ့ ပြုတ်ပြီး မှိုထည့်လို့ အချိန်ကြာကြာ ချက်ပြုတ်ထားတာပါ။ အချို့ကတော့ ဆေးမြစ်တွေပါ ထည့်တတ်ကြပါတယ်.. ချဉ်စော်ကားသီး အစိမ်းကိုလည်း ထည့်တတ်ကြပါသေးတယ်။



ပြည်ကြီးငါး ချဉ်စပ်ပါ။

ပြည်ကြီးငါးကို အနေတော် အတုံးလေးတွေတုံးပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ဆီသတ်ပြီး ပြည်ကြီးငါးထည့်ပါတယ်.. ပြည်ကြီးငါး ကျက်ခါနီးမှာ ရှာလကာရည်၊ ငရုပ်သီးဆော့ လောင်းထည့်ပြီး ကြက်သွန်နီ၊  ငရုပ်သီး၊ တရုတ်နံနံ အရိုးတို့ကို ထည့်လို့ ကော်မှုန့် အရည်ဖျော်ထည့်ပြီး ခဏကြာရင် ပြည်ကြီးငါးချဉ်စပ် ရပါပြီ။




ဝက်သားပေါင်း

ဝက်သားကို တောက်ကောက်စင်း၊ ကြက်သွန်ဖြူ၊ ဂျင်းပါထည့်ပြီး ဆားအချိုမှုန့်၊ ကြက်ဥဖောက်ထည့်၊ အလုံးကလေးတွေလုပ်ပြီး  တော်တော်ဆိမ့်တဲ့ အရသာရှိပြီး အထပ်ထပ်လေးတွေဖြစ်နေတဲ့ ပဲဟော့လို့ ခေါ်တဲ့ ဥတစ်မျိုးကို တစ်ထပ်စီခွာပြီး ၀က်သားလုံးပေါ်ကို ကပ်ပါတယ်။ ပြီးတော့ရေအနည်းငယ်ထည့်လို့ ပေါင်းလိုက်ပါတယ်.. ကျက်ပြီဆို အပေါ်ကနေ  ကြက်သွန်မြိတ်လေး ပါးပါးလှီးထည့်ပြီး စားလို့ရပါပြီ။

မုန်ညင်းခရုဆီကြော်ပါ။



ငါးသံပုရာပေါင်းပါ။

ငါးကို အကောင်မပျက်ပေါင်းပြီး သံပုရာသီးညှစ်ထားတာမို့ ချဉ်ချဉ်လေးနဲ့ အအီပြေစေပါတယ်. ငါးသံပုရာ ပေါင်းနည်းကို အရင်က ရေးခဲ့ဖူးပါသေးတယ်။


သိပ်ချစ်စရာကောင်းအောင် ပြင်ဆင်ထားတဲ့ ဟင်းပွဲလေးပေါ့။

ဝက်သားပြား၊ ၀က်နားရွက်၊ ပဲပြားကြော်တွေကို အချဉ်နဲ့ တို့စားဖို့ ဖြစ်ပြီး အပေါ်မှာ အနီရောင် တရုတ်စာလေးနဲ့ ပုံဖော်ထားတာကို အစက ဖရဲသီးလို့ ထင်ပေမဲ့ ဖရဲသီး မဟုတ်ပါဘူး။ မုန်လာဥဖြူကို စာလုံးထွင်းပြီး အနီရောင်ဆေးဆိုးထားတာ ဖြစ်ပါတယ်။ စာလုံးလေးက တရုတ်လို  “ရှီ” လို့ခေါ်ပြီး မြန်မာလိုတော့ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံစွာ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသောလို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။ မေးထားတာပါ။ မှားရင်တော့ ပြင်ပေးသွားကြပါ။


ကောက်ညင်းအချိုပေါင်းပါ။ တော်တော်လေးဝေးနေတော့ ပုံက ခပ်ဝါးဝါးလေးဖြစ်နေပါတယ်။ အထဲမှာ ပဲနဲ့ ထန်းညက်ကို ကြိတ်ချေပြီး ထာပနာထားပါတယ်


မင်္ဂလာကိတ်ကလည်း ပန်းတွေ လှလွန်းလို့ မနေနိုင်လို့ ရိုက်မိပြန်ရော။


ကိတ်ပေါ်က အသီးတွေကိုလဲကြိုက်တယ် :)



အစားအသောက်တွေကို သဘောကျမိရင်း ပြုံးပြုံးရယ်ရယ် ပျော်ပျော်ရွှင်ရွှင် ဆုတောင်းလိုက်မိတာက ညီမလေးလို ချစ်ခင်ရပါသော ညီမမိုးရဲ့ ကျက်သရေ မင်္ဂလာရှိသော ချစ်သူများနေ့မှာ ကျင်းပတဲ့ မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်း များစွာတိုင် တွဲလက်ခိုင်ခိုင် မြဲနိုင်ကြပါစေလို့။ စားကောင်းသောက်ဖွယ်များလည်း အလျှံပယ် ကျွေးမွေး နိုင်ကြပါစေကြောင်း  :)


26 Responses to “ချစ်တတ်သူတို့နဲ့ တစ်နေ့တာ”

mg han said...

ပတောက်...ပတောက်...ပတောက်...
သရေ..ကျသံ...:D

ဝက်ဝံလေး said...

သာမီးက ရွှေချောကျွေးတဲ့ အစားစာကိုမှ စားချင်တာ စားချင်တာ ခုတော့ ငမ်းသွားရုံလေးပဲ

ရွှေချောရေ ... ဘယ်တော့စားရမှာလဲဟင် ....

Anonymous said...

ဒါနဲ့ပဲ ယူသွားတဲ့ လက်ဆောင်နဲ့ တန်အောင်
အသကုန် စားလာတယ်ပေါ့လေ။ သတင်းရသားပဲ
နောက်ဆုံး ကရိမ်းနဲ့မပြီး ကားပေါ်တင်ရတယ်တဲ့ 
:P :D :) စားတာနဲ့ မပြီသေးဝူး ပန်းစည်းပါလိုချင်သတဲ့
သတို့သမီးကို လှတယ်ပြောပါလား ... ပန်းစည်းလှတယ်လို့ ပြောသတဲ့ .... ကိုယ်ဆိုရင်တော့
ဟင်း ဟင်း ပြောတော့ပါဝူးလေး) တ့ာတာနော်ချောလေး :P


Baby taster

rose said...

အိုးးး အပေါ်ဆုံးက ပုဇွန်ကင်နဲ့ ဘဲကင် အစားချင်ဆုံးပဲ။ ပာုတ်ပနော်။ ပြင်ထားတာလေး လှလိုက်တာ။ အစ်မချော ကျွေးတဲ့ မင်္ဂလာ အစားအစာလေးတွေလည်း စားချင်ပါတယ်။ အင်း... ပြောသာ ပြောရတယ်။ တို့ အစ်မက အပျိုကြီး လုပ်မယ်လို့ ပြောသံတော့ ခဏ ခဏ ကြားမိနေသလားလို့။

ဘဲကင်ကျောက် said...

စားရခါနီးပြီထင်တယ်...မချောတို့ ရွာပြန်ပြီး..
.....................သတင်းတွေကြားနေတယ်နော်...

မချောရေ အကုန်လုံးစားချင်စရာတွေပါပဲလား

ချစ်သူများနေ့မှာ အပီရိုက်လာခဲ့တယ်ပေါ့..
ပုံလေးတွေကြည့်သွားတယ်..
ငါးသံပုရာပေါင်းတစ်ခေါက်လုပ်ကြည့်အုံးမယ်..

Crystal said...

ချောကိုယ်တိုင် ကျွေးတာကိုမှ စားချင်တာ :P

ဆွေလေးမွန် said...

ဟားဟား မုန်းတယ် ဆိုပေမယ့် မေးရအုန်းမယ်
မချောရေ... ဘယ်တော့ မချောကိုယ်တိုင်ကျွေးမှာလဲလို့..


:) :) :)

တိနေတယ်နော်.. တိနေတယ်..
ပျောက်သွားလို့....
မင်္ဂလာကိတ်ကလည်း လှလွန်းလို့ မစားရက်တော့ပါဘူးမချောရယ်...
ချစ်တဲ့
သဒ္ဓါ

ခရီးသွားတာ မုန့်ပါလား... ကျွေးရမယ်..

ချောရေ။

ကျွန်မလည်း ၀က်သားဆိုအသားထက် အခေါက်ပိုကြိုက်တယ်။

အထပ်ထပ်ဖြစ်နေတဲ့ ပဲဟော့ ဆိုတာဘယ်လိုမျိုးလဲဟင်။ ပဲ လား။

ချောအလှည့် လာခါနီးနေပြီ ဆိုပဲ။
ခင်မင်လျှက်

ရက်စက်လိုက်တာဗျာ.. မချောသိပ်ရက်စက်တယ်... အဟင့်... နေ၀သန်ခုံအောက်က ပုန်းတောင် သွားရည်တွေနဲ့ပြည့်နေပြိ.... :D...

ခင်မင်တဲ့
နေ၀သန်

Maung Myo said...

နောက်ကားတွေကျော်တက်ကုန်ပြီး အစ်မချောချောရေး)

ဒကာမချောရေ ဆွမ်းစားပြီးမှ ကြည့်ရမှာ ခုတော့ ဆွမ်းမစားခင်မှာ ကြည့်လိုက်တော့ သိတယ်မလား
ကျန်းမာပျော်ရွှင်ပါစေ...

အော်.. ဒေါ်ချောလဲ တစ်နေ့ အဲလိုကျွေးလေ လာကို စားဦးမှာဗျာ

မေဓာဝီ said...

ဟင်းပွဲတိုင်း ပါအောင်ရိုက်နိုင်ပြီး ချက်နည်းတွေအားလုံး သိတဲ့ချောကိုတော့ အဟုတ်ကို ချီးကျူးတယ်။ ဒါနဲ့ ဓာတ်ပုံရိုက်ရုံတင်မဟုတ်ဘူး ပါဆယ်ပါ ဆွဲခဲ့တယ် မဟုတ်လား။ :))

kiki said...

ဘလော့ဂါဆိုတော့လည်း မြင် မြင်ရာ ရိုက်ချင်နေတော့တာပဲ နော် ...
အရိုက်ကောင်းလို့  ဘယ်နှစ်ပွဲ လွတ်သွားပြီလဲ မသိ ..း))
( အို..... ထူးဆန်းလှစွာပဲ..ဘာပုံ မှ မမြင်ရ ပါလား... ဪ.. ဒါ လည်း တမျိုး ကောင်းပေစွ.. သွားရည်တောက်တောက် မကျရပေတော့ဘူး ...ဟင်းး နော်..း(( ..)

ကိုကိုမောင်(ပန်းရနံ့) said...

အမချော..
ဟင်းတွေက များလှချည်လား။ အမ ခွက်တွေ အားလုံးစေ့အောင် နှိုက်ခဲ့လားမသိဘူး။ ဒါမှမဟုတ် ဓါတ်ပုံရိုက်နေရတာနဲ့ စားဖို့များ မေ့နေခဲ့မလားမသိ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

T T Sweet said...

ဗာလင်တိုင်းစ်ဆိုပြီး အစားအသောက်တွေနဲ့ နှိပ်စက်ထားတယ် ...အဟင့် ... ချားချင်ပြန်ပြီ ...

ahphyulay said...

အင်း ...
မချော ရေ ၊ ဗယ်လင်တိုင်းထက် အစားက
ပိုမိုက်နေတယ်ဗျ ။

မြစ်ကျိုးအင်း said...

ဓါတ်ပုံလည်းရိုက်ပြီးရော ဟင်းပွဲတွေလည်း သူများနိုက်တာနဲ့ ပြောင်သလောက်ဖြစ်ရောပေါ့

SHWE ZIN U said...

ညီမ ချောရေ

ဘိုက်ဆာဆာ နဲ့ သေချာကြည့်ပြီး ပြန်သွားတယ် ညီမ လည်း ဝဲပျောက် အမ လည်း ဝဲပျောက်လို့ ပြန်ချိတ်ထားမယ်နော်

ဟင်းတွေက ကောင်းလိုက်တာနော် စားကောင်းမှာဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

nYi ThU E@in said...

သူများတွေ မေးကုန်ကြပြီ
ဘယ်တော့လဲတဲ့....
ဖြေလိုက်လေ..မချော...။
အပူမရှာချင်ချင်လို့ အေးဆေးပဲ နေနေတာလို့..။

ညီလင်းသစ် said...

ဓါတ်ပုံတွေ ဟိုဖက်လှည့်ရိုက်လိုက်၊ ဒီဖက်လှည့်ရိုက် လိုက် လုပ်နေတာကို မြင်နေမိတယ်..း)၊ ဟင်းတွေက တော့ အထူးပြောစရာ မလိုအောင် စားချင်စဖွယ်ပါပဲ။

အားကျစရာကြီးပါလားနော်...ဂလု (အစားအစာတွေကြည့်ပြီး သွားရည်ကျတာပါ) :D