ရှမ်းပြည်မြောက်ပိုင်းက မူဆယ်လမ်းသို့



ကျွန်မဟာ ခရီးသွားရတာကို အလွန်ဝါသနာပါပါတယ်.. ဘယ်ကိုမှ မသွားဘဲ တစ်နေရာထဲမှာ အချိန်ကြာကြာ ငြိမ်နေရပြီဆိုရင်  ခရီးသွားချင်စိတ်က မနေနိုင် မထိုင်နိုင် ဖြစ်လာတတ်ပါတယ်.. ခရီးထွက်ရာကနေ ရရှိတဲ့ စိတ်ပျော်ရွှင်မှု၊ အတွေ့အကြုံ၊ နေရာဒေသ အသစ်အဆန်း၊ လူမှုအသိုင်းအ၀ိုင်း အသစ်နဲ့ မတူညီတဲ့ ဒေသ အစားအစာတို့ကို စိတ်ဝင်စားမိသလို ၊ အတွေ့အကြုံ အသစ်အဆန်းတွေဟာလည်း  ခရီးသွားရာကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေ ဖြစ်ပါတယ်.. တခါတရံတော့လည်း ခရီးသွားရင်း စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးလဲ ကြုံနိုင်ပါသေးတယ်.. ဘယ်လိုဘဲဖြစ်ဖြစ် ခရီးသွားပြီ ဆိုကတည်းက သွားသူအတွက် တစ်ခုခုတော့ ရခဲ့တာဘဲ ဖြစ်ပါတယ်။




ကျွန်မတို့ တက္ကသိုလ်ကျောင်းတက်စဉ်က ကျောင်းသူဘ၀မှာ Excursion (အပျော်လေ့လာရေးခရီး) တွေကို ကျောင်းသားတွေ အုပ်စုလိုက် ခရီးထွက်တာ သိပ်တွင်ကျယ်ခဲ့ပါတယ်.. အဲဒီတုန်းကတည်းက ကျောင်းသားတွေ စုပြီးထွက်ကြတဲ့ ခရီးကို ကျွန်မက တစ်နှစ်ကို တစ်ခေါက်တော့ လိုက်ဖြစ်အောင် လိုက်ပါတယ်.. တစ်နှစ်နဲ့တစ်နှစ်လဲ သွားတဲ့ နေရာဒေသကို မတူတဲ့အဖွဲ့နဲ့ လိုက်ဖြစ်ပါတယ်.. ကိုယ့် မေဂျာက မဟုတ်ဘဲ တစ်ခြားမေဂျာက စီစဉ်တဲ့ ခရီးတွေကိုပါ သွားမဲ့နေရာကို သဘောကျရင် လိုက်ဖြစ်ပါတယ်.. အခုအချိန်မှာတော့ တက္ကသိုလ် ကျောင်းသားတွေစုပြီး Excursion ထွက်တာကို ကျောင်းတွေက ခွင့်ပြုမပြု မသိတော့ပေမဲ့ ကျွန်မတို့တက္ကသိုလ်  တက်စဉ်မှာတော့ သက်ဆိုင်ရာ ပါမောက္ခတွေက ခွင့်ပြုလေ့ ရှိကြပါတယ်. ပျော်စရာလဲ သိပ်ကောင်းပါတယ်။ ကျောင်းသားဘ၀မှ နေရာစုံအောင် ရောက်ထားဖူးတာ အကောင်းဆုံးပါဘဲ။ လုပ်ငန်းခွင်ဝင်ရောက်ရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သလို အခြေအနေလဲ ပေးတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ တစ်နှစ်ကို ခရီးတစ်ခုတော့ ထွက်ဖြစ်အောင် ကြိုးစားခဲ့ခြင်းပါ။ ဒါဟာလည်း တကယ်တော့ မှန်ပါတယ်.. ကျောင်းတက်တုန်းက နေရာဒေသ တော်တော်များများကို ရောက်ဖြစ်ခဲ့လို့သာပါ။ လုပ်ငန်းခွင် ၀င်ရောက်ကြပြီဆိုရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြတော့ပါဘူး။ ခုချိန်မှာတော့ အလုပ်တစ်ဖက်နဲ့မို့ ခရီးကို များများစားစားထွက်ဖို့ မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။


 တောင်ခိုးနဲ့တိမ် ရောယှက်လိမ်


တိမ်တွေပေါ်မှာ ခရီးနှင်
ကွေ့ကာ ၀ိုက်ကာ တောင်တန်းပေါ်မှာ



တောင်တောရယ်သာ

လွန်ခဲ့တဲ့ ၂ပတ်လောက်က မမျှော်လင့်ဘဲ ခရီးတွေ သွားဖြစ်ခဲ့ပါတယ်.. မန္တလေး - ရန်ကုန်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ကြောနဲ့ နေပြည်တော် ခရီးစဉ်တို့ ဖြစ်ပါတယ်။ ခရီးသွားနေတုန်းမှာ ဘလော့ဂ်ကိုတော့ ပိုစ့်တွေ အဆက်မပြတ်အောင် Schedule နဲ့ တင်ပေးဖြစ်ခဲ့ပါတယ်။ နေပြည်တော် မြို့သစ်ကြီး အကြောင်း ကိုတော့ နောက်ရက်တွေမှာ ဓာတ်ပုံတွေ တင်ပေးချင်ပါသေးတယ်။ နေပြည်တော်မှာ မကြာခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ဆာဖာရီ ဥယျာဉ်ကြီးကိုလဲ ရောက်ဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကတော့ ခုရာသီဟာ အေးသေးတဲ့ အချိန်ဖြစ်တာကြောင့် ခရီးသွားလာလို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်.. လမ်းလဲကောင်းတာမို့ မန္တလေးကနေ မနက် ကားစီးရင် မူဆယ်မြို့ကို တစ်ရက်ခရီးနဲ့ ရောက်နိုင်ပါတယ်.. ရန်ကုန်မြို့ကနေ သွားချင်သူများအတွက် ရန်ကုန်-လားရှိုး ပြေးဆွဲနေပြီ ဖြစ်တဲ့ ရွှေမန္တလာ၊ တက်လမ်း၊ မန်းရွှေပြည်၊  စတဲ့ Express အမြန်ကားလိုင်းတွေ ရှိနေပြီဖြစ်သလို Air Bagan က ပြေးဆွဲတဲ့ လေကြောင်းလိုင်းနဲ့လည်း သွားလာလို့ ရပါတယ်. လားရှိုးရောက်တော့မှ ဗင်ကား၊ ဆလွန်းကားတို့နဲ့ ၄နာရီနဲ့ ၅နာရီကြား ဆက်ပြီး စီးမယ်ဆိုရင် နယ်စပ်မြို့လေးဖြစ်တဲ့ မူဆယ်မြို့ကို ရောက်ပါတယ်။ နောက် မိနစ်၂၀ခန့် ဆက်သွားရင်တော့ နမ့်ခမ်းမြို့လေးကို ရောက်နိုင်ပါတယ်။




ပန်းချီဆန်ဆန်

ခပ်ဝေးဝေးက လွမ်းစရာ တောင်တန်းများ


သဘာဝတရားရဲ့ အလှ


တောင်ပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းတစ်ခု

ဝင်းဝါနေတဲ့ ပန်းနှမ်းစိုက်ခင်း


လမ်းဘေးက ထင်းရူးစိုက်ခင်းများ


ယူကလစ်တော



မူဆယ် မန္တလေးလမ်းတစ်လျှောက် ဖြတ်သန်းသွားရတဲ့ မြို့တွေကတော့ ပြင်ဦးလွင်၊  နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ သန္နီ စတဲ့မြို့တွေ ဖြစ်ပါတယ်..ရှမ်းပြည်နယ်လို အသီးအနှံပေါတဲ့ ဒေသမှာ ခရီးသွားရတာ ဆိုင်တွေမှာ ရောင်းတဲ့ မက်မန်း၊ ဆားငံသီး၊ စတော်ဘယ်ရီယို၊ မက်ခေါက်သီး၊ နွားနို့ထွက်ပစ္စည်း၊ လိမ္မော်သီး၊ ကဗ္ဗလာသီး၊ နဂါးမောက်သီး၊ နာနတ်သီး၊ သရက်၊ စတာတွေက လမ်းတစ်လျှောက်မှာ ၀ယ်ချင်စရာ တွေ့ရတာကိုက ပျော်ဖို့ ကောင်းလှပါတယ်။  ခရီးတစ်လျှောက် ဓာတ်ပုံကောင်းကောင်းလေး ရိုက်ချင်ပေမဲ့ မြူတွေ ဖုံးနေတာကြောင့်ရော၊ အမြန်မောင်းနေတဲ့ ကားပေါ်ကနေ ရိုက်ရတာကြောင့်ရော၊ professional ကင်မရာ မဟုတ်တာကြောင့်ရော လှပ အရည်သွေးကောင်းကောင်း မဟုတ်တဲ့ သာမန်ဓာတ်ပုံလေးတွေကိုဘဲ မန္တလေး မူဆယ် လမ်းကို မဖြတ်ဖူး၊ မသွားဖူးသေးတဲ့ ချစ်သော မိတ်ဆွေ သူငယ်ချင်းများ၊ ရောက်ဖူးသူများလည်း တစ်ဖန် ပြည်လည်ခံစား ကြည့်ရှုနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။ လားရှိုးမြို့ဟာ ရှမ်းပြည် မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တာကြောင့် စည်းကားပြီး သာယာလှပပါတယ်။

လားရှိုးမြို့ တောင်ပေါ်ဘုရား

လားရှိုးကားဂိတ်


လှပတဲ့ လားရှိုးမြို့တွင်းမြင်ကွင်း


လားရှိုးမြို့ မြို့တော်ခန်းမ


မြို့အ၀င်

လမ်းဘေးက မြင်တွေ့ရတဲ့ လားရှိုးနည်းပညာတက္ကသိုလ်

ရွှင်လန်းချမ်းမြေ့ပါစေ တဲ့ လားရှိုးမြို့က နှုတ်ဆက်နေပါတယ်


သိန္နီမြို့အ၀င်

မိုးရာသီဆိုရင်တော့ ကြာပန်းတွေ ဝေဆာလှပနေတဲ့ သိန္နီမြို့အ၀င် ရေကန်ကြီးပါ။






တရုတ်ကိုပို့မဲ့ ဖရဲသီးများ


မူဆယ်မြို့ဟာ တရုတ်ပြည်နယ်စပ်နဲ့ ထိစပ်နေတာမို့ ကုန်သွယ်ရေးအရ အရေးပါတဲ့မြို့ ဖြစ်တာကြောင့် စည်ကားတဲ့အပြင် လမ်းခရီးလဲ ကောင်းမွန်ပါတယ်။ မန္တလေး မူဆယ်လမ်းဟာ တရုတ်ပြည်ကို ပို့ကုန်များနဲ့ တရုတ်ပြည်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားကြီးတွေ အမြဲမပြတ် သွားလာနေတဲ့ လမ်းဖြစ်ပါတယ်။ ဒါကြောင့် တရုတ်မြန်မာ ကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက် အလွန်အရေးပါလှတဲ့ လမ်းဖြစ်ပါသလို နိုင်ငံအတွက် ၀င်ငွေများစွာ ရှာဖွေပေးနေတဲ့ လမ်းတစ်ခုလည်း ဖြစ်ပါတယ်။


စိမ်းကြည်နေတဲ့ ဒုဌ၀တီ မြစ်ရေ

လမ်းအသုံးပြုခ ကောက်ခံတဲ့ Asia World Tool Gate

နှစ်တမ်းလဲကြာ၊ ကြံ့ခိုင်မှုလည်း အားနည်းနေပြီဖြစ်တဲ့ သီပေါတံတား ( မလှမ်းမကမ်းမှာ တံတားအသစ်တစ်စီး ပြန်လည် တည်ဆောက်နေတာ တွေ့ရပါတယ်)


ခရီးသည်တင် Express ကားများ

ယခင်ကတော့ မူဆယ်မြို့ကို ဗင်ကား၊ ဆလွန်းကားတို့လို ကားမျိုးတွေနဲ့သာ သွာလာနိုင်ပေမဲ့ သိပ်မကြာ သေးခင်ကမှ Express ကားကြီးတွေနဲ့ သွားလာခွင့်ပေးလိုက်ပြီ ဖြစ်လို့ မြတ်မန္တာလာထွန်း၊ ရွှေလီဦး၊ တက်လမ်း အစရှိတဲ့ Express ကားကြီးတွေနဲ့ သက်သောင့်သက်သာ သွားလာနိုင်ပြီ ဖြစ်ပါတယ်. မြန်မာပြည်ရဲ့ ဘယ်ဒေသမှာမှ လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးသေးချိန်မှာ စိုင်းဆိုင်မောဝ်ရဲ့ မူဆယ်နမ့်ခမ်းလမ်း သီချင်းထဲက “လမ်းတွေက ဆိုးဆိုး၊ ချိုင့်တွေက ပေါပေါ ဇောချွေးကလေးများ ပြန်နေအောင်မောင်းတယ်” ဆိုပြီး သီဆိုခဲ့ရလောက်အောင် အလွန်ဆိုးဝါးလှတယ်လို့ တစ်ချိန်က နံမည်ကျော်ခဲ့တဲ့ လမ်းမကြီးဟာ Asia World ရဲ့ ကောင်းမှုနဲ့ ကတ္တရာခင်း လမ်းမကြီး စောစောစီးစီး ဖြစ်ခဲ့ပါတယ်။ ခုချိန်ထိလည်း Asia World က ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေဆဲနဲ့ လမ်းအသုံးပြုခ ကောက်ခံနေဆဲ လမ်းမကြီးတစ်ခု ဖြစ်ပါတယ်။ မန္တလေး- မူဆယ် လမ်းမကြီးဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်လောက်က   မြန်မာပြည်မှာ အကောင်းဆုံး လမ်းတစ်ခုရယ်လို့ ထင်ရှားခဲ့ဖူးပါတယ်.. ခုခေတ်မှာတော့ ရန်ကုန်မန္တလေးလမ်းမကြီးတို့၊ အသစ်ဖွင့်လှစ်လိုက်တဲ့ နေပြည်တော် အမြန်လမ်းသစ်ကြီးတို့ ပေါ်လာပြီဖြစ်လို့ မန္တလေး မူဆယ်လမ်းဟာ သာမန်အနေအထား လမ်းတစ်ခု ဖြစ်သွားရပါပြီ။





ကွတ်ခိုင်မြို့အနီးက လွိုင်ဆမ်ဆစ် လို့ ရှမ်းလို အမည်ရတဲ့ တောင်သုံးဆယ်


စိုင်းထီးဆိုင် သီချင်းထဲက လွိုင်ဆမ်ဆစ် 


သစ်ပင်တွေ မရှိတဲ့ တောင်ကတုံးများ



ရှမ်းပြည်မြောက်ပိုင်းဟာ တောင်တန်းတွေပေါများလှပေမဲ့ တောင်တွေ တော်တော်များများဟာ သစ်ပင်များစွာ မပေါက်နိုင်တဲ့ ထုံးကျောက်တောင်ကြီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်.. တောင်ထိပ်တွေမှာဆို သစ်ပင်ရယ်လို့ လုံးဝမရှိဘဲ ခြောက်သွေ့အထီးကျန်နေပြီး တောင်ကတုံးတွေ အဖြစ်တွေ့ရပါတယ်။ ထုံးကျောက်လွှာတွေ အောက်မှာ ခရုခွံ၊ ယောက်သွား အစရှိတဲ့ ပင်လယ်နေ သတ္တ၀ါတို့ရဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိရတာကြောင့် ရှမ်းကုန်းပြင်မြင့်ဟာ တစ်ချိန်က ပင်လယ်သမုဒ္ဒရာအောက်မှာ တည်ရှိခဲ့တယ်လို့ ပညာရှင်တွေက ပြောဆိုကြပါတယ်။ လမ်းတွေဟာ တောင်တွေကို ကွေ့ပတ်ပြီး ဖောက်လုပ်ထားတာမို့ အကွေ့အကောက် အလွန်ပေါများလှသလို ဖြောင့်ဖြူးနေတဲ့ နေရာတွေလဲ ရှိပါတယ်။

ထုံးကျောက်တောင်ကြီးများ


ဂုတ်တွင်းအဆင်း တစ်နေရာ


 

ကျွန်မအနှစ်သက်ဆုံး နေရာဖြစ်တဲ့ ဂုတ်တွင်းအဆင်းအတက်လမ်း


မန္တလေး မူဆယ် လမ်းတစ်လျှောက် ကျွန်မ သဘောအကျဆုံးနေရာကတော့ ရထားဖြတ်တဲ့ .. ဂုတ်ထိပ်တံတားလည်း ရှိပြီး နက်ရှိုင်းလှတဲ့ ချောက်ကြီးဖြစ်တဲ့ ဂုတ်တွင်းကို ဖြတ်ကာ ဖောက်လုပ်ထားတဲ့ အလွန်လှပတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ တောင်အောက်ကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ကွေ့ကာ ၀ိုက်ကာ ကျော်ဖြတ်ရတဲ့ အလှဆုံးလမ်းတစ်ခုနဲ့၊ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး နေရာဆိုလည်း မမှားပါဘူး။ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်နဲ့ တောင်အောက်ကို ဆင်းသွားပြီးမှ တစ်ဖန် ကွေ့ကောက်စွာဘဲ တစ်ဖက် တောင်ထိပ်ရောက်အောင် ပြန်တက်ရတဲ့ လမ်းဖြစ်ပါတယ်။ ကားသမားတွေ အတော်သတိထားပြီး မောင်းရတဲ့ နေရာလည်း ဖြစ်ပါတယ်... ညအခါဆိုရင် အဲဒီနေရာမှာ ကားကြီးတွေဟာ ရောင်စုံမီးလုံးလေးတွေ လင်းလက်နေပြီးတော့ ကွေ့ကာ ၀ိုက်ကာနဲ့ ဖြေးဖြေးချင်း တက်နေကြတဲ့ မြင်ကွင်းက တကယ့်ကို ရှုမညီးစရာ ဖြစ်ပါတယ်။ အဲဒီနေရာလေးဟာ တောတောင် ထူထပ်ပြီး သစ်ပင်ကြီးငယ်များ တောအုပ်များ အုံ့အုံ့ဆိုင်းဆိုင်း ပေါက်ရောက်နေပြီး တောရိပ်တောင်ရိပ်တွေနဲ့မို့ အေးချမ်းလှတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။



အသည်းတထိတ်ထိတ် ရင်တဖိုဖို



ကွေ့ကာဝိုက်ကာ


မထင်မရှား ခပ်ဝါးဝါးနဲ့ ဂုတ်ထိပ်တံတား


 ခပ်ဝေးဝေးကနေ ရိုက်ယူလိုက်တဲ့ ဂုတ်ထိပ်တံတား



 အပင်က လတ်လတ်ဆတ်ဆတ် ခူးရောင်းတဲ့ လိမ္မော်သီးများ

နဂါးမောက်သီးခြံတွေလဲ ရှိပါတယ်




ဝင်းဝါနေတဲ့ မုန်ညင်းပွင့်များ

ရှမ်းပြည်နယ်မှာ မုန်ညှင်းပွင့်တွေ မှည့်လာရင် အခြောက်ခံပြီး လက်ဖက်အစား  မုန်ညှင်းပွင့်ခြောက်ကိုခပ်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးကြပါတယ်.. အနံ့လေးကို တစ်မျိုးလေး မွှေးပြီး အရသာလဲ ကောင်းလှပါတယ်။ မူဆယ်မြို့အကြောင်းနဲ့ ရှမ်းပြည်နယ်ရဲ့  အစားအသောက် အကြောင်းကိုတော့ နောက်များမှ သီးသန့် ရေးပါဦးမယ်။ ခုတော့ ဒီလောက်နဲ့ အဆုံးသတ်ပါရစေနော်။


အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....


32 Responses to “ရှမ်းပြည်မြောက်ပိုင်းက မူဆယ်လမ်းသို့”

Anonymous said...

Thanks for sharing us.
Nice post.
I hope another one.

မေဓာဝီ said...

ဒီပို့စ်လေး ဖတ်ရတာ မရောက်ဖူးတဲ့ နေရာတွေ ချောနဲ့ အတူ လိုက်သွားရသလိုပဲ။ ပုံတွေဝေေ၀ဆာဆာနဲ့ ကြည့်ရ ဖတ်ရတာ ဒေသန္တရ ဗဟုသုတ အလွန်ရပါတယ်။

မြန်မာပြည်မှာ အဖြစ်စေချင်ဆုံးက လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့ပဲ။ သူများနိုင်ငံတွေမှာ နိုင်ငံတွင်း ဘယ်ဒေသကို မဆို ခရီးသွားရတာ အဆင်ပြေတိုင်း မြန်မာပြည်ကိုလဲ အဲဒီလို အရမ်းဖြစ်စေချင်တယ်။
အေးရှားဝေါက လမ်းတွေ ဖောက်တာ ကောင်းသွားတယ်ဆိုလို့ ၀မ်းသာတယ်။ လမ်းအသုံးပြုခကောက်ခံပြီး ဆက်လက် ထိမ်းသိမ်းပြုပြင်ဖို့လဲ အရေးကြီးသေးတယ်။

ဒေသတိုင်း တန်းတူ တိုးတက်မှုရှိဖို့က လမ်းပန်းဆက်သွယ်ရေး အဓိက ကျတယ် ထင်တာပဲ။

ကိုယ်ကိုတိုင် သွားလိုက်ရသလိုပဲ..
စိတ်ချမ်းသာလိုက်တာ ချောရယ်။

ညီလင်းသစ် said...

ပုံတွေ အများကြီးကို တဝကြီး ကြည့်လိုက်ရတယ်၊ လားရှိုးအထိ ရောက်ဖူးပြီးတော့ မူဆယ်ကို မသွားခဲ့ရလို့ အခု ဒီပုံတွေကို စိတ်ဝင်စားပါတယ်၊ ပန်းနှမ်းစိုက်ခင်း ပုံလေးကိုလည်း သဘောကျတယ်၊ လမ်းတွေကလည်း တော်တော့်ကို ကောင်းနေတာပဲ၊ ဝမ်းသာပါတယ်ဗျာ..၊

ပုံတွေအများကြီးနဲ့ အခုလို မျှဝေတာ ကျေးဇူးပါ မချောရေ...။

လမ်းသလားတဲ့ကျောက် said...

ဒီလမ်းလေးကို မရောက်တာ အနှစ် ၂၀ ရှိပေမဲ့ ရှုခင်းတွေကတော့ မပြောင်းလဲသေးဘူးနော်..
အရင်ကတော့ လမ်းမှာ ည အိပ်ရတဲ့အခါတွေလဲရှိရဲ့..
လွိုင်ဆမ်ဆစ် မှာ လမ်းကဆိုးလွန်းတော့ မူဆယ်ကနေ လားရှိုးကို ဆိုင်ကယ်နဲ့ ဆင်းတာ ရင်ပတ်တွေနာတာ..သတိရမိတယ်..ခုကြီးလာတော့ အဲလို အကြမ်းမခံနိုင်တော့ဘူး..တနေ့ ကို မိုင် ၇၀၀ လောက် ဟိုင်းဝေးမောင်းရရင်ကို ဖလက်ပြနေပြီ

အတော်ကောင်းတဲ့ ရှုခင်းလေးတွေ ကြည့်ရတာ စိတ်ကို လန်းသွားတာဘဲ။ အဲဒီလို ခရီးသွားရတာမျိုး ကြိုက်ပါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

အရင်တုန်းကရောက်ဖူးတဲ့လမ်း၊ နေခဲ့ဘူးတဲ့မြို့လေးရဲ့ပုံတွေကြည့်လိုက်ရတာကျေးဇူးတင်ပါသည်၊
လမ်းကတော့ တော်တော်ကောင်းသွားပါလား၊ နောင်ဒီထက်မက ဖွံဖြိုးလာနိုင်သော ဒေသဖြစ်နိုင်ပါသည်

မချောရေရှုခင်းလေးတွေလာကြည့်သွားပါတယ်။အလိုခရီးသွားရတာပျော်စရာကြီးနော်။လမ်းခရီးကစားစရာပုံလေးတွရောမရိုက်ခဲ့ဘူးလား!

ငွေစန္ဒာ said...

မချောရေရှုခင်းလေးတွေလာကြည့်သွားပါတယ်။
အလိုခရီးသွားရတာပျော်စရာကြီးနော်။
လမ်းခရီးကစားစရာပုံလေးတွရောမရိုက်ခဲ့ဘူးလား!

JohnMoeEain said...

visited together with u @ virtual world :P

မူဆယ်မရောက်ဖူးဘူးအချောရယ်။သွားချင်လိုက်တာ။ ရှုခင်းကလည်းလှ။ ရာသီဥတုလေးကလည်း သာယာပါ့နော်။ မချောပြောသလိုပဲ ငယ်တုံးမှာခရီးတွေသွားထားသင့်တယ်။ ညီမလည်း ဆယ်တန်းအောင်ခါစက မောင်နှစ်မ၀မ်းကွဲတွေနဲ့ မြန်မာပြည်အနှံ့ခရီးထွက်လိုက်တာ တော်တော်စုံစုံကိုရောက်သွားတယ်။ နောက်ပိုင်းတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဘယ်မှ သိပ်မသွားဖြစ်တော့ဘူး။ အခုဆို ပိုဆိုးပြီပေါ့။ စာရေးဆရာအားဖို့နဲ့ ကိုယ်အားဖို့ကို မနည်း ညှိနေရတယ်။

မူဆယ်ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဘဲ တစ်ခေါက်ရောက်ဖူးတယ်။ အဲတုန်းကတော့ ကားမူးနေတော့ ရှုခင်း အလှအပကို မခံစားမိလိုက်ဘူး။ :D အစ်မရိုက်ခဲ့တဲ့ ပုံလေးတွေက လှလိုက်တာ..ဂုတ်တွင်း အဆင်းအတက်လမ်း ပုံလေးကို အကြိုက်ဆုံး။ :)

Evy said...

ရှုခင်းတွေလှလိုက်တာ။ အဲလိုမျိုးနေရာတွေကိ အရမ်းသဘောကျတယ်။ အခွင့်သာရင်တော့ ရှမ်းပြည်နယ် ကိုခရီးထွက်ချင်သေးတယ်။

ဆွေလေးမွန် said...

ပုံတွေတစ်ဝကြီးကြည့်ရတာ ကြည်နူးလိုက်တာ.
ရောက်ဖူးချင်တယ်...
တစ်ခါမှမရောက်ဖူးဘူး...

သြော်...ဒါကြောင့်ငါ့အစ်မပျောက်နေတာကိုး....

ညီမလေးလည်း အဲလိုခရီးတွေသွားချင်တာ...း(

မျှဝေပေးလို့ကျေးဇူး....များများတင်ပေးဦးနော်။

nYi ThU E@in said...

မချောကို စာရေးကောင်းတယ်ပဲ ထင်ထားတာ။
လက်စသတ်တော့ သူ့တစ်ကိုယ်လုံး အနုပညာသွေးတွေ စီးနေတာပါလား..။
သိသလောက်တော့ ဓာတ်ပုံအနုပညာကို ရသမြောက်အောင် ရှုထောင့်သစ်ကနေ ရိုက်ပြနိုင်တာ ကိုညီလင်းသစ်ပဲ တွေ့ဖူးသေးတယ်.။ ခုတော့ မချောပါတိုးလာပြီ.။
ဒါတောင် အောက်ဒိုးကင်မရာနဲ့ မဟုတ်လို့သာပဲ။

blackcoffee said...

ရှုခင်းလေးတွေက လှလိုက်တာ...
ကျွန်တော်လဲ အဲဒီဘက်တွေ ရောက်ဖူးချင်တာ...
ဒါပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ပါဘူးလေ။ မြန်မာပြည် အပြီးပြန်မှာ မြန်မာပြည်တပတ် ခရီးထွက်မယ်လို့ စိတ်ကူးထားတယ်။ ဗဟုသုတလေးတွေ ဝေမျှ ပေးတဲ့အတွက် ကျေးဇူးပါ မချော...

shwezinu said...

ညီမ ရေ

ပုံလေးတွေ စေတနာပုံလေး တွေကောင်းပါတယ် အမတောင် သွားချင်စိတ်ပေါက်လာတယ် အေးဆေးမှ လာလည်မယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချောရေ ရှမ်းပြည်တောင်ပိုင်းသားသာ ဖြစ်နေတာ၊ ရှမ်းပြည်မြောက်ပိုင်းကို မရောက်ဖူးသေးဘူး၊ အေသင်ချိုဆွေသီချင်းလို "နီးလျက်နဲ့ဝေး၊ မဆုံနိုင်လို့ဆွေး"လို ဖြစ်နေပြီ။ ချောရိုက်ပြခဲ့တဲ့ဓာတ်ပုံတွေကြည့်၊ ရေးပြထားတဲ့စာတွေကြည့်ပြီး စိတ်ထဲမှာ သွားလည်ချင်စိတ်တွေ တဖွားဖွားဖြစ်လာမိတယ်။ တောင်ပိုင်းကို မရောက်တော့ဘူးလားဟင်၊ တောင်ပိုင်းမှာလည်း ပျော်စရာတွေရှိတယ်နော်။ ရွှင်လန်းချမ်းမြေ့ပါစေ

ဟူးးးးးးး အစ်မပိုစ့်ဖတ်လိုက်မှ အိမ်ပြန်ချင်စိတ်တောင်ပေါက်သွားပြီ... အလည်ထွက်ရမယ်...

နေပူတော်မြို့သစ်ကြီးကိုလဲ စောင့်ဖတ်နေမယ်...

Anonymous said...

လှလိုက်တာ
အဲဒီဖက်သွားကြည့်ချင်နေတာ
ခုလိုမြင်လိုက်ရတာ ကျေးဇူး

စူးနွယ်လေး

လသာည said...

ရှူခင်းတွေ လှလိုက်တာ..
အားရပါးရကို အများကြီးတင်ပေးထားတော့ ကိုယ်တိုင် ချောနဲ့အတူ ခရီးတစ်ခု ထွက်လိုက်ရသလိုပဲ..

လှလိုက်တာ ကျနော် အထက်မြန်မာပြည်ကိုမရောက်ဖူးသေးဘူး သွားချင်သေးတယ် တစ်ခါလောက်တော့ တိမ်တွေက လှလိုက်တာ ။

phyophyo said...

တောင်တက်လမ်းတွေနဲ့ သွားချင်လိုက်တာ၊
မူဆယ်မှာ ဘာတွေစားလာလဲ၊ (အစားက သတိရလိုက်သေးတယ်) :D
ချစ်တဲ့

sonata-cantata said...

ချောရေ...မရောက်ဖူးသေးပါ
သွားပါဦးမယ်

ကိုထွန်း ( Ygn ) said...

အမရေ၊ အရမ်းကောင်းတဲ့ Post ဘဲ။ ကျွန်တော် အဲဒီကို ရောက်ဖူးအောင်လာခဲ့ မယ်။ မူဆယ် ကို ရောက်ဖူး ချင်တယ်။ ရွှေလီ ကို သွားလည် ချင်တယ်။

မြစ်ကျိုးအင်း said...

တောတွေ ၊တောင်တွေ ၊တိမ်တွေ၊ မြစ်တွေ၊ ပင်လယ်တွေ မြင်တာနဲ့ အလိုလို ကြည်နူးလာတယ်။ သဘာဝအလှတွေကို တော်တော်နှစ်သက်နေမှန်း ကြာလေ သိလေပဲ။
ပုံတွေတဝကြီးကြည့်ပြီးပေမယ့် အဲဒီဘက်ကို အခွင့်ကြုံရင် သွားချင်နေတုန်းပါပဲ။
တကူးတက ဓါတ်ပုံတွေရိုက်လာပေးတာ ကျေးဇူးပါ။

Anonymous said...

thanks for this tips

ခနွဲ said...

ပုံတွေကြည့်ရာ ကိုယ်တိုင်ရောက်သွားသလိုပဲဗျာ။ ကျေးဇူးပါ။

ချမ်းလင်းနေ said...

ဒီနေရာလေးတွေကြည့်ရင်း ဟိုသီချင်းသွားသတိရသေးသဗျာ။ အို..မြောက်ပိုင်းလမ်း...မူဆယ် နမ့်ခမ်းလမ်း.... အို...အို...မြောက်ပိုင်းလမ်း ဆိုတဲ့ စိုင်းဆိုင်မော့သီချင်းဗျာ။ အဲဒီလမ်းတွေက ကျွန်တော်ရောက်ခဲ့စဉ် ၁၉၉၈ လောက်က အတော်ဆိုးဗျာ။ မူဆယ်ကတော့ အစစအရာရာ ဈေးကြီးဗျာ။ လက်ဖက်ရည်တစ်ခွက်ဆို ရန်ကုန်မှာ ၅၀ ခေတ်ကို ၂၀၀ များတောင်ပေးရသေး။အဲဒီတုန်းက ကားဆရာတွေ အမောင်းကျွမ်းကျင်ချက်ကတော့ ကျွန်တော် လက်ဖျားခါသွားတယ်ဗျာ။ ကားပေါ်မှာ တလမ်းလုံး စိုင်းဆိုင်မော့ သီချင်းတွေနဲ့ အိုဗျာ... မမေ့နိုင်စရာပဲ။

အို...မြောက်ပိုင်းလမ်း...မူဆယ်မြောက်ပိုင်းလမ်း.... ဆိုတဲ့သီချင်းလေးတောင်သတိရသွားသေး... :) ကျေးကျေစ် အစ်မချော :)

ခင်တဲ့(ဖိုးကြယ်)

ညီမလေး said...

မြန်မာပြည်မှာ သွားချင်တဲ့နေရာတွေ အများကြီးကျန်သေးတယ်ချော....