ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ

ထူးဆန်းတာလေးတွေအကြောင်း မရေးဖြစ်တာ ကြာပြီမို့ ဒီပိုစ့်မှာတော့ ထူးထူးဆန်းဆန်းလေးတွေ ရှာဖွေ တင်ပြချင်ပါသေးတယ်။


သဘာဝနှင်းရေခဲလုံးများ



မီချီဂန် ရေကန်အစပ်က ရေခဲလုံးများ


သိပ်မကြာခင်ကမှ နိုင်ငံတော်တော်များများမှာ နှင်းတွေ ကျတဲ့ ဆောင်းရာသီကို ဖြတ်သန်းခဲ့ကြပါတယ်။ နှင်းတွေ အဆုပ်အခဲလိုက် မြေပြင်ပေါ်မှာ ကျဆင်းလာရင် ကလေးတွေနဲ့ ပျော်တတ်သူအချို့က နှင်းလုံး (snow ball) တွေလုပ်ပြီး ဆော့ကစားတတ်ကြပါတယ်။ ဖြူဖြူအပွင့်လေးတွေ အဖြစ် ကျဆင်းပြီး မြေပြင်ပေါ်မှာ တဖြေးဖြေး အထပ်ထပ်ဖြစ်လာတဲ့ နှင်းပွင့်တွေဟာ လူကိုယ်တိုင်က မဖန်တီးဘဲ အလုံးကလေးတွေ ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အောက်က ပုံမှာ ရှိနေတဲ့ နှင်းလုံးခေါ် ရေခဲလုံးလေးတွေဟာ လူက ဖန်တီးပြုလုပ်ထားတာ မဟုတ်ဘဲ အံ့သြဖွယ်ရာ အလိုအလျောက် ဖြစ်နေကြတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ မစ်ချီဂန် ရေကန်ကြီးရဲ့ ကမ်းခြေတစ်လျောက် ခုလို များပြားလှတဲ့ နှင်းခဲလုံးတွေကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရပါတယ်။ ဘယ်လို လူသားတွေကမှ ဒီလောက်များပြားလှတဲ့ နှင်းခဲလုံးတွေကို အအေးခံ၊ အပင်ပန်းခံပြီး ပြုလုပ်ကြမှာ မဟုတ်ပါဘူး။


ice balls 3
နံနက်ခင်းရဲ့ နေခြည်အောက်မှာ


နှင်းခဲလုံးတွေ ဘာကြောင့် ဒီလောက်များပြားစွာ ဖြစ်ပေါ်နေတယ်လို့ ဘယ်သူကမှ အတိအကျ မပြောနိုင်ပေမဲ့ ပညာရှင်တွေကတော့ ရေကန်ရဲ့ ကမ်းခြေအစပ်က နှင်းလွှာပြင်ကြီးဟာ ရေရဲ့ ရွေ့လျားလှုပ်ရှားမှုနဲ့ ရာသီဥတု အေးခဲမှတ်တို့ကြောင့် ခုလို နှင်းလုံးလေးတွေဟာ သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ထူးဆန်းစဖွယ် ဖြစ်ပေါ်လာရတယ်လို့ခန့်မှန်းကြပါတယ်။

ice balls 4
ဘယ်သူတွေက ဒီနှင်းခဲတွေကို အလုံးလေးတွေ လုပ်ထားတာပါလိမ့်.

ခပ်ဝေးဝေးက ကြည့်လိုက်ရင် လုံးစက်နေတဲ့ နှင်းလုံးလေးတွေဟာ ကမ်းခြေတစ်လျှောက် မျက်စိတစ်ဆုံး ရှိနေပြီး ပုလဲလုံးလေးတွေ ကြဲဖြန့်ထားသလို လှပဖြူဖွေးစွာ ရှိနေကြပါတယ်။ အောက်က ပုံတွေမှာ ဆက်ပြီး ကြည့်မယ်ဆိုရင် ရေကန်ရဲ့ အောက်ခြေ ကြမ်းပြင်တွေမှာပါ များပြားလှတဲ့ ရေခဲလုံးတွေ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။


ice balls 2
လှပစီရီနေတဲ့ ရေခဲလုံးများ

ice balls 5
ရေကန်အောက်ခြေမှာပါ များပြားလှတဲ့ ရေခဲလုံးများ

အဲဒီရေခဲလုံးတွေဟာ အဆုံးအစမရှိအောင် များပြားနေတာကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်.. အဲဒီအဖြစ်အပျက်ဟာ မီချီကန် ရေကန်ကြီးရဲ့ ကမ်းခြေမှာ ဖြစ်ပျက်နေတာဖြစ်ပြီး တစ်ခြားကမ်းခြေမှာလည်း ရေကန်အောက်ခြေမှာ ခုလို  ၀ိုင်းစက်နေတဲ့ အလုံးကလေးတွေ တွေ့ကောင်း တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ သင်တွေ့ရတဲ့ အလုံးလေးတွေဟာ ခုမြင်ရသလို နှင်းခဲလုံးတွေတော့ မဖြစ်နိုင်ပါဘူး။ ကျောက်စရစ်ခဲလေးတွေသာ ဖြစ်နိုင်ပါတယ်။ ဒီလို နှင်းလုံးတွေကိုတော့ ခုမြင်ရတဲ့ မီချီကန် ရေကန်ကြီးမှာသာ ထူးထူးခြားခြား မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ice balls 6
ပုလဲလုံးလေးများသဖွယ်


ice balls 7
ကမ်းခြေက ရေကန်စပ် တစ်လျှောက် များပြားလှတဲ့ ရေခဲလုံးများ


********@**********

ရောင်စုံရေပူစမ်း

fly geyser 12

 
ဆက်လက် ဖော်ပြချင်တဲ့ ထူးထူးဆန်းဆန်းတစ်ခုက နီဗားဒါး ပြည်နယ်ရှိ Hualapai တောင်ကြားမှာရှိတဲ့ ရေပူစမ်း အကြောင်း ဖြစ်ပါတယ်.. 

နေပြည်တော် မြို့တော်သစ်ကြီးဆီသို့....


ခရီးသွားမှတ်တမ်းအဖြစ် နေပြည်တော်အကြောင်း ပိုစ့်တွေ ရေးခဲ့ရာမှာ နောက်ဆုံးတစ်ပုဒ်အနေနဲ့ ရေးဖို့ကျန်နေသေးတာကို လက်စသတ်ချင်ပါသေးတယ်။ ဒီတစ်ခေါက်ပိုစ့်မှာတော့ နေပြည်တော် မြို့တော်တစ်ခွင်ရဲ့ ပုံရိပ်များကို ဖော်ပြချင်တာဖြစ်ပါတယ်။  နေပြည်တော်မြို့ရဲ့ လမ်းမကြီးများ၊ အဆောက်အဦးများ၊ အထင်ကရ နေရာများ စသည်တို့ ဖြစ်ပါတယ်။ နေပြည်တော်မြို့အကြောင်း ရေးသားရာမှာ မရောက်ဖူးသေးသူများအတွက်  မြို့အနေအထားကို သိရှိနိုင်ဖို့ ဗဟုသုတ အနေနဲ့သာ ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။

နေပြည်တော်မြို့တော်သစ်ကြီးမှာ ပါဝင်တဲ့ မြို့နံမည်တွေက မြန်မာစာ(ပါဠိ) မကျေရင် ဖတ်ဖို့ခက်တဲ့ နံမည်တွေ ဖြစ်ပါတယ်.. မြို့နံမည်တွေဖတ်နိုင်ဖို့ ကျောင်းပြန်တက်ဖို့ လိုမယ်ထင်ပါရဲ့ လို့တောင် ကျွန်မ တွေးမိလိုက် ပါသေးတယ်.. ဒါမှမဟုတ် ကျောင်းတက်တုန်းက ပါဠိယူခဲ့ရ အကောင်းသားလို့လည်း တွေးမိပါတယ်.. မြို့နာမည်တွေက ဇမ္ဗူသီရိမြို့၊ဇေယျာသီရိမြို့၊ ပုဗ္ဗသီရိမြို့၊ ဒက္ခိဏ သီရိမြို့တွေဟာ နေပြည်တော် မြို့တော်ကြီးထဲက မြို့ငယ်တွေဖြစ်ပြီး ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးစတဲ့ မြို့တွေကိုလည်း မြို့နံမည်ရှေ့က နေပြည်တော်ထည့်လိုက်ပြီး နေပြည်တော်ပျဉ်းမနား နေပြည်တော်လယ်ဝေး၊ နေပြည်တော် တပ်ကုန်းရယ်လို့ ဖြစ်လာကြပါတယ်။ရပ်ကွက် နာမည်တွေကို ၀ဏ္ဏသိန္ဓိ၊ ပညာသိန္ဓိ၊ သုခသိန္ဓိ၊ ဓနသိန္ဓိ၊ ဘောဂသိန္ဓိ၊ ဗလသိန္ဓိ၊ မင်္ဂလာသိန္ဓိ စသဖြင့် အင်မတန်မှ မြန်မာဆန်သော (နန်းဆန်သော ) နာမည်များ ခေါ်တွင်ထားတာ တွေ့ခဲ့ရပါတယ်။  မြို့ အ၀င်မှာ ကတည်းက ကျယ်ဝန်းပြန့်ပြူးနေတဲ့ လမ်းမကြီးတွေကို မြင်ရတော့ ဒီလမ်းတွေကို ကြည့်ပြီး အော် ဒီလောက်ကောင်းတဲ့ လမ်းတွေ ငါတို့ ရွှေပြည်ကြီးမှာ ရှိသားပဲလို့ တွေးမိပါတယ်။


နေပြည်တော်ရဲ့ ကျက်သရေဆောင် ဥပ္ပါတသန္တိစေတီတော်ကြီး (ဥာဏ်တော် ၃၂၅ပေ)

ရာဇဌာနီ လမ်းမကြီးဘေးတွင် တည်ရှိသော ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးအကြောင်းကို အသေးစိတ် ဓာတ်ပုံများစွာဖြင့်  ( ဒီနေရာမှာ ) ဖော်ပြခဲ့ပြီးတာကြောင့် ဒီတစ်ပုံသာ ဖော်ပြလိုက်ပါတယ်။


ဇဗ္ဗူသီရိမြို့






မြို့အ၀င် ရာဇဌာနီ လမ်းမကြီး


ဒီလိုလမ်းမျိုး ကျုပ်တို့ရွာမှာလည်း ရှိစေချင်  :)




ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်


မြို့တွင်းလမ်းမ


နေပြည်တော်ရောက်ရင် မြင်မြင်ချင်းစ သတိထားမိတာကတော့ ကျယ်ဝန်းတဲ့ လမ်းမတွေနဲ့ လမ်းမကြီးတွေ ဆုံရာမှာ လှပစွာ တည်ဆောက်ထားတဲ့ အ၀ိုင်းကြီးတွေဖြစ်ပါတယ်.. အ၀ိုင်းတွေမှာ ကြာပန်းပုံ၊ အင်ကြင်းပန်းပုံ၊ ကံ့ကော်ပန်းပုံ စတဲ့ ပန်းပွင့်ပုံတွေကို ကြီးမားလှပစွာ ဆောက်လုပ်ထားပြီး နေ့ခင်းဘက်ဖက်တော့ ရေပန်းများ ဖြာကျနေပြီး ညဘက်မှာတော့ မီးရောင်စုံများ လှပဝေဆာထိန်လင်းနေခဲ့ပါတယ်.. အဲဒီအ၀ိုင်းတွေရဲ့ နံမည်ဟာ ပန်းပွင့်တွေအတိုင်း ကြာပန်း ၀ိုင်း၊ အင်ကြင်းပန်းဝိုင်း၊ ကံ့ကော်ပန်းဝိုင်းရယ်လို့ ခေါ်တွင်ကြတာ သတိထားခဲ့မိပါတယ်။ ရာဇသင်္ဂဟ အ၀ိုင်း၊ ဘောဂသိန္ဓိအ၀ိုင်း ၊ ၀ဏ္ဏသိန္ဓိအ၀ိုင်း စသည်တို့လည်း ရှိပါတယ်.။



ရာဇသိင်္ဂဟအ၀ိုင်း


ကြာပန်းဝိုင်းရဲ့ နံနက်ခင်းမြင်ကွင်း


နေ့ခင်း ရေပန်းများနဲ့ အလှဆင်ထားတဲ့ မြင်ကွင်း



အင်ကြင်းပန်းဝိုင်း


သပြေကုန်းအ၀ိုင်း








မီးရောင်စုံများ ရေပန်းများဖြင့် အ၀ိုင်းကြီးများရဲ့ ညအလှ


နေပြည်တော်မြို့တော်သစ်ကြီးမှာ တည်ရှိတဲ့ အထင်ကရ အဓိက နေရာများကို လက်လှမ်းမီသလောက် ဆက်လက် ဖော်ပြရရင်

စက္ကူပန်းကလေးများ





“ငါတော့လေ ပန်းဘ၀သာ ဖြစ်ခွင့်ရမယ်ဆိုရင် စက္ကူပန်းပဲ ဖြစ်ချင်တယ်”

သူတို့ နှစ်ဦးသား သူမ၏ အဆောင်ရှေ့က အုပ်အုပ်ဆိုင်းဆိုင်းနှင့် အပွင့်များ ဝေနေပြီး အရိပ်ကောင်းလှသော စက္ကူပန်းခြုံကြီးအောက်ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ လက်ဖက်သုပ်နှင့် ရေနွေကြမ်းကို မြည်းနေကြရင်းမှ စက္ကူပန်းရုံကို မော့ကြည့်ကာ သူမ ထံက ထိုစကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။  


“အမ်.. နင်ကလည်း တစ်မျိုးပါလား.. မိန်းခလေးမဆန်လိုက်တာဟာ..  စက္ကူပန်းမှ ဖြစ်ချင်ရတယ်လို့။ သူများတွေများ နှင်းဆီတို့ စပါယ်တို့ သဇင်၊ သစ်ခွတို့ ကြိုက်ကြတယ်.. နင့်ကျမှ အနံ့လည်းမရှိ၊ အဖိုးလည်းမတန်တဲ့ စက္ကူပန်းကို ကြိုက်တယ်။ ထူးဆန်းပါပေ့ ”
                                                                                  
“အော.. မိန်းခလေးမှန်ရင် အဲဒီနှင်းဆီမှ စပါယ်မှ သစ်ခွမှ ကြိုက်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့တုန်း. လူတိုင်းဟာ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့။ ဘယ်တူနိုင်ပါ့မလဲ။ ငါ စက္ကူပန်းတွေကို ကြိုက်တာ အကြောင်းရှိတယ်ဟ.. လှလို့ ကြိုက်တာထက် သူ့ရဲ့ အရည်အချင်းတွေကို သဘောကျလို့ ကြိုက်တာ”


“အရည်အချင်းဟုတ်လား .. နင်ကတော့ အထူးအဆန်းဘဲ.. ကဲ ဒါဆို ပြောစမ်းပါဦး.. နင့်စက္ကူပန်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိလို့တုန်း။ အဲဒီပန်းမှာ အရည်အချင်းရှိတယ်လို့ ငါတော့ တစ်ခါမှ မတွေးမိဘူး.. ငါသိတာတော့ ဘာအနံ့မှလဲ မမွှေးဘူး။”



သူမ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး လက်ဖက်တစ်ဇွန်းကို ကောက်ဝါးလိုက်ကာ  “ နင်ကြည့်လိုက်လေ.. ငါတို့ခေါင်းပေါ်က စက္ကူပန်းရုံကြီးကို.. တစ်ရုံလုံး အရွက်တွေတောင် မမြင်ရအောင် ပွင့်နေတယ်မဟုတ်လား။ ပြီးတော့ နေ ဘယ်လောက်ပြင်းပြင်း လုံးဝ ညိုးနွမ်းသွားတာမျိုး မရှိဘူးလေ။  ကောင်းကင်ပြာပြာကြီးနဲ့ တစ်ပင်လုံး ညွှတ်ဝေနေတဲ့ စက္ကူပန်းတွေကို ကြည့်ရတာ ဘယ်လောက် ပဏာရလိုက်သလဲဆိုတာ။ ရွှန်းစိုးနေတဲ့ အရောင်အသွေးတွေနဲ့ ပွင့်နေတာကိုမြင်ရတာ ဘယ်လောက်များ အားမာန်ပြည့်ဝတဲ့ မြင်ကွင်းလဲ။ စက္ကူပန်းက တစ်ခြားပန်းတွေလို ဆောင်းရာသီတို့ မိုးရာသီတို့လိုချိန်မှ ပွင့်တာမဟုတ်ဘဲ.. နွေရောက်မှ ရဲရဲရင့်ရင့် ပွင့်ကြတာ။  မျက်စိကျိန်းလောက်အောင် ပူပြင်းတဲ့ နေရောင်အောက်မှာ တောက်တောက်ပပ ပွင့်နေလိုက်တာများ။  ကြည့်ရတာ အားတက်ဖို့ ကောင်းတဲ့ မြင်ကွင်းတစ်ခုလို့ ငါ့စိတ်ထဲ ခံစားရတယ်။ တကယ်တော့ လူတွေဟာ စက္ကူပန်းကို အတုယူသင့်တယ်။ သိလား.. ”

“ အင်း လုပ်စမ်းပါဦး နင့်ဒဿနတွေ.. ကြားရတာပေါ့ ”


“မလှောင်နဲ့ဟ.. ငါအကောင်းပြောတာ။ ခြံတွေမှာ စိုက်ထားတတ်တဲ့ နှင်းဆီတို့၊ စပါယ်တို့၊ သစ်ခွ၊ သဇင် စတဲ့ပန်းတွေဟာ စိုက်တဲ့သူက ယုယုယယ ရေလောင်းပေါင်းသင် လုပ်ပေးရတယ်။ မြေသြဇာထည့်ပေးရတယ်. ဒီတော့မှ သူတို့မှာ ပွင့်ဖူးကြရတယ်။ တကယ်တမ်းတော့ လူတွေကသာ သူတို့ကို ပြုစုယုယမှု မလုပ်ပေးဘူး ဆိုရင် အပွင့်မသန်၊ အဖူးမဖူး ဖြစ်နေကြမှာလေ။ သူတို့က အစောင့်ရှောက်ခံ ပန်းတွေကိုး။”

“အင်း ဒါတော့ဟုတ်တယ်”

“စက္ကူပန်းကျတော့ စိုက်ထားပြီးတာနဲ့ ဘာမှလုပ်စရာမလိုဘူး ဒီတိုင်းပစ်ထားလိုက်.. အချိန်တန်လို့ ပွင့်တဲ့ခါရင် တစ်ပင်လုံး ခဲနေအောင် ပွင့်တတ်တာမျိုး။ ဒီ စက္ကူပန်းပင်ကြီးကို နင်ကြည့်လိုက်စမ်း.. ဘယ်လောက် လှလိုက်သလဲ.. နွေနေကို အံတုပြီး ရဲရဲရင့်ရင့် ပွင့်နေလိုက်တာလေ။  အဲဒါဟာ လူတွေအတွက် နမူနာကောင်းတွေ ပေးနေတယ်၊ ခွန်အားတွေ မျှဝေပေးနေတယ်လို့ ငါတော့ ယူဆတယ်”


သူမက ရေနွေးကုန်နေသော သူ့ခွက်ထဲ ဓာတ်ဗူးထဲမှ ရေနွေးကို ငှဲ့လိုက်ပြီး သူ့ထံ လှမ်းပေးကာ စကားကို ဆက်ပြောလေသည်။

“နင်စဉ်းစားကြည့်လေ။ ကျောထောက်နောက်ခံကောင်းပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဘာမှ မကြုံတွေ့ရဖူးဘဲ  ဆွေမျိုးမိဘ အကူအညီနဲ့ ဘ၀ကို လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ရတဲ့သူတွေဟာ  နည်းနည်းလေး အခက်အခဲတွေ့ပြီ ဆိုတာနဲ့ ခံနိုင်ရည် မရှိကြတော့ဘူး။ သူတို့တွေက သူများကို အားကိုးပြီး ကြီးပြင်းလာရတော့ ပြဿနာ တစ်ခုခုနဲ့ကြုံရင် ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်ခွန်အား မရှိကြဘူး။ အလွယ်တကူ အရှုံးပေးချင်ကြတယ်။ စိတ်ဓာတ် ကျလွယ်ကြတယ်။ ဒါပေမဲ့လည်း ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်လာရသူတွေကျတော့ အခက်အခဲကြုံလေ ပိုပြီး ရဲရင့်လေ၊ ခွန်အားတွေ ပိုပြီး ရလာလေ ဖြစ်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘ၀မှာ ဘယ်အရာကိုမှ အလွယ်တကူ မရခဲ့ဘူး။ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာရတာဖြစ်လို့ တော်တန်ရုံ အခက်အခဲမျိုးဆို မမှုတော့ဘူး.. ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေကြတယ်။ အခက်အခဲတွေ့လေ အရည်အချင်းပိုပြီး တောက်ပြောင်လာလေပဲ။ ဟောကြည့် စက္ကူပန်းတွေဟာ နွေနေပူလေ ပိုပြီးပွင့်လေ.. သူ့အရောင်အသွေးက ပိုပြီး စိုလက် တောက်ပလာလေ မဟုတ်လား ”

“အင်း နင်ပြောတော့လဲ ဟုတ်သလိုလိုပဲ။ ငါတော့ စက္ကူပန်းကို သေချာတောင် တစ်ခါမှ မကြည့်မိပါဘူးဟာ။ ကြိုက်တယ်လို့လည်း မထင်ဘူး.. ကြိုက်တယ် မကြိုက်ဘူး ဆိုတာတောင် တစ်ခါမှကို မစဉ်းစားမိခဲ့တာပါလေ”

“ဘယ်ကြည့်မိမလဲလေ.. နင်ကလဲ ဘ၀မှာ ဘာအပူအပင်မှ မရှိဘဲ ကြီးပြင်းလာတဲ့သူကိုး. ပညာသင်ပြီးတာနဲ့ အချိန်တန်ရင် မိဘရဲ့ လုပ်ငန်းမှာ ၀င်လုပ်လိုက်ရုံဘဲ။ နင့်ဘ၀ရှေ့ရေးအတွက် နင်ဘာများ ပူစရာရှိလို့လဲ။ ဒီတော့ အဲလို ပြည့်စုံနေတဲ့သူတွေက ဘ၀အတွက် ခွန်အားတွေ တကူးတက ရှာနေစရာမှ မလိုတာ။ ငါတို့လို ဘ၀တွေကျတော့ အခက်အခဲတွေ အများကြီးနဲ့ အမြဲတမ်း ရင်ဆိုင်နေရတဲ့အတွက် ဘ၀ကိုရုန်းကန်ဖို့ ခွန်အားတွေ၊ ရဲရင့်ခြင်းတွေကို ကိုယ့်ဘေးပတ်ဝန်းကျင်ကနေ ရအောင်ယူရတယ်။ မြင်အောင်ကြည့်ရတယ်လေ။ ဒီတော့ မြင်ရတယ်လေ။ ဒါကြောင့် ငါ့အတွက်တော့ စက္ကူပန်းဟာလည်း ခွန်အားတွေ ပေးတဲ့ပန်းလို့ ခံယူတယ်.. ဒါတင်မကသေးဘူး သိလား.. စက္ကူပန်းရဲ့ နောက်ထပ်ထူးခြားချက် ရှိသေးတယ်”

“ဟင် စက္ကူပန်း ဒဿနတွေက များလှပါလားဟ ” သူက ခပ်ပြုံးပြုံးဖြင့် ကောင်မလေးကို စ လိုက်သည်။ သို့သော် သူမက သူ စ လိုက်သည်ကိုပင် သတိထားမိပုံမပေါ်.. ပြောလက်စ စကားကိုသာ ဆက်ပြီး ပြောနေခဲ့သည်။


 တစ်ခြားပန်းတွေက ခူးဆွတ်သူကို စောင့်နေကြတယ်.. ခူးချင်တဲ့သူတွေကလည်း များတယ်။ ခူးဆွတ်ခံရပြီဆိုရင် သူတို့ရဲ့ ရနံ့နဲ့ အလှတွေက ခူးတဲ့သူအတွက်ပဲ ဖြန့်ဝေပေးနိုင်တယ်။ ဒါပေမဲ့ စက္ကူပန်းကိုကျတော့ ဘယ်သူကမှ မခူးကြဘူး။ ပွင့်သမျှ အပွင့်တွေအားလုံးဟာ အပင်ပေါ်မှာဘဲ လှလှပပ ၀ံ့ဝံ့ကြွားကြွား ရှိနေကြတယ်။ လူတွေက စက္ကူပန်းကို စိုက်ကတည်းက ခူးဖို့၊ ပန်းအိုးထိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ကြတာမဟုတ်ဘူး။ အပင်မှာဘဲ ပွင့်စေဖို့၊ ပတ်ဝန်းကျင်ကို လှပစေဖို့ ရည်ရွယ်ပြီး စိုက်ကြတာ။ ဒါကြောင့် သူဟာ တစ်ဦးတစ်ယောက်တည်းအတွက် ပွင့်ရတာမျိုးမဟုတ်ဘဲ အားလုံးအတွက် အလှဆင်ဖို့ တန်ဖိုးရှိစွာ ပွင့်ရတဲ့ ပန်းဖြစ်လာရတယ်။ သူ့အစွမ်းအစနဲ့ လောကကြီးကို အလှဆင်နေတာလေ။ ရာသီပူပြင်းတဲ့ ဒဏ်ကိုလည်း ခံနိုင်တယ် အရောင်အသွေးကလည်း စုံတယ်။ ပြီးတော့ မြင်ရသူတိုင်းကို စိတ်ကြည်နူးစေတယ်.. ခွန်အားတွေ ရရှိစေတယ်လေ။ ဘယ်လောက် လေးစားဖို့ကောင်းတဲ့ ပန်းလဲ။ ငါလဲ စက္ကူပန်းလို ကိုယ်တတ်နိုင်သလောက် ကိုယ့်ဘေးပတ်ဝန်းကျင်ကို အလှဆင်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားချင်တယ်။ ကြိုးလဲကြိုးစားမယ်။ ဒါကြောင့်လဲ ငါသာ ပန်းဘ၀ ဖြစ်ခွင့်ရမယ်ဆိုရင် စက္ကူပန်းပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့တာပေါ့”
“အမယ်.  နင်က စက္ကူပန်းလို ပတ်ဝန်းကျင်ကို ဘယ်လိုများ အလှဆင်မလို့လဲ”

“ငါအခု တက်နေတဲ့ MBA ပြီးတာနဲ့ ငါ့ဇာတိကို ပြန်မယ်လေ။ ပြန်ပြီးရင် မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ငါတို့ရွာကလေးမှာ ကလေးတွေကို စာပြန်သင်ပေးရမယ်။”

သူမ စကားအဆုံး သူ့လက်ထဲက ရေနွေးခွက်က လွတ်ကျမတတ်ဖြစ်ပြီး ရေနွေးကြမ်းတစ်ချို့ သူ့ပုဆိုးပေါ် ဖိတ်ကျသွားခဲ့သည်။

“ဘယ်လို.. နင်ကရွာပြန်ပြီး ဆရာမလုပ်မယ် ဟုတ်လား။ ဒီလောက် ပညာတွေ အများကြီး သင်ထားပြီး ရွာပြန်ကျောင်းဆရာမ လုပ်ဖို့တဲ့လား။ ကျောင်းဆရာမ လုပ်ဖို့ဆို ဒီMBA တွေ၊ အင်္ဂလိပ်စာ ဒီပလိုမာတွေ၊ ကွန်ပျူတာဘွဲ့တွေ တက်ထားဖို့ လိုသေးလို့လား။ နင် အစောကတည်းက ရိုးရိုးဘွဲ့တစ်ခုလောက် ရကတည်းက ရွာပြန်ပြီး ဆရာမလုပ်နေရင် ရပြီဘဲ။ အခု နင်တတ်ထားတဲ့ ပညာတွေနဲ့ ကုမ္ပဏီကြီးတစ်ခုခုမှာ အလုပ်ဝင်လို့ ဖြစ်နေပြီ။ အဆုံးစွန်ကွာ ငါ့အလုပ်မှာ နင်ဝင်လုပ်မလား.. နင့်အတွက် အလုပ်တစ်နေရာ လုံးဝ မရှားဘူး။ ငါပေးနိုင်တယ်. လစာလဲကောင်းစေရမယ်”

သူမက မျက်လုံးလေးကို မှေးစင်းလိုက်ရင်း တွန့်ကွေးသွားသော နှုတ်ခမ်းတစ်စုံမှ မပီပြင်သော အပြုံးတစ်စနှင့် “ဟင့်အင်း.. ငါ ဒီမှာဘဲ အလုပ်လုပ်ရင် ငါ့တစ်ယောက်ထဲ အတွက်တော့ ကောင်းမယ်။ ဒါပေမဲ့ ငါ့ရပ်ရွာအတွက်တော့ ဘာမှ အထောက်အကူ မဖြစ်နိုင်ဘူး။ ငါက တစ်ဦး တစ်ယောက်တည်းအတွက် ရှင်သန်ချင်တဲ့ ပန်း မဟုတ်ဘူးလေဟာ။ စက္ကူပန်းလို ကိုယ်တတ်နိုင်သမျှ ကိုယ့်ဘေးပတ်ဝန်းကျင်ကို အလှဆင်ချင်တာ။ ငါတို့ ရွာကလေးက လမ်းပန်းဆက်သွယ်ရေး သိပ်ခက်ခဲတော့ ပညာရေးမှာ မဖွံ့ဖြိုး မတိုးတက်ဘူး။ ပညာရေးမှ မဟုတ်ပါဘူးလေ. ကျန်းမာရေး၊ လူမှုရေး အားလုံး နိမ့်ကျနေတုန်းပဲ ရှိသေးတယ်”

“နင်က နင့်ရွာကို သိပ်ချစ်တာပဲနော်” 

“ဟုတ်တယ်.. ငါ့ရွာကလေးကို ငါခင်တွယ်တယ်.. ဘာမှ မတိုးတက်သေးတဲ့ ငါ့ရွာကလေးကို တိုးတက်လာအောင် လုပ်ပေးချင်တယ်။ ငါ့စိတ်ကူးတွေ သိပ်မြင့်နေမလားတော့ မသိဘူး”

သူမက ခပ်ဝေးဝေးကို လှမ်းကြည့်နေသော်လည်း ဘာကိုမှ မြင်တွေ့ပုံမရဘဲ.. သူမ ရွာကလေးကိုသာ မြင်ယောင်နေပုံ ရလေသည်။

“နင်က ဘာတွေလုပ်ဖို့ စိတ်ကူးထားလို့လဲ” သူ့အမေးစကားအဆုံးတွင်

“ငါ့ရွာကလေးကို ပြန်ရောက်ရင် စာကြည့်တိုက်လေး တစ်ခု ဖြစ်မြောက်အောင် လုပ်မယ်။  စာဖတ်ရကောင်းမှန်း မသိကြတဲ့ ငါတို့ရွာက ကလေးတွေကို စာဖတ်တတ်တဲ့အကျင့် ရလာအောင် လှုံ့ဆော်ပေးရမယ်။ တိုက်တွန်း အားပေးရမယ်.. ငါတို့အရပ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေတဲ့ ယောက်ျားလေးတွေ အများကြီးပဲ၊  ပြီးတော့ ကျောင်းစာဆိုတာ သေစာရှင်စာလောက် ဖတ်တတ်ရင် တော်ပြီလို့ ခံယူပြီး ကျောင်းမပြီးခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတဲ့ မိန်းခလေးတွေလည်း အများကြီး ရှိနေတယ်.. ငါတို့ရွာကလေးမှာ ပညာတတ် သိပ်နည်းတယ်။ ဒါကြောင့်လည်း ကလေးတွေကို စာတွေများများ ဖတ်ပြီး အသိဥာဏ်တွေ ပိုပြီးမြင့်မားလာအောင် ငါ လုပ်ပေးချင်သေးတယ်။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် မသိသေးတဲ့ ရွာက လူငယ်လေးတွေကို ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ဖြစ်လာအောင်၊ သုံးတတ်လာအောင်လည်း လုပ်ပေးချင်တယ်။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး ကိုယ့်ရွာ ကိုယ့်ဒေသ ကျဉ်းကျဉ်းလေးထဲမှာ ပျော်မွေ့နေတဲ့ ငါတို့ ရွာကလေးက လူတွေကို ကမ္ဘာကြီးရဲ့ ပြောင်းလဲ တိုးတက်နေမှုတွေကို သိစေချင်တယ်..”

“နင်လုပ်ချင်တာတွေက များလှပါလား. ဒါတွေက လွယ်လွယ်နဲ့ ဖြစ်လာနိုင်ပါ့မလား ” 

သက်ပြင်းခပ်ဖွဖွ တစ်ချက်ချပြီး သူမက သူ့အမေးကို ဖြေသည်။ “အင်း ဟုတ်တယ်  ငါလုပ်ချင်တာတွေက အများကြီးပဲ။ ဒါတွေအားလုံး တစ်ခါတည်းတော့ မဖြစ်နိုင်မှန်း ငါလဲသိပါတယ်။ တဖြေးဖြေး လုပ်ယူသွားရမှာပေါ့။ အဲလို လုပ်တဲ့နေရာမှာ အခက်အခဲတွေ အတားအဆီးတွေ အများကြီး တွေ့ရမယ်ဆိုတာ ငါမျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ငါက စက္ကူပန်းလို ရှင်သန်မယ်လေ.. ဘယ်လို အခက်အခဲတွေ့တွေ့ စိတ်မပျက်ဘဲ ငါဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်မယ်.. စက္ကူပန်းလို နေပူလေ ရဲရဲတောက် ပွင့်လေဆိုတဲ့ အနေအထားမျိုး ဖြစ်စေရမယ်။ ဘာဘဲဖြစ်ဖြစ် နှစ်တွေကြာလာတဲ့အခါ ငါ့ရွာကလေးဟာ ခုအနေအထားထက် ပြောင်းလဲတိုးတက်နေတာမျိုး ဖြစ်ကို ဖြစ်လာရမှာပါလေ။ ငါ့ကိုယ်ငါ ယုံကြည်တယ်”

သူမ နှုတ်ခမ်းများက ယုံကြည်ချက်ပြင်းပြသူ၊ စိတ်ဓာတ်ခိုင်မာသူတို့၏ လက္ခဏာရပ်အဖြစ် တင်းတင်းစေ့လို့ နေခဲ့သည်။ ထိုနေ့က သူတို့ရှေ့တွင် ရှိနေခဲ့သော လက်ဖက်သုပ် ပန်းကန်းလေးမှာ သူရော သူမပါ ထပ်မနှိုက်ဖြစ်တော့ဘဲ မျက်နှာငယ်စွာ ကျန်ရစ်ခဲ့လေသည်။ ထို့အတူ သူမကို ပြောမည်ဟု  ရည်ရွယ်ထားခဲ့သော စကားအချို့လည်း ဖွင့်မပြောဖြစ်တော့ဘဲ သူ့ရင်ထဲမှာပဲ သိမ်းဆည်း ထားလိုက်လေတော့သည်။ သူမက တစ်ဦး တစ်ယောက်တည်း အတွက် မရှင်သန်လိုဘူးဟု ဆိုသည်မဟုတ်လားလေ။

                                   ***************@**************


စက္ကူပန်းကဲ့သို့ အများအကျိုးအတွက် ရှင်သန်ချင်သော မိန်းခလေးနှင့် သူ မတွေ့ဖြစ်ကြတော့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ။ သူကလည်း မဆက်သွယ်သလို သူမကလည်း သူ့ထံ မဆက်သွယ်ပါ။  ကြည့်လေရာအရပ်တွင် စက္ကူပန်းတွေ စိုက်ပျိုးထားသော မြို့တစ်မြို့ကို သူ ရောက်နေခဲ့သဖြင့် စက္ကူပန်းဖြစ်ချင်သော မိန်းခလေးကို ပြင်းပြင်းပြပြ သတိရလိုက်မိလေသည်။ ယခု သူရောက်နေသော မြို့ကလေးသည်  နွေရာသီတွင် ပူပြင်းသော ရာသီဥတုမျိုးရှိပြီး အခြားပန်းများထက် စက္ကူပန်းများသာ အိမ်တိုင်းလိုလို စိုက်ထားကြသကဲ့သို့၊ လမ်းဘေးဝဲယာနှင့် ပန်းခြံတို့တွင်လည်း စက္ကူပန်းခြုံများကို လှပစွာ ပုံဖော် အလှဆင်ထားကြသည်။ တစ်မြို့လုံး စက္ကူပန်းရောင်စုံတွေက နွေနေအောက်တွင် လန်းဆန်းတောက်ပစွာဖြင့် အားနှင့် မာန်နှင့် ပွင့်နေကြသည်ကို မြင်ရသဖြင့် သူမပြောခဲ့သော စကားများကို ပြန်ပြီး သတိရမိခြင်း ဖြစ်လေသည်။


နှစ်များစွာကြာခဲ့သော်လည်း စက္ကူပန်းတွေ မြင်တိုင်း သူမကို သတိရမိဆဲဖြစ်သည်။ သူမကရော သူ့ကို သတိရနေမည်လား မေ့နေပြီလား သူ မသိနိုင်ခဲ့ပါ။  စက္ကူပန်းတွေမြင်တိုင်း သူမကို သတိရသည်ဟု ဆိုရာတွင် စက္ကူပန်းတွေကို မမြင်ရင်တော့ သတိမရသည့်သဘော သက်ဝင်သွားပေလိမ့်မည်။ စက္ကူပန်းလိုဖြစ်ချင်သော မိန်းခလေး မသိလိုက်သည့် အချက်မှာ သူမ၏ ဇာတိရပ်ရွာကို ပြန်သွားပြီး၊ သူတို့နှစ်ယောက် မတွေ့ဖြစ်ကြတော့ကတည်းက သူ ဘယ်တုန်းကမှ ကြိုက်သည်မထင်ခဲ့သော၊ သတိမထားခဲ့သော စက္ကူပန်းများကို သူ့အိမ် နေရာအနှံ့၊ ခြံစည်းရိုးများတွင်လည်းကောင်း၊ အိမ်ပေါ် ၀ရံတာထက်တွင် ပန်းအိုးများဖြင့်လည်းကောင်း၊ ခြံဝင်းထဲတွင် လည်းကောင်း စိုက်ပျိုးထားခဲ့မိလေသည်။ ခုချိန်တွင်တော့ သူရောက်နေသော မြို့ကလေးအတိုင်း သူ့တစ်အိမ်လုံးသည်လည်း တောက်ပ၀ံ့ကြွားစွာ ပွင့်ဝေနေကြသော စက္ကူပန်းများဖြင့် နွေနေအောက်တွင်  လှပနေပေတော့မည်။ စက္ကူပန်းနှင့်တူသော မိန်းခလေးသည်လည်း သူမ၏ ဇာတိရွာကလေးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သူမပြောခဲ့သည့်အတိုင်း အောင်မြင်အောင် လုပ်ဆောင်နေမည်ဟု သူ ယုံကြည်ပါသည်။ စက္ကူပန်းတွေကို စိုက်ပျိုးထားသူ သူကိုယ်တိုင်မှာတော့  ခုချိန်ထိတိုင် စက္ကူပန်းလို မကျင့်ကြံနိုင်ခဲ့သေးပေ။


လမ်းနံဘေးမှာ ပွင့်ဝေရပေမဲ့ စက္ကူပန်းတွေကတော့ နွေနေပူလဲ လန်းနေမြဲ လန်းနေဆဲပါ။



အစိမ်းရောင် ဆိုးကြသူများ ...




ဦးဘောဂဟာ သိပ်ကို ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးတစ်ဦးပေါ့။ ပိုက်ဆံချမ်းသာလွန်းတော့လဲ သူ့ဘ၀မှာ သူလိုချင်တာမှန်သမျှ ဘာမှ မရတာ မရှိနိုင်လောက်အောင် ပြည့်စုံနေတော့တာပါဘဲ.. ဘာစားချင်လဲ. ဘာလုပ် ချင်လဲ.. ဘာဝတ်ချင်လဲ. ဘယ်သွားချင်လဲ. သူလုပ်ချင်တာ ဖြစ်ချင်တာ မှန်သမျှ သူပါးစပ်က ဟစရာ မလိုအောင်ကို ဖြည့်ဆည်းပေးမဲ့ သူတွေကလည်း သူ့ဘေးနားမှာ ၀ိုင်းဝိုင်းကိုလည်နေတာပါဘဲ.. ပိုက်ဆံကြွယ်ဝ ချမ်းသာသူတွေ၊ ရာထူးအာဏာ မြင့်မားသူတွေ ဘေးနားမှာဆို မျက်နှာလိုအားရ လုပ်ပေးချင်ကြတဲ့သူတွေ ၊ ခစားဝိုင်းရံနေသူတွေ များနေတတ်တာ လောကရဲ့ ဓမ္မတာတစ်ခုဘဲ မဟုတ်လားလေ.. ဒီတော့လည်း ဦးဘောဂဘေးနားမှာ အခွင့်အရေးလိုချင်သူတွေ၊ နေရာကောင်းရချင်သူတွေ ၀ိုင်းနေတာ မဆန်းဘူးပေါ့။

သို့သော်လည်း ငွေကြေးချမ်းသာပြီး လိုတိုင်းတ ရနေတဲ့ ဦးဘောဂမှာ ဘယ်လိုငွေကြေး၊ ချမ်းသာမှုတွေနဲ့မှ ၀ယ်လို့မရတဲ့အရာတွေ ရှိနေခဲ့ပါတယ်.. အဲဒါက မေတ္တာတရားနဲ့ ကျန်းမာရေးပါ။ ဦးဘောဂမှာ တကယ့် မေတ္တာစစ်မှန်နဲ့ စိုးရိမ်ပူပန်ပေးမဲ့သူ၊ ချစ်ခင်ပေးမဲ့သူတွေ သူ့အနားမှာ မရှိပါဘူး.. ပိုက်ဆံချမ်းသာပြီး တော်ရုံလူကို လူမထင်တတ်တဲ့ စိတ်သဘောထားရှိပြီး ခက်ထန် ကြမ်းတမ်းတဲ့ ဦးဘောဂရဲ့ ဒေါသတကြီး ရိုက်နှက် နှိပ်စက်တဲ့ဒဏ်တွေကို မခံနိုင်တဲ့အတွက် ဦးဘောဂရဲ့ ဇနီးဟာ သူ့ကို ကွာရှင်းထားခဲ့ပြီး သားသမီးတွေခေါ်ကာ အိမ်ကနေ ဆင်းသွားခဲ့ပါတယ်.. အဲဒီကတည်းက သူတို့ကို နေရာအနှံ့ လိုက်ရှာပေမဲ့ ခုချိန်ထိ ရှာလို့မတွေ့တော့အောင် သူ့ဇနီးဟာ ခြေရာဖျောက်သွားခဲ့ပါတယ်။ ငွေကြေးအင်အား၊ လူအင်အားများစွာ သုံးပြီး သူ့ဇနီးနဲ့ ကလေးတွေကို မြို့ရွာအနှံ့၊ တိုင်းပြည်အနှံ့ လိုက်ရှာပေမဲ့ သတင်းအစအနလေးတောင် ရှာမတွေ့ခဲ့ရတော့ပါဘူး။

အဲဒီကတည်းက ဦးဘောဂရဲ့ မျက်လုံးတွေဟာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာကို အကြီးအကျယ် ခံစားနေရပါတော့တယ်.. သူ့ရောဂါကို ကုသဖို့ ဆရာဝန်ကြီးတွေ အထူးကုကြီးတွေ၊ မြောက်မြားစွာနဲ့ ငွေတွေ အများကြီး အကုန်ုအကျခံပြီး ကုသပေမဲ့ အဲဒီ မျက်စိဝေဒနာဟာ လုံးဝ မသက်သာပါဘူး။ မျက်စိရောဂါ သက်သာဖို့ သောက်ရတဲ့ ဆေးတွေဆိုတာ မရေ မတွက်နိုင်တော့သလို ထိုးလိုက်ရတဲ့ ဆေးတွေကလည်း သူ့အသားမှာ အပ်ဖျားရာ လွတ်တဲ့နေရာတောင် ကျန်သေးရဲ့လားလို့ ထင်ရစရာပါဘဲ.. ဒါပေမဲ့ ဘယ်လိုပဲ နံမည်ကြီးဆရာတွေ၊ ဆေးအကောင်းစားတွေ၊ အထူးကု ဆေးခန်းတွေနဲ့ ပြနေပါစေ၊ ကုနေပါစေ.. သူ့ရောဂါဟာ မသက်သာတဲ့အပြင် ယခင်ကထက်ပိုပြီး တစ်နေ့တစ်ခြား ပိုဆိုးလာပါတယ်..

တစ်နေ့တော့ ဦးဘောဂဟာ မျက်စိဝေဒနာတွေကို ကုသရာမှာ အစွမ်းထက်တဲ့ ဘုန်းကြီးတစ်ပါး ရှိတယ် ဆိုတဲ့ သတင်းတစ်ခု ကြားလိုက်ရပါတယ်.. ဒါနဲ့  သူ့တပည့်တပန်းတွေ အများကြီးခေါ်ဆောင်ပြီး အဲဒီဘုန်းကြီးရှိရာကို သွားရောက်ကာ သူ့မျက်စိဝေဒနာကို ကုသပေးဖို့ တောင်းပန် ပြောဆိုပါတယ်. ဘုန်းကြီးဟာ ဦးဘောဂဖြစ်နေတဲ့ မျက်စိဝေဒနာအကြောင်း စုံစမ်းမေးမြန်းပြီးတာနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည်လိုက်ပါတယ်.. ဒါကြောင့် ဦးဘောဂကို သူ့ဝေဒနာအတွက် အကောင်းဆုံး ပေးလိုက်တဲ့ ကုသနည်းက အစိမ်းရောင်ကို အာရုံစူးစိုက်ပြီး ကြည့်ပေးဖို့ အကြံပေးတာပါ။ တစ်ခြား အရောင်တွေကို လုံးဝ မကြည့်ပါနဲ့။ ကြည့်ရင် မျက်စိနာတာ ပျောက်မှာ မဟုတ်ဘူး။ အဲဒီ အစိမ်းရောင် တစ်ရောင်တည်းအပေါ်မှာသာ အာရုံစူးစိုက်ပြီး ကြည့်ပေးမယ် ဆိုလို့ရှိရင် ကြာလာရင် သူခံစားနေရတဲ့ မျက်စိနာကျင် ကိုက်ခဲတာတွေဟာ တဖြေးဖြေး သက်သာလာပြီး နောက်ဆုံးမှာ လုံးဝ ပျောက်ကင်းသွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒါနဲ့ ဦးဘောဂတို့အုပ်စုဟာ ဘုန်းကြီးထံကနေ ၀မ်းသာအားရ ပြန်လာကြပြီးတဲ့နောက် အိမ်ရောက်တဲ့အခါ သူဌေးကြီးက တစ်အိမ်လုံးကို အစိမ်းရောင် ပြောင်းပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်.. ဒီတော့ သူဌေးကြီးရဲ့ အမိန့်ကို ဘာဆို ဘာမှ စောဒက မတက်ရဲ၊ ပြန်မပြောရဲကြတဲ့ သူရဲ့ တပည့် လက်သားတွေကလည်း တစ်အိမ်လုံးကို အစိမ်းရောင်ဆေး သုတ်ဖို့ ပြင်ဆင်ကြသလို အိမ်ရဲ့ အသုံးအဆောင်၊ အိုးခွက်ပန်းကန်၊ ခန်းဆီးလိုက်ကာ၊ ကော်ဇော၊ အိပ်ရာခင်း စသည်အားလုံးကို အစိမ်းရောင်တွေ ရှာဝယ်ပြီး တစ်အိမ်လုံးကို အစိမ်းရောင်ဖြစ်အောင် ပြောင်းလိုက်ကြပါတယ်။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် အစိမ်းရောင်ကလွဲလို့ အခြား ဘာအရောင်ကိုမှ မမြင်ရအောင် ပြင်ဆင်ထားကြတာပေါ့လေ။ ဦးဘောဂ သဘောကျဖြစ်ဖို့၊ သူ့အကြိုက် ဖြစ်အောင် အားကြိုးမာန်တက် ကြိုးစားလိုက်ကြတာမှာ ဦးဘောဂရဲ့ ငွေတွေ အများကြီး ကုန်ကျသွားသလို တစ်အိမ်လုံးဟာလည်း အစိမ်းရောင်တွေ ဖုံးလွှမ်းလို့ပေါ့။ အစိမ်းရောင် ၀ယ်လို့မရနိုင်တဲ့ အသုံးအဆောင်တွေ ဆိုရင်လည်း ဆေးအစိမ်းရောင်တွေ သုတ်ပစ်လိုက်ကြတယ်လေ။

ဒီလိုနဲ့ လအနည်းငယ် ကြာလာတဲ့ တစ်ရက်မှာ အစိမ်းရောင်ကို အာရုံစူးစိုက်ဖို့ ပြောကြားလိုက်တဲ့ ဘုန်းကြီးဟာ သူဌေးကြီး ဦးဘောဂတို့မြို့ကို ရောက်လာပါတယ်။ ဘုန်းကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါ အခြေအနေကို သက်သာရဲ့လား.. ဘယ်လိုနေလဲဆိုတဲ့ သတင်း မေးချင်တာနဲ့ ဦးဘောဂတို့အိမ်ကို ရောက်လာပါတယ်. သူဌေးကြီးနဲ့တွေ့ဖို့ ဘုန်းကြီး ကြွလာတယ်လဲ ဆိုရော ဦးဘောဂရဲ့တပည့်တွေဟာ အပြေးအလွှား ရောက်လာကြပြီး အစိမ်းရောင် ခြုံထည်ကြီးတစ်ထည်ကို ဘုန်းကြီးရဲ့ အပေါ်ကို လွှမ်းခြုံပေးလိုက်ကြပါတယ်။ ဒီတော့ ဘုန်းကြီးဟာ တအံ့တသြဖြစ်ပြီး သူ့တပည့်တွေကို ဘာဖြစ်လို့ သူ့ကို ဒီဟာကြီး လာခြုံပေးရတာလဲလို့ မေးပါတယ်။ ဒီတော့ ဦးဘောဂရဲ့ တပည့်တွေက “ဟာ အရှင်ဘုန်းကြီးပဲ တပည့်တော်တို့သူဌေးကို အစိမ်းရောင်ကိုပဲ ကြည့်ရမယ် တစ်ခြားအရောင်တွေ ကြည့်ရင် မျက်စိဝေဒနာပျောက်မှာ မဟုတ်ဘူး ပိုဆိုးလာမယ်လို့ ပြောထားခဲ့တာလေ.. ဒါကြောင့် ဘုန်းကြီးရဲ့သင်္ကန်းအရောင်ကို မြင်ရင် သူဌေးကြီးရဲ့ ဝေဒနာ ပိုဆိုးမှာစိုးလို့ တပည့်တော်တို့က အစိမ်းရောင်ကို လာခြုံပေးတာပါ” လို့ ပြန်ဖြေကြပါတယ်။

ဒီတော့မှ ဘုန်းတော်ကြီးဟာ အိမ်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်တော့ ပန်းအိုးတွေ လိုက်ကာခန်းဆီး ကော်ဇော မြင်မြင်သမျှ အရာအားလုံးဟာ အစိမ်းရောင်တွေကြီး ဖြစ်နေတာကို တွေ့ရပါတော့တယ်.. ဒါတွေကို တွေ့လိုက်တယ်ဆိုရင်ပဲ ဘုန်းကြီးက အားရပါးရ အသံထွက်အောင် ရယ်မောလိုက်ပါတယ်.. ပြီးတော့ “ ဖြစ်မှ ဖြစ်ရလေ.. သူဌေးကြီးရဲ့ တပည့်တွေဟာ ဒီလောက်တောင်ဘဲ အတွေးချော်ရလေသလား၊ ဒီထက်ကောင်းတာ မစဉ်းစားနိုင်ကြတော့ဘူးလား ” လို့ ပါးစပ်က ပြောလဲပြော ရယ်လဲ ရယ်နေပါတော့တယ်။ သူဌေးကြီးရဲ့ တပည့်တွေက ဘုန်းကြီး ဘာကြောင့်မို့ ဒီလောက် ရယ်မောနေတယ်ဆိုတာ နားမလည်နိုင် ဖြစ်နေတော့ ဘုန်းကြီးကို “အရှင်ဘုရား ဘာကြောင့် ဒီလောက်ရယ်နေတာလဲ” လို့ မေးမြန်း လျှောက်တင်ကြတယ်လေ။ ဒီတော့မှ ဘုန်းတော်ကြီးက “ခုလို တစ်အိမ်လုံးကို အစိမ်းရောင် ပြောင်းပစ်လိုက်တော့ ပိုက်ဆံတွေ ဘယ်လောက်များ ကုန်သွားပြီလဲ။ တကယ်လို့များ မင်းတို့သူဌေးအတွက် အစိမ်းရောင်မှန်နဲ့ လုပ်ထားတဲ့ မျက်မှန်စိမ်းလေး တစ်လက်လောက်သာ ၀ယ်ပေးလိုက်ရင် ပိုက်ဆံ နည်းနည်းလေးဘဲ ကုန်မယ် မဟုတ်ဘူးလား။ မျက်မှန်တပ်ပြီး ကြည့်မယ်ဆိုရင် မြင်သမျှ အစိမ်းရောင်ဖြစ်ပြီပေါ့ကွယ်။ ဒါကို မတွေးမိဘဲ အစိမ်းရောင်ပြောင်းဖို့ ဒီလောက် ကုန်ကျစရိတ်တွေ အများကြီး သုံးပြီး အကျယ်ချဲ့ထားတာကို အံ့သြမိပါတယ်ကွာ။ ” လို့ ပြန်ပြောလိုက်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~


ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်. ကျွန်မက ဒီပိုစ့်ခေါင်းစဉ်ကို “အစိမ်းရောင်ဆိုးကြသူများ” လို့ နာမည် ပေးလိုက်ပါတယ်.. ပုံပြင်ထဲက ပေးချင်တဲ့ မက်ဆေ့လေးကိုတော့ စာဖတ်သူများကိုယ်တိုင် နှစ်သက်သလို ရှာဖွေကြည့်ကြပါစို့လို့...


Sulina Menon ရဲ့ Let us Change Our Vision ကို ဘာသာပြန်ပါသည်။



အချစ်အကြောင်း ပြောရအောင်.....


အချစ်အကြောင်းပြောရအောင်တဲ့.. မသက်ဝေက အဖော်ညှိပါတယ်.. ကျွန်မအတွက်တော့ အခက်ဆုံး အကြောင်းအရာလို့ ပြောရမယ်ထင်ပါတယ်..  ဒီကလည်း အချစ်နဲ့ပတ်သက်ရင် ဒဿနတွေ များများစားစားလည်း မသိပါဘူး။ ဒီတော့ ကျွန်မနားလည် လက်ခံထားတဲ့ အချစ်အကြောင်းလေးကို ရိုးရိုးလေးပဲ ပြောကြည့်ချင်ပါတယ်။

အချစ်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှု၊ ဂရုစိုက်မှု၊ နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှု၊ သစ္စာရှိမှု စသည်တို့ဟာ မလွဲမသွေ လိုအပ်တယ်လို့ ကျွန်မ မြင်ပါတယ်။ ချစ်လှပါရဲ့လို့ ပါးစပ်ကပြောနေပေမဲ့ နွေးထွေးမှုမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် နားလည်သိတတ်မှုမရှိဘူး၊ သစ္စာမရှိဘူး၊ ကြင်နာငဲ့ညှာမှု မရှိဘူးဆိုခဲ့ရင် အဲဒီအချစ်ဆိုတာဟာ ဘက်ညီမျှတဲ့အချစ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူကိုပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ အရာလေးတွေကိုပဲ ဖြစ်ဖြစ် မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ကိုယ်ကလည်း ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုး တန်ဖိုးထားပါမှ ကိုယ်ချစ်တဲ့သူ၊ ကိုယ်ချစ်တဲ့အရာတွေကလည်း ကိုယ့်ကို ပြန်ပြီး တန်ဖိုးထား မြတ်နိုးမှာ ဖြစ်ပါတယ်။

ဒီတော့ အချစ်နဲ့ ပတ်သက်ပြီး ကျွန်မအတွက် အကောင်းဆုံး ဥပမာကို ပြောရမယ်ဆိုရင် တစ်စုံတစ်ဦးနဲ့ ပတ်သက်တဲ့ အချစ်အကြောင်း မဟုတ်ပဲ ကျွန်မစိုက်ပျိုးထားတဲ့ ကျွန်မချစ်သော အပင်လေးတွေနဲ့ ပတ်သက်တဲ့ အချစ်အကြောင်းကို ပြောပြချင်ပါတယ်။ ကျွန်မဟာ အပင်လေးတွေကို သိပ်ချစ်ပါတယ်.. ရောက်တဲ့နေရာမှာ အပင်လေးတွေ စိုက်ဖြစ်ပြီး ကျွန်မရဲ့ အလုပ်စားပွဲပေါ်မှာလည်း အပင်စိမ်းစိမ်းလေးတွေ တင်ထားချင်သူ၊ တင်ထားတတ်သူပါ။ အခု ကျွန်မနေတဲ့ မြို့ကလေးက အိမ်ခန်းကလေးဟာ ၃ထပ်မှာဖြစ်တဲ့အတွက် ကျွန်မစိုက်ချင်တဲ့ သစ်ပင်လေးတွေ စိုက်ပျိုးဖို့အတွက် မြေနေရာမရှိပါဘူး။ ဒါပေမဲ့ ကျယ်ကျယ်ဝန်းဝန်းနဲ့ ရှုခင်းတွေကို အပေါ်စီးကနေမြင်ရပြီး လေကောင်း လေသန့်ရတဲ့ ၀ရံတာတော့ ရှိပါတယ်..

အရပ်လေးမျက်နှာစလုံး ကြည့်လေရာအရပ်တိုင်း ခုလို တောင်တန်းကြီးတွေ ပတ်လည်ဝိုင်းနေတာပါ။



ဘယ်နေရာကြည့်ကြည့် တောင်တန်းကြီးက ပြေးမလွတ်ပါ..

ဝရံတာကနေ မျှော်ကြည့်လိုက်ရင် တောင်တန်းတွေ ပတ်လည်ဝိုင်းထားတဲ့ မြို့ရှုခင်းတွေကို မြင်ရတာလည်း သိပ်ကို စိတ်ချမ်းသာပြီး စိတ်အေးချမ်းပါတယ်. ဒီတော့ ပန်းပင်တွေကို ချစ်တဲ့ ကျွန်မက ၀ရံတာလေးမှာပဲ ကောင်းနိုးရာရာ အပင်လေးတွေကို အိုးကလေးတွေနဲ့ စိုက်ပျိုးထားခဲ့ပါတယ်။ ဟိုးအရင်ကတော့ ကျွန်မစိုက်ထားတဲ့ အပင်လေးတွေ၊ ပန်းပင်လေးတွေအကြောင်းကို အပင်နှင့်တူသောသူများဆိုတဲ့ ခေါင်းစဉ်နဲ ပိုစ့်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ကျွန်မ အပင်လေးတွေကို ချစ်ပါတယ်.. ပန်းပွင့်တဲ့ အပင်၊ မွှေးတဲ့ ရနံ့ရှိတဲ့အပင်၊ ပန်းလဲမပွင့် မွှေးလဲမမွှေးပေမဲ့ စိမ်းစိမ်းစိုစို မျက်စိအေးစေတဲ့အပင်၊ မီးဖိုချောင်အတွက် အသုံးဝင်တဲ့အပင် စတဲ့ အပင်မျိုးစုံကို အကြောင်း အမျိုးမျိုးနဲ့ ချစ်သလို ရည်ရွယ်ချက် အမျိုးမျိုးနဲ့လည်း အပင်လေးတွေကို စိုက်ပျိုးဖြစ်ပါတယ်။ ကျွန်မရဲ့ ၀ရံတာလေးဟာ ပန်းဥယျာဉ်လေး သေးသေးလေးဖြစ်အောင် ကျွန်မ အပင်မျိုးစုံကို စိုက်ပျိုးထားခဲ့ပါတယ်။

နှင်းဆီတစ်ပွင့်ရဲ့ အိပ်မက်



ကျွန်တော့် အသက် ၁၉နှစ်အရွယ်  ပထမဆုံး ကောလိပ်ကျောင်း စတက်တဲ့ ရက်မှာ ကျွန်တော်တို့ရဲ့ ပါမောက္ခကြီးက သူ့ကိုယ်သူ  မိတ်ဆက်ပါတယ်. ပြီးတော့ ကျွန်တော်တို့ကိုလဲ ယခု အတန်းထဲမှာ ရောက်နေကြသူချင်း တစ်ခါမှမသိခဲ့ဖူး၊ မတွေ့ခဲ့ဖူးတဲ့သူ အချင်းချင်း မိတ်ဆွေ ဖွဲ့ကြဖို့  ပြောဆို တိုက်တွန်းပါတယ်.. ဒီတော့ ကျွန်တော်လဲ မတ်တပ်ရပ်ပြီး ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ရင် ကောင်းမလဲ ဆိုတာ အတန်းထဲ လှည့်ပတ် ရှာဖွေကြည့်နေမိတယ်.. ဒီစဉ်မှာ ကျွန်တော့ပုခုံးကို တစ်စုံတစ်ယောက်က လာပုတ်တဲ့အတွက် လှည့်ကြည့်လိုက်တော့ အသားအရေတွေ တွန့်နေပြီး ပြုံးရွှင်တဲ့ မျက်နှာပေးလေးနဲ့ တော်တော်လေးကို အသက်ကြီးနေတဲ့ အဖွားအို တစ်ဦးကို တွေ့လိုက်ရပါတယ်..

သူက ကျွန်တော့်ကို မိတ်ဆက်စကား စပြောပါတယ်..  “ ဟိုင်း ကောင်လေးရေ.. တို့နံမည်က  ရိုစ့်ပါ.. အသက်က ၈၇ နှစ် ရှိပါပြီ.. ငါတို့တွေ မိတ်ဆွေ ဖြစ်ကြရအောင်လား …. တို့တွေ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရအောင်လားကွယ်”

ကျွန်တော်လဲ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်မိရင်းက အဖွားကို စိတ်လိုလက်ရ လက်ဆွဲနှုတ်ဆက် လိုက်ပြီး “ ဘာလို့ ဒီလောက် ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ဒီကောလိပ်ကို လာတက်နေတာလဲဗျ” လို့ ကျွန်တော် သူ့ကို စနောက် ချင်စိတ်နဲ့ ရင်းရင်းနှီးနှီး ဟာသ ထုတ်ကာ မေးလိုက်ပါတယ်…


အဖွားရိုးစ့်က “ အော်  တို့က ဒီကောလိပ်မှာ ချမ်းသာတဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ တွေ့ပြီး လက်ထပ်ခွင့်များ ရမလားလို့ပေါ့.. ရလာခဲ့ရင် ကလေး တစ်ဒါဇင်လောက် ယူမယ်.. ပြီးတော့ အနားယူပြီးရင် ခရီးတွေ အများကြီး ထွက်မယ်လေ”  လို့ ရယ်ရယ်မောမော ပြန်ပြီး ဟာသ လုပ်ပါတယ်..

“ အိုး သိပ်ကောင်းတဲ့ ရည်ရွယ်ချက်ဘဲ ” လို့ပြန်ပြောရင်းက သူ့အကြောင်းကို စိတ်ဝင်တစား စပ်စုကြည့် မိပါတယ်…  ဟုတ်တယ်လေ အသက် ၈၇ နှစ် ဆိုတဲ့ အရွယ်ဟာ ကျောင်းတက်ပြီး စာသင်ဖို့  သိပ်ကို ခဲယဉ်းတဲ့ အရွယ်ပါ.. ဒီအဖွားအို ရိုစ့်ဟာ ဘယ်လို တွန်းအားတွေ၊ ဘယ်လို စိတ်ကူးတွေနဲ့ ဒီကျောင်းကို လာတက်တယ် ဆိုတာ ကျွန်တော့်အတွက် တော်တော်လေးကို ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်.. ဒါကြောင့် ကျွန်တော် သူ့ကို မေးခွန်းတွေ မေးမိပါတယ်.. အဲဒီမှာ အဖွားအို ရိုစ့် ကျွန်တော့်ကို ပြောပြတဲ့ သူ့ရည်မှန်းချက်လေးကို မှတ်သားစဖွယ်အဖြစ် သိလာရတာက

“ တို့ဘ၀မှာ  ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခု အမြဲတမ်း ရှိခဲ့တယ်…  အဲဒါက ကောလိပ်မှာ ပညာသင်ကြားခွင့်ရဖို့ဆိုတဲ့ အိပ်မက် ကလေးပါဘဲ… တို့က အဲဒီ အိပ်မက်ကို တစ်နေ့မှာ မဖြစ် ဖြစ်အောင် အကောင်အထည် ဖော်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် အမြဲတမ်း ထားရှိခဲ့တယ်.. ဘယ်တော့မှ စိတ်အားမလျှော့ခဲ့ဘူး.. တို့ဘ၀မှာ အခက်အခဲတွေ၊ အတားအဆီးတွေ အများကြီး ကြုံခဲ့ရတယ်.. ဒါပေမဲ့ ဘယ်လိုအခက်အခဲ အတားအဆီးနဲ့ကြုံကြုံ တို့ရဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ဘူး။ ကဲ.. အခုတော့ အဲဒီအိပ်မက်ကို  အကောင်အထည် ဖော်နိုင်ပြီ။ တို့ရည်မှန်းတဲ့ ကောလိပ်ကို တက်နိုင်ပြီ။ အသက်အရွယ် ဘယ်လောက်ပဲ ရောက်နေနေ  ဖြစ်ချင်တာကို ဖြစ်ခွင့်ရတာ ဘယ်လောက် ကျေနပ်ဖို့ကောင်းသလဲ”  လို့ သူ အိပ်မက်အကြောင်းကို ပြောပြပါတယ်..

အတန်းပြီးတဲ့အချိန်မှာတော့ သူနဲ့ကျွန်တော် ကဲန်တန်း သွားပြီး ချောကလက် မေ့ခ်ရှိတ် အတူတူ သောက်ကြပါတယ်.. အဖွားရိုစ့်နဲ့ ကျွန်တော်ဟာ တကယ့်ကို သူငယ်ချင်း အရင်းအချာတွေ ဖြစ်သွားကြပါတယ်.. နောက်ပိုင်းတွေမှာလည်း သူနဲ့ကျွန်တော် အမြဲတမ်း စကားဖောင်ဖွဲ့ဖြစ်တယ်.. ကျွန်တော်ဟာ သူ့ဆီကနေ ဗဟုသုတတွေ အများကြီးကို ရခဲ့ပါတယ်.. အသက်အရွယ် ကြီးသူတွေဆီမှာ တန်ဖိုးဖြတ်မရနိုင်တဲ့ အတွေ့အကြုံတွေ၊ ပညာဥာဏ် ဗဟုသုတတွေ ရှိနေတတ်တယ် မဟုတ်ပါလား…

အဖွားဟာ ကျွန်တော်တို့ ကောလိပ်ကြီးတစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါတယ်. သူဟာ ဘယ်သူနဲ့မဆို ခင်မင် ရင်းနှီးလွယ်ပြီး လူတိုင်းကလည်း သူ့ကို ချစ်ခင်နှစ်သက်ကြတယ်.. သူ့မှာရှိတဲ့ အရည်အချင်းက အ၀တ်အစားကို အမြဲတမ်း သေသပ်ကျနစွာ ၀တ်ဆင်တတ်ပြီး.. အမြဲတမ်းလည်း ရယ်မောရွှင်ပြနေလေ့ရှိတော့ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကိုလည်း ရယူထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်.. သူဟာ အသက်အရွယ် ကြီးရင့်နေတဲ့ အဖွားအိုတစ်ယောက်နဲ့ မတူဘဲ နုပျိုလန်းဆန်းနေဆဲ မိန်းမငယ်လေး တစ်ယောက်နဲ့သာ တူတဲ့အတွက် ဇရာကို ဥပက္ခာ ပြုထားနိုင်တဲ့ တကယ့် အာဂ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်..

စာသင်နှစ်ဝက် အဆုံးမှာကျင်းပတဲ့ ကျွန်တော်တို့ဘောလုံး အသင်းရဲ့ ဂုဏ်ပြု ညစာစားပွဲမှာ ကျောင်းသားတွေက အဖွားရိုးစ့်ကို စကားပြောဖို့ ဖိတ်ကြားလိုက်ပါတယ်.. အဲဒီညမှာ သူ ကျွန်တော်တို့လူငယ် ကျောင်းသားတွေကို ပေးလိုက်တဲ့ စကားလက်ဆောင်ကို ကျွန်တော့် တစ်သက် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး… သူဟာ စကားပြောစင်မြင့်ပေါ်ကို တည်တည်ငြိမ်ငြိမ် တက်ရောက်သွားပြီး သူ့ကိုယ်သူ မိတ်ဆက် ပါတယ်.. ပြီးတော့ ကျွန်တော်တို့အတွက် အမြဲအမှတ်ရနေမဲ့ စကားတွေကို သူပြောသွားခဲ့ပါတယ်။


ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဆိုပြီး ကိုယ်လုပ်စရာ ရှိတာတွေကို ရပ်မပစ်သင့်ပါဘူး… လုပ်စရာရှိတာတွေကို ဘာမှ မလုပ်တော့ဘဲ ရပ်လိုက်ပြီဆိုမှသာ အသက်ကြီးသွားတာ ဖြစ်ပါတယ်… ကိုယ်လုပ်ချင်တာတွေ လုပ်နေသေးသရွေ့တော့ ငယ်ရွယ် နုပျိုနေဆဲ ဖြစ်ပါတယ်..  ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နဲ့ နေထိုင်ဖို့ဆိုတာ လျှို့ဝှက်ချက် ၄ခု ရှိပါတယ်… အဲဒါတွေက

ရယ်စရာ အကြောင်းအရာလေးတွေကို ရှာဖွေပြီး အမြဲတမ်း  ရယ်မောရွှင်ပျ နေရမယ်.. ကိုယ့်ပါတ်ဝန်းကျင်မှာလဲ ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ပျော်ရွှင် ကြည်နူးစေနိုင်ရမယ်…

ဘ၀အတွက် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခု ရှိကိုရှိရမယ်.. ကိုယ့်အိပ်မက်ကို ဆုံးရှုံးပြီဆိုရင် သေတာနဲ့ အတူတူဘဲ.. မင်းတို့ ပတ်ဝန်းကျင်မှာ လူတွေအများကြီးကို တွေ့ရပါလိမ့်မယ်.. အဲဒီထဲကမှ တစ်ချို့လူတွေဟာ သူတို့ကိုယ်သူတို့တောင် မသိကြဘဲ  ရှင်ရက်နဲ့ သေနေကြတယ်.. ဘာလို့လဲဆိုတော့ သူတို့မှာ ဘ၀အတွက် ဘာရည်မှန်းချက်မှ မရှိကြဘဲ အသက်ရှင်နေကြတယ်.. ဒီလို ရည်မှန်းချက်မရှိတဲ့ လူတွေဟာ သေတာနဲ့ အတူတူပါဘဲ…

အသက်ကြီးလာတာနဲ့ ရင့်ကျက်လာတာဟာ အများကြီး ကွဲပြားခြားနားပါတယ်… တကယ်လို့ မင်းဟာ အသက် ၁၉နှစ်ဆိုပါတော့ .. အဲဒီမှာ  ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ လှဲလျောင်းရင်း တစ်နှစ်လုံး အချိန်ကုန်ဆုံးသွားခဲ့ရင် ဘာမှ အဓိပ္ပယ်မရှိဘဲ မင်းအသက်ဟာ ၂၀နှစ်ပြည့်သွားမယ်.. ဒီလိုပါဘဲ အဘွားဟာ အသက်၈၇နှစ်ရှိပြီ. ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အချိန် ကုန်ဆုံးသွားခဲ့မယ်ဆိုရင် တစ်နှစ်ကုန်တဲ့ခါ အသက် ၈၈နှစ်သာ ပြည့်သွားမယ်.. ဒါပေမဲ့ ဘာမှ တိုးတက်မှု ရှိမလာဘူး.. အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်သန်ခြင်း ဖြစ်မလာဘူး… လူတိုင်းလူတိုင်းဟာ တစ်နှစ်ပြီးတစ်နှစ် အလွယ်တကူ အသက်ကြီး လာတယ်.. အဓိပ္ပာယ်ရှိတဲ့ ရှင်သန်ခြင်းဖြစ်ဖို့အတွက် ကိုယ့်ရည်မှန်းချက်ဘာလဲ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ ရှာဖွေပြီး ဖြစ်အောင်လုပ်နေရမယ်.. ကိုယ့်အစွမ်းအစကို ဖော်ထုတ်နေရမယ်.. ဒါမှလဲ ကိုယ်ဟာ အသက်ကြီးတာ သက်သက် မဟုတ်ဘဲ အသက်နဲ့အတူ ရင့်ကျက်လာမယ်..

ကိုယ်လုပ်ခဲ့တာတွေအတွက် ဘယ်တော့မှ နောင်တ ပြန်မရပါနဲ့.. အဲလို နောင်တ ပြန်မရဖို့အတွက်လဲ လုပ်သင့်လုပ်ထိုက်တာကို အချိန်ရတုန်းမှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါ.. ကိုယ်မလုပ်ခဲ့မိတဲ့ အရာတွေအတွက် အသက်ကြီးလာမှ နောင်တ ပြန်မရအောင် ခုချိန်ကတည်းက ကိုယ့်ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဖြစ်အောင်လုပ်ခဲ့ရပါမယ်.. နောင်တရတတ်တဲ့ လူစားတွေဟာ သေရမှာကိုလဲ ကြောက်တတ်ကြတယ်.. ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်အောင် ကြိုးစားနေတဲ့ လူမျိုးတွေဟာ နောင်တလဲမရှိသလို သေခြင်းကိုလဲ မကြောက်ရွံ့တဲ့ လူတွေသာဖြစ်တယ်…

အဖွားရိုးစ့်ဟာ သူ့ရဲ့ အဓိပ္ပာယ်ပြည့်ဝလှတဲ့ စကားတွေအပြီးမှာ နှင်းဆီပန်းရဲ့ အိပ်မက် သီချင်းလေးကို သီဆိုပြီး သူ့စကားပြောကို အဆုံးသတ်လိုက်ပါတယ်.. သူဟာ ကျွန်တော်တို့ လူငယ်ကျောင်းသားတွေ အားလုံးအတွက် အကောင်းဆုံး၊ အဓိပ္ပါယ်ရှိဆုံး ဘ၀နေနည်းကို လက်ဆောင်ပေးခဲ့သူပါ..

စာသင်နှစ်ပြီးဆုံးတဲ့အခါမှာ အဖွားရိုစ့်ဟာလည်း ကျွန်တော်တို့နဲ့အတူတူ ကောလိပ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်.. ဘွဲ့နှင်းသဘင်မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ သူကိုယ်တိုင် တက်ရောက်ပြီး ဘွဲ့လက်ခံ ယူခဲ့ပါတယ်.. ထူးဆန်းတဲ့ တိုက်ဆိုင်မှုက ဘွဲ့နှင်းသဘင်အပြီး တစ်ပတ်ပြည့်တဲ့ နေ့မှာတော့ အဖွားရိုစ့်ဟာ သူရဲ့ အိပ်ယာထက်မှာဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။ ကျွန်တော်တို့ကို ဘ၀မှာ  နောင်တမရအောင် နေထိုင်ဖို့ အသိတရားတွေ သင်ကြား ပြသပေးခဲ့တဲ့ အဖွားရဲ့ ဈာပနကို ကျွန်တော်တို့ ကောလိပ်က ကျောင်းသား အားလုံးပေါင်း ၂၀၀၀ကျော်ဟာ လေးစားချီးကျူးခြင်း များစွာနဲ့ တက်ရောက်ခဲ့ကြပါတယ်.. ဘာဘဲဖြစ်ဖြစ် အဖွားရိုစ့်ဟာ ကျွန်တော်တို့ လူငယ်လေးတွေအတွက် အကောင်းဆုံး စံနမူနာ ယူစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်…

ခင်ဗျားတို့မှာလည်း ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခု ရှိပြီဆို  အဖွားရိုစ့်ကို နမူနာယူပြီး မလျော့သောဇွဲနဲ့ မဖြစ်ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းပါရစေလားဗျာ။



CHICKEN SOUP FOR THE COLLEGE SOUL မှ Dan Clark ရဲ့ Never Too Old To Live Your Dream ကို ဘာသာပြန်ပါသည်..





Photo from: Here

ငါးလိမ္မော်ပေါင်းနဲ့ ၀က်သားသီဟိုဠ်စေ့ကြော်






ဒီအပတ်အတွက် အစားအသောက်ကဏ္ဍမှာ ဖော်ပြပေးချင်တဲ့ ဟင်းလျာက ထူးထူးခြားခြားမဟုတ်ပဲ အလွယ်တကူ ချက်ပြုတ်နိုင်တဲ့ ငါးလိမ္မော်ပေါင်းနဲ့ ၀က်သားသီဟိုဠ်စေ့ကြော် ဖြစ်ပါတယ်။

ငါးလိမ္မော်ပေါင်း

ငါးလိမ္မော်ပေါင်းဖို့အတွက် ငါးအနေတော် တစ်ကောင်လုံးကို ကြေးခွံထိုး၊ ဗိုက်ဖောက်၊ ရေစင်အောင်ဆေးပြီး ဓါးနဲ့မွန်းကာ ဆား၊ ငံပြာရည်၊ အရသာမှုန့်တို့ဖြင့် နယ်ပြီး ခေတ္တထားပါတယ်။


  ဆား အရသာမှုန့်နယ်



ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ခရမ်းချဉ်သီး ၃လုံးခန့်၊ နံနံအနည်းငယ် တို့ကို တောက်တောက်စင်းထားပါတယ်..





ထို့နောက် ၄င်းတို့ကို ပန်းကန်တစ်လုံးတွင်ထည့်ကာ ငရုပ်သီးဆော့၊ ဆား၊ ငံပြည်ရည် နှမ်းဆီအနည်းငယ်၊ အသားမှုန့်တို့ဖြင့် ရောမွှေထားပါတယ်။ ငံပြာရည်ကို ခပ်များများ ထည့်ပါတယ်.. သို့မှသာ ငါးထဲကို အရသာများ ၀င်မှာမို့ပါ။



ငါးကို ပေါင်းမဲ့ ပန်းကန်ပြားထဲထည့်ကာ ရောမွှေထားသော ခရမ်းချဉ်သီးအနှစ်များကို ငါးပေါ် လောင်းချ လိုက်ပါတယ်။ တကယ်လို့ ဒီအနေအထားအတိုင်း ပေါင်းရင်လဲဖြစ်ပါတယ်.




ကျွန်မက နည်းနည်းလေး ထပ်ကွန့်ဖို့အတွက် အခွံနွာကာ ပါးပါးလှီးထားသော လိမ္မော်သီး အချပ်ကလေးများဖြင့် ငါးပေါ် ပုံပါအတိုင်း လှလှပပ ပြင်ဆင်ပါတယ်။


ရေထည့်ထားတဲ့ အိုးတစ်လုံးနဲ့ ပေါင်းဖို့ ပြင်ဆင်ပါတယ်။ ၁၅မိနစ် မိနစ် ၂၀ခန့်ပေါင်းပြီးရင် ငါးအသားတွေ နူးလာပြီမို့ ချလို့ရပါပြီ။


အပေါ်က နံနံပင်လေးအလှဆင်ပြီး ငရုပ်ကောင်းမှုန့်လေး ဖြူးပြီးရင် လှလှပပလေး ပြင်ဆင်ထားတဲ့ ငါးလိမ္မော်ပေါင်းကို သုံးဆောင်နိုင်ပါပြီ။




အရသာလဲရှိ အမြင်အားဖြင့်လဲ လှတာမို့ ဧည့်သည်လာရင်လဲ အထူးအဆန်းလေးအဖြစ် ဧည့်ခံဖို့ကောင်းတဲ့ လွယ်လွယ်ကူကူ ဟင်းတစ်မယ် ရနိုင်ပါပြီရှင်။

~~~~~~~~~~~~~~~~~~~~~~



ဝက်သားသီဟိုဠ်စေ့ကြော်


ဝက်သားသီဟိုဠ်စေ့ကြော်ဖို့အတွက် ၀က်သား မိမိနှစ်သက်သလောက်ကို အနေတော်အတုံးလေးများ တုံးပြီး ဆား၊ အရက်အနည်းငယ်၊ အရသာမှုန့်တို့ဖြင့် နယ်ထားပါတယ်။

အိမ်နောက်ဖေးက ချောင်းကလေး




ကျွန်မတို့ အိမ်နောက်တွင် အလွန်သာယာ စိမ်းလဲ့ကြည်လင်စွာ စီးဆင်းနေသော ချောင်းကလေးတစ်ခု ရှိခဲ့ပါသည်။  ကျွန်မမွေးဖွားရာ ဇာတိရှိ ကျွန်မတို့အိမ်သည် ချောင်းကမ်းဘေးတွင် မှေးတင် ဆောက်လုပ်ထားသော အိမ်တစ်အိမ်ဖြစ်ပါသည်။ အိမ်များသည် လမ်းမကို မျက်နှာမူကာ ဆောက်လုပ်ရခြင်းဖြစ်သောကြောင့် ထိုချောင်းကလေးသည် ကျွန်မတို့၏ အိမ်နောက်ဖက်တွင် ရှိနေပါသည်။ အိမ်နောက်ဖက် ပြူတင်းပေါက်မှ မျှော်ကြည့်လိုက်မည် ဆိုပါလျှင် ချောင်းထဲမှ မြင်ကွင်းစုံကို မြင်နေရပြီး သွဲ့သွဲ့ညင်ညင် စီးဆင်းနေသော ချောင်းရေစီးသံ  ကြားနေရလောက်အောင် နီးကပ်စွာရှိနေခဲ့ပါသည်။ ချောင်းကလေးသည် ကြည်လင်စိမ်းလဲ့စွာ၊ သာယာလှပ၊ တည်ငြိမ်အေးမြစွာ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေခဲ့ပါသည်။

မနက်ခင်း အိပ်ရာထချိန်တွင် တောင်တန်းများကို ကျော်ဖြတ်၍ ရောက်ရှိလာသော နေရောင်ခြည်သည် စိမ်းလဲ့ကြည်နေသော ချောင်းရေပြင်ပေါ်သို့ ဖြာအကျတွင် လျှပ်တိုက်ပြေးလွှား ဆော့ကစားနေသော လေပြေ လေညင်းကြောင့် ချောင်းရေပြင်ပေါ် ယှက်ဖြာနေသော ဘော်ငွေရောင် လှိုင်းကြက်ခွပ် ကလေးများသည် တလက်လက်ဖြာကာ ငွေမှုန်လေးများ ကြဲပက်လိုက်သကဲ့သို့ ရောင်ပြန်ဟပ်ပြီး ၀န်းကျင်တစ်ဝိုက်ကိုပင် လင်းလဲ့ ၀င်းဖြာ နေသည့် မြင်ကွင်းသည် ကြည်နူးစရာ၊ ရွှင်လန်းစရာအတိ ဖြစ်ခဲ့ဖူးပါသည်။ စီးဆင်းနေသော ချောင်းရေသည် အောက်ခံ ကျောက်တုံးကျောက်သားများကိုပင် မြင်ရလောက်အောင် ကြည်လင်စိမ်းမြလို့ နေခဲ့သည်။ ချောင်းထဲတွင် ပေါများလှသော ငါးမျိုးစုံတို့သည်လည်း အုပ်စုဖွဲ့ကာ အေးချမ်းသာယာစွာ ကူးခတ် နေသည်ကိုပင်လျှင် အတိုင်းသား မြင်ရလောက်အောင် ချောင်းရေသည် ကြည်လင် သန့်စင်လွန်းလှသည်။

ဆောင်းအခါတွင်တော့ မြူနှင်းများအောက်တွင် ကြည်လင်နေသော ရေပြင်စိမ်းစိမ်းပေါ်မှာ ဖြူလွလွ အငွေ့များ တလူလူထွက်စေလျှက် နွေးထွေးစွာ စီးဆင်းနေတတ်ခဲ့သည်။ ပြင်ပ၀န်းကျင်တစ်ခုလုံး နှင်းငွေ့မှုန်များဖြင့် အေးစက်နေသော်လည်း ချောင်းရေမှာထူးထူးခြားခြား နွေးထွေးနေလေ့ ရှိပါသည်။ ချောင်းကမ်းစပ်များတွင်တော့ နှင်းရည်စိုလူးနေသော စိမ်းလဲ့လဲ့ မြက်ခင်းများနှင့် စိမ်းညို့ညို့ စိုက်ခင်းတို့က ချောင်းကလေး၏အလှကို သဘာဝဆန်ဆန် ကျက်သရေရှိစေခဲ့သည်။ ညအချိန်တွင် ရွှေရောင်လင်းဖြာကျနေသော လရောင်အောက်တွင် တည်ငြိမ်စွာ စီးဆင်းနေသော ချောင်းရေနှင့် ဂီတသံပမာ ညင်ညင်သာသာ ထွက်ပေါ်နေသော ရေစီးသံသည် လရောင်ဆမ်းသော ညချမ်းများကို အလှဆုံးဖြစ်အောင် ပံ့ပိုးပေးနေခဲ့ဖူးပါသည်။

ချောင်းရေသည် နက်သည့်နေရာတွင် ၀ါးတစ်ပြန်ကျော်အထိ နက်ပြီး ကျွန်မတို့ ရေငုပ်ပြီး ချောင်းအောက်ခြေက မြေကြီးကို ဆုပ်ပြီး ပြန်တက်လာကြေး ကစားကြလျှင်ပင် ချောင်းအောက်ခြေကို ရောက်အောင် ငုပ်နိုင်သူ ရှားသည်အထိ ချောင်းရေက နက်ရှိုင်းပါသည်။ လူအများရေချိုးကြသော ရေချိုးဆိပ်များတွင်တော့ အလွန်ဆုံး ရင်ဘတ်လောက်ထိသာ အနက်ရှိပြီး ချောင်း အောက်ခြေသည်လည်း နှုံးများ၊ ရွံ့များကင်းစင်စွာ ချောမွတ်သော ကျောက်တုံးငယ်များ ပြည့်နေသည့် ကြမ်းပြင်သာ ဖြစ်လေသည်။ မိုးရာသီတွင် တောင်ကျချောင်းရေများ၊ မိုးရေများကြောင့် ထိုအချိန်တွင် စီးဆင်းနေသော ချောင်းရေမှာ နောက်ကျိကာ ရွံ့နွံများ ပါနေတတ်သော်လည်း ကျန်သည့်အချိန်များတွင်တော့ အိမ်နောက်ဖေးက ချောင်းကလေးသည် ကျောက်တုံးများနှင့် ငြိမ့်ညောင်းသာယာစွာ စီးဆင်းတတ်ပြီး ရေသန့်စင်မှုမှာလည်း စိတ်ချရလောက်အောင် ကြည်လင်သန့်စင်သော ချောင်းလည်းဖြစ်ခဲ့ပါသည်။

ထိုအချိန်က ကျွန်မတို့ဒေသတွင် ရေတွင်း၊ အ၀ီစိတွင်းဟူ၍ မရှိသလောက် ရှားပါသည်။ ချောင်းရေသည် ကျွန်မတို့ ဒေသတစ်ခုလုံး၏ သောက်ရေ သုံးရေအဖြစ် အားကိုးအားထားရာ ဖြစ်ခဲ့သည်။ ဒေသတစ်ခုလုံးက လူများသည်လည်း ချောင်းထဲတွင်သာ ရေချိုးကြပါသည်။ မနက်စောစောတွင် သောက်ရေ၊ သုံးရေအဖြစ် ချောင်းထဲမှ ရေကို ခပ်ကြသလို၊ နေ့ခင်း၊ ညနေစောင်းတို့တွင် ချောင်းထဲတွင် အိုးခွက်ပန်းကန်ဆေး၊ အ၀တ်လျှော်၊ ရေချိုး စသည်တို့ကို ပြုလုပ်ကြရသည်။ ကြည်လင်လှသော ချောင်းရေသည် ဒေသတစ်ခုလုံး၏ မှီခိုအားထားရာ အသက်သွေးကြောတစ်ခု ဖြစ်ခဲ့ပါသည်။ ချောင်းထဲတွင် သစ်ဖောင်များ၊ ၀ါးဖောင်များ မျှောချခြင်း၊ ဆည်များပိတ်၍ ငါးဖမ်းခြင်း၊ မြုံးထောင်ခြင်း၊ ငါးမျှားခြင်း၊ စက်လှေများ ပြေးဆွဲခြင်း၊ ချောင်းကမ်းဘေး မြေလွတ်များ၊ နွေအခါ ပေါ်လာတတ်သော ကျွန်းများပေါ်တွင် သီးပင်များ စိုက်ပျိုးခြင်း၊ ကမ်းစပ်များတွင် သစ်သားပြားအင်ဝိုင်းလေးဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင်ခြင်း စသည်တို့သည်လည်း ချောင်းနှင့်ဆက်စပ်၍ လုပ်ကိုင်နေကြသော အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဖြစ်လေသည်။

ချောင်းထဲတွင် ငါး၊ လိပ်၊  စသော ရေသတ္တ၀ါများ ပေါများလှသည်သာမက ကလေးသာသာအရွယ် ငါးကြီးများ (ငါးထွေ ဟု သိရသည်) သည်လည်း ဘုန်းတော်ကြီးကျောင်း ရေဆိပ်တွင် အများအပြားရှိပြီး ထိုနေရာမှလွဲကာ အခြားနေရာသို့လည်း သွားလေ့မရှိသဖြင့် ဘုန်းကြီးငါးဟုလည်း ခေါ်ကြသည်။ ဘုန်းတော်ကြီးကျောင်းကြီးမှ မနက်ဆယ်နာရီ သံချောင်းခေါက်လျှင် ထိုငါးကြီးများသည် ကမ်းစပ်သို့ ရောက်လာပြီး ဘုန်းကြီးကျောင်းသားများ၊ ရပ်သူရွာသားများ ကျွေးသော ထမင်းကို ကျယ်ပြန့်ကြီးမားသော ပါးစပ်ကြီးများ ဟကာ ဟကာနှင့် လာရောက် စားသောက်ကြလေသည်။ ကျွန်မတို့ကလေးတစ်သိုက်မှာ ငါးစာကျွေးချိန်တိုင်း ကျောင်းရေဆိပ်သို့သွားကာ ကြီးမားလှသော ငါးကြီးများကို အစာကျွေးရင်း တအံ့တသြ ငေးမောခဲ့ဖူးပါသည်။ ကျွန်မတို့ ရွာကလေးသို့ အခြားမြို့ရွာမှ ဧည့်သည်များ လာပါကလည်း ၄င်းဧည့်သည်များအား ဘုန်းကြီးကျောင်းမှ ငါးကြီးများကို ဂုဏ်ယူစွာ ပြသခဲ့ကြပါသည်။ ထိုစဉ်ချိန်က ၄င်းငါးကြီးများသည်လည်း ဤချောင်းကလေး၏ နံမည်ကျော် ရတနာများ ဖြစ်ခဲ့ဖူးပါသည်။

ချောင်းတစ်ဖက်ကမ်းတွင်တော့ စိမ်းလန်းသော တောအုပ်များ တောင်တန်းများ ရှိပြီး ဟင်းရှာ၊ ထင်းရှာ၊ ၀ါးရှာ၊ မျှစ်ချိုးသူများသည် ဝေးဝေးလံလံ သွားစရာမလိုဘဲ ချောင်းတစ်ဖက်ကမ်းသို့ အလွယ်တကူ သွားရောက်ပြီး  ရှာဖွေနိုင်သည်။ သဘာဝ အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များ၊ ၀ါးပင်များ၊ ဘုရားအိုးထိုးရန် သပြေပန်းမှစ သော်ကပန်း၊ ဖက်ဆွတ်ပန်း၊ အင်ကြင်းပန်း စသည် တောပန်း၊တောင်ပန်းများလည်း အလွန်ပေါလှပါသည်။ ကျွန်မတို့ အိမ်နောက်ကနေ မျှော်ကြည့်လိုက်လျှင်ပင် တောအုပ်စိမ်းစိမ်းလေးကို လှမ်းမြင်နေရပြီး တောင်တန်းများပေါ်မှ ရေသောက်ဆင်းလာသည့် မျောက်များ၊ ချေများ၊ သမင်၊ ဆတ်တို့ကိုပင် ရံဖန်ရံခါ တွေ့မြင်နိုင်ပါသေးသည်။ ချောင်းကမ်းစပ် တောအုပ်ထဲမှ တောကောင်များ အော်သံ၊ ချေဆတ်သံ၊ သမင်တောက်သံများကိုပင် ကြားရလေ့ရှိပါသည်။ ချောင်းထဲရှိ ငါးများမှာလည်း နယ်သူနယ်သားများအတွက် ဖူလုံရုံသာမက၊ ဖမ်း၍မကုန်အောင်ပင် ပေါများလွန်းလှပါသည်။

ချောင်းထဲတွင် ဆော့ကစားရင်း ကလေးငယ်တိုင်း ၅နှစ် ၆နှစ်အရွယ်တွင် မသင်ရဘဲ ရေကူးတတ်လာကြသလို ကလေးတို့အတွက် အချိန်ဖြုန်းရာ အကောင်းဆုံးနေရာသည်လည်း ချောင်းအတွင်းဆော့ကစားခြင်း ဖြစ်လေသည်။ ချောင်းထဲတွင် ကလေးလူကြီး ရေကူး၊ ရေငုတ်ပြိုင်ခြင်း၊ အပျော်လှေစီးခြင်း၊ ကျောက်တုံးများ ငုတ်တမ်းကစားခြင်း၊ ငါးဖမ်းခြင်း စသည်ဖြင့် ပျော်စရာ ကောင်းလှသလို၊ ကလေးများမှာမူ ချောင်းထဲရောက်လျှင် အိမ်မှ လူကြီးတစ်ယောက်ယောက် လိုက်မခေါ်မချင်း မပြန်တော့သည်မှာ ကလေးအားလုံး၏ သဘာဝလို ဖြစ်နေခဲ့သည်။ မိမိအိမ်ရှိ ကလေးတစ်ယောက်ယောက် အိမ်တွင် ပျောက်နေပါက ရေချောင်းတွင် လိုက်ရှာရမည်မှာလည်း လူကြီးတိုင်းက သိနားလည်ပြီး ဖြစ်လေသည်။ ကလေးတိုင်းက ချောင်းကလေးတွင် ပျော်မွေ့ကြသည်။ ချောင်းကလေးကို ချစ်ခင် နှစ်သက်ကြလေသည်။ ထိုစဉ်ချိန်က မြို့ရွာတိုင်းရှိ ချောင်းကမ်းစပ်သည် ရေချိုးသူများ၊ ချောင်းထဲတွင် ဆော့ကစားသူများ၊ အ၀တ်လျှော်၊ အိုးခွက်ဆေးသူများနှင့် အလွန်စည်ကားပြီး ပျော်ရွှင်စရာ ကောင်းလှသည်။ ရပ်ရွာထဲမှ လူကြီးလူငယ်များ အချင်းချင်း သတင်းစကား၊ အတင်းစကားများ ပြောစရာရှိလျှင်ပင် ရေချောင်းထဲတွင် ရေချိုးရင်း၊ အ၀တ်လျှော်ရင်း၊ အိုးခွက်ပန်းကန်ဆေးရင်း တွေ့ဆုံ ချိန်းချက်လုပ်ကာ ပြောကြလေ့ရှိသည်အထိပင် ချောင်းကလေးမှာ များစွာ အရေးပါခဲ့ဖူးပါသည်။

တစ်ခါတစ်ရံ ချောင်းထဲတွင် ရေချိုးရင်း ကောက်ရတတ်သော ကျောက်တုံးအချို့သည် အဖိုးများစွာ ထိုက်တန်သော ကျောက်စိမ်းများ ဖြစ်နေတတ်ခဲ့သည်။ ချောင်းကမ်းဘေးမှ မြေကြီးများကို ကျင်ယူလျှင်ပင် ရွှေမှုန်လေးများပါဝင်သောကြောင့် ဒေသခံလူအချို့ ရွှေကျင်ခြင်း၊ ကျောက်စိမ်းရှာဖွေရန် ရေငုတ်ကျင်းမျာဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ခြင်း၊ စသည်တို့ဖြင့်လည်း ချောင်းကလေးကို မှီခိုကာ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ခဲ့လေသည်။ သို့ဖြင့် အဖိုးတန် ကျောက်စိမ်းရော၊ ရွှေပါ ထွက်သဖြင့် ချောင်းကလေး၏ အမည်နာမသည် ကျော်ကြား ထင်ရှား လာလေတော့သည်။ တဖြေးဖြေးနှင့် ချောင်းကလေး ရှိရာအရပ်ဆီသို့ ဒေသအသီးသီး၊ မြို့ရွာအနှံ့အပြားမှ လူများ ရောက်ရှိလာကြသကဲ့သို့ ချောင်းပတ်ဝန်းကျင် မြို့ရွာများသည်လည်း လူနေအိမ်ခြေများ ထူထပ်လာလေတော့သည်။

Image Hosted by PicturePush - Photo Sharing 
နောက်ကျိနေသော ချောင်းကလေး

ယခုတော့ ကျွန်မတို့ အိမ်နောက်ဖေးက ချောင်းကလေးသည် ရွှေများ၊ ကျောက်စိမ်းများ ထွက်သောကြောင့် နာမည်ကျော်ကြားဆဲ ဖြစ်သော်လည်း ယခင်ကလို သာယာလှပသော ချောင်းကလေးတော့ မဟုတ်တော့ပါပြီ။ ယခင်တုန်းက မိုးရာသီမှလွဲ၍ ကျန်သည့်အချိန်များတွင် စိမ်းလဲ့ကြည်လင် ငြိမ့်ညောင်းနေခဲ့သော ရေအပြင်သည် ယခုအချိန်တွင် နောက်ကျိ ၀ါဝင်းနေသော ရွံနှစ်ရေများသာ စီးဆင်းနေခဲ့လေပြီ။ ယခင်က ကျောက်တုံးများကို ဖြတ်သန်းပြီး စီးဆင်းရသောကြောင့် ထွက်ပေါ်နေကျ ချောင်းရေစီးသံ ချိုလွင်လွင်ပင်လျှင် ယခုတော့ နှုံးမြေများ၊ နွံနှစ်များကိုသာ ဖြတ်သန်းစီးဆင်းရပြီ ဖြစ်သောကြောင့် ငြင်သာငြိမ့်ညောင်းသော ချောင်းကလေး၏ တေးသံကိုပင် မကြားရတော့သည်မှာ ကြာခဲ့ပြီ။ ဘယ်သို့သောအကြောင်းကြောင့် ချောင်းရေများ ၁၂လရာသီလုံး နောက်ကျိနေရပါသနည်း၊ တေးသံများ မသီကြွေးနိုင်တော့ပါသနည်းဟု မေးလာသော် ဖြေစရာအဖြေက လူတို့၏ လောဘကြောင့် ဟူ၍သာ ဖြေစရာရှိပါသည်။




ချောင်းရေကို လွဲကာ အောက်ခြေကြမ်းပြင်တွင် ရတနာရှာဖွေပုံများ


ကျောက်စိမ်းနှင့် ရွှေများကြောင့် နံမည်ကျော်သော ကျွန်မ၏ မွေးရပ်မြေသည် ယခုခေတ်တွင် ငွေအင်အားများစွာတို့ဖြင့် ၀င်ရောက်လာသော ကျောက်မျက်ကုမ္ပဏီများ၊ ရွှေတူးဖော်သော လုပ်ငန်းများ နေရာအနှံ့ လက်ညိုးထိုးမလွဲအောင် ရောက်ရှိလို့ လာလေပြီ။ စက်ကိရိယာ အစုံအလင်ဖြင့် တူးဖော်ရင်း ရလာသမျှ မြေကြီးများကို ချောင်းကမ်းစပ် လူနေအိမ် အနီးတစ်ဝိုက်တွင် စွန့်ပစ်ခြင်းကြောင့် တောင်လိုပုံနေသော မို့မောက်မြေပြင်များလည်း နေရာအနှံ့ပင်။ မြေကြီးများကို ရေအင်အားများများဖြင့် မျှောတိုက်ပြီး ရွှေရှာခြင်းတို့ကြောင့် လုပ်ကွက်အသီးသီး၊ မှော်နယ်မြေအနှံ့မှ ရွံ့မြေများ ပျော်ဝင်နေသောရေများ ချောင်းကလေးအတွင်းသို့ စီးဝင် လာရခြင်းကြောင့်လည်း ချောင်းကလေးမှာ ယခင်ကလို နက်ရှိုင်းခြင်းမရှိ၊ ကြည်လင်ခြင်းလည်းမရှိ၊ ရွံ့နွံများကြောင့် တဖြေးဖြေးနှင့် တိမ်ကောလာနေချေပြီ။ ယခုအခါမှာတော့ သာယာလှပသော စိမ်းလဲ့ကြည်လင်သော၊ သန့်စင်အေးမြသော ချောင်းကလေး မဖြစ်နိုင်တော့ပြီ။ တေးသံလွင်လွင် မချိုမြနိုင်တော့ပေ။