ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်..




ဒီတစ်ပတ်အတွက် အစီအစဉ်က ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်၊ ပဲကြာဇံသုပ်နဲ့ အတို့အမြုပ်လေးတွေ ဖြစ်ပါတယ်။ ကြက်သားကို ဒိန်ချဉ်လေးနဲ့ နှပ်တာက လူတိုင်းချက်ဖူးမယ်ထင်ပါတယ်နော်။ မချက်ဖူးသေးရင်တော့ စမ်းချက်ကြည့်ပါလို့ ညွှန်းဆိုပါရစေ.. အရသာ တစ်မျိုးလေးနဲ့ စားလို့ တကယ်ကောင်းပါတယ်..


ဒိန်ချဉ်ကြက်သားနှပ်


ဆား၊ အရသာမှုန့်၊ ဒိန်ချဉ်နဲ့ နှယ်ထားတဲ့ ကြက်သားများ

ပထမဦးဆုံး ကြက်သားကို အနေတော် အရွယ် မိမိနှစ်သက်သလို တုံးပါတယ်။ ပြီးရင် ဆား၊ အရသာမှုန့်၊ ဒိန်ချဉ်( မိမိသုံးမဲ့ ဒိန်ချဉ် ရဲ့ တစ်ဝက် ) နဲ့ နှယ်ပြီး ခေတ္တ နှပ်ထားလိုက်ပါတယ်နော်။




ဂျင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို ဆီသတ်ပါတယ်..

ပြီးနောက် ကြက်သားကို ထည့်လိုက်ပြီး၊ ချန်ထားတဲ့ ဒိန်ချဉ်တစ်ဝက်ကိုထည့်ပြီး မွှေကာ ငံပြာရည်ထပ်ထည့်၊



ရေထည့်လို့ ကြက်သားနူးအောင် အဖုံးအုပ်ထားလိုက်ပါတယ်..



ကြက်သားနူးခါနီးမှ ခရမ်းချဉ်သီးနဲ့ ကြက်သွန်ခပ်ကြီးကြီး လှီးထားတာကို ထည့်ပါတယ်..


ရေခမ်းလို့ ကြက်သားနူးပြီဆို အရသာမြည်း၊ အနေတော်ဖြစ်ရင် ရှမ်းနံနံလေး ခပ်ပြီး ချလိုက်ပါတယ်.

အနှစ်ကို ထမင်းနဲ့ နယ်စားရင်လည်း သိပ်ကောင်းပါတယ်..


အရသာတစ်မျိုးထူးတဲ့ ကြက်သားဒိန်ချဉ်နှပ်ပါ။


တကယ်လို့ သင်နေတဲ့နေရာမှာ ဒိန်ချဉ် ရှာဖို့ခက်တယ်ဆိုရင် စတော်ဘယ်ရီ၊ လိမ္မော်စသဖြင့် အရသာလေးတွေနဲ့ လုပ်ထားတဲ့ နို့ချဉ်ဘူးလေးတွေနဲ့လည်း ချက်နိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါရစေနော်။

~~~~~~~~~~~~~~

ခရမ်းချဉ်သီး မြေပဲငပိချက်




မြေပဲငပိချက်ချက်ဖို့ မြေပဲလှော်ထားပြီးသားကို မညက်တညက် ထောင်းထားပါတယ်..  ကြက်သွန်ဖြူ၊နီတို့ကို အရောင်တင် နနွင်းတို့နဲ့ ဆီသတ်ပါတယ်.. ငရုပ်သီး အစိမ်းမှုန့် ရှိရင်ထည့်ပါတယ်.. နှုတ်နှုတ်စင်းထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပါတယ်..


ခရမ်းချဉ်သီးတွေ လိပ်လာရင် ငပိ၊ မြေပဲဆန်ထောင်း၊ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး ရေထည့်ကာ အိုးကို အဖုံးအုပ်ထားလိုက်ပါတယ်.. အိုးမကပ်အောင် မွှေပေးဖို့လည်း သတိထားပါ။


ရေခမ်းပြီး ခရမ်းချဉ်သီးတွေဆီပြန်လာရင် ငရုပ်သီးစိမ်းနဲ့ နံနံပင်စိတ်ကြိုက် ခပ်လို့ မြေပဲငပိချက်ဟင်းတစ်ခွက် ရပါပြီ။

ခရမ်းချဉ်သီး မြေပဲငပိချက်နဲ့ တို့စားဖို့က ဆလပ်ရွက်၊ ဥနီ၊ သရက်သီးစိမ်း ကျွတ်ကျွတ်လေးနဲ့ ရှားရှားပါးပါး ရလာတဲ့ တမာချဉ် တို့ဖြစ်ပါတယ်။  စားပါဦးလားနော် :)


မြေပဲငပိချက်

အတို့အမြုပ်


~~~~~~~~~~~~~~~~~~~~~

ကြာဇံသုပ်



ကြာဇံသုပ်ဖို့ ကြာဇံကို ရေနွေးဆူဆူမှာ ပြုတ်ပြီး ကြာဇံများကို ရေအေးတွင်စိမ်ကာ ရေစစ်ထားလိုက်ပါတယ်။ ကြာဇံကို  ကပ်ကြေးနဲ့ အနေတော်ဖြတ်ပါတယ်..



ကြက်သွန်နီ၊ ဥနီ၊ သခွားသီး ပါးပါးရှည်ရှည်းလှီး၊ ငရုပ်သီးစိမ်း၊ နံနံတို့ကို ထည့်ပါတယ်..



ငရုပ်သီးစိမ်းမှုန့်ကို ဆီနဲ့ကြော်ပြီး ဆီရော ငရုပ်သီးမှုန့်ပါ ထည့်၊ ခရမ်းချဉ်သီးဆော့ ထည့်၊ ဗနီဂါ အချဉ်ရည်၊ သံပုရာသီး၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်၊ နှမ်းလှော်တို့နဲ့ ရောနယ်လိုက်မယ်ဆိုရင် သပ်သပ်လွတ် ကြာဇံ ချဉ်စပ်သုပ်ကို ရပါပြီ။


ကြာဇံချဉ်စပ်သုပ်



နောက်တစ်ပွဲ စားပါဦး


ဒိန်ချဉ်ကြက်သားနှပ်၊ ခရမ်းချဉ်သီးမြေပဲငပိချက်နဲ့ ကြာဇံသုပ်တို့က ဒီတစ်ပတ် Sunday Special ပါ။ စားကောင်း သောက်ဖွယ်များနဲ့ ပျော်စရာ အားလပ်ရက်လေးများ ဖြစ်ကြပါစေနော်...



28 Responses to “ဒိန်ချဉ်ကြက်သားနှပ်၊ မြေပဲငပိချက်..”

မေဓာဝီ said...

တတိယမ္ပိမန့်ခြင်း
=============
ကွန်မန့်အရှည်ကြီး ရေးပြီးသွားမှ တင်မလို့ ပရီဗျူးလိုက်ရော ... ပျောက်သွားတယ်။

ဒီပို့စ်ကို တင်တာ တရက်နောက်ကျတဲ့အတွက် ချောကို စိတ်ဆိုးရမလို ဖြစ်နေပြီ သိလား။
ဘာကြောင့်ဆိုတော့ ဒီကနေ့ အောက်စ်ဖို့ဒ် ဘုန်းကြီးကျောင်းက အလှူတခုကို သွားတော့ ဆရာတော်က သက်သတ်လွတ်ဘုဉ်းပေးတာမို့ ဘာယူသွားရမှန်း မသိ ဖြစ်နေတာနဲ့ နောက်ဆုံး ပုန်းရည်ကြီးသုပ်ကလေးပဲ လုပ်သွားလိုက်ရတယ်။ အများစားဖို့ကတော့ ကြက်သားနဲ့ ခေါက်ဆွဲကြော်ယူသွားတယ်။ သက်သတ်လွတ် ဆရာတော်အတွက်က သူများတွေလို ဖွယ်ဖွယ်ရာရာ မဟုတ်တော့ မျက်နှာငယ်တာပေါ့။ ချောသာ စောစောတင်ရင် ကြာဆံသုပ် လုပ်သွားဖို့ အကြံရမှာ ... ခုတော့ .... ဟင်းးးး

မရှင်းတာလေး မေးအုံးမယ် ချောရေ ...
ဒိန်ချဉ် ကြက်သားနှပ်က ကြက်ဘယ်နှကီလိုကို ဒိန်ဘယ်လောက် ထည့်ရမယ်ဆိုတဲ့ အညွှန်းလေး လုပ်ပါအုံး။ တော်ကြာ ဒိန်တွေများနေရင် ချဉ်စူးကုန်မှာစိုးလို့။ အဲလို ချက်ကြည့်ချင်နေတာကြာပြီ။ မချက်ဖူးသေးဘူး။
နောက်တခုက ... မြေပဲငပိချက် ချက်ရင် မြေပဲ အစိမ်းလား၊ အကျက် (လှော်ပီးသား) လား။ အိမ်မှာရှိတဲ့ မြေပဲစိမ်းက အခွံတွေနဲ့ဆိုတော့ ဒီတိုင်းချက်လိုက်လို့ရလား ... အဲဒါလေး သိချင်လို့ ...

ခုနက အကုန်ရေးပြီးမှ ပျောက်သွားလို့ အစအဆုံး ပြန်ရိုက်ရတာ မောလိုက်တာ ............ မေးထားတာတွေ ဖြေပေးနော် .... မဖြေရင် စိတ်ဆိုးအုံးမှာာာာာ ....
ဒီတခါတော့ ထပ်မရိုက်ရအောင် မတင်ခင် ကော်ပီလုပ်ထားမှပဲ။ ဟူးးးးးး
==========
မှတ်ချက်။ ကော်ပီကူးထားလို့ တော်သေးတယ်။ မဟုတ်ရင် နောက်တခါ ပြန်ရိုက်နေရအုံးမယ်။ ချော ဆော့နေတယ် ထင်ပါ့။

ကိုကိုမောင်(ပန်းရနံ့) said...

အမချော..
ဒိန်ချဉ်ကြက်သားနှပ် တစ်ခါမှ စားဖူးဘူး။ အမှန်က ကြားတောင် မကြားဖူးတာ။ အခုမှ ကြည့်ပြီး စားချင်စိတ်ပေါက်နေမိတယ်။ အပေါ်က မေဓာဝီကတော့ နည်းစနစ်တွေကို သေချာ မေးနေပြီဆိုတော့ တကယ်လက်တွေ့ ချက်မဲ့ပုံဘဲ။ သူနှင့်က နိုင်ငံချင်းတူတော့ မိတ်ဖွဲ့ထားရဦးမယ်။ အဲတော့မှ သူဒိန်ချဉ် ကြက်သားနှပ်ချက်ရင် ဖိတ်ကျွေးမှာ။ မေဓာဝီက ခင်စရာကောင်းလောက်ပါတယ်။ အဟီး... ဖားထားတာ။ အမချောက ဟင်းချက်နည်းလေးတွေ တင်ပေးလိုက် သူက ချက်လိုက်။ ပြီးတော့ ဖိတ်ကျွေးလိုက်ဆို အမချောရော သူရော ကုသိုလ်တွေ အများကြီးရမှာနော့။ :D
(ကော်ပီအရင်ကူးထားမှ.. တော်ကြာ မေဓာဝီလို ဖြစ်နေဦးမယ်။ သူက သူ့ကွန်မင့်တွေ အလွတ်ရလို့ တော်သေးတယ်):D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော said...

ဆောရီး မမေရေ.. ပိုစ့်က တင်ပြီးချင်းချင်း ဆိုဒ်ဘားမှာ တက်မလာတာနဲ့ ဖြုတ်လိုက် ပြန်ထည့်လိုက်နဲ့ ကလိနေတာ.. မမေ ဖတ်နေမှန်း မသိလို့ပါ.. ဟိဟိ။
ဖြေရမယ်ဆိုရင် မြေပဲက လှော်ထားပြီးသားဖြစ်ပါတယ်. တကယ်လို့ လှော်တာကြာရင် ကြော်လိုက်ပါ.. ကြော်ပြီး အခွံချွတ်ထောင်းပေါ့နော်..
ကြက်သားနဲ့ဒိန်ချဉ် ကတော့ သိပ်မချဉ်တဲ့ ဒိန်ချဉ်ဆိုရင် ( မြန်မာအလေးချိန်နဲ့ ပြောရရင်) ကြက်သား ၅၀သား ကို ဒိန်ချဉ် ၅ကျုပ်သားလောက်ထည့်ပါတယ်.. တကယ်လို့ ဒိန်ချဉ်ကို စမ်းကြည့်လို့ သိပ်ချဉ်နေရင်တော့ လျှော့ထည့်ပါလို့..
၃ခါပြန်ရေးလိုက်ရတဲ့ ကော်မန့် အရှည်ကြီးအတွက် ဆောရီးပါ.. ချက်ပြီးရင် သူဂျီးမင်းကိုလည်း ဖိတ်ကျွေးလိုက်ဦးနော်း) မကျွေးရင် သရဲဆိုပြီး လာခြောက်နေမှာ ကြောက်ရတယ် :P

မယ်ကိုး said...

မမဟင်းလေးတွေက အဆန်းလေးတွေချညးပဲနော်။ ဟင်းချက်နည်းစာအုပ်ထုတ်ဖို့ အစီအစဉ် ရှိရင် ကောင်းမှာနော်။း)

စောစောစီးစီး ချော ချက်တာတွေ တွေ့ပြီး ဗိုက်ဆာနေပြီ။ ဂြီဂြီ....း) ဒီနေ့ တော့အေးအေးဆေးဆေး ချက်စားစရာ တွေ့ပြီ။ ကြက်သားလည်း ဝယ်ထားပြီးပြီဆိုတော့ ကွက်တိပဲ.....း)

ခင်မင်လေးစားလျက်

ဆွေလေးမွန် said...

မြေပဲ ငါးပိကြော်နဲ့ တို့စရာ ကြက်သားဒိန်ချဉ် ချက်လေးနဲ့သာဆို..
နေ့လည်စာ အဆာပြေက ကြာဇံသုတ်...

တော်တော်ကောင်းမှာ...
နည်းယူသွားပြီး နောက်တစ်ပတ်မှပဲ ချက်စားဖြစ်တော့မှာ
ဒီနေ့ အိမ် မှာ မုန့်ဟင်းခါးချက်လို့.

Anonymous said...

ပဲကြာဆံလား ဆန်ကြာဆံကိုသုပ်ရင်ကော ရလား သိပါရစေ

crystal said...

ဒိန်ချဉ်နဲ့ကြက်သားကို မဆလာထည့်ပြီး ချက်ရင်တော့ ကြက်လျှာစွန်း ကြက်သားဟင်းအတိုင်းဖြစ်စေပါတယ်။ သိပ်ကြိုက်တယ်။

မြေပဲကတော့ ကိုလက်စရောများလို့ လက်ရှောင်ပါတယ်။
ငပိကလည်း ယူရစ်အက်ဆစ်များတယ်တဲ့ ထိုင်းဆရာဝန်က ပြောလို့ လောလောဆယ် စားသေးဘူး။

ကြာဇံနဲ့ပတ်သက်ရင် ဘာဖြစ်ဖြစ်အကုန်ကြိုက်ပါ၏။

flowerpoem said...

အကုန်စားချင်တယ် အမ ချက်ကျွေး အမကတော့ အစားတွေကိုဓာတ်ပုံနဲ့ နှိပ်စက်နေပါတယ် :P

An Asian Tour Operator said...

ရှလွတ်...။ ဂလု....။ သြော်.. ဘာဘဲဖြစ်ဖြစ် အဟာရပါပဲလေ။

မောင်မျိုး said...

ခရမ်းချဉ်သီး ငပိချက်က မြေပဲလေးပါ ပါတော့ ဆိတ်နေမှာပဲ ။

ဦးဇင်းလည်း ၀င်ရောက်ဘုဉ်းပေးသွားတယ်နော် တို့စရာတွေထဲမှာ ကဒက်ချဉ်မပါတာနဲ့ အိပ်ချင်ရင်အိပ်လိုက်မယ်ဆိုပြီး တမာရွက်ပဲ စားလိုက်တာ ချောရေ။ ချော Gym လေးဘာလေးသွားဦးနော် အကောင်းတွေချည်း တစ်မျိုးပြီးတစ်မျိုး ချက်စားနေတော့ ၀တုတ်ကြီးဖြစ်မှာစိုးလို့...ဟဲ...ရွှင်လန်းချမ်းမြေ့ပါစေ

ဝက်ဆလူး said...

ရွှေချောရေ အကုန် ကော်ပီကူးသွားတယ် သိလား ပြီးတော့ မေးလ်ရဲ့ draft ထဲမှာလေ “အစားအစာလုပ်နည်း” ဆိုပြိးတော့ သိမ်းထားလိုက်တယ် လိုအပ်ရင် သုံးရအောင်လို့ ပြန်ရှာမနေရအောင်လို့ ဟဲဟဲ

ကြက်သားဒိန်ချဉ်တော့ သဘောကျတယ် လုပ်ကြည့်အူးမယ်ကွယ်

တာ့တာ

...အလင်းစက်များ said...

ကြက်သားဒိန်ချဉ်ချက်က ဒီက ရှမ်းတွေ ချက်တဲ့ အုန်းနို့  ထည့်ချက်တဲ့ ကြက်သားဟင်းနဲ့  အမြင်အရ ဆင်တယ်.... အစ်မချက်တာ ပိုကောင်းမှာသေချာပါတယ်.. ရှမ်းတွေ စားတာများ မြင်တာနဲ့  သွေးတက်တယ်.... ဟီး

မြေပဲငါးပိချက်ကိုတော့ အကြိုက်ဆုံးပဲဗျာ

မှတ်ချက်။...။ မနာလိုဝူး...

အဖြူရောင်နတ်သမီး said...

ဒီနေ့ တနင်္ဂနွေနေ့နော်..
ဟင်းချက်တော့ဘူး..
မချော ချက်တာတွေပဲ အဝ စားသွားတော့မယ် ..
ဟိ

sosegado said...

ဒိန်ချဉ်ကြက်သားနှပ် တော့မစားရဲဘူး၊ ဝမ်းမခိုင်မလို့
ခရမ်းချဉ်သီး မြေပဲချက်နဲ့ငပိမပါတော့ စားဖြစ်ပါသည် ကြိုက်လို့။

Evy said...

စားချင်စရာကောင်းတယ်။ ကြာဆံသုပ် နဲ့ မြေပဲငါးပိချက်ကို ပိုအားပေးသွားတယ်နော်

ခွန် said...

အစ်မ
ငါးပိချက်နဲ့ တို့စရာနဲ့ ရှယ်ဘဲ....
ကြည့်ရင်းသားရေတောင်ကျတယ် :)
တမာချဉ်နဲ့ သရက်ကင်းကျွတ်ကျွတ်လေးနဲ့
ထမင်းသုံးပုဂံလောက်အသာလေးဘဲအစ်မ :D

ချော said...

ဆန်ကြာဇံလည်း သုပ်စားနိုင်ပါသည်။
အားလုံး အားလုံး ကျေးဇူးဗျို့.....း)

nYi ThU E@in said...

ဒေါ်ချော ချက်ကျွေးတာတွေက မစားဖူးလို့ပဲလား
အနော်တို့လျှာနဲ့ပဲ မတန်လို့လားမသိ
ခံတွင်းရှာလပတ် မရမ်းဘူးဗျို့
စားနေကျ အခါးဟင်းတွေပဲ တမ်းတမိတယ်:)

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
“ချော” ညီးမဝသေးဘူးလား-
တစ်မျိုးပြီးတစ်မျိုးလက်စါမ်းပြနေတာဂျစ်တူးတို့သားရည်
တောင်မထိန်းနိုင်တော့ဘူးဗျ-အမေနဲ့ဝေးနေတော့လည်းချက်
ကျွေးမည့်သူမရှိနဲ့ဗျာ-ကိုကြီးကျောက်တို့ လိုချက်စားနိုင်ရင်
လည်းကောင်းသားဘဲ-အခုတော့မစားရသားရည်ယိုတွေလုပ်
နေရတာ-ကြာတော့ကိုယ့်ကိုကိုယ်သနားလာသလိုဘဲဗျ-

အထူးမှတ်ချက်-----ပုံတွေကြည်ပြီးသားရည်ယိုသွားသည်-

rose said...

အစ်မချော လက်စွမ်း ပြထားတဲ့ ကြက်သား ဒိန်ချဉ်နှပ်၊ မြေပဲဆံ ခရမ်းချဉ်သီးချက်နဲ့ တမာရွက် တို့စရာ၊ ကြာဇံသုတ် တို့ကို လာရောက် အားပေးသွားပါကြောင်း။ သွားရည်တွေ တောက်တောက် ကျကုန်လို့ သားရေခံ ခံထားရပြီ ခစ် ခစ်း))
♥♥http://redroseofburma.blogspot.com/ ♥♥

Iora said...

တမာချဉ်လေးကမိုက်တယ်ကွာ။
ကြက်သားဒိန်နဲ့ ခရမ်းချဉ်သီးက ချက်စားထားတာမကြာသေးတော့ တို့ စရာတွေကိုဘဲ အရမ်းသရေယိုနေတယ်။
ှုIora

Sunny said...

ကြက်သားဒိန်ချဉ်တော့ ချက်စားဖူးတယ်.. ဒါပေမယ့် မမချောချက်တာကြည့်ပြီး ထပ်စားချင်လာပြီ.. ကြာဆံသုပ်လည်း ကြိုက်တယ်.. မြေပဲငါးပိချက်နဲ့ အတို့အမြှုပ်လည်း မိုက်တယ်.. ဟင်.. အကုန် စားချင်နေပါလား.. တော်သေးတယ်.. ထမင်းစားပြီးမှ လာဖတ်မိလို့.. :)

Anonymous said...

ကြာဆံသုပ်ကတော့ ဘယ်တော့စားစား သိပ်ကြိုက်။ ခုတောင်စားချင်လာပြီ။ ချောသုပ်ထားတဲ့ပုံက သွားရေကျစေတယ်။
အိမ်မှာလည်း မြေပဲချက်စားလေ့ရှိပေမယ့် တို့က မြေပဲသိပ်မကြိုက်လို့ သိပ်မစားဖြစ်ဘူး။

စူးနွယ်လေး

ကြက်သားဒိန်ချဉ်ချက်လေး စားချင်တယ်။ ဒီမှာဒိန်ချဉ်မရဘူး။ အတို့လေးတွေကစုံလို့နော် မချော။ ကြာဇံသုပ်လေးက စားချင်စရာ။ ခရမ်းချဉ်သီးမြေပဲငါးပိချက်ကလည်းရှယ်ပဲ။ သွားရည်တောင်ယိုလာပြီ။ မချောအိမ်မှာ ဧည့်သည်လာလုပ်ချင်စိတ်ပေါက်တယ်။ :-)

ကြာဇံသုပ်နည်းကို သဘောကျတယ်။
နည်းယူသွားပြီ ချောရေ။

တို့စရာတွေကိုတော့ အလိုချင်ဆုံးပဲ။
ဓါတ်ပုံလေးတင်ပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ။

မြစ်ကျိုးအင်း said...

ကြက်သားဒိန်ချဉ်နှပ် နဲ့ မြေပဲငပိချက်တော့ တကယ်စားချင်တယ်။