အိမ်နောက်ဖေးက ချောင်းကလေး




ကျွန်မတို့ အိမ်နောက်တွင် အလွန်သာယာ စိမ်းလဲ့ကြည်လင်စွာ စီးဆင်းနေသော ချောင်းကလေးတစ်ခု ရှိခဲ့ပါသည်။  ကျွန်မမွေးဖွားရာ ဇာတိရှိ ကျွန်မတို့အိမ်သည် ချောင်းကမ်းဘေးတွင် မှေးတင် ဆောက်လုပ်ထားသော အိမ်တစ်အိမ်ဖြစ်ပါသည်။ အိမ်များသည် လမ်းမကို မျက်နှာမူကာ ဆောက်လုပ်ရခြင်းဖြစ်သောကြောင့် ထိုချောင်းကလေးသည် ကျွန်မတို့၏ အိမ်နောက်ဖက်တွင် ရှိနေပါသည်။ အိမ်နောက်ဖက် ပြူတင်းပေါက်မှ မျှော်ကြည့်လိုက်မည် ဆိုပါလျှင် ချောင်းထဲမှ မြင်ကွင်းစုံကို မြင်နေရပြီး သွဲ့သွဲ့ညင်ညင် စီးဆင်းနေသော ချောင်းရေစီးသံ  ကြားနေရလောက်အောင် နီးကပ်စွာရှိနေခဲ့ပါသည်။ ချောင်းကလေးသည် ကြည်လင်စိမ်းလဲ့စွာ၊ သာယာလှပ၊ တည်ငြိမ်အေးမြစွာ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေခဲ့ပါသည်။

မနက်ခင်း အိပ်ရာထချိန်တွင် တောင်တန်းများကို ကျော်ဖြတ်၍ ရောက်ရှိလာသော နေရောင်ခြည်သည် စိမ်းလဲ့ကြည်နေသော ချောင်းရေပြင်ပေါ်သို့ ဖြာအကျတွင် လျှပ်တိုက်ပြေးလွှား ဆော့ကစားနေသော လေပြေ လေညင်းကြောင့် ချောင်းရေပြင်ပေါ် ယှက်ဖြာနေသော ဘော်ငွေရောင် လှိုင်းကြက်ခွပ် ကလေးများသည် တလက်လက်ဖြာကာ ငွေမှုန်လေးများ ကြဲပက်လိုက်သကဲ့သို့ ရောင်ပြန်ဟပ်ပြီး ၀န်းကျင်တစ်ဝိုက်ကိုပင် လင်းလဲ့ ၀င်းဖြာ နေသည့် မြင်ကွင်းသည် ကြည်နူးစရာ၊ ရွှင်လန်းစရာအတိ ဖြစ်ခဲ့ဖူးပါသည်။ စီးဆင်းနေသော ချောင်းရေသည် အောက်ခံ ကျောက်တုံးကျောက်သားများကိုပင် မြင်ရလောက်အောင် ကြည်လင်စိမ်းမြလို့ နေခဲ့သည်။ ချောင်းထဲတွင် ပေါများလှသော ငါးမျိုးစုံတို့သည်လည်း အုပ်စုဖွဲ့ကာ အေးချမ်းသာယာစွာ ကူးခတ် နေသည်ကိုပင်လျှင် အတိုင်းသား မြင်ရလောက်အောင် ချောင်းရေသည် ကြည်လင် သန့်စင်လွန်းလှသည်။

ဆောင်းအခါတွင်တော့ မြူနှင်းများအောက်တွင် ကြည်လင်နေသော ရေပြင်စိမ်းစိမ်းပေါ်မှာ ဖြူလွလွ အငွေ့များ တလူလူထွက်စေလျှက် နွေးထွေးစွာ စီးဆင်းနေတတ်ခဲ့သည်။ ပြင်ပ၀န်းကျင်တစ်ခုလုံး နှင်းငွေ့မှုန်များဖြင့် အေးစက်နေသော်လည်း ချောင်းရေမှာထူးထူးခြားခြား နွေးထွေးနေလေ့ ရှိပါသည်။ ချောင်းကမ်းစပ်များတွင်တော့ နှင်းရည်စိုလူးနေသော စိမ်းလဲ့လဲ့ မြက်ခင်းများနှင့် စိမ်းညို့ညို့ စိုက်ခင်းတို့က ချောင်းကလေး၏အလှကို သဘာဝဆန်ဆန် ကျက်သရေရှိစေခဲ့သည်။ ညအချိန်တွင် ရွှေရောင်လင်းဖြာကျနေသော လရောင်အောက်တွင် တည်ငြိမ်စွာ စီးဆင်းနေသော ချောင်းရေနှင့် ဂီတသံပမာ ညင်ညင်သာသာ ထွက်ပေါ်နေသော ရေစီးသံသည် လရောင်ဆမ်းသော ညချမ်းများကို အလှဆုံးဖြစ်အောင် ပံ့ပိုးပေးနေခဲ့ဖူးပါသည်။

ချောင်းရေသည် နက်သည့်နေရာတွင် ၀ါးတစ်ပြန်ကျော်အထိ နက်ပြီး ကျွန်မတို့ ရေငုပ်ပြီး ချောင်းအောက်ခြေက မြေကြီးကို ဆုပ်ပြီး ပြန်တက်လာကြေး ကစားကြလျှင်ပင် ချောင်းအောက်ခြေကို ရောက်အောင် ငုပ်နိုင်သူ ရှားသည်အထိ ချောင်းရေက နက်ရှိုင်းပါသည်။ လူအများရေချိုးကြသော ရေချိုးဆိပ်များတွင်တော့ အလွန်ဆုံး ရင်ဘတ်လောက်ထိသာ အနက်ရှိပြီး ချောင်း အောက်ခြေသည်လည်း နှုံးများ၊ ရွံ့များကင်းစင်စွာ ချောမွတ်သော ကျောက်တုံးငယ်များ ပြည့်နေသည့် ကြမ်းပြင်သာ ဖြစ်လေသည်။ မိုးရာသီတွင် တောင်ကျချောင်းရေများ၊ မိုးရေများကြောင့် ထိုအချိန်တွင် စီးဆင်းနေသော ချောင်းရေမှာ နောက်ကျိကာ ရွံ့နွံများ ပါနေတတ်သော်လည်း ကျန်သည့်အချိန်များတွင်တော့ အိမ်နောက်ဖေးက ချောင်းကလေးသည် ကျောက်တုံးများနှင့် ငြိမ့်ညောင်းသာယာစွာ စီးဆင်းတတ်ပြီး ရေသန့်စင်မှုမှာလည်း စိတ်ချရလောက်အောင် ကြည်လင်သန့်စင်သော ချောင်းလည်းဖြစ်ခဲ့ပါသည်။

ထိုအချိန်က ကျွန်မတို့ဒေသတွင် ရေတွင်း၊ အ၀ီစိတွင်းဟူ၍ မရှိသလောက် ရှားပါသည်။ ချောင်းရေသည် ကျွန်မတို့ ဒေသတစ်ခုလုံး၏ သောက်ရေ သုံးရေအဖြစ် အားကိုးအားထားရာ ဖြစ်ခဲ့သည်။ ဒေသတစ်ခုလုံးက လူများသည်လည်း ချောင်းထဲတွင်သာ ရေချိုးကြပါသည်။ မနက်စောစောတွင် သောက်ရေ၊ သုံးရေအဖြစ် ချောင်းထဲမှ ရေကို ခပ်ကြသလို၊ နေ့ခင်း၊ ညနေစောင်းတို့တွင် ချောင်းထဲတွင် အိုးခွက်ပန်းကန်ဆေး၊ အ၀တ်လျှော်၊ ရေချိုး စသည်တို့ကို ပြုလုပ်ကြရသည်။ ကြည်လင်လှသော ချောင်းရေသည် ဒေသတစ်ခုလုံး၏ မှီခိုအားထားရာ အသက်သွေးကြောတစ်ခု ဖြစ်ခဲ့ပါသည်။ ချောင်းထဲတွင် သစ်ဖောင်များ၊ ၀ါးဖောင်များ မျှောချခြင်း၊ ဆည်များပိတ်၍ ငါးဖမ်းခြင်း၊ မြုံးထောင်ခြင်း၊ ငါးမျှားခြင်း၊ စက်လှေများ ပြေးဆွဲခြင်း၊ ချောင်းကမ်းဘေး မြေလွတ်များ၊ နွေအခါ ပေါ်လာတတ်သော ကျွန်းများပေါ်တွင် သီးပင်များ စိုက်ပျိုးခြင်း၊ ကမ်းစပ်များတွင် သစ်သားပြားအင်ဝိုင်းလေးဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင်ခြင်း စသည်တို့သည်လည်း ချောင်းနှင့်ဆက်စပ်၍ လုပ်ကိုင်နေကြသော အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဖြစ်လေသည်။

ချောင်းထဲတွင် ငါး၊ လိပ်၊  စသော ရေသတ္တ၀ါများ ပေါများလှသည်သာမက ကလေးသာသာအရွယ် ငါးကြီးများ (ငါးထွေ ဟု သိရသည်) သည်လည်း ဘုန်းတော်ကြီးကျောင်း ရေဆိပ်တွင် အများအပြားရှိပြီး ထိုနေရာမှလွဲကာ အခြားနေရာသို့လည်း သွားလေ့မရှိသဖြင့် ဘုန်းကြီးငါးဟုလည်း ခေါ်ကြသည်။ ဘုန်းတော်ကြီးကျောင်းကြီးမှ မနက်ဆယ်နာရီ သံချောင်းခေါက်လျှင် ထိုငါးကြီးများသည် ကမ်းစပ်သို့ ရောက်လာပြီး ဘုန်းကြီးကျောင်းသားများ၊ ရပ်သူရွာသားများ ကျွေးသော ထမင်းကို ကျယ်ပြန့်ကြီးမားသော ပါးစပ်ကြီးများ ဟကာ ဟကာနှင့် လာရောက် စားသောက်ကြလေသည်။ ကျွန်မတို့ကလေးတစ်သိုက်မှာ ငါးစာကျွေးချိန်တိုင်း ကျောင်းရေဆိပ်သို့သွားကာ ကြီးမားလှသော ငါးကြီးများကို အစာကျွေးရင်း တအံ့တသြ ငေးမောခဲ့ဖူးပါသည်။ ကျွန်မတို့ ရွာကလေးသို့ အခြားမြို့ရွာမှ ဧည့်သည်များ လာပါကလည်း ၄င်းဧည့်သည်များအား ဘုန်းကြီးကျောင်းမှ ငါးကြီးများကို ဂုဏ်ယူစွာ ပြသခဲ့ကြပါသည်။ ထိုစဉ်ချိန်က ၄င်းငါးကြီးများသည်လည်း ဤချောင်းကလေး၏ နံမည်ကျော် ရတနာများ ဖြစ်ခဲ့ဖူးပါသည်။

ချောင်းတစ်ဖက်ကမ်းတွင်တော့ စိမ်းလန်းသော တောအုပ်များ တောင်တန်းများ ရှိပြီး ဟင်းရှာ၊ ထင်းရှာ၊ ၀ါးရှာ၊ မျှစ်ချိုးသူများသည် ဝေးဝေးလံလံ သွားစရာမလိုဘဲ ချောင်းတစ်ဖက်ကမ်းသို့ အလွယ်တကူ သွားရောက်ပြီး  ရှာဖွေနိုင်သည်။ သဘာဝ အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များ၊ ၀ါးပင်များ၊ ဘုရားအိုးထိုးရန် သပြေပန်းမှစ သော်ကပန်း၊ ဖက်ဆွတ်ပန်း၊ အင်ကြင်းပန်း စသည် တောပန်း၊တောင်ပန်းများလည်း အလွန်ပေါလှပါသည်။ ကျွန်မတို့ အိမ်နောက်ကနေ မျှော်ကြည့်လိုက်လျှင်ပင် တောအုပ်စိမ်းစိမ်းလေးကို လှမ်းမြင်နေရပြီး တောင်တန်းများပေါ်မှ ရေသောက်ဆင်းလာသည့် မျောက်များ၊ ချေများ၊ သမင်၊ ဆတ်တို့ကိုပင် ရံဖန်ရံခါ တွေ့မြင်နိုင်ပါသေးသည်။ ချောင်းကမ်းစပ် တောအုပ်ထဲမှ တောကောင်များ အော်သံ၊ ချေဆတ်သံ၊ သမင်တောက်သံများကိုပင် ကြားရလေ့ရှိပါသည်။ ချောင်းထဲရှိ ငါးများမှာလည်း နယ်သူနယ်သားများအတွက် ဖူလုံရုံသာမက၊ ဖမ်း၍မကုန်အောင်ပင် ပေါများလွန်းလှပါသည်။

ချောင်းထဲတွင် ဆော့ကစားရင်း ကလေးငယ်တိုင်း ၅နှစ် ၆နှစ်အရွယ်တွင် မသင်ရဘဲ ရေကူးတတ်လာကြသလို ကလေးတို့အတွက် အချိန်ဖြုန်းရာ အကောင်းဆုံးနေရာသည်လည်း ချောင်းအတွင်းဆော့ကစားခြင်း ဖြစ်လေသည်။ ချောင်းထဲတွင် ကလေးလူကြီး ရေကူး၊ ရေငုတ်ပြိုင်ခြင်း၊ အပျော်လှေစီးခြင်း၊ ကျောက်တုံးများ ငုတ်တမ်းကစားခြင်း၊ ငါးဖမ်းခြင်း စသည်ဖြင့် ပျော်စရာ ကောင်းလှသလို၊ ကလေးများမှာမူ ချောင်းထဲရောက်လျှင် အိမ်မှ လူကြီးတစ်ယောက်ယောက် လိုက်မခေါ်မချင်း မပြန်တော့သည်မှာ ကလေးအားလုံး၏ သဘာဝလို ဖြစ်နေခဲ့သည်။ မိမိအိမ်ရှိ ကလေးတစ်ယောက်ယောက် အိမ်တွင် ပျောက်နေပါက ရေချောင်းတွင် လိုက်ရှာရမည်မှာလည်း လူကြီးတိုင်းက သိနားလည်ပြီး ဖြစ်လေသည်။ ကလေးတိုင်းက ချောင်းကလေးတွင် ပျော်မွေ့ကြသည်။ ချောင်းကလေးကို ချစ်ခင် နှစ်သက်ကြလေသည်။ ထိုစဉ်ချိန်က မြို့ရွာတိုင်းရှိ ချောင်းကမ်းစပ်သည် ရေချိုးသူများ၊ ချောင်းထဲတွင် ဆော့ကစားသူများ၊ အ၀တ်လျှော်၊ အိုးခွက်ဆေးသူများနှင့် အလွန်စည်ကားပြီး ပျော်ရွှင်စရာ ကောင်းလှသည်။ ရပ်ရွာထဲမှ လူကြီးလူငယ်များ အချင်းချင်း သတင်းစကား၊ အတင်းစကားများ ပြောစရာရှိလျှင်ပင် ရေချောင်းထဲတွင် ရေချိုးရင်း၊ အ၀တ်လျှော်ရင်း၊ အိုးခွက်ပန်းကန်ဆေးရင်း တွေ့ဆုံ ချိန်းချက်လုပ်ကာ ပြောကြလေ့ရှိသည်အထိပင် ချောင်းကလေးမှာ များစွာ အရေးပါခဲ့ဖူးပါသည်။

တစ်ခါတစ်ရံ ချောင်းထဲတွင် ရေချိုးရင်း ကောက်ရတတ်သော ကျောက်တုံးအချို့သည် အဖိုးများစွာ ထိုက်တန်သော ကျောက်စိမ်းများ ဖြစ်နေတတ်ခဲ့သည်။ ချောင်းကမ်းဘေးမှ မြေကြီးများကို ကျင်ယူလျှင်ပင် ရွှေမှုန်လေးများပါဝင်သောကြောင့် ဒေသခံလူအချို့ ရွှေကျင်ခြင်း၊ ကျောက်စိမ်းရှာဖွေရန် ရေငုတ်ကျင်းမျာဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ခြင်း၊ စသည်တို့ဖြင့်လည်း ချောင်းကလေးကို မှီခိုကာ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ခဲ့လေသည်။ သို့ဖြင့် အဖိုးတန် ကျောက်စိမ်းရော၊ ရွှေပါ ထွက်သဖြင့် ချောင်းကလေး၏ အမည်နာမသည် ကျော်ကြား ထင်ရှား လာလေတော့သည်။ တဖြေးဖြေးနှင့် ချောင်းကလေး ရှိရာအရပ်ဆီသို့ ဒေသအသီးသီး၊ မြို့ရွာအနှံ့အပြားမှ လူများ ရောက်ရှိလာကြသကဲ့သို့ ချောင်းပတ်ဝန်းကျင် မြို့ရွာများသည်လည်း လူနေအိမ်ခြေများ ထူထပ်လာလေတော့သည်။

Image Hosted by PicturePush - Photo Sharing 
နောက်ကျိနေသော ချောင်းကလေး

ယခုတော့ ကျွန်မတို့ အိမ်နောက်ဖေးက ချောင်းကလေးသည် ရွှေများ၊ ကျောက်စိမ်းများ ထွက်သောကြောင့် နာမည်ကျော်ကြားဆဲ ဖြစ်သော်လည်း ယခင်ကလို သာယာလှပသော ချောင်းကလေးတော့ မဟုတ်တော့ပါပြီ။ ယခင်တုန်းက မိုးရာသီမှလွဲ၍ ကျန်သည့်အချိန်များတွင် စိမ်းလဲ့ကြည်လင် ငြိမ့်ညောင်းနေခဲ့သော ရေအပြင်သည် ယခုအချိန်တွင် နောက်ကျိ ၀ါဝင်းနေသော ရွံနှစ်ရေများသာ စီးဆင်းနေခဲ့လေပြီ။ ယခင်က ကျောက်တုံးများကို ဖြတ်သန်းပြီး စီးဆင်းရသောကြောင့် ထွက်ပေါ်နေကျ ချောင်းရေစီးသံ ချိုလွင်လွင်ပင်လျှင် ယခုတော့ နှုံးမြေများ၊ နွံနှစ်များကိုသာ ဖြတ်သန်းစီးဆင်းရပြီ ဖြစ်သောကြောင့် ငြင်သာငြိမ့်ညောင်းသော ချောင်းကလေး၏ တေးသံကိုပင် မကြားရတော့သည်မှာ ကြာခဲ့ပြီ။ ဘယ်သို့သောအကြောင်းကြောင့် ချောင်းရေများ ၁၂လရာသီလုံး နောက်ကျိနေရပါသနည်း၊ တေးသံများ မသီကြွေးနိုင်တော့ပါသနည်းဟု မေးလာသော် ဖြေစရာအဖြေက လူတို့၏ လောဘကြောင့် ဟူ၍သာ ဖြေစရာရှိပါသည်။




ချောင်းရေကို လွဲကာ အောက်ခြေကြမ်းပြင်တွင် ရတနာရှာဖွေပုံများ


ကျောက်စိမ်းနှင့် ရွှေများကြောင့် နံမည်ကျော်သော ကျွန်မ၏ မွေးရပ်မြေသည် ယခုခေတ်တွင် ငွေအင်အားများစွာတို့ဖြင့် ၀င်ရောက်လာသော ကျောက်မျက်ကုမ္ပဏီများ၊ ရွှေတူးဖော်သော လုပ်ငန်းများ နေရာအနှံ့ လက်ညိုးထိုးမလွဲအောင် ရောက်ရှိလို့ လာလေပြီ။ စက်ကိရိယာ အစုံအလင်ဖြင့် တူးဖော်ရင်း ရလာသမျှ မြေကြီးများကို ချောင်းကမ်းစပ် လူနေအိမ် အနီးတစ်ဝိုက်တွင် စွန့်ပစ်ခြင်းကြောင့် တောင်လိုပုံနေသော မို့မောက်မြေပြင်များလည်း နေရာအနှံ့ပင်။ မြေကြီးများကို ရေအင်အားများများဖြင့် မျှောတိုက်ပြီး ရွှေရှာခြင်းတို့ကြောင့် လုပ်ကွက်အသီးသီး၊ မှော်နယ်မြေအနှံ့မှ ရွံ့မြေများ ပျော်ဝင်နေသောရေများ ချောင်းကလေးအတွင်းသို့ စီးဝင် လာရခြင်းကြောင့်လည်း ချောင်းကလေးမှာ ယခင်ကလို နက်ရှိုင်းခြင်းမရှိ၊ ကြည်လင်ခြင်းလည်းမရှိ၊ ရွံ့နွံများကြောင့် တဖြေးဖြေးနှင့် တိမ်ကောလာနေချေပြီ။ ယခုအခါမှာတော့ သာယာလှပသော စိမ်းလဲ့ကြည်လင်သော၊ သန့်စင်အေးမြသော ချောင်းကလေး မဖြစ်နိုင်တော့ပြီ။ တေးသံလွင်လွင် မချိုမြနိုင်တော့ပေ။




စက်အားလူအားဖြင့်

Image Hosted by PicturePush - Photo Sharing 
တောင်တန်းကဲ့သို့ မြင့်မားမို့မောက်သော မြေစာပုံများ



ချောင်းဘေးနားက မြေစာများ



ခေတ်မှီစက်ကိရိယာများဖြင့် တောင်တန်းများကို ခဏခြင်း ဖြိုချပစ်ကာ ကျောက်တူးခြင်းကြောင့် သစ်ပင်များ၊ တောတောင်များလည်း ပြုန်းလုပြီဖြစ်သည်။ ချောင်းထဲတွင် ရွှေနှင့် ကျောက်စိမ်းကောင်းများ ထွက်ရှိသည် ဆိုခြင်းကြောင့် မြို့ပြကျေးရွာများနှင့် ဝေး ကွာသော ချောင်းထဲတွင်သာမက ကျေးရွာအိမ်ခြေများအကြား ဖြတ်စီးနေသော ချောင်းကိုပါ စီးဆင်းနေသော ချောင်းရေကို တစ်ဖက်သို့ လွှဲပစ်ပြီး ကျောက်စိမ်းနှင့် ရွှေများကို တူးဖော်ယူကြလေသည်။ ချောင်းအောက်ခြေ မြေပြင်ကို တူးဆွပြီး ထွက်လာသော မြေကြီးများကို ချောင်းကမ်းစပ်တွင် စုပုံခြင်း၊ လူနေအိမ်ခြေ အနီးတွင်သာ ဖို့ပစ်ခြင်းတို့ကြောင့် ကျယ်ပြန့်ခဲ့သော ချောင်းပြင်ကျယ်မှာ ကျဉ်းမြောင်းသွားပြီး၊ ရေအနက် မှာလည်း ဒူးဆစ်သာသာလောက်သာ ရှိတော့သဖြင့် မိုးရာသီတွင်တော့ စီးဆင်းသော ရေအားနှင့် ချောင်းအကျယ် မမျှတတော့သောကြောင့် မကြုံစဖူး ချောင်းရေလျှံခြင်းများ ဖြစ်လာကာ လူနေအိမ်ခြေများစွာ ဒုက္ခ ရောက်ကြရလေပြီ။


Image Hosted by PicturePush - Photo Sharing
မြို့လယ်ကောင်လည်း ရေလျှံပြီ




ဒီလိုအဖြစ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ လူကြီးသူမများက ဆိုကြသည်။

ကျွန်မတို့ဒေသရှိ အိမ်တိုင်းသည်ပင် နှစ်စဉ်ကြုံလာရပြီဖြစ်သော ရေကြီးရေလျှံခြင်းများကြောင့် မြို့လယ်ခေါင်၊ ရွာလည်ခေါင်တွင် ရှိစေကာမူ နေအိမ်များကို ရှိရင်းစွဲအမြင့်ထက် ပိုမိုမြင့်တက်အောင် အိမ်များကို မြင့်တင်ရတော့သည်။ မြေစာပုံထက် ပိုနိမ့်နေသော အိမ်များမှာလည်း ရေ၀ပ်ပြီး မိုးရာသီတွင် ထိုအိမ်များမှာ ရေနစ်လေတော့သည်။ အကယ်၍များ သင်သည် ဖားကန့်ဒေသသို့ ရောက်လာခဲ့ပါမူ လမ်းမထက် ၄ပေ ၅ပေမက မြင့်တက်နေသော အိမ်များနှင့်၊ အချိန်အခါမရွေး နောက်ကျိနေသော ချောင်းရေကို ထူးဆန်းဖွယ်ရာ တွေ့မြင်နိုင်ပါသည်။ ယခင်က စိမ်းလန်းခဲ့ဖူးသော တောတောင်များ၊ ရှိခဲ့ဖူးသော တောင်တန်းများမှာလည်း အံ့သြဖွယ် ကောင်းလောက်အောင် ပျောက်ကွယ်ကုန်ပြီကိုလည်း သင် တွေ့ရပါလိမ့်ဦးမည်။



ချောင်းထဲတွင် ရှိခဲ့ဖူးသော ငါးမျိုးစုံတို့လည်း ပျောက်ကွယ်ကုန်ပြီး ချောင်းငါးဆိုသည်မှာ မစားဖူးသည်ပင် ကြာခဲ့ပြီ။ လူထုမှာ ဝေးလံသောအရပ်ရှိ မြို့ကြီးများမှ ကားကြီးကားငယ်များဖြင့် တင်ပို့လာသော ရေခဲရိုက်ငါးများသာ စားနေကြရလေပြီ။ ယခင်က ဘုန်းတော်ကြီး ကျောင်း ရေအပြင်တွင် ပျော်ရွှင်မြူးတူးစွာ နေထိုင်ကျက်စားခဲ့ကြသော ငါးကြီးများမှာလည်း မရှိသလောက် ဖြစ်နေခဲ့လေပြီ။ အစာ ကျွေးစားနေကျအချိန်ဖြစ်သော  ၁၀နာရီ သံချောင်းခေါက်လျှင်ပင် ပါးစပ်ကြီးများ တဟဟလုပ်ကာ ထမင်းလာစားသည့် ထိုငါးများကို မတွေ့နိုင်တော့ပါ။ မျိုးတုန်း ပျောက်ကွယ်ကုန်ပြီလား၊ နောက်ကျိသော ရေအပြင်တွင် မပျော်မွေ့၍ နေရာရွေ့ကုန်ပြီလား ဆိုသည် ကိုတော့ ကျွန်မအနေဖြင့် မခန့်မှန်းတတ်လေပြီ။



ချောင်းကမ်းဘေးက စိမ်းညို့နေခဲ့သော စိုက်ခင်းများပင်လျှင် ကုမ္ပဏီများမှ လုပ်ကွက်များအဖြစ် ၀ယ်ယူကုန်ပြီ ဖြစ်သောကြောင့် စိုက်ခင်းများမရှိတော့ဘဲ ရွှေနှင့်ကျောက်စိမ်းလုပ်ကွက်များသာ နေရာတိုင်းတွင် ရှိနေခဲ့ပြီး ဟင်းသီး ဟင်းရွက်များလည်း ရှားပါးလာခဲ့ပြီ။ တောတောင် ပြုန်းတီးမှုများကြောင့် ရှိနေကျ တောကောင်များလည်း မတွေ့နိုင်၊ တောတောင်ကို အမှီပြုကာ ဟင်းရှာ၊ ထင်းခွေသူများလည်း အလုပ်မဖြစ်နိုင်တော့ပေ။ တောတောင်ထဲတွင် အချိန်မရွေး၊ ရာသီမရွေး ကောက်ယူ ဆွတ်ခူးနိုင်သော ဟင်းသီးဟင်းရွက်များလည်း မရှိသလောက် ရှားပါးသွားခဲ့လေပြီ။ ယခင်က ပေါများလှသော သစ်ပင်ကြီးများ ၀ါးပင်ကြီးများမှာလည်း အလွန်ရှားပါးသွားပြီ ဖြစ်လေသည်။

ချောင်းကို အမှီပြု၍ လုပ်ကွက်များစွာ ကုမ္ပဏီများစွာ ပေါ်ထွန်းလာပြီး အရည်အသွေးကောင်း ကျောက်စိမ်းများကို ကျောက်မျက်ရတနာ ပြပွဲများတွင် နိုင်ငံခြားယူရိုငွေ သန်းပေါင်းမြောက်မြားစွာဖြင့် ရောင်းချလိုက်ကြသည် ဆိုသည့် ကုမ္ပဏီများစွာတို့၏ သတင်းများ အမြဲမပြတ် ကြားနေခဲ့ရသော်လည်း ဒေသခံများ၏ လူနေမှု အဆင့်အတန်းနှင့် နေရေး၊ ထိုင်ရေးများတွင်တော့ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာခြင်း မတွေ့ရသည်မှာ ၀မ်းနည်းစရာ ဖြစ်လေသည်။




တာဝန်မဲ့စွာ ကြည့်နေနိုင်သူတို့ကြောင့် ချောင်းကလေးမှာ ၀မ်းနည်းထိခိုက်နေမည်ဟု ချောင်းကလေးကိုယ်စား ကျွန်မ တွေးနေမိခဲ့သည်။ ချောင်းကလေးကို မှောက်လိုမှောက်၊ လှန်လိုလှန် စိတ်ရှိတိုင်း ပြုမူပြီး ရတနာများ နှိုက်ထုတ်ယူကာ စီးပွားရှာနေကြသော်လည်း ချောင်းကလေး အေးချမ်းသာယာစွာ စီးဆင်းဖို့၊ ကျယ်ဝန်းပြန့်ပြောစွာ စီးဆင်းဖို့၊ သန့်ရှင်းလွတ်လပ်စွာ စီးဆင်းဖို့ကိုတော့ သတိတရ လုပ်ဆောင်ပေးသူ၊ ကြည့်ရှု ကြပ်မတ်ပေးမည့်သူ မရှိသလောက် ရှားပါးလေသည်။ ရပ်ရွာလူထုအတွက် ထည့်သွင်းစဉ်းစားပေးဖို့ သတိမေ့နေခဲ့ကြသည် ထင်ပါသည်။ အကျိုးဆက်အားဖြင့် ချောင်းကလေးနှင့် ရှေးဦးမဆွ ခင်မင် ရင်းနှီးလာကြသော၊ မိတ်ဆွေများအဖြစ် ဆိုးတူကောင်းဖက် ရှိခဲ့ကြသော ဒေသခံလူအများကသာ ချောင်းကလေးနှင့် ပတ်သက်သော ဆိုးကျိုးများကို ခံစားကြရပြီး ယခုချိန်တွင်တော့ ချောင်းကလေးနှင့် ဒေသခံလူအများ၏ စည်းလုံးခြင်း၊ ချစ်ခင်ခြင်းတို့သည် စည်းခြားခြင်း  ခံလိုက်ရလေပြီ။ မမုန်းပါဘဲနှင့် လမ်းခွဲကြရလေပြီ။



ခြောက်သွေ့တိတ်ဆိတ်

ရွံ့နွံများကြောင့် နောက်ကျိနေသော ချောင်းရေကို မည်သူကမှ သောက်သုံး၍ မရတော့သဖြင့် အိမ်တိုင်းက ရေတွင်းများ တူးထားရလေပြီ။ ချောင်းရေလျှံခြင်း၊ ကမ်းပါးပြိုခြင်းတို့သည်လည်း ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနေခဲ့ပြီ။ ချောင်းထဲတွင် ရေချိုး၊ အ၀တ်လျှော်၊ ရေခပ် မလုပ်နိုင်တော့သဖြင့်  ယခင်က စည်ကားခဲ့သော ချောင်းကမ်းပါးတစ်လျှောက် လူသူလေးပါး မရှိတော့ဘဲ နောက်ကျိနေသော ရေပြင်နှင့် အထီးကျန်စွာ စီးဆင်းနေသော ချောင်းကလေးမှာ တစ်စပြင်ပမာ တိတ်ဆိတ် ခြောက်ကပ်ခဲ့လေပြီ။ ချောင်းရေတွင် ပျော်ပါးခဲ့သော ကလေးငယ်များမှာ ယခုအချိန်တွင် အရွယ်ရောက် သူများဖြစ်နေခဲ့ပြီး “ယခင်က ဤချောင်းရေထဲတွင် သူတို့သည် ပျော်ရွှင်စွာ ကစားခဲ့ကြပြီး၊ ချောင်းရေသည်လည်း ကြည်လင် စိမ်းမြခဲ့ဖူးသည်” ဟု ယခုခေတ် ကလေးငယ်များအား ပြန်ပြောပြလျှင်ပင် ပုံပြင်တစ်ပုဒ်ဟု မှတ်ထင်ကြလေသည်။ ဤချောင်းကလေးကိုလည်း ခုခေတ်ကလေးငယ်များက သံယောဇဉ်လည်း ရှိပုံမပေါ်၊ သူတို့အဖို့ ချောင်းထဲတွင်လည်း ရေမချိုးဖူး၊ ချောင်းရေကို သုံးစွဲ၍ရသည် ဟူ၍ပင် မသိတော့သောကြောင့် သူတို့ အသိစိတ်တွင်တော့ ချောင်းကလေးသည် နောက်ကျိကျိ ရေပြင်တစ်ခုသာ။

ယခင်က လှပသာယာခဲ့သော၊ အေးမြကြည်လင်ခဲ့သော အနေအထားမျိုး ဘယ်သောခါမှ ပြန်မရနိုင်ပြီ ဖြစ်သော်လည်း ကျွန်မတို့အိမ်နောက်ဖေးတွင် ရှိသော ချောင်းကလေးကို ကျွန်မအနေဖြင့် ယခုချိန်ထိ မေတ္တာမပျက် ချစ်ခင်လျှက်သာ ရှိနေပါသည်။ ချောင်းကလေးကို ယခင်အတိုင်း ပြန်လည်လှပ စိမ်းကြည်နေစေချင်သော ဆန္ဒမှာလည်း အမြဲတမ်း ရှိနေခဲ့သော ကျွန်မ၏ ဆန္ဒသာ ဖြစ်လေသည်။ ထို ကျွန်မချစ်သော ချောင်းကလေး၏ အမည်မှာ နာမည်ကျော်၊ ကမ္ဘာကျော် ကျောက်စိမ်းရတနာများ ထွက်ရှိသည့် ဥရုချောင်းဖြစ်ပါသည်။ ကျွန်မ၏ မွေးဖွားရာ ဇာတိဖြစ်သော ကချင်ပြည်နယ်  ဖားကန့် ဒေသတွင် ကျွန်မတို့ ရွာကလေးကို ရစ်ခွေစီးဆင်းနေသော ဥရုချောင်းကလေးသည် လွန်ခဲ့သော ဆယ်စုနှစ်များ အကျော်က သာယာလှပသော ချောင်းအဖြစ် နံမည်ကျော်ခဲ့ပါသည်။  ယခင်က လှပသာယာခဲ့သော ဥရုချောင်းကလေးသည် ခုချိန်တွင်တော့ ကြည်လင်ခြင်း အလျဉ်းမရှိ၊ လူ့လောကသားတို့၏ လောဘတရားကို လေးလံစွာ ထမ်းပိုးလျှက်၊ ညစ်ညူးမှုန်မှိုင်းစွာ စီးဆင်းလျှက် ရှိနေပါတော့သည်။ ထို ဥရုချောင်း ကလေးသည် သူ၏ နာမည်ကျော်ကြားမှုဖြစ်သော ကျောက်စိမ်းများ၊ ရွှေများကြောင့် ရှိခဲ့ဖူးသော သူ၏ အလှအပနှင့် စိမ်းလဲ့ကြည်လင်မှု တို့ကို စတေးပစ်လိုက်ရလေပြီ။ ကမ္ဘာမြေပြင်ပေါ်မှ သဘာဝတရား၏ အလှအပများသည် လူသားတို့၏ ပယောဂကြောင့် အကျည်းတန်ကြရလေပြီ။

~~~~~~~~~~~~~~~~~~~~~~~~~ ပြီး~~~~~~~~~~~~~~~~~~~~~



ကျွန်မရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက အလွန်သာယာလှပခဲ့သော ဥရုချောင်းလေးရဲ့ ပကတိ အဖြစ်အပျက်တို့ကို အက်ဆေးလေး တစ်ပုဒ်အနေနဲ့ ဓာတ်ပုံများပါ ထည့်သွင်းဖော်ပြပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ချောင်းကလေးရဲ့ဘေးမှာ မွေးဖွားလာကာ ချောင်းရေကိုသောက်သုံး ကြီးပြင်းလာပြီး ချောင်းကလေး ပျက်စီးညစ်နွမ်းနေပုံကို တွေ့မြင်နေရတဲ့ ဒေသခံတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်များကို စာဖတ်သူများလည်း ကျွန်မနဲ့ထပ်တူ ဝေမျှခံစားကြည့်နိုင်ဖို့ပါရှင်။


31 Responses to “အိမ်နောက်ဖေးက ချောင်းကလေး”

TOMORROW said...

အမရေ ရောက်တယ်
ပထမဆုံး ချောင်းလေးမြင်တော့ အေးချမ်းပြီးသဘောတွေ
ကျလိုက်တာ။ စာမဖတ်ခင်တောင် ပုံလေးကို ကြာကြာ
ကြည့်မိတယ်။ ဖတ်လာရင်း ဖတ်လာရင်းနဲ့ တနင့်နင့်။
လောဘသားကောင်တွေကြောင့် ညီမတို့ မွေးမြေရဲ့
ဒေသလေးတစ်ခုမှာ လူပေါင်းသောင်းနဲ့ ချီပြီး မျောက်သစ်ကိုင်းလွတ်သလို ဖြစ်ခဲ့ကြဘူးတယ်။ ညီမတို့ အပါအဝင်ပေါ့။ ဒါကြောင့် ခံစားတတ်တယ် မရေ။ အေးချမ်းပါစေ။ :)

ချောင်းရေ...အဲချောရေ...
ချောင်းလေးကြည်လင်နေတာချစ်စရာ၊နောက်
ကျိသွားတော့သနားစရာ။ခံစားသွားပါတယ်။

Anonymous said...

လူဆိုတဲ့အမျိုးက ဘယ်နေရာရောက်ရောက် ဇာတိမြေကို ချစ်တတ် တန်ဖိုးထားတတ်တာချင်းကတော့ တူတတ်ကြသား
နောက်ပေါက်တဲ့ကလေးတွေဆို ချောင်းဆိုတာတောင် ကြားဘူးယုံပဲ ရှိကြတော့မယ် ထင်တယ် အမရေ..

ဆွေလေးမွန် said...

ပထမတော့ ချောင်းလေးသာယာတာ နှစ်သက်လိုက်တာ
နောက်တော့ တစ်စတစ်စပျက်စီးပြီး ဆိတ်သုဉ်းသွားတာ ကိုဖတ်ပြီး စိတ်ထဲ တော်တော် မကောင်းဘူးမရယ်။
ဒါတောင် ညီမက ဒေသခံမဟုတ်ဘူး။ ဒါပေမယ့် အလို ပတ်ဝန်းကျင်ကိုတော့ ညီမ အရမ်းသဘောကျပြီး နှစ်သက်တယ်။
ဇာတိသူ ဒေသခံ ဆိုရင်တော့ .တော်တော်လေး စိတ်ထဲမှာ မကောင်းပဲ နေကြတော့မှာပဲ

NayWaThan said...

ပတ်ဝန်းကျင်ကို လူသားတွေကိုယ်တိုင်ပဲ ဖျက်ဆီးနေတာ.. အဲဒီပတ်ဝန်းကျင်ယိုယွင်းတော့မှ အမောတကော ပြန်ပြင်ရင် အချိန်မမှီမှာ စိုးလှတယ်.....

ခင်မင်တဲ့
နေ၀ဿန်

ahphyulay said...

ွှအင်း ...
ခံစားရပါတယ်ဗျာ၊ ထပ်တူထပ်မျှပါပဲ။
အစကတော့ စမ်းချောင်းသံ တသွင်သွင် လေးကို
နာခံရင်း ရေကြည်ကြည်လေးတွေ ပွတ်တိုက်ခံနေရတဲ့ 
ရေအောက်က ရောင်စုံကျောက်စရစ်ခဲလေးတွေကို
ငုံ့ ကြည့်နေရင်း ဖြူသီရဲ့  အိမ်နောက်ဖက်က စမ်းချောင်းလေးသီချင်းတောင် သတိရမိသေး၊ ဗြုန်းဆို
မြေတူးစက်အကြီးကြီးတွေ ချောင်းထဲ ထိုးဆင်းလိုက်
တာမြင်ရတော့ မှ အိမ်မက်က လန့် နိုးတော့ တယ်။
သူတို့ ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုပဲလေ..။
တခြားလဲ မပြောချင်တော့ ပါ။ ပြောလဲမထူးဘူးလေ။

Anonymous said...

ဒီလိုဆောင်းပါးမျိုးတွေအများကြီးလိုနေတာ။ ဒီလိုရေးဖွဲ့ သွားတဲ့ ချော ကိုသိပ်သဘောကျကျေးဇူးတင်မိပါတယ်။
ဒါဟာသဘာ၀၀န်းကျင်ကို ရေရှည်အသုံးပြုနိုင်စေဘို့ ထဲ့မစဉ်းစားဘဲ ရေတိုအသုံးချဘို့ ဘဲရည်ရွယ်လို့ ဖြစ်လာရတာတွေပါ။ Environmental Impact Assessment ကိုနိုင်ငံတကာလုပ်သလိုမလုပ်၊ လုပ်ပြန်ရင်လည်း မလေးစား။
နှမျောဝမ်းနည်းစရာကောင်းလိုက်တာချောရယ်။
အိုင်အိုရာ

ဓာတ်ပုံတွေနဲ့အတူတွဲပြီး ချောရဲ့ အရေးအဖွဲ့ကို ဖတ်လိုက်ရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်လိုအဝေးကလူတောင် စိတ်မကောင်းတာ ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ စာနာမိပါတယ်။ ဘာမှမမြဲဘူးဆိုတာ သိနေပေမယ့် လူ့လောဘနဲ့ ပယောဂကြောင့် အပျက်စောတော့လည်း နှမြောမိပြန်တယ်။

flowerpoem said...

လူတွေရဲ့လောဘတရားတွေက သဘာဝတရားတွေ ရော လူသားတွေရဲ့ စိတ်ဓာတ်တွေကိုပါ ပျက်စီးစေတာ အမှန်ပါ...

PhyoPhyo said...

ငါးတွေပျော်ခဲ့တဲ့ ဟိုးရှေးရှေးက ဥရုချောင်းလေးက လှလိုက်တာ၊
စက်တွေပျော်၊ လူတွေမွှေနှောက်နေတဲ့ ချောင်းကလေးက သနားစရာ ၊
မချောအရေးအသားလေးက လှလှလေးနဲ့ ချစ်စရာ၊ သနားစရာ၊
ချစ်တဲ့

ချောရေ စစဖတ်ချင်းတော့ အလည်လာချင်တယ် ရေးမလို့ဥစ္စာကို ဖတ်ရင်းဖတ်ရင်းနဲ့ ပြီးခါနီးရောက်တော့ အဟင့်...သဘာဝတရားကို တန်ဖိုးမထား ထင်ရာစိုင်းပြီး လုပ်ချင်သလို လုပ်နေရင် သဘာဝတရားကလည်း ဘယ်ခွင့်လွတ်လိမ့်မလဲနော် ချောအရေးအသားတွေက သိပ်မိုက်တယ်၊ ဖတ်လို့အရမ်းကောင်းတာပဲ သိလား၊ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ဝက်ဆလူး said...

ဆိတ်မကောင်းလိုက်ထျာာ(နွားနို့ပဲသောက်တော့မယ်)
တမျိုးချည်းပဲ ဝမ်းနည်းတွားရယ် (အထိုင်များလို့နဲ့တူပါရဲ့)

အလကား အတည်နောက်တာနော် ကမ္ဘာကြီးလဲ ကြာတော့ နေမကောင်းဖြစ်လာတာပေါ့ ရွှေချောရယ် ........

ချော စာအရေးသားကောင်းလယ် အင်းပေါ့လေ များက ချောကို ယောက်ခမ တော်ထားတာကိုး တော်ရမှာပေါ့ ခစ်ခစ်

ညီလင်းသစ် said...

မချော..ဒီ အက်ဆေးလေးကို အရမ်းသဘောကျတယ်၊ Illustration တွေကလည်း သူ့နေရာနဲ့ သူအစီအစဉ် တကျနဲ့ အက်ဆေးကို အားဖြည့်ပေးထားတယ်၊ သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူ သုံးစွဲတာဟာ လုပ်သင့်လုပ်ထိုက်ပါတယ်၊ ဒါပေမယ့် စာထဲမှာပါခဲ့သလို ရှိရင်းစွဲ အခြေအနေတွေကို မပျက်စီးစေဘဲ လုပ်ရမှာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက တစထက်တစ ပိုပြီး အရေးကြီးလာနေချိန်မှာ လောဘသက်သက်နဲ့ ဒါကို လစ်လျူရှုထားတာတွေ တွေ့ရတော့ တကယ့်ကိုပဲ စိတ်မကောင်းပါဘူး၊ ရသပိုင်း၊ သုတပိုင်း၊ လက်တွေ့ အကျိုးပြုအပိုင်း အားလုံးပါဝင်နေတဲ့ အက်ဆေးကောင်း လေး တစ်ပုဒ်ပါပဲ..။

johnmoeeain said...

စိတ်ဝင်တစား ဖတ်ရှုပြီးနောက်... အတွေးများသွားသည်...။ ချောင်း.. လေး... သာ စကားပြောတတ်ရင် ဘာများ ပြောနေဦးမလဲ... :thinking .. ;)

ချစ်ကြည်အေး said...

ချောရေ...ပြီးခဲ့တဲ့လကမှ မြစ်ဆုံက ပြန်လာတဲ့ မိတ်ဆွေတွေဆီက မြစ်ဆုံဓါတ်ပုံတွေ ကြည့်ရတုန်းကလည်း အဲလို ခံစားချက်မျိုးပဲ... ဝမ်းနည်းနှမျောနေခဲ့တာ...တကယ်ပဲ ချောရယ် မခံစားနိုင်ဘူး...

Anonymous said...

မချောက လုံးခင်း သူလား၊ ကျွန်တော်အဲစာကိုဖတ်ပြီး သတိရလိုက်တာ အိမ်ကို.....မှော်နယ်မြေကို စိတ်ကုန်တာ ငယ်ငယ်ကတည်းကပါ....မချောဆီကိုအမြဲလာလည်ဖြစ်တဲ့...မောင်ငယ်

အစ်မရယ်... ကိုယ့်မြို့ကိုယ့်ရွာ ဆုတ်ယုတ်သွားပစေဦးတော့ ကိုယ့်နိုင်ငံတိုးတက်ရင် အတိုင်းမသိဝမ်းသာရမှာပါ.... ခုတော့ သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ ဆိုတာလိုမျိုးတွေချည်းပဲ... အဆီအနှစ်မှန်သမျှ... အားလုံး စုတ်မျိုစားသုံးသွားကြတာ တစ်ကိုယ်ကောင်းသမားတွေချည်းပဲမို့  ရင်နာလို့ မဆုံးဘူး.......

ထားပါတော့လေ... မှိုတက်စာအုပ်ကို လာဖတ်ပြီး ဂေါက်မသွားပါနဲ့ ဦးလို့  ......

Sunny said...

မချောရေ.. စာလာဖတ်သွားပါတယ်.. (ဟီးး ဘာပြောရမှန်းမသိလို့)
နောက်တာ.. မြန်မာပြည်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဖို့ လိုနေပြီနော်..

nYi ThU E@in said...

မတူ ထူးခြားတဲ့ ခုစာရေးဟန်က
ငယ်စဉ်က ဆရာမဖြစ်ချင်တယ်လို့ အိပ်မက်မက်ဖူးတာကို သတိရစေတယ်.။
(ချောင်းကလေးမှာ ၀မ်းနည်းထိခိုက်နေမည်ဟု ချောင်းကလေးကိုယ်စား ကျွန်မ တွေးနေမိခဲ့သည်။ ချောင်းကလေးကို မှောက်လိုမှောက်၊ လှန်လိုလှန်)
ဒီစာပိုဒ်လေးက ချောင်းကလေးကို ကရုဏာစိတ် စာနာစိတ် ယိုဖိတ်စေပြန်တယ်။
အင်း...ဆရာမ ဂျူးကို ဒီအက်ဆေးလေး ဖတ်စေချင်စမ်းပါဘိတော့..။

IDIOT-Ki said...

ဥတုရာသီ တောကိုမှီ၏ ဆိုတဲ့ အတိုင်း တောတွေပြုန်း ၊ မြစ်ချောင်းအင်းအိုင်တွေ တိမ်ကောသွားလောက်တဲ့ အထိကို မတော်လောဘနဲ့ လုပ်နေကြတဲ့ လက်တဆုပ်စာ လူတစု ရဲ့ လုပ်ရပ် ကြောင့် ရလာတဲ့ ဆိုးကျိုးတွေကို ဒေသခံလူအများက ခံစားနေကြရတာ ရင်နာစရာကောင်းလှပါတယ်။

ဘယ်တော့များမှ သဘာဝအလှအပတွေ ပြန်လည်ခံစားရတော့မလည်း နော်..

sosegado said...

“ရပ်ဖို့သင့်ပြီ၊”

ပြောလိုက်သောအခါ၊
ဆဲဆိုသံများ ဘာသာစကားစုံဖြစ် ထွက်ပေါ်လာသည်၊
လက်နက်မျိုးစုံနဲ့လိုက်လာကြသည်၊
ဘယ်ပြေးမလဲ၊ မရှိ၊ မလွတ်၊
ရူးချင်ယောင်ဆောင်လိုက်သည်၊ ထိုအတွက်နည်းနည်းပဲ အရိုက်ခံရသည်။

ညီမလေး said...

ကိုယ့်လိုဘ ကိုပဲ ကြည့်တဲ့ သူတွေရှိသမျှ ဒီလိုအဖြစ်မျိုးတွေ ရပ်တန့်မယ် မထင်ဘူး ချောရယ်....လူတွေရဲ့ လောဘ ဟာ ကြောက်စရာ သိပ်ကောင်းတယ်........

အဖြူရောင်နတ်သမီး said...

ဟုတ်တယ် မချောရယ်...
လူတွေရဲ့ လောဘဇောတွေ အသောမသတ်နိုင်ကြသေးသ၍တော့ သဘာဝ အလှတရားတွေ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်နေရအုံးမှာပါပဲ...။

rose said...

ချောင်းလေး အကြောင်း ဖတ်ပြီး ဗပာုသုတများ ရရှိ သလို ဒေါသလည်း ဖြစ်ရ၊ စိတ်မကောင်းလည်း ဖြစ်ရတယ်။ လုပ်ရက် လိုက်တဲ့ လူတွေရယ်...။ ရွှေတွေ ကျောက်စိမ်းတွေ တစ်ခုတည်း ကိုပဲ အသည်းအသန် ရှာပြီး သဘာဝ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုံးဝကို အလေး မထားကြဘူး။

ပုံတွေကြည့်ပြီး နှမြောသလို ခံစားရတယ် .. ၀ိသမလောဘသားတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ဆုံးရှုံးရတာ များပြီ ..

ကကက said...

ဟိုး...ငယ်ငယ် လွန်ခဲ့တဲ့ အနှစ် ၃၅ နှစ်နဲ့ ကွာခြားသွားလိုက်တာ...
ဝမ်းလဲနည်းတယ်..ဒေါသလဲထွက်တယ်..

ချောင်းကလေးကို သနားသွားတယ် ဒါပေမယ့် လူတွေကို ပိုသနားတယ် စိတ်ထဲမှာ မကောင်းဘူးဗျာ

မချောရယ် စိတ်ထဲမှာမကောင်းဘူး။ ကိုယ့်မွေးဖွားရာ ကိုယ့်ဒေသ ပျက်စီးယိုယွင်းသွားတာကို လက်ပိုက်ကြည့်နေလိုက်ရတာ ဘယ်သူပျော်ပါ့မလဲနော်။ ကိုယ်ချင်းစာမိပါတယ်။

ခင်မင်လေးစားလျက်

မြစ်ကျိုးအင်း said...

ကိုယ့်တဘို့ထဲကြည့်ပြီး လောဘဇောနဲ့ မြေလှန်ရှာကြတာ ဒေသခံတွေ ရေကြီးနေတဲ့ အချိန် သူတို့ကတော့ မြို့ပေါ်မှာ ဇိမ်ခံနေကြမှာ မြင်ယောင်ပါတယ်။
တို့မပိုင်တဲ့ မြေပေါ့ကွယ်။

blackcoffee said...

ချောင်းလေး နှမြောစရာ... ဒီလိုသာယာလှပတဲ့ စမ်းချောင်းလေးမျိုးက ရှားတယ်။

ချောင်းကလေးသာ စကားပြောတတ်ရင် ၀ိသမလောဘသားတွေနဲ့ပတ်သက်လို့
ဘာတွေပြောလိမ့်မလဲလို့ နားထောင်နေချင်မိတယ်....။