နှင်းဆီတစ်ပွင့်ရဲ့ အိပ်မက်



ကျွန်တော့် အသက် ၁၉နှစ်အရွယ်  ပထမဆုံး ကောလိပ်ကျောင်း စတက်တဲ့ ရက်မှာ ကျွန်တော်တို့ရဲ့ ပါမောက္ခကြီးက သူ့ကိုယ်သူ  မိတ်ဆက်ပါတယ်. ပြီးတော့ ကျွန်တော်တို့ကိုလဲ ယခု အတန်းထဲမှာ ရောက်နေကြသူချင်း တစ်ခါမှမသိခဲ့ဖူး၊ မတွေ့ခဲ့ဖူးတဲ့သူ အချင်းချင်း မိတ်ဆွေ ဖွဲ့ကြဖို့  ပြောဆို တိုက်တွန်းပါတယ်.. ဒီတော့ ကျွန်တော်လဲ မတ်တပ်ရပ်ပြီး ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ရင် ကောင်းမလဲ ဆိုတာ အတန်းထဲ လှည့်ပတ် ရှာဖွေကြည့်နေမိတယ်.. ဒီစဉ်မှာ ကျွန်တော့ပုခုံးကို တစ်စုံတစ်ယောက်က လာပုတ်တဲ့အတွက် လှည့်ကြည့်လိုက်တော့ အသားအရေတွေ တွန့်နေပြီး ပြုံးရွှင်တဲ့ မျက်နှာပေးလေးနဲ့ တော်တော်လေးကို အသက်ကြီးနေတဲ့ အဖွားအို တစ်ဦးကို တွေ့လိုက်ရပါတယ်..

သူက ကျွန်တော့်ကို မိတ်ဆက်စကား စပြောပါတယ်..  “ ဟိုင်း ကောင်လေးရေ.. တို့နံမည်က  ရိုစ့်ပါ.. အသက်က ၈၇ နှစ် ရှိပါပြီ.. ငါတို့တွေ မိတ်ဆွေ ဖြစ်ကြရအောင်လား …. တို့တွေ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရအောင်လားကွယ်”

ကျွန်တော်လဲ လှိုက်လှိုက်လှဲလှဲ ပြုံးရယ်မိရင်းက အဖွားကို စိတ်လိုလက်ရ လက်ဆွဲနှုတ်ဆက် လိုက်ပြီး “ ဘာလို့ ဒီလောက် ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ဒီကောလိပ်ကို လာတက်နေတာလဲဗျ” လို့ ကျွန်တော် သူ့ကို စနောက် ချင်စိတ်နဲ့ ရင်းရင်းနှီးနှီး ဟာသ ထုတ်ကာ မေးလိုက်ပါတယ်…


အဖွားရိုးစ့်က “ အော်  တို့က ဒီကောလိပ်မှာ ချမ်းသာတဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ တွေ့ပြီး လက်ထပ်ခွင့်များ ရမလားလို့ပေါ့.. ရလာခဲ့ရင် ကလေး တစ်ဒါဇင်လောက် ယူမယ်.. ပြီးတော့ အနားယူပြီးရင် ခရီးတွေ အများကြီး ထွက်မယ်လေ”  လို့ ရယ်ရယ်မောမော ပြန်ပြီး ဟာသ လုပ်ပါတယ်..

“ အိုး သိပ်ကောင်းတဲ့ ရည်ရွယ်ချက်ဘဲ ” လို့ပြန်ပြောရင်းက သူ့အကြောင်းကို စိတ်ဝင်တစား စပ်စုကြည့် မိပါတယ်…  ဟုတ်တယ်လေ အသက် ၈၇ နှစ် ဆိုတဲ့ အရွယ်ဟာ ကျောင်းတက်ပြီး စာသင်ဖို့  သိပ်ကို ခဲယဉ်းတဲ့ အရွယ်ပါ.. ဒီအဖွားအို ရိုစ့်ဟာ ဘယ်လို တွန်းအားတွေ၊ ဘယ်လို စိတ်ကူးတွေနဲ့ ဒီကျောင်းကို လာတက်တယ် ဆိုတာ ကျွန်တော့်အတွက် တော်တော်လေးကို ထူးဆန်းပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်.. ဒါကြောင့် ကျွန်တော် သူ့ကို မေးခွန်းတွေ မေးမိပါတယ်.. အဲဒီမှာ အဖွားအို ရိုစ့် ကျွန်တော့်ကို ပြောပြတဲ့ သူ့ရည်မှန်းချက်လေးကို မှတ်သားစဖွယ်အဖြစ် သိလာရတာက

“ တို့ဘ၀မှာ  ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခု အမြဲတမ်း ရှိခဲ့တယ်…  အဲဒါက ကောလိပ်မှာ ပညာသင်ကြားခွင့်ရဖို့ဆိုတဲ့ အိပ်မက် ကလေးပါဘဲ… တို့က အဲဒီ အိပ်မက်ကို တစ်နေ့မှာ မဖြစ် ဖြစ်အောင် အကောင်အထည် ဖော်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် အမြဲတမ်း ထားရှိခဲ့တယ်.. ဘယ်တော့မှ စိတ်အားမလျှော့ခဲ့ဘူး.. တို့ဘ၀မှာ အခက်အခဲတွေ၊ အတားအဆီးတွေ အများကြီး ကြုံခဲ့ရတယ်.. ဒါပေမဲ့ ဘယ်လိုအခက်အခဲ အတားအဆီးနဲ့ကြုံကြုံ တို့ရဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ဘူး။ ကဲ.. အခုတော့ အဲဒီအိပ်မက်ကို  အကောင်အထည် ဖော်နိုင်ပြီ။ တို့ရည်မှန်းတဲ့ ကောလိပ်ကို တက်နိုင်ပြီ။ အသက်အရွယ် ဘယ်လောက်ပဲ ရောက်နေနေ  ဖြစ်ချင်တာကို ဖြစ်ခွင့်ရတာ ဘယ်လောက် ကျေနပ်ဖို့ကောင်းသလဲ”  လို့ သူ အိပ်မက်အကြောင်းကို ပြောပြပါတယ်..

အတန်းပြီးတဲ့အချိန်မှာတော့ သူနဲ့ကျွန်တော် ကဲန်တန်း သွားပြီး ချောကလက် မေ့ခ်ရှိတ် အတူတူ သောက်ကြပါတယ်.. အဖွားရိုစ့်နဲ့ ကျွန်တော်ဟာ တကယ့်ကို သူငယ်ချင်း အရင်းအချာတွေ ဖြစ်သွားကြပါတယ်.. နောက်ပိုင်းတွေမှာလည်း သူနဲ့ကျွန်တော် အမြဲတမ်း စကားဖောင်ဖွဲ့ဖြစ်တယ်.. ကျွန်တော်ဟာ သူ့ဆီကနေ ဗဟုသုတတွေ အများကြီးကို ရခဲ့ပါတယ်.. အသက်အရွယ် ကြီးသူတွေဆီမှာ တန်ဖိုးဖြတ်မရနိုင်တဲ့ အတွေ့အကြုံတွေ၊ ပညာဥာဏ် ဗဟုသုတတွေ ရှိနေတတ်တယ် မဟုတ်ပါလား…

အဖွားဟာ ကျွန်တော်တို့ ကောလိပ်ကြီးတစ်ခုလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပါတယ်. သူဟာ ဘယ်သူနဲ့မဆို ခင်မင် ရင်းနှီးလွယ်ပြီး လူတိုင်းကလည်း သူ့ကို ချစ်ခင်နှစ်သက်ကြတယ်.. သူ့မှာရှိတဲ့ အရည်အချင်းက အ၀တ်အစားကို အမြဲတမ်း သေသပ်ကျနစွာ ၀တ်ဆင်တတ်ပြီး.. အမြဲတမ်းလည်း ရယ်မောရွှင်ပြနေလေ့ရှိတော့ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကိုလည်း ရယူထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်.. သူဟာ အသက်အရွယ် ကြီးရင့်နေတဲ့ အဖွားအိုတစ်ယောက်နဲ့ မတူဘဲ နုပျိုလန်းဆန်းနေဆဲ မိန်းမငယ်လေး တစ်ယောက်နဲ့သာ တူတဲ့အတွက် ဇရာကို ဥပက္ခာ ပြုထားနိုင်တဲ့ တကယ့် အာဂ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်..

စာသင်နှစ်ဝက် အဆုံးမှာကျင်းပတဲ့ ကျွန်တော်တို့ဘောလုံး အသင်းရဲ့ ဂုဏ်ပြု ညစာစားပွဲမှာ ကျောင်းသားတွေက အဖွားရိုးစ့်ကို စကားပြောဖို့ ဖိတ်ကြားလိုက်ပါတယ်.. အဲဒီညမှာ သူ ကျွန်တော်တို့လူငယ် ကျောင်းသားတွေကို ပေးလိုက်တဲ့ စကားလက်ဆောင်ကို ကျွန်တော့် တစ်သက် ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး… သူဟာ စကားပြောစင်မြင့်ပေါ်ကို တည်တည်ငြိမ်ငြိမ် တက်ရောက်သွားပြီး သူ့ကိုယ်သူ မိတ်ဆက် ပါတယ်.. ပြီးတော့ ကျွန်တော်တို့အတွက် အမြဲအမှတ်ရနေမဲ့ စကားတွေကို သူပြောသွားခဲ့ပါတယ်။


ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဆိုပြီး ကိုယ်လုပ်စရာ ရှိတာတွေကို ရပ်မပစ်သင့်ပါဘူး… လုပ်စရာရှိတာတွေကို ဘာမှ မလုပ်တော့ဘဲ ရပ်လိုက်ပြီဆိုမှသာ အသက်ကြီးသွားတာ ဖြစ်ပါတယ်… ကိုယ်လုပ်ချင်တာတွေ လုပ်နေသေးသရွေ့တော့ ငယ်ရွယ် နုပျိုနေဆဲ ဖြစ်ပါတယ်..  ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နဲ့ နေထိုင်ဖို့ဆိုတာ လျှို့ဝှက်ချက် ၄ခု ရှိပါတယ်… အဲဒါတွေက

ရယ်စရာ အကြောင်းအရာလေးတွေကို ရှာဖွေပြီး အမြဲတမ်း  ရယ်မောရွှင်ပျ နေရမယ်.. ကိုယ့်ပါတ်ဝန်းကျင်မှာလဲ ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ပျော်ရွှင် ကြည်နူးစေနိုင်ရမယ်…

ဘ၀အတွက် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခု ရှိကိုရှိရမယ်.. ကိုယ့်အိပ်မက်ကို ဆုံးရှုံးပြီဆိုရင် သေတာနဲ့ အတူတူဘဲ.. မင်းတို့ ပတ်ဝန်းကျင်မှာ လူတွေအများကြီးကို တွေ့ရပါလိမ့်မယ်.. အဲဒီထဲကမှ တစ်ချို့လူတွေဟာ သူတို့ကိုယ်သူတို့တောင် မသိကြဘဲ  ရှင်ရက်နဲ့ သေနေကြတယ်.. ဘာလို့လဲဆိုတော့ သူတို့မှာ ဘ၀အတွက် ဘာရည်မှန်းချက်မှ မရှိကြဘဲ အသက်ရှင်နေကြတယ်.. ဒီလို ရည်မှန်းချက်မရှိတဲ့ လူတွေဟာ သေတာနဲ့ အတူတူပါဘဲ…

အသက်ကြီးလာတာနဲ့ ရင့်ကျက်လာတာဟာ အများကြီး ကွဲပြားခြားနားပါတယ်… တကယ်လို့ မင်းဟာ အသက် ၁၉နှစ်ဆိုပါတော့ .. အဲဒီမှာ  ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ လှဲလျောင်းရင်း တစ်နှစ်လုံး အချိန်ကုန်ဆုံးသွားခဲ့ရင် ဘာမှ အဓိပ္ပယ်မရှိဘဲ မင်းအသက်ဟာ ၂၀နှစ်ပြည့်သွားမယ်.. ဒီလိုပါဘဲ အဘွားဟာ အသက်၈၇နှစ်ရှိပြီ. ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အချိန် ကုန်ဆုံးသွားခဲ့မယ်ဆိုရင် တစ်နှစ်ကုန်တဲ့ခါ အသက် ၈၈နှစ်သာ ပြည့်သွားမယ်.. ဒါပေမဲ့ ဘာမှ တိုးတက်မှု ရှိမလာဘူး.. အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်သန်ခြင်း ဖြစ်မလာဘူး… လူတိုင်းလူတိုင်းဟာ တစ်နှစ်ပြီးတစ်နှစ် အလွယ်တကူ အသက်ကြီး လာတယ်.. အဓိပ္ပာယ်ရှိတဲ့ ရှင်သန်ခြင်းဖြစ်ဖို့အတွက် ကိုယ့်ရည်မှန်းချက်ဘာလဲ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ ရှာဖွေပြီး ဖြစ်အောင်လုပ်နေရမယ်.. ကိုယ့်အစွမ်းအစကို ဖော်ထုတ်နေရမယ်.. ဒါမှလဲ ကိုယ်ဟာ အသက်ကြီးတာ သက်သက် မဟုတ်ဘဲ အသက်နဲ့အတူ ရင့်ကျက်လာမယ်..

ကိုယ်လုပ်ခဲ့တာတွေအတွက် ဘယ်တော့မှ နောင်တ ပြန်မရပါနဲ့.. အဲလို နောင်တ ပြန်မရဖို့အတွက်လဲ လုပ်သင့်လုပ်ထိုက်တာကို အချိန်ရတုန်းမှာ လုပ်ဖြစ်အောင် လုပ်ခဲ့ပါ.. ကိုယ်မလုပ်ခဲ့မိတဲ့ အရာတွေအတွက် အသက်ကြီးလာမှ နောင်တ ပြန်မရအောင် ခုချိန်ကတည်းက ကိုယ့်ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဖြစ်အောင်လုပ်ခဲ့ရပါမယ်.. နောင်တရတတ်တဲ့ လူစားတွေဟာ သေရမှာကိုလဲ ကြောက်တတ်ကြတယ်.. ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင်၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်အောင် ကြိုးစားနေတဲ့ လူမျိုးတွေဟာ နောင်တလဲမရှိသလို သေခြင်းကိုလဲ မကြောက်ရွံ့တဲ့ လူတွေသာဖြစ်တယ်…

အဖွားရိုးစ့်ဟာ သူ့ရဲ့ အဓိပ္ပာယ်ပြည့်ဝလှတဲ့ စကားတွေအပြီးမှာ နှင်းဆီပန်းရဲ့ အိပ်မက် သီချင်းလေးကို သီဆိုပြီး သူ့စကားပြောကို အဆုံးသတ်လိုက်ပါတယ်.. သူဟာ ကျွန်တော်တို့ လူငယ်ကျောင်းသားတွေ အားလုံးအတွက် အကောင်းဆုံး၊ အဓိပ္ပါယ်ရှိဆုံး ဘ၀နေနည်းကို လက်ဆောင်ပေးခဲ့သူပါ..

စာသင်နှစ်ပြီးဆုံးတဲ့အခါမှာ အဖွားရိုစ့်ဟာလည်း ကျွန်တော်တို့နဲ့အတူတူ ကောလိပ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်.. ဘွဲ့နှင်းသဘင်မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ သူကိုယ်တိုင် တက်ရောက်ပြီး ဘွဲ့လက်ခံ ယူခဲ့ပါတယ်.. ထူးဆန်းတဲ့ တိုက်ဆိုင်မှုက ဘွဲ့နှင်းသဘင်အပြီး တစ်ပတ်ပြည့်တဲ့ နေ့မှာတော့ အဖွားရိုစ့်ဟာ သူရဲ့ အိပ်ယာထက်မှာဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။ ကျွန်တော်တို့ကို ဘ၀မှာ  နောင်တမရအောင် နေထိုင်ဖို့ အသိတရားတွေ သင်ကြား ပြသပေးခဲ့တဲ့ အဖွားရဲ့ ဈာပနကို ကျွန်တော်တို့ ကောလိပ်က ကျောင်းသား အားလုံးပေါင်း ၂၀၀၀ကျော်ဟာ လေးစားချီးကျူးခြင်း များစွာနဲ့ တက်ရောက်ခဲ့ကြပါတယ်.. ဘာဘဲဖြစ်ဖြစ် အဖွားရိုစ့်ဟာ ကျွန်တော်တို့ လူငယ်လေးတွေအတွက် အကောင်းဆုံး စံနမူနာ ယူစရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်…

ခင်ဗျားတို့မှာလည်း ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခု ရှိပြီဆို  အဖွားရိုစ့်ကို နမူနာယူပြီး မလျော့သောဇွဲနဲ့ မဖြစ်ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းပါရစေလားဗျာ။



CHICKEN SOUP FOR THE COLLEGE SOUL မှ Dan Clark ရဲ့ Never Too Old To Live Your Dream ကို ဘာသာပြန်ပါသည်..





Photo from: Here

31 Responses to “နှင်းဆီတစ်ပွင့်ရဲ့ အိပ်မက်”

seesein said...

အဟုတ်ဘဲဗျို့

စစတို့တော့ အခုချိန်ထိ ကိုယ်လုပ်ချင်တာတွေလုပ်နေတုန်းဘဲ
စာကောင်းပေမွန်တွေ ရေးပေးတဲ့နှမချောတယောက် အစစအရာရာ အဆင်ပြေပါစေ
ခင်မင်တဲ့

အစ်မချောရာ... ကျနော်ဘာဖြစ်နေလဲ အင်တာဗျူးလာလုပ်ပြီး ရှာဖွေပြီး ဘာသာပြန်လိုက်တာာလားဟင်... တော်ထှာ... သူမပြောတဲ့စကားတွေ ကော်ပီကူးထားလိုက်တယ်... စိတ်ညစ်တိုင်းဖတ်ရအောင်.....

တန့် ကျူး

အချက် ၄ချက်ကို သေချာ မှတ်သားသွားပါတယ် ..း)

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကဗျာနေ့ မှာကဗျာတွေစပ်ကြမှာလားလို့လာချောင်းတာ-
အချက်လေးချက်ကိုခေါင်းထဲထည့်သွားရင်-အရင်ပိုစ်တွေကငါးတွေဝက်သားတွေစားသွားတယ်-

ahphyulay said...

အင်း....
တိုက်ရင်းသေမယ်တဲ့ ။
ဒီစကားတစ်လုံးက စစ်သားတွေအတွက်တင်
မဟုတ်ပဲ ကျွန်တော်တို့ အတွက်လည်း ဖြစ်သင့့် တယ်လို့ ထင်ပါတယ်။ နိစ္စဒူဝ ကြုံတွေဖြေရှင်းနေရတဲ့ 
ပြဿနာပေါင်းစုံတွေ၊ ကိုယ့်ဘဝရှင်သန်ရေးအတွက်
ကိုယ့် ဘာကိုယ်ကြိုးစားရုန်းကန်နေတာတွေဟာလည်း
တနည်း လောကကြီးကို အထောက်အကူပြုတယ်လို့ 
ထင်ပါတယ်။ တစ်ချို့ တစ်ရာမှာတစ်ယောက် ကျတော့ လည်းဒီတိုင်းပါပဲ။ ငိုင်လို့ ..။
ရလိုက်တဲ့  ဘဝရဲ့ စာမျက်နှာလေးတွေကို အကျိုးရှိရှိ
အသုံးချရင်းအဆုံးသတ်သွားတဲ့  ပို့ (စ)လေးကို
လေးစားမိပါတယ်ဗျာ..။

ညီလင်းသစ် said...

တကယ်ပဲ စံနမူနာယူစရာကောင်းတဲ့ အဖြစ်ပါပဲ၊ မြန်မာ ရာဇဝင်က ကျည်ပွေ့အတက်ပေါက်တဲ့ အကြောင်းလေး လည်း သတိရမိသွားတယ်၊ အိပ်မက်ကို ကျေနပ်စွာ မက်ပြီးတော့ နှစ်ခြိုက်စွာ အိပ်သွားတာ ထင်တယ်နော်၊ မချောရဲ့ ဘာသာပြန်က အင်္ဂလိပ်ခေါင်းစဉ်ကို မြန်မာမှုပြုတာက အစ တစ်ပုဒ်လုံး အကျအပေါက်၊ အချိတ်အဆက် ပြေပြစ်ပြီး ညက်ညောလှပါတယ်..။

nYi ThU E@in said...

ကိုယ့်ကိုယ်ကို အသက်ကြီးပြီဆိုပြီး ကိုယ်လုပ်စရာ ရှိတာတွေကို ရပ်မပစ်သင့်ပါဘူး… လုပ်စရာရှိတာတွေကို ဘာမှ မလုပ်တော့ဘဲ ရပ်လိုက်ပြီဆိုမှသာ အသက်ကြီးသွားတာ ဖြစ်ပါတယ်… /
ဒီဒဿနလေး တကယ်သဘောကျသွားတယ်
ဘွားဘွားကို အားကျတယ်
အသက်ကြီးသွားပြီး စိတ်ဓာတ်ပါ လိုက်ကြီးတဲ့သူဖြစ်ချင်တယ်..။
(စိတ်ဓာတ်ကြီး = ရင့်ကျက်

“နောင်တရတတ်တဲ့ လူစားတွေဟာ သေရမှာကိုလဲ ကြောက်တတ်ကြတယ်”စာမေးပွဲ ဖြေပြီးလို့ စာတွေလိုက်ဖတ်ရင်း (ကိုယ့်စာလေးလဲ လာဖတ်မလားလို့လေ)စိတ်တွေမောနေတာ အဘွားရိုစ်ရဲ့ လမ်းညွှန်ချက်လေး ရတော့မှ အမောပြောသွားတော့တယ်။

ချောနော် ဖတ်ပြီးရင် တရေးတမောအိပ်မလို့ပါဆိုနေ ဖတ်ပြီးတော့ အိပ်ချင်စိတ်တောင် မရှိတော့ဘူး တိုးတက်ရာတိုးတက်ကြောင်း တစ်ခုခုလုပ်လိုက်တော့မယ် ဘုန်းဘုန်းကြားဖူးတာက "ပညာလို အိုသည်မရှိ"တဲ့ D အဖွားရိုစ်ရဲ့အလိုအရဆိုရင်တော့ အလုပ်လုပ်နေရင် နုပျိုနေမှာပဲပေါ့နော် မှတ်သားစရာပဲ ချောရေ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

အင်္ဂါဟူး said...

ပညာလို အိုသည်မရှိ၊ တိုက်ရင်းသေ ပျံရင်းသေ ကြံရင်းသေ

သေမှာ က သေချာတယ်. နေမှာက မသေချာဘူး. အဲဒီတော့ လုပ်သင့်တာကို လုပ်ကြရမှာပါပဲလေ။

TOMORROW said...

အမရေ....ကောင်းလိုက်တဲ့ အားဆေး :)
ဒီအားဆေး စာပေလေးသောက်ပြီး
ညီမရည်ရွယ်ရာ ပန်းတိုင်ရောက်ဖို့ 
လမ်းမှန်မှန်ဆက်လျောက်... လျောက်နေတုန်းးပါပဲ။ :)

မောင်မျိုး said...

အဖွားရဲ့ စကားလေးချက်ကတကယ်ကို တန်ဖိုးရှိလှပါတယ် ။ အဲ့လို ပျော်ပျော်နေနေတဲ့ လူကြီးတွေကို အပြင်မှာတွေ့ဖူးတယ် လန်းဆန်းတက်ကြွနေတာပဲ သူတို့ကိုမြင်ရတဲ့သူတိုင်း စိတ်ချမ်းသာ ပျော်ရွှင်လို့ မှန်ကလေးတစ်ချပ်နဲ့တူပါတယ် ကိုယ်က ကြည်လင်နေတော့ ကိုယ့်ကိုကြည့်တဲ့သူတိုင်းလည်းကြည်လင်သလိုမျိုးပေါ့ အဖွားအသက်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်အသက်က ဘာမှမဟုတ်သေးပါဘူးလေ လုပ်ချင်တာတွေလုပ်အုံးမှး)

sosegado said...

ဘ၀အတွက် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခု ရှိကိုရှိရမယ်..
တစ်ခုမကလို့ ခက်နေတယ် ခင်ဗျာ၊ မှတ်သားစရာလေးတွေမှတ်သွားပါတယ်

SHWE ZIN U said...

ညီမ ချော ရေ

အားရှိစရာစာလေး ကိုဖတ်သွားတယ်နော်

ခင်မင်စွာဖြင့်
သတိယနေတဲ့
ရွှေစင်ဦး

rose said...

သိပ် နှစ်သက်တယ် အစ်မချောရယ်...။ အခုလို အချိန် ပေးပြီး ဘာသာ ပြန်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီ စာသားလေးတွေကို အနှစ်သက်ဆုံးပဲ။ ရို့စ် အတွက်လည်း လိုအပ်နေတယ်။ ဒီလို အားပေး စကားလေးတွေ။ "လူတိုင်းလူတိုင်းဟာ တစ်နှစ်ပြီးတစ်နှစ် အလွယ်တကူ အသက်ကြီး လာတယ်.. အဓိပ္ပာယ်ရှိတဲ့ ရှင်သန်ခြင်းဖြစ်ဖို့အတွက် ကိုယ့်ရည်မှန်းချက်ဘာလဲ၊ ကိုယ်ဖြစ်ချင်တာ ဘာလဲ ဆိုတာ ရှာဖွေပြီး ဖြစ်အောင်လုပ်နေရမယ်.. "

ဆွေလေးမွန် said...

စာလေးဖတ်ပြီး ဘ၀အမောအတွက် အားဆေးတစ်ခွက်
သောက်လိုက်ရသလို အားရှိသွားပြီ
မချော ရေ.

မချောရေ စိတ်ဓာတ်တွေကို တွန်းတင်ပေးလိုက်သလို ခံစားရပါတယ်။ တကယ် စိတ်ဓာတ်တွေ လန်းသွားတယ်။ ဘာလုပ်ရမယ် ဘာလုပ်ဦးမယ်ဆိုတာတွေ ရုတ်တရက် တွေးမိသွားတယ်။ တကယ်ကို ကျေးဇူးတင်မိပါတယ်ရှင်။

ခင်မင်လေးစားလျက်

တစ်ရက်ကုန်သွားလို့ ကုသိုလ် ပညာ ဥစ္စာ တစ်ခုခုမှ မရလိုက်ဘူးဆိုရင် အဲဒီနေ့က အရှုံးပဲတဲ့...အဲလိုတော့လည်း အရှုံးမခံနိုင်ဘူးလေ...ဘ၀ဆိုတာ တိုတိုလေးပဲ လုပ်စရာတွေက အများကြီးမို့လား...

KiKi said...

အဖွားရို့ စ် ရဲ့  လျှို့ ဝှက်ချက် ၄ ခုထဲက နံပါတ် ၁ နဲ့ ၂ ကတော့ အိုကေတယ် ။တနေ့  တနေ့ ရယ်နေတာရယ်၊အိပ်မက်တခုခု မက်နေတာရယ် ပေါ့ ။
၃ နဲ့ ၄ ကိုတော့ ဖြစ်မြောက်အောင် အားမထုတ်ဖြစ်သေးဘူး..

ကိုယ့် ကိုယ်ကို ပြန်ပြီးစမ်းစစ်မိသွားတယ်..
ခုလို သတိပေးတာ ကျေးဇူးပါ မချော ရေ..

မကိ

အမချော။
အဟောင်းကြီး။ အဟီး။ အဟောင်းတွေ ပြန်တူးဖော်နေတာ ထင်တယ်။ ဒါပေမဲ့ ဖတ်လို့ မရိုးနိုင်ပါဘူး။ ကြိုက်တယ်။ အဖွားရဲ့စကားက ကျနော့်ကို သတိပေးသလို ဖြစ်စေတယ်။ ဘာမှမလုပ်ဘဲ အိပ်နေရင်း တစ်နှစ်ကုန်သွားရင် အသက်တစ်နှစ် ကြီးလာပေမဲ့ အချီးနှီးတဲ့။ မှန်လိုက်တာ။

ပျော်ရွှင်ပါစေ အမချော။

အဖြူရောင်နတ်သမီး said...

၂ခါမြောက် ဖတ်သွားတယ် မချောရေ...
ဖွားဖွားရို့စ်ကို အတုယူသင့်တယ်နော်...

Anonymous said...

လာဖတ်တယ် အဖွားရိုစ့်ရေ...
အသက်ရှည်ရှည်တော့ မနေချင်ဘူး အဘွားရာ....:p

လုပ်စရာ ရှိတာတွေတော့ အကောင်းဆုံး လုပ်ချင်တယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပဲ အမရေ
ဆက်လက်မျှဝေနိုင်ပါစေ

မော်ဒယ်လ် လုပ်မယ့် ဆလူး ဝက် said...

ရွှေချော များလဲ အချက် ၄ ချက်ကိုမှတ်သွားတယ် သိလား
မလျှော့ဘူး ဘယ်တော့မှ မလျှော့ဘူး မော်ဒယ်ဖြစ်ရမယ်ဆိုတဲ့ အိမ်မက် ဖြစ်အောင် လုပ်မယ် ငါကွ ဝက် ဟားဟားးးးးးးးးးးးးးးးးးးးးး
အဲ... မရယ်နဲ့နော် များက တကယ်လုပ်မှာ ဟွင့် ခုကတည်းက ကြိုတင် ကပ်ထားနော် နောက် များ နံမည်ကြီးမှ လက်မှတ်လာမထိုးခိုင်းနဲ့ ဟင်းးး ဟင်းးးးး

blackcoffee said...

ဟုတ်တယ် ရည်မှန်းချက် မရှိတဲ့လူဟာ လူသေနဲ့ မခြားဘူး။ ဘဝအိမ်မက်တွေကို ရည်မှန်းချက် ရှိရှိနဲ့ အကောင်အထည် ဖော်သွားနိုင်တဲ့ အဘွားရို့ ကို ချီးကျူးမိပါတယ်။

flowerpoem said...

ဟုတ်တယ်နော် အသက်ကြီးတာကို ရမယ်ရှာတာကို ကောင်းဘူး အဘွား Rose ရဲ့ ရည်၇ွယ်ချက်က အရမ်းကောင်းတယ် :)

mg han said...

လုပ်စရာတွေရပ်ပစ်လိုက်ပီဆိုမှအသက်ကြီးသွားတာလား...(အိုသွားတယ်ဆိုပိုမှန်တယ်မှန်မယ်ထင်တယ်အမရေ)
ကောင်း၏။

သင်ခန်းစာနဲ့ အတုယူစရာ ပို့စ်လေးပါပဲ.. မချောရေ....

ခင်မင်လျက်
နေ၀ဿန်

သင်ယူချင်တဲ့ စိတ်ပဲလိုတာပေါ့နော်။
မရောက်တာ ကြာသွားတယ် မရေ..။

မြစ်ကျိုးအင်း said...

မှတ်သားသင့်တဲ့ အချက်တွေဖြစ်လို့ အမှန်တကယ် လိုက်လုပ်နိင်ခဲ့ရင် သေမှာ မကြောက်နိင်တော့တာ သေချာတယ်။

မေဦးမွန် said...

အဖွားရိုစ့်ကို သဘောကျလိုက်တာ ဒီလိုစိတ်ဓာတ်မျိုး ထားကို ထားသင့်ပါတယ်..
ကျေးဇူးသိပ်တင်ပါတယ်။ ဘာသာပြန်ပေးတာ

PhyoPhyo said...

မချောရေ .. အဖွားရိုစ့်ကတော်လိုက်တာ၊
အိပ်မက်အတိုင်း လုပ်သွားနိုင်ဖို့ အကောင်းဆုံးတွန်းအားပေးတဲ့ ပိုစ့်လေး
ရေးတတ်လိုက်တာ
ချစ်တဲ့