အချစ်အကြောင်း ပြောရအောင်.....


အချစ်အကြောင်းပြောရအောင်တဲ့.. မသက်ဝေက အဖော်ညှိပါတယ်.. ကျွန်မအတွက်တော့ အခက်ဆုံး အကြောင်းအရာလို့ ပြောရမယ်ထင်ပါတယ်..  ဒီကလည်း အချစ်နဲ့ပတ်သက်ရင် ဒဿနတွေ များများစားစားလည်း မသိပါဘူး။ ဒီတော့ ကျွန်မနားလည် လက်ခံထားတဲ့ အချစ်အကြောင်းလေးကို ရိုးရိုးလေးပဲ ပြောကြည့်ချင်ပါတယ်။

အချစ်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှု၊ ဂရုစိုက်မှု၊ နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှု၊ သစ္စာရှိမှု စသည်တို့ဟာ မလွဲမသွေ လိုအပ်တယ်လို့ ကျွန်မ မြင်ပါတယ်။ ချစ်လှပါရဲ့လို့ ပါးစပ်ကပြောနေပေမဲ့ နွေးထွေးမှုမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် နားလည်သိတတ်မှုမရှိဘူး၊ သစ္စာမရှိဘူး၊ ကြင်နာငဲ့ညှာမှု မရှိဘူးဆိုခဲ့ရင် အဲဒီအချစ်ဆိုတာဟာ ဘက်ညီမျှတဲ့အချစ် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူကိုပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ အရာလေးတွေကိုပဲ ဖြစ်ဖြစ် မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ကိုယ်ကလည်း ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုး တန်ဖိုးထားပါမှ ကိုယ်ချစ်တဲ့သူ၊ ကိုယ်ချစ်တဲ့အရာတွေကလည်း ကိုယ့်ကို ပြန်ပြီး တန်ဖိုးထား မြတ်နိုးမှာ ဖြစ်ပါတယ်။

ဒီတော့ အချစ်နဲ့ ပတ်သက်ပြီး ကျွန်မအတွက် အကောင်းဆုံး ဥပမာကို ပြောရမယ်ဆိုရင် တစ်စုံတစ်ဦးနဲ့ ပတ်သက်တဲ့ အချစ်အကြောင်း မဟုတ်ပဲ ကျွန်မစိုက်ပျိုးထားတဲ့ ကျွန်မချစ်သော အပင်လေးတွေနဲ့ ပတ်သက်တဲ့ အချစ်အကြောင်းကို ပြောပြချင်ပါတယ်။ ကျွန်မဟာ အပင်လေးတွေကို သိပ်ချစ်ပါတယ်.. ရောက်တဲ့နေရာမှာ အပင်လေးတွေ စိုက်ဖြစ်ပြီး ကျွန်မရဲ့ အလုပ်စားပွဲပေါ်မှာလည်း အပင်စိမ်းစိမ်းလေးတွေ တင်ထားချင်သူ၊ တင်ထားတတ်သူပါ။ အခု ကျွန်မနေတဲ့ မြို့ကလေးက အိမ်ခန်းကလေးဟာ ၃ထပ်မှာဖြစ်တဲ့အတွက် ကျွန်မစိုက်ချင်တဲ့ သစ်ပင်လေးတွေ စိုက်ပျိုးဖို့အတွက် မြေနေရာမရှိပါဘူး။ ဒါပေမဲ့ ကျယ်ကျယ်ဝန်းဝန်းနဲ့ ရှုခင်းတွေကို အပေါ်စီးကနေမြင်ရပြီး လေကောင်း လေသန့်ရတဲ့ ၀ရံတာတော့ ရှိပါတယ်..

အရပ်လေးမျက်နှာစလုံး ကြည့်လေရာအရပ်တိုင်း ခုလို တောင်တန်းကြီးတွေ ပတ်လည်ဝိုင်းနေတာပါ။



ဘယ်နေရာကြည့်ကြည့် တောင်တန်းကြီးက ပြေးမလွတ်ပါ..

ဝရံတာကနေ မျှော်ကြည့်လိုက်ရင် တောင်တန်းတွေ ပတ်လည်ဝိုင်းထားတဲ့ မြို့ရှုခင်းတွေကို မြင်ရတာလည်း သိပ်ကို စိတ်ချမ်းသာပြီး စိတ်အေးချမ်းပါတယ်. ဒီတော့ ပန်းပင်တွေကို ချစ်တဲ့ ကျွန်မက ၀ရံတာလေးမှာပဲ ကောင်းနိုးရာရာ အပင်လေးတွေကို အိုးကလေးတွေနဲ့ စိုက်ပျိုးထားခဲ့ပါတယ်။ ဟိုးအရင်ကတော့ ကျွန်မစိုက်ထားတဲ့ အပင်လေးတွေ၊ ပန်းပင်လေးတွေအကြောင်းကို အပင်နှင့်တူသောသူများဆိုတဲ့ ခေါင်းစဉ်နဲ ပိုစ့်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ကျွန်မ အပင်လေးတွေကို ချစ်ပါတယ်.. ပန်းပွင့်တဲ့ အပင်၊ မွှေးတဲ့ ရနံ့ရှိတဲ့အပင်၊ ပန်းလဲမပွင့် မွှေးလဲမမွှေးပေမဲ့ စိမ်းစိမ်းစိုစို မျက်စိအေးစေတဲ့အပင်၊ မီးဖိုချောင်အတွက် အသုံးဝင်တဲ့အပင် စတဲ့ အပင်မျိုးစုံကို အကြောင်း အမျိုးမျိုးနဲ့ ချစ်သလို ရည်ရွယ်ချက် အမျိုးမျိုးနဲ့လည်း အပင်လေးတွေကို စိုက်ပျိုးဖြစ်ပါတယ်။ ကျွန်မရဲ့ ၀ရံတာလေးဟာ ပန်းဥယျာဉ်လေး သေးသေးလေးဖြစ်အောင် ကျွန်မ အပင်မျိုးစုံကို စိုက်ပျိုးထားခဲ့ပါတယ်။


ဒီလိုနဲ့ ကျွန်မရဲ့ ဥယျာဉ်လေး သေးသေးလေးဟာ အပင်မျိုးစုံ အပွင့်မျိုးစုံနဲ့ လှပနေသလို ပန်းပွင့်လေးတွေရဲ့ သင်းပျံ့ပျံ့ရနံ့ကလည်း ၀ရံတာတစ်လျှောက် မွှေးမြလို့ နေခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဥယျာဉ်လေး သေးသေးလေး တစ်ခုပါပဲ။ ဒါပေမဲ့ ခက်တာက ကျွန်မက အပင်တွေကို ချစ်တော့ ချစ်တတ်ပြီး သူတို့တွေကို ဂရုတစိုက် ပြုစုပျိုးထောင်ဖို့၊ ကြင်နာယုယဖို့၊ အချိန်တန်ရင် ရေလောင်းပေါင်းသင်ဖို့၊ မြေဆွပေးဖို့၊ မြေသြဇာကျွေးဖို့ စတဲ့ ကိစ္စတွေကို မေ့နေတတ်ခဲ့တာပါပဲ။ မေ့နေတာအကြာကြီးကို သတိရတဲ့အချိန်လောက်မှ ရေထလောင်းတာမျိုး လုပ်တတ်ပါတယ်. အဲဒီ သတိရတဲ့အချိန်ဟာ တစ်ပတ်ကြာလဲဖြစ်ချင်ဖြစ်မယ်.. ၂ပတ်ကြာလဲ ဖြစ်ချင်ဖြစ်မယ်.. ဒီတော့ အဲဒီလို အချိန်မှန်မှန် ဂရုတစိုက် မပြုစု၊ မပျိုးထောင်၊ ပိုးကောင်လေးတွေ ကိုက်နေတာကို ပိုးသတ်ဆေး ဖြန်းရကောင်းမှန်းမသိ၊  မြေသြဇာ ကျွေးဖို့ပါ လုံးလုံး သတိမရတော့ ကျွန်မရဲ့ အပင်လေးတွေဟာ ခုလို အပူချိန် မြင့်လာတဲ့ နွေဦးလည်းရောက်ရော တဖြေးဖြေးနဲ့ ပိုးတွေကိုက်တဲ့ အပင်ကကိုက်၊ သွေ့ခြောက် ညိုးနွမ်းတဲ့ အပင်ကညိုး ဖြစ်လာပါတော့တယ်.. အချို့အပင်ဆို ပန်းတွေ ပုံမှန်ပွင့်ရမှာကို လုံးဝမပွင့်တော့ပါဘူး။ အပင်လေးတွေ ညိုးနွမ်းပြီး ပိုးတွေကိုက်ထားတာကို တွေ့တော့မှ အထိတ်တလန့် သတိပြုမိတာက “အိုး ငါချစ်လှပါတယ်ဆိုပြီး စိုက်ထားတဲ့အပင်လေးတွေ ခုတော့ ညိုးကုန်ပါရောလား။ ရေလည်း လောင်းရဲ့သားနဲ့ ဘာလို့များ ညိုးကုန်ရတာလဲ” လို့ တွေးရင်းနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။

တကယ်တန်းတော့ အပင်တွေကို အချိန်မှန်မှန် ဂရုစိုက်ရမယ်.. ရေလောင်းပေါင်းသင်ရမယ်၊ မြေဆီမြေသြဇာ ကျွေးရမယ်ဆိုတာကို သိသိကြီးနဲ့ ဂရုမထားမိတာကြောင့် အပင်တွေ ညိုးနွမ်း ခြောက်သွေ့ကုန်ရတာပါ။ ရေလောင်းတယ် ဆိုတာကလည်း သတိရချိန်မှ ထလောင်းတတ်ပြီး တော်တော်များများတော့ မေ့နေခဲ့မိတာပါပဲ။ ရှင်းရှင်းပြောရရင် ကိုယ်တိုင်က ဂရုမစိုက်မိခဲ့လို့ ဖြစ်ရတဲ့ အပြစ်တွေပါ။ အပင်တွေညိုးကုန်၊ ပိုးတွေကိုက်၊ ခြောက်သွေ့ကုန်တော့မှ ကျွန်မမှာ ကိုယ်ချစ်တဲ့ အပင်လေးတွေအတွက် စိတ်မကောင်းဖြစ်ရသလို ပစ်ထားခဲ့မိတာတွေအတွက် နောင်တ ရလာမိပါတော့တယ်။ ဒီတော့ ခြောက်သွေ့ညိုးရော်နေတဲ့ အပင်တွေကြည့်ပြီး ကိုယ်တိုင်လည်း စိတ်မပျော်ရွှင် ဖြစ်ရပါတယ်.. အပင်တွေကို ကြည့်ရတာလဲ အရွက်ခြောက်ခြောက် အကိုင်းညိုးညိုးနဲ့ ဆိုတော့ ယခင်က လှပစိမ်းလန်းနေပြီး အပွင့်လေးတွေ ဝေဆာနေတဲ့ အလှတွေ ပျောက်ဆုံးကုန်သလို ၊ သူတို့လေးတွေကို ကြည့်လိုက်တိုင်း ယခင်ကလို ကျွန်မစိတ်ကို ကြည်နူးချမ်းမြေ့ခြင်းတွေ၊ လန်းဆန်းကြည်လင်ခြင်းတွေ ပေးနိုင်စွမ်း မရှိတော့ပါဘူး။

ဒါနဲ့ပဲ ကျွန်မဟာ ကျွန်မရဲ့ အပင်လေးတွေ ပြန်လည် စိမ်းလန်းလာဖို့ အသစ်တစ်ဖန် ပြန်လည် လန်းဆန်းလာအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။ ဒီတော့ ကျွန်မက ပန်းပင်တွေ ပျိုးပင်တွေ အရောင်းဆိုင်ကိုသွားပြီး ပန်းပင်အသစ်လေးတွေ ပြန်ပြီးဝယ်ရင်းနဲ့ အပင်တွေကို ဘယ်လိုပြုစုရမလဲ၊ ဘယ်လိုမြေသြဇာ ကျွေးရမလဲ၊ ပိုးသတ်ဆေး ဘယ်လိုဖြန်းရမလဲ၊ ဘယ်အပင် ရေဘယ်လိုလောင်းရမလဲ ဆိုတာ သွားရောက် မေးမြန်းပါတော့တယ်။ ပြီးတာနဲ့ ပန်းအရောင်းဆိုင်က ပြောတဲ့အတိုင်း သေချာမှတ်သားပြီး ၀ယ်ထားတဲ့ ပန်းပင်အသစ်လေးတွေကို ယူလို့ အိမ်ပြန်လာခဲ့ပါတော့တယ်။ အိမ်ရောက်တော့ ကျွန်မရဲ့ ညိုးနေတဲ့အပင်နဲ့ ပန်းအိုးလေးတွေကို သေချာ သန့်ရှင်းရေးလုပ်၊ ပန်းပင်အသစ်တွေကို အိုးတွေနဲ့ ကျကျနန ပြန်စိုက် အပွင့်မပွင့်တဲ့ အပင်တွေကိုတော့ အပင်သန်အရွက်စိမ်းတဲ့ ဆေးတွေထည့်၊ အပွင့်ပွင့်တတ်တဲ့ အပင်တွေကိုတော့ အပွင့်အားကောင်းဆေးတွေထည့်၊ ပိုးကောင်ကိုက်နေတဲ့ အရွက်တွေ အညွန့်တွေကိုဖယ်ထုတ်၊ မြေသြဇာတွေထည့် စသဖြင့် အလုပ်များပါတော့တယ်။

အဲဒီလိုနဲ့ မနက်ခင်းတိုင်း အပင်လေးတွေကို တစ်ပင်ချင်း သေချာအချိန်ယူပြီး စပရေးဘူးလေးနဲ့ ရေဖြန်းတန်ဖြန်း၊ ခွက်ကလေးနဲ့ လောင်းတန်လောင်း၊ ပိုးသတ်ဆေးဖြန်းဖို့လိုရင် ဖြန်း၊ မလိုအပ်တဲ့ ပေါင်းမြက်လို အပင်လေးတွေ ဘေးနားမှာ ပေါက်လာရင် ဖယ်သင့်တာဖယ်၊ ဓာတ်မြေသြဇာ ကျွေးသင့်တာကျွေးလို့ နေ့စဉ်နေ့တိုင်း မနက်ရော ညနေခင်းတွေပါ ကျွန်မရဲ့ အပင်လေးတွေကို အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် ပြုစုယုယလာခဲ့ပါတယ်. ၂လလောက် အကြာမှာတော့ ညိုးရော်ခြောက်သွေ့၊ ပိုးကိုက်နေတဲ့ အပင်လေးတွေဟာ ပြန်လည် စိမ်းစို လန်းဆန်းလာပြီး အပွင့်လေးတွေ ဝေေ၀ဆာဆာ၊ အဖူးလေးတွေ ငုံဝါ၀ါနဲ့ ရနံ့လေးတွေ သင်းတဖြာဖြာ ဖြစ်လာပါတော့တယ်။ မနက်ခင်းမိုးလင်းလို့ အိမ်တံခါးဖွင့်ပြီး ၀ရံတာလေးမှာ ထွက်လိုက်တာနဲ့ တောင်ပတ်လည် ၀ိုင်းနေတဲ့ မြို့တစ်ခွင်ရဲ့ မနက်ခင်းအလှကို လှမ်းမြင်ရသလို၊ လတ်ဆတ်သန့်ရှင်းနုထွေးနေတဲ့ မနက်ခင်းရဲ့ လေပြေညင်း ကလေးတွေက ကလူသလိုလိုနဲ့  ကျီစယ်ပြေးလွှား ဆော့ကစားနေကြသလို၊  အပွင့်အငုံလေးတွေနဲ့ လှပတင့်ဆန်းနေတဲ့ အိုးထဲက အပင်လေးတွေ မြင်ရတာကလည်း မနက်ခင်းရဲ့ ကျက်သရေတစ်ပါးသာ ဖြစ်ပါတော့တယ်။ နေ့ခင်းဆိုရင်လည်း အပြင်မှာ နေဘယ်လောက်ပူနေပစေ.. ပွင့်လန်းဝေဖြာပြီး စိမ်းစိုတင့်ဆန်းနေတဲ့ အပင်လေးတွေ မြင်ရတဲ့အတွက် နွေနေကိုတောင် မေ့လျော့လို့ နေမိအောင် အပင်လေးတွေက ကျွန်မရဲ့စိတ်ကို အေးမြ လန်းဆန်းနေစေပါတယ်။ ကျွန်မစိုက်ထားတဲ့ အပင်တစ်ချို့နဲ့ အောက်မှာ မိတ်ဆက်ထားပေးပါတယ်နော်။


အခုတော့ စိမ်းလန်းဝေဖြာနေတဲ့ ကျွန်မရဲ့ အပင်လေးတွေပေါ့။


ပန်းရောင်အပွင့်လေးတွေက နှင်းဆီပန်းနဲ့ ခပ်ဆင်ဆင်တူပေမဲ့ ပန်းနံမည်ကိုတော့ ကျွန်မ မသိပါ။


အဲဒီပန်းလေး၂ပင်ကို အိမ်ဝင်ပေါက်ရဲ့ တစ်ဖက်တစ်ချက်မှာ ထားပါတယ်.

အဲဒီပန်းရောင်ပန်းပင်လေးရဲ့ အနီးကပ်ရိုက်ချက်ပါ။


ရေစက်လေးတွေသီးနေတာကို ချစ်လို့




ဘာပင်ရယ်လို့မသိပေမဲ့ စိမ်းစိုနေတဲ့အပင်လေး


ရွက်ကျပင်ပေါက်အနွယ်ဝင် ပန်းပင်လေး

သူက ၂အိုးရှိတယ်...



ခုတော့ အပင်လေးတွေကြည့်ပြီး ကျွန်မမှာ ကြည်နူးစွာနဲ့ စိတ်ချမ်းမြေ့ရပါတော့တယ်။ မိုးလင်းလာတာနဲ့ အပင်လေးတွေနဲ့ ကျွန်မ စကားတွေပြောဖြစ်ပါတယ်.. စကားပြောဖြစ်တယ်ဆိုတာ အပင်လေးတွေရော ကျွန်မရော တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြသလို အသံထွက်ပြီး စကားတွေ ပြောနေတာမျိုးမဟုတ်ပါဘူး။ ကျွန်မရဲ့ ပြုစုယုယ ရေလောင်းပေါင်းသင်မှုကြောင့် လန်းဆန်းဝေဖြာလာတဲ့ အပင်လေးတွေကို ကျေနပ် ပီတိစိတ်ကလေးနဲ့ စိတ်ထဲကနေ ချစ်စရာကောင်းလိုက်တာ၊ အနံ့လေးက မွှေးလိုက်တာ၊ စိတ်ချမ်းသာလိုက်တာ စသဖြင့် ရင်ထဲကနေ လှိုက်လှဲစွာ ပြောမိသလို အပင်လေးတွေကလည်း ကျွန်မရဲ့ ပြုစုကြင်နာ နွေးထွေးမှုတို့ကို နားလည်ခံစားနိုင်တဲ့ သင်္ကေတအဖြစ် အပွင့်လေးတွေ၊ အနံ့လေးတွေ၊ စိမ်းလန်းစိုပြေမှုတွေနဲ့ ပြန်ပြီး တုံ့ပြန်ပြောဆိုတာပါ။ ကျွန်မက သစ္စာရှိစွာနဲ့ အချိန်မှန်မှန် ပြုစုစောင့်ရှောက်သလို အပင်လေးတွေကလည်း သစ္စာရှိစွာဘဲ ဝေေ၀ဆာဆာ ဖြစ်လာကြတယ်မဟုတ်လားနော်။ သူတို့လို အပင်လေးတွေဟာလည်း နွေးထွေးနုညံ့မှု၊ ကြင်နာဂရုစိုက်မှုတို့ကို လိုအပ်တာ၊ ခံစားတတ်တာပါဘဲ။ ပြီးတော့လည်း ပြန်လည်တုံ့ပြန်နိုင်ကြတာပဲ မဟုတ်လား။

ဘာပန်းရယ်လို့ နာမည်မသိဘဲ စိုက်ထားမိတဲ့ပန်းကလေးပါ။ အပွင့်ဝါ၀ါတွေက သိပ်ချစ်ဖို့ကောင်းပါတယ်


မနက်ခင်း စပရေးဘူးလေးနဲ့ ရေဖြန်းပြီးချိန်မှာ ရေစက်လေးတွေ သီးနေတာသိပ်လှပါတယ်။ သူက အနံ့လေး သင်းသင်းလေး မွှေးပါတယ်။



အပွင့်မပွင့်ပေမဲ့ စိမ်းစိမ်းစိုစိုလေးနဲ့ မျက်စိအေးတာမို့ နံရံမှာ ချိတ်ပြီး စိုက်ထားဖြစ်တာပါ။ ဂမုန်းပင်တစ်မျိုးဖြစ်မယ် ထင်ပါတယ်။



ဒီအပင်ကလည်း အပွင့်မပွင့်တဲ့ အမြဲစိမ်းပင်ပါ။ ကျွန်မတို့ကချင်ပြည်နယ်မှာတော့ တောထဲမှာ အလေ့ကျပေါက်ပါတယ်.. ကြိမ်ပင်ဖြစ်မယ်ထင်ပါတယ်..





သူက သိပ်အကြမ်းခံပါတယ်.. ၂လတိတိ ရေမလောင်းလဲ အသက်ပြင်းစွာရှင်သန်နေခဲ့ပါတယ်. ဒီအပင်ကနေ ပွားလာတာ ခုဆို ဒီလိုပန်းအိုး ၅အိုးလောက် ကျွန်မဆီမှာ ရှိနေပါပြီ။


ဘာပင်မှန်းမသိပေမဲ့ အပွင့်ခရမ်းလေးက ချစ်စရာလေးမို့ စိုက်ထားတာပါ။



အိမ်ကိုသတိရလို့ အလွမ်းပြေစိုက်ထားတဲ့ ဇီဇ၀ါပန်းပင်ပါ။ ကျွန်မတို့ ခပ်ငယ်ငယ်က အိမ်မှာ ဒီလို ပန်းပင်တွေ ရှိခဲ့ပါတယ်.. သို့သော် လူတစ်ရပ်နီးနီးမြင့်ပါတယ်.. အခုတော့ ဘယ်လို မျိုးစပ်ထားတယ် မသိ.. အပင်က ပုပုသေးသေးလေးနဲ့ အဖူးလေးတွေမို့ ချစ်စရာ..

http://www.since1910.com/engagement-ring-blog/wp-content/uploads/2010/04/gardenia.jpg
ဇီဇ၀ါက ပွင့်လာရင် ဒီပုံစံလေးပါ.. အနံ့သိပ်မွှေးပါတယ်..


သနပ်ခါးပန်းပင်ပုလေးပါ။ အခုတော့ ပွင့်တဲ့ရာသီမဟုတ်လို့ထင်ပါရဲ့ .. မပွင့်သေး


သေချာကြည့်တော့ အဖူးကလေးတွေ ဖူးနေပြီ.. ပျော်လိုက်တား)


ရှားစောင်းအနွယ်




ပိန်းပင်ကို ပုစိလေးဖြစ်အောင်ဘွန်ဇိုင်းလုပ်ထားလေသလား မထင်ပါနဲ့ ပထမအပင်ကနေ ထပ်ထွက်လာတော့ ခုလို ပုစိလေးဘဲ ထွက်လာတော့တယ်..


ကြည့်.. ဒီအိုးလည်း သေးသေးလေးပဲထွက်လာတယ်။



အရွက်က လက်ဖက်ရွက်နဲ့တူပြီး အပွင့်သေးသေးဖြူုဖြူလေးတွေက သိပ်မွှေးပါတယ်.. သူ့ကိုတော့ အနံ့လေးကြိုက်လွန်းလို့ စိုက်ပျိုးထားတာပါ။ အပင်ကို မရှည်ထွက်လာအောင် ထိပ်လေးတွေကို ချိုးပစ်ထားပါတယ်.




လိုအပ်ရင်သုံးဖို့ ကြက်သွန်မြိတ်ပါ စိုက်ထားလိုက်တယ်လေ..း)



သူတို့ကို ကျွန်မက ဂရုမစိုက် အလေးမထားပဲ ပစ်ထားခဲ့တုန်းက အပင်လေးတွေခမြာ မလန်းဆန်းနိုင်၊ အပွင့်မဝေနိုင် ရနံ့မဖြာနိုင်ဘဲ ဖြစ်နေခဲ့ရရှာပါတယ်.. အပင်တွေကြည့်ပြီး ကျွန်မလဲ စိတ်မပျော်မရွှင် ဖြစ်ခဲ့ရပေမဲ့ ခုလို စိတ်ချမ်းမြေ့ဖွယ် လန်းဆန်းလာကြပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် ကြည်နူးချမ်းမြေ့ဖွယ် ဖြစ်လာရပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့အရာတွေကိုဆိုရင် အပင်လေးဘဲဖြစ်ဖြစ်၊ အိမ်မွေး တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ သက်ရှိ လူသားတွေပဲဖြစ်စေ   ကိုယ့်ဘက်က ကြင်ကြင်နာနာ ယုယုယယနဲ့ နားလည်မှု စာနာမှုတို့ဖြင့် ဂရုစိုက် အလေးထားမယ်ဆိုရင် တူညီတဲ့ တုံ့ပြန်မှုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ဖွယ် ရလာဒ်တို့ကို ပိုင်ဆိုင်လာရမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ အချစ်ဆိုတာကို ဂရုမစိုက်၊ မနွေးထွေးပဲ ပစ်ပယ် ထားမိရင် ကိုယ့်လက်ထဲရောက်ပြီးကာမှ အချိန်ကာလ တစ်ခုအကြာမှာ အဲဒီအချစ်ဟာ ကိုယ့်လက်ထဲကနေ ပြန်လည် ဆုံးရှုံးသွားနိုင်ပါတယ်။ သူ့ကို တန်ဖိုးမထား၊ ဂရုမစိုက်ပဲ ပစ်ထားခဲ့မယ်ဆိုရင် ကျွန်မရဲ့ အပင်လေးတွေ ညိုးရော် ခြောက်သွေ့သွားသလိုပဲ အချစ်ဆိုတာဟာလည်း အချိန်မတိုင်ခင် ညိုးနွမ်းခြောက်သွေ့ပြီး တူညီတဲ့ချစ်ခြင်းတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး ဆိုတာလေးကတော့ ကျွန်မပြောချင်တဲ့ အချစ်အကြောင်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~

အချစ်အကြောင်း ပြောဆိုကြရာမှာ လူတစ်ယောက်နဲ့တစ်ယောက် မြင်ပုံခြင်း၊ နားလည် လက်ခံ ပုံခြင်း ထပ်တူကျချင်မှ ကျပါလိမ့်မယ်.. ကွဲပြားခြားနားတဲ့ ကိုယ်ပိုင်အတွေး၊ အမြင် ကိုယ်စီ ရှိနိုင်တာမို့ ဒီပိုစ့်လေးကို ရေးဖို့ တဂ်လာတဲ့ အစ်မ သက်ဝေ ကျွန်မရဲ့ အပင်တွေနဲ့ ခိုင်းနှိုင်းသွားတဲ့ အချစ်အကြောင်းလေးကို အမြင်ချင်းမတူ ကွဲပြားခဲ့ရင်လည်း  ကျေနပ်နှစ်သိမ့်ပေးမယ်လို့ မျှော်လင့်ပါတယ်နော်။ အစ်မ သက်ဝေနဲ့ ဒီပိုစ့်လေးဖြစ်ပေါ်လာဖို့ အစပြုခဲ့တဲ့ “အချစ်အကြောင်းပြောရအောင်” စာအုပ်ကို ရေးသားသူ ဆရာမ မေငြိမ်း တို့ကို ကျေးဇူးအထူး တင်ပါကြောင်း ပြောပါရစေရှင်။


လေးစားချစ်ခင်စွာဖြင့်



43 Responses to “အချစ်အကြောင်း ပြောရအောင်.....”

Sunny said...

သြော်.. အချစ် အချစ်..
မမချောရဲ့  အချစ်ကလည်း တမျိုးစိတ်ဝင်စားစရာ ကောင်းတာပဲ..

Anonymous said...

ပန်းရောင် ပန်းလေးတွေက azalia လို့ခေါ်တယ်ထင်တယ်။ မြန်မာပြည်မှာတော့တောင်ဇလတ်ခေါ်လားမသိဘူး။

လပြည့်ရိပ် said...

အပင်လေးတွေကို ကြည့်ရတာ အရမ်းအေးချမ်းတာပဲ။

Anonymous said...

ဟုတ်...အချစ်အကြောင်း လာနားထောင်ပါတယ်ခင်ဗျား..:)

rose said...

စိမ်းစို အေးမြတဲ့ အပင်လေးတွေကို ချစ်တတ်တဲ့ အစ်မချော စာလေး လာဖတ်တယ်။ ဓာတ်ပုံလေးတွေလည်း အကုန် လှတယ်။

TOMORROW said...

မရေ....ရောက်တယ်။
တကယ်တော့ အချစ် ဆိုတာ လူလူချင်း ချစ်မှ
မဟုတ်ပါဘူး။ အဲဒါလေးကို ပေါ်လွင်ထင်ရှားစွာ ဒီ POST လေးမှာ ဖတ်လိုက်ရပြန်တယ်။ ပန်းပွင့်ပုံလေးတွေ
ကြည့်သွားရင်းနဲ့  အမနည်းတူ ကျေနပ်ပီတိဖြစ်ရပါတယ်။
တကယ်တော့...အချစ်ဆိုတာ တကယ်သာ ချစ်တတ်မယ် ဆိုရင် အေးချမ်းလွန်းတယ် မရယ်။
အချစ်ကို နားလည်သွားချိန်မှာ ဘဝနဲ့ လည်း တသားတည်းကျသွားတတ်တယ်။ နားလည်မှု၊ တန်ဖိုးထားမှု၊ ကိုယ်ချင်းစာတတ်မှု၊ အပူ အအေး
မျှဝေ ခံစားရင်း အနိုင်အရှုံး မဲ့နေတတ်တယ်။ အချစ်မှာ အတ္တ တွေလည်း ကင်းနေတတ်တယ်။
နားလည်သလောက်ပါ။ :)

အချစ်အကြောင်း လာနားထောင်သွားပါတယ် မချောရေ..


နမ်းမဝ(အဖြူရောင်နတ်သမီး)

အပင်လေးတွေချစ်ရတာ အေးချမ်းပါတယ်.. ကိုယ်တိုင်စိုက်ပျိုးတဲ့ ပန်းပင်လေးတွေ ပွင့်လန်းဝေဆာနေတာကို မြင်ရရင်ခံစားရတဲ့ပီတိက မိခင်တယောက်ရဲ့ချစ်ခြင်းမျိုး ဖြစ်မယ်ထင်ပါရဲ့နော်..

ဟုတ်တယ်နော်..မချော
မပြောတာ လက်ခံတယ်..အချစ်ဆိုတာ အပင်လေးတွေနဲ့တူတယ်။
ဂ၇ုတစိုက် နွေးထွေးမှုမရှိရင် မစိုပြေနိုင်ဘူး။

မချောရဲ့ အချစ်နဲ့သစ်ပင်လေးတွေက အေးချမ်းလိုက်တာနော်
မချောက စိတ်ကူးယဉ်ဆန်ပီး နုညံ့သိမ်မွေ့မယ့် အမျိုးသမီးတစ်ယောက်ရဲ့စရိုက်တွေရှိမယ်လို့ ယူဆမိတယ်
ခြံမြေထဲမှာမဟုတ်ပေမယ့် အနုပညာဆန်တဲ့ စိတ်ကူးသစ်ပင်လေးတွေကြောင့် အနည်းဆုံးလူပျိုနုပျိုစေမှာအမှန်ပဲ.....

မောင်မျိုး said...

ချစ်စရာ သက်မဲ့ပန်းကလေးတွေကို တွယ်တာချစ်ခင်တော့လည်း အပူပင်ကင်းအေးချမ်းတာပေါ့ အစ်မရယ် ။ အဖြူရောင် ဇီဖ၀ါ ပန်းလေးက ဖောင်းကြွနေတာပဲ ။လှတယ် ။

ကိုကိုငွေ said...

အချစ်အကြောင်းဆို့လို့ ဘာများရေးမလဲလို့ လာစပ်စုတာ ဒီကလဲ ချစ်သူချော့နည်းရေးမလို့လေ မိုးယံတို့ လာကြပ် လို့၊ အထောက်ကူလေးများရမလာအောင်းမေ့တယ် ၊ သူ့ပန်းပင်တွေကိုပွဲထုတ်တာဖြစ်နေတယ် ၊ ဒီပန်းပင်လေးတွေကတော့ ခနခနပွဲထုတ်ဖြစ်တယ်နော်၊ စာရေးစရာမရှိရင် ခေါင်းစဉ်တတ်ပြီး ပန်းပင် ဓာတ်ပုံရိုက်မှနဲ့တူတယ် ၊ နေကောင်းလားချော မတွေ့တာကြာပေါ့။

အချစ်ထက် ချောအကြောင်းကိုပိုကြိုက်သွားတယ်။
စာရေးတာလည်းကောင်း။
ဟင်းချက်တာလည်းကောင်း။
အပင်စိုက်တာလည်းတော်။

အိုး မိုင်ဂေါ့။
တကယ်အားကျတယ်။

အိမ်လေးနဲ့ပန်းအိုးလေးတွေနဲ့ သာယာလိုက်တာ ..း)) ဘယ်အရာမဆို ကိုယ်ကချည်း လိုချင်နေလို့ မရဘူးနော် .. ကိုယ်ကလည်း ပေးတတ်ဦးမှ ..း)

NayWaThan said...

မချောရဲ့ အပင်လေးတွေက စိမ်းစိုပြီးတော့ မြင်လိုက်ရတာနဲ့ စိတ်ထဲ အေးချမ်းသွားတယ်....


ခင်မင်တဲ့
နေ၀ဿန်

noblemoe said...

မမရဲ့ချစ်ပန်းလေးတွေကိုလာငေးသွားပါတယ်။
လှလိုက်တာ မမ

သာယာချမ်းမြေ့ပါစေရှင်း
မိုး

flowerpoem said...

အမရေ တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်တဲ့ ပုံတွေတော့ အကုန်မမြင်ရဘူး အမ လိုင်းမကောင်းလို့. . မြင်ရတဲ့ ပုံလေးတွေ လှတယ်...

ချောရဲ့ အချစ်တွေထဲက ဇီဇ၀ါရယ်.. သနပ်ခါးပန်းရယ် နည်းနည်းယူသွားတယ်နော်...

ပိုစ်လေးက ချစ်ဖို့ကောင်းတယ်..း))

Anonymous said...

တသက်လုံး ပျော်ချင်ရင်သစ်ပင်စိုက်တယ်။
အခုတော့ မချောက ချစ်စရာသစ်ပင်လေးတွေကို ကိုယ့်ရဲ့အနားမှာ စိုက်ပျိုးထားတယ်။ ကိုယ်လိုသလို ပြုပြင်ပေးလို့ရတယ်။ သက်ရှိ လူသားတစ်ယောက်ကို အဲလိုတသက်လုံးလုပ်ပေးလို့ရချင်မှရမယ်ထင်ပါတယ်။ သက်ရှိ လူသားတစ်ယောက်ကို ချစ်မိရင် အနည်းငယ် ပူလောင်မှု၊ ၀မ်းနည်းမှုတွေဖြစ်နိုင်ပါတယ်။ သစ်ပင်လေးတွေကို ချစ်လို့ပြုစုပျိုးထောင်ပေးတာပဲကောင်းပါတယ်လေ။

ချစ်ကြည်အေး said...

Mya Tway Ni said :
အပျိုကြီးချောကလည်း သစ်ပင်တွေ ခုတုံးလုပ်ပြီး ရေးသွားသေးတယ်။
ဘာ..အဓုမှ..ခက်ပါပြီလဲ...ရဘူး...ရေး...ဖတ်ချင်ပါတယ်ရှိုမှ...။

Chit Kyi Aye said :
ဟားဟားဟား ဟုတ်ပါ့ အဲ့ အပျိုကြီး သစ်ပင်တွေ ပန်းပင်တွေ တရားခံ သွားလုပ်နေတယ်... ရေခဲခြစ်ဆို ဟုတ်သေး....

ချောအတွက် ဖဘက သယ်လာတယ်....ဟိဟိ

ချစ်ကြည်အေး said...

http://www.facebook.com/permalink.php?story_fbid=173009709416983&id=100001238654385&notif_t=like

nYi ThU E@in said...

မကြီးရဲ့ ချစ်ချစ်ဇီဇ၀ါလေးကို
ထပ်တူချစ်သွားတယ်:)

လုံးစေပတ်စေ့ သေသေချာချာ ဖတ်လိုက်တော့မှ အစ်မချောလူလည်ကျသွားမှန်း ရိပ်မိလိုက်တယ်....

အချစ်အကြောင်းမပြောချင်လို့  အပင်လေးတွေနဲ့  လူတွေကို လှည့်စားပစ်လိုက်တာ မဟုတ်လား.. ဟွန်းဟွန်း...

အစ်မ လူလည်ကျဒယ်.....

ဒါဗြဲ

ချောကို ယုံတစ်ကောင် ပေးလိုက်မယ်နော် ရော့ အဖြူရောင် ယုန်လေးတစ်ကောင် အဟ။ိ ချောရေ ဘုန်းဘုန်းငယ်ငယ်တုန်းကလေ အိမ်ခြံထဲမှာ ဇီဇ၀ါပန်းပင်တွေ ရှိတယ်။ အဲဒီတုန်းက ဇီဇ၀ါမှန်းလည်း မသိဘူး။ မသိခဲ့ပေမယ့် သူ့ကို ချစ်ခဲ့တာ၊ နှစ်သက်မိတာ၊ မြတ်နိုးတန်ဖိုးထားမိတာတော့ အမှန်ပဲ။ အပြင်လောကမှာလည်း ဒီအတိုင်းပဲနေမှာ သိလား။ နံမည်လည်း မသိ၊ ဘယ်မှာနေမှန်းလည်း မသိပေမယ့် တိတ်တိတ်ကလေး သူ့ကို စောင့်ရှောက်နေမိတာ၊ သ၀န်တိုနေမိတာ၊ အမြဲတမ်းတွေ့ချင်နေမိတာ၊ အသံဗလံလေး နားထောင်ချင်နေမိတာ၊ အဆင်ပြေချောမွေ့ပါစေလို့ စိတ်ထဲက ဆုတောင်းပေးနေမိတာ စသည်စသည်တွေ ရှိမှာပဲနော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

rose of sharon said...

ပန်းလေးတွေလှလိုက်တာကွယ်... ပြုစုတဲ့သူတော်လို့နော်...

Ma, I'm so much in love with your plants :)

ahphyulay said...

အင်း..
ဒါကြောင့်လည်း မ ချောတို့ က၊
စိတ်ပျို ကိုယ်နုပေါ့ ဗျား....။

သက်ဝေ said...

ညီမ ချောရေ... ဒီနေ့ တနေ့လုံး အမ အလုပ်များနေလို့ လာဖတ်တာ နောက်ကျသွားတယ်... ဆောရီးပါနော်...

ရေးထားတာ စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံမို့ အေးအေးဆေးဆေး အချိန်ယူ ဖတ်ဖြစ်ပါတယ်၊ ဓါတ်ပုံလေးတွေလဲ တခုချင်း ကြည့်ဖြစ်တယ်...။

အချစ်အကြောင်းဆိုတာ လူတယောက်နဲ့တယောက် ချစ်တဲ့အကြောင်းသက်သက်တင် မဟုတ်ပါဘူး... ဘယ်အရာလေးကို မဆို ချစ်ခင်နှစ်သက်မိတဲ့အခါမှာ အချစ်အကြောင်းရယ်လို့ ပြောစရာ ရှိလာတာပေါ့...

အေးချမ်းတဲ့ ညီမရဲ့ ရုပ်သွင်နဲ့ လိုက်ဖက်လှတဲ့ စိတ်နေသဘောထားလေးကို ဖေါ်ပြနိုင်တဲ့ ပိုစ့်လေးလို့ နာမည်တပ်ချင်ပါတယ်... ဒီပိုစ့်လေးအတွက် ညီမ ချောကို သိပ်ကျေးဇူးတင်ပါတယ်...

sosegado said...

Yo, အပင်တွေကိုအားကျလိုက်တာ၊
လှပြီးဖြစ်ထွန်းနေတယ်

ညီလင်းသစ် said...

အပင်လေးတွေက အရောင်စုံ၊ အသွေးစုံနဲ့ လန်းဆန်းပြီး ချစ်စရာကောင်းလိုက်တာ...၊ တသက်လုံး စိတ်ချမ်းသာ ချင်ရင် သစ်ပင်စိုက်ပါ ဆိုတော့ မချောရဲ့အချစ်က အမြဲတမ်း စိတ်ချမ်းသာစရာ ကောင်းမှာတော့ သေချာတယ်...။း)

ချာမ ဝက်ဝံလေး said...

ပုံတွေ စာတွေနဲ့ မေးခွန်းကို ဖြေသော်လည်း မေးခွန်းနဲ့ အဖြေ ကိုက်ညီမှု မရှိတဲ့အတွက်
ရမှတ် ။ ။ သုည ခေါ် ဇီးရိုး ခေါ် ဘဲဥ

ပုံ
တျီလျံနာလောင်းလျာ
ချာမ ဝက်ဝံလေး

johnmoeeain said...

ဒါကြောင့် ပြောတာ.. တစ်သက်ပျော်ချင်ရင် သစ်ပင်စိုက်တဲ့ ...။
သစ်ပင်တွေကို ချစ်တဲ့စိတ်လေးး)

sonata-cantata said...

ချောလို လိုက်ချစ်ကြည့်ဦးမယ်...
အချစ်ပင်တွေ စိုက်တော့မည်း)

I wanna live like you, surrounded by a beautiful mountain and plants!!

ကြောက်ခြစ်သူ said...

အပျိုကြီးခမြာ သူများလို လူ အချစ်အကြောင်း မပြောနိုင်ရှာတော့ ပန်းပင်တွေအကြောင်းပဲ ပြောသွားရရှာတယ်...
ကျွတ်...ကျွတ်...ကျွတ်...သနားတယ်..

PhyoPhyo said...

မချောရေ ..
ပြန်ရောက်ပြီ
အချစ်အကြောင်းဖတ်သွားပြီနော်၊
နာမည်မသိတဲ့ ပန်းပင်လေးတွေ လှလိုက်တာ၊
နှင်းဆီနဲ့ တူတဲ့ပန်းလေးတွေလည်း လှတယ်၊ ပန်းအ၀ါလေးတွေလည်း လှတယ်၊ အပွင့်နဲ့ အရွက်ကိုက လိုက်နေတာပဲ အီကေဘားနားထိုးထားသလိုပဲ၊
ဇီဇ၀ါလည်းကြိုက်တယ်၊ ပျဉ်းမနားအိမ်မှာတုန်းက ဘေးအိမ်က လူတစ်ရပ်ကျော်တဲ့ အပင်က အိမ်ဘက်ပဲ ထိုးထွက်နေလို့ မွှေးနေတာပဲ သတိရလိုက်တာ၊
အကြိုက်ဆုံးက သနပ်ခါးပင်လေး၊
ပျဉ်းမနားအိမ်မှာ သနပ်ခါးပင်ရှိတယ်၊ အိမ်တစ်ထပ်စာကျော်တယ်၊ မွှေးနေတာပဲ၊
မချောက ပန်းပင်လေးတွေ ပြုစုတာစိတ်ရှည်လိုက်တာ၊
ပန်းပင်လေးတွေရောက်ရောက်ချင်းကြည့်လိုက်တာ မျက်စိအေးသွားတာပဲ
ငါးလိမ္မော်မနက်မှာ စားတော့မယ်၊ အိပ်ငိုက်နေပြီ၊ ရောက်ရောက်ချင်း အပြေးလာတာ
မချောပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

စိတ်ဝင်စားစရာမကောင်းလှတဲ့ ကျွန်မရဲ့ အချစ်အကြောင်းလေးကို တကူးတကလာပြီး နားထောင်ကြသူများ၊ မှတ်ချက်ပေးသွားသူများ၊ ပန်းနာမည်လေးကို ပြောပြသွားပေးသူများ၊ အပင်လေးတွေကို ချီးကျူးသွားသူများ၊ ကျွန်မပြောမဲ့ အချစ်အကြောင်းဆိုလို့ အားကြိုးမာန်တက် လာဖတ်ခါမှ အပင်အကြောင်း ဖြစ်နေလို့ မကျေမနပ်ဖြစ်သွားသူများ (ဟိဟိ.. ဘယ်သူတွေလဲတော့မသိ) ၊ အားလုံးအားလုံးကို ကျေးဇူးအထူးစပါယ်ရှယ် တင်ပါတယ်လို့...
သူများတွေလို အချစ်အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စီကာပတ်ကုံးလေး ရင်ခုန်စဖွယ်၊ နားထောင်ချင်စဖွယ် ၊ အားကျချင်စဖွယ် ပြောပြချင်ပါသော်လည်း ကိုယ့်ဘေးနားမှာက ပန်းပင်လေးတွေသာ ရှိတာကြောင့် ဒီအပင်လေးတွေကို ချစ်တဲ့အကြောင်းလေးကိုဘဲ တခမ်းတနားလုပ်ပြီး ပြောလိုက်ရပါတယ်.. ဒီအတွက် နားလည်ခွင့်လွှတ်ပေးကြပါလို့ .. သစ်ပင်လေးတွေဟာ ကိုယ့်ကို နာကျင်အောင်လည်းမလုပ်တတ်၊ လွမ်းအောင်လည်းမလုပ်တတ်၊ သ၀န်တိုအောင်လည်း မလုပ်တတ်တာကြောင့် သစ်ပင်စိုက်တာ သိပ်ကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်.. ဒါကြောင့် အားလုံးလည်း ကျွန်မလို သစ်ပင်စိုက်ကြည့်ကြပါ လို့ တိုက်တွန်းလိုက်ပါတယ်နော် ...
( အဖော်ညှိတာ) ဟိဟိ

ဘုန်းဘုန်းလည်း ကျောင်းဆောက်တော့မယ်ဆိုရင် အရင်ဆုံး အရိပ်ရနိုင်မယ့်အပင်ရယ်၊ ပန်းပင်တွေရယ် အရင်စိုက်လိုက်ဦးမယ်၊ ချောရေ ဇီဇ၀ါက အပူပိုင်းဖြစ်တဲ့ ရန်ကုန်မြို့မှာ စိုက်လို့ရှင်နိုင်ပါ့မလား မသိဘူးနော်။ တစ်ခါတုန်းက ရှမ်းပြည်ကနေပြီးတော့လေ ခရမ်းပြာရောင် အပင်က သေးသေးလေးပါ၊ နံမည်တော့ မသိပါဘူး၊ ရန်ကုန်ယူလာပြီး စိုက်တာ မရှင်ဘူးဖြစ်နေတယ်။ ရန်ကုန်မြို့မှာ ဇီဇ၀ါပန်းမတွေ့မိသလိုပဲ။ ချောရေ ပန်းပင်တွေလိုပဲ ကျန်းမာရွှင်လန်း ရနံ့လေး သင့်ပျံ့ပါစေနော်...

်facebook ပေါ်မှာတွေ့တာနဲ့ ငါ့အစ်မရဲ့ အချစ်အကြောင်းသိချင်လို့ လိုက်ချလာတာ....:))
သိပ်ကောင်းတယ် မမ....
အပင်လေးတွေကို ကြည့်ပြီး ကြည်နှုးရသလို မမပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ရင်ထဲကိုရောက်သွားတယ်။ :))

အပင်လေးတွေအရမ်း လှတာပဲ .. အစ်မချော ...
ကျွန်တော်ခုလို ပုံလေးတွေ ကြည့်ရတာတောင် တော်တော်ကြည်နူးဖို့ကောင်းနေပြီ ...

အစ်မချောပေးတဲ့ ဥပမာလေးက တော်တော်လှတယ် ..

Anonymous said...

သူ့ကြက်သွန်မြိတ်က တနပ်စာတောင် လောက်ရဲ့လားမသိ

ssye said...

စာရေးသူ၏ ရည်ရွယ်ချက်ကို ထပ်တူထပ်မျှ ခံစားမိပါကြောင်း။

ကိုယ်စိုက်တဲ့ အပင်တွေ ကြီးထွားလာရင်
ပန်းတွေပွင့်လာရင် ကြည်နူးရတာလည်း ကြည်မွေ့တဲ့ အရသာတခုပါပဲ။