အစိမ်းရောင် ဆိုးကြသူများ ...




ဦးဘောဂဟာ သိပ်ကို ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးတစ်ဦးပေါ့။ ပိုက်ဆံချမ်းသာလွန်းတော့လဲ သူ့ဘ၀မှာ သူလိုချင်တာမှန်သမျှ ဘာမှ မရတာ မရှိနိုင်လောက်အောင် ပြည့်စုံနေတော့တာပါဘဲ.. ဘာစားချင်လဲ. ဘာလုပ် ချင်လဲ.. ဘာဝတ်ချင်လဲ. ဘယ်သွားချင်လဲ. သူလုပ်ချင်တာ ဖြစ်ချင်တာ မှန်သမျှ သူပါးစပ်က ဟစရာ မလိုအောင်ကို ဖြည့်ဆည်းပေးမဲ့ သူတွေကလည်း သူ့ဘေးနားမှာ ၀ိုင်းဝိုင်းကိုလည်နေတာပါဘဲ.. ပိုက်ဆံကြွယ်ဝ ချမ်းသာသူတွေ၊ ရာထူးအာဏာ မြင့်မားသူတွေ ဘေးနားမှာဆို မျက်နှာလိုအားရ လုပ်ပေးချင်ကြတဲ့သူတွေ ၊ ခစားဝိုင်းရံနေသူတွေ များနေတတ်တာ လောကရဲ့ ဓမ္မတာတစ်ခုဘဲ မဟုတ်လားလေ.. ဒီတော့လည်း ဦးဘောဂဘေးနားမှာ အခွင့်အရေးလိုချင်သူတွေ၊ နေရာကောင်းရချင်သူတွေ ၀ိုင်းနေတာ မဆန်းဘူးပေါ့။

သို့သော်လည်း ငွေကြေးချမ်းသာပြီး လိုတိုင်းတ ရနေတဲ့ ဦးဘောဂမှာ ဘယ်လိုငွေကြေး၊ ချမ်းသာမှုတွေနဲ့မှ ၀ယ်လို့မရတဲ့အရာတွေ ရှိနေခဲ့ပါတယ်.. အဲဒါက မေတ္တာတရားနဲ့ ကျန်းမာရေးပါ။ ဦးဘောဂမှာ တကယ့် မေတ္တာစစ်မှန်နဲ့ စိုးရိမ်ပူပန်ပေးမဲ့သူ၊ ချစ်ခင်ပေးမဲ့သူတွေ သူ့အနားမှာ မရှိပါဘူး.. ပိုက်ဆံချမ်းသာပြီး တော်ရုံလူကို လူမထင်တတ်တဲ့ စိတ်သဘောထားရှိပြီး ခက်ထန် ကြမ်းတမ်းတဲ့ ဦးဘောဂရဲ့ ဒေါသတကြီး ရိုက်နှက် နှိပ်စက်တဲ့ဒဏ်တွေကို မခံနိုင်တဲ့အတွက် ဦးဘောဂရဲ့ ဇနီးဟာ သူ့ကို ကွာရှင်းထားခဲ့ပြီး သားသမီးတွေခေါ်ကာ အိမ်ကနေ ဆင်းသွားခဲ့ပါတယ်.. အဲဒီကတည်းက သူတို့ကို နေရာအနှံ့ လိုက်ရှာပေမဲ့ ခုချိန်ထိ ရှာလို့မတွေ့တော့အောင် သူ့ဇနီးဟာ ခြေရာဖျောက်သွားခဲ့ပါတယ်။ ငွေကြေးအင်အား၊ လူအင်အားများစွာ သုံးပြီး သူ့ဇနီးနဲ့ ကလေးတွေကို မြို့ရွာအနှံ့၊ တိုင်းပြည်အနှံ့ လိုက်ရှာပေမဲ့ သတင်းအစအနလေးတောင် ရှာမတွေ့ခဲ့ရတော့ပါဘူး။

အဲဒီကတည်းက ဦးဘောဂရဲ့ မျက်လုံးတွေဟာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာကို အကြီးအကျယ် ခံစားနေရပါတော့တယ်.. သူ့ရောဂါကို ကုသဖို့ ဆရာဝန်ကြီးတွေ အထူးကုကြီးတွေ၊ မြောက်မြားစွာနဲ့ ငွေတွေ အများကြီး အကုန်ုအကျခံပြီး ကုသပေမဲ့ အဲဒီ မျက်စိဝေဒနာဟာ လုံးဝ မသက်သာပါဘူး။ မျက်စိရောဂါ သက်သာဖို့ သောက်ရတဲ့ ဆေးတွေဆိုတာ မရေ မတွက်နိုင်တော့သလို ထိုးလိုက်ရတဲ့ ဆေးတွေကလည်း သူ့အသားမှာ အပ်ဖျားရာ လွတ်တဲ့နေရာတောင် ကျန်သေးရဲ့လားလို့ ထင်ရစရာပါဘဲ.. ဒါပေမဲ့ ဘယ်လိုပဲ နံမည်ကြီးဆရာတွေ၊ ဆေးအကောင်းစားတွေ၊ အထူးကု ဆေးခန်းတွေနဲ့ ပြနေပါစေ၊ ကုနေပါစေ.. သူ့ရောဂါဟာ မသက်သာတဲ့အပြင် ယခင်ကထက်ပိုပြီး တစ်နေ့တစ်ခြား ပိုဆိုးလာပါတယ်..

တစ်နေ့တော့ ဦးဘောဂဟာ မျက်စိဝေဒနာတွေကို ကုသရာမှာ အစွမ်းထက်တဲ့ ဘုန်းကြီးတစ်ပါး ရှိတယ် ဆိုတဲ့ သတင်းတစ်ခု ကြားလိုက်ရပါတယ်.. ဒါနဲ့  သူ့တပည့်တပန်းတွေ အများကြီးခေါ်ဆောင်ပြီး အဲဒီဘုန်းကြီးရှိရာကို သွားရောက်ကာ သူ့မျက်စိဝေဒနာကို ကုသပေးဖို့ တောင်းပန် ပြောဆိုပါတယ်. ဘုန်းကြီးဟာ ဦးဘောဂဖြစ်နေတဲ့ မျက်စိဝေဒနာအကြောင်း စုံစမ်းမေးမြန်းပြီးတာနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည်လိုက်ပါတယ်.. ဒါကြောင့် ဦးဘောဂကို သူ့ဝေဒနာအတွက် အကောင်းဆုံး ပေးလိုက်တဲ့ ကုသနည်းက အစိမ်းရောင်ကို အာရုံစူးစိုက်ပြီး ကြည့်ပေးဖို့ အကြံပေးတာပါ။ တစ်ခြား အရောင်တွေကို လုံးဝ မကြည့်ပါနဲ့။ ကြည့်ရင် မျက်စိနာတာ ပျောက်မှာ မဟုတ်ဘူး။ အဲဒီ အစိမ်းရောင် တစ်ရောင်တည်းအပေါ်မှာသာ အာရုံစူးစိုက်ပြီး ကြည့်ပေးမယ် ဆိုလို့ရှိရင် ကြာလာရင် သူခံစားနေရတဲ့ မျက်စိနာကျင် ကိုက်ခဲတာတွေဟာ တဖြေးဖြေး သက်သာလာပြီး နောက်ဆုံးမှာ လုံးဝ ပျောက်ကင်းသွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒါနဲ့ ဦးဘောဂတို့အုပ်စုဟာ ဘုန်းကြီးထံကနေ ၀မ်းသာအားရ ပြန်လာကြပြီးတဲ့နောက် အိမ်ရောက်တဲ့အခါ သူဌေးကြီးက တစ်အိမ်လုံးကို အစိမ်းရောင် ပြောင်းပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်.. ဒီတော့ သူဌေးကြီးရဲ့ အမိန့်ကို ဘာဆို ဘာမှ စောဒက မတက်ရဲ၊ ပြန်မပြောရဲကြတဲ့ သူရဲ့ တပည့် လက်သားတွေကလည်း တစ်အိမ်လုံးကို အစိမ်းရောင်ဆေး သုတ်ဖို့ ပြင်ဆင်ကြသလို အိမ်ရဲ့ အသုံးအဆောင်၊ အိုးခွက်ပန်းကန်၊ ခန်းဆီးလိုက်ကာ၊ ကော်ဇော၊ အိပ်ရာခင်း စသည်အားလုံးကို အစိမ်းရောင်တွေ ရှာဝယ်ပြီး တစ်အိမ်လုံးကို အစိမ်းရောင်ဖြစ်အောင် ပြောင်းလိုက်ကြပါတယ်။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် အစိမ်းရောင်ကလွဲလို့ အခြား ဘာအရောင်ကိုမှ မမြင်ရအောင် ပြင်ဆင်ထားကြတာပေါ့လေ။ ဦးဘောဂ သဘောကျဖြစ်ဖို့၊ သူ့အကြိုက် ဖြစ်အောင် အားကြိုးမာန်တက် ကြိုးစားလိုက်ကြတာမှာ ဦးဘောဂရဲ့ ငွေတွေ အများကြီး ကုန်ကျသွားသလို တစ်အိမ်လုံးဟာလည်း အစိမ်းရောင်တွေ ဖုံးလွှမ်းလို့ပေါ့။ အစိမ်းရောင် ၀ယ်လို့မရနိုင်တဲ့ အသုံးအဆောင်တွေ ဆိုရင်လည်း ဆေးအစိမ်းရောင်တွေ သုတ်ပစ်လိုက်ကြတယ်လေ။

ဒီလိုနဲ့ လအနည်းငယ် ကြာလာတဲ့ တစ်ရက်မှာ အစိမ်းရောင်ကို အာရုံစူးစိုက်ဖို့ ပြောကြားလိုက်တဲ့ ဘုန်းကြီးဟာ သူဌေးကြီး ဦးဘောဂတို့မြို့ကို ရောက်လာပါတယ်။ ဘုန်းကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါ အခြေအနေကို သက်သာရဲ့လား.. ဘယ်လိုနေလဲဆိုတဲ့ သတင်း မေးချင်တာနဲ့ ဦးဘောဂတို့အိမ်ကို ရောက်လာပါတယ်. သူဌေးကြီးနဲ့တွေ့ဖို့ ဘုန်းကြီး ကြွလာတယ်လဲ ဆိုရော ဦးဘောဂရဲ့တပည့်တွေဟာ အပြေးအလွှား ရောက်လာကြပြီး အစိမ်းရောင် ခြုံထည်ကြီးတစ်ထည်ကို ဘုန်းကြီးရဲ့ အပေါ်ကို လွှမ်းခြုံပေးလိုက်ကြပါတယ်။ ဒီတော့ ဘုန်းကြီးဟာ တအံ့တသြဖြစ်ပြီး သူ့တပည့်တွေကို ဘာဖြစ်လို့ သူ့ကို ဒီဟာကြီး လာခြုံပေးရတာလဲလို့ မေးပါတယ်။ ဒီတော့ ဦးဘောဂရဲ့ တပည့်တွေက “ဟာ အရှင်ဘုန်းကြီးပဲ တပည့်တော်တို့သူဌေးကို အစိမ်းရောင်ကိုပဲ ကြည့်ရမယ် တစ်ခြားအရောင်တွေ ကြည့်ရင် မျက်စိဝေဒနာပျောက်မှာ မဟုတ်ဘူး ပိုဆိုးလာမယ်လို့ ပြောထားခဲ့တာလေ.. ဒါကြောင့် ဘုန်းကြီးရဲ့သင်္ကန်းအရောင်ကို မြင်ရင် သူဌေးကြီးရဲ့ ဝေဒနာ ပိုဆိုးမှာစိုးလို့ တပည့်တော်တို့က အစိမ်းရောင်ကို လာခြုံပေးတာပါ” လို့ ပြန်ဖြေကြပါတယ်။

ဒီတော့မှ ဘုန်းတော်ကြီးဟာ အိမ်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်တော့ ပန်းအိုးတွေ လိုက်ကာခန်းဆီး ကော်ဇော မြင်မြင်သမျှ အရာအားလုံးဟာ အစိမ်းရောင်တွေကြီး ဖြစ်နေတာကို တွေ့ရပါတော့တယ်.. ဒါတွေကို တွေ့လိုက်တယ်ဆိုရင်ပဲ ဘုန်းကြီးက အားရပါးရ အသံထွက်အောင် ရယ်မောလိုက်ပါတယ်.. ပြီးတော့ “ ဖြစ်မှ ဖြစ်ရလေ.. သူဌေးကြီးရဲ့ တပည့်တွေဟာ ဒီလောက်တောင်ဘဲ အတွေးချော်ရလေသလား၊ ဒီထက်ကောင်းတာ မစဉ်းစားနိုင်ကြတော့ဘူးလား ” လို့ ပါးစပ်က ပြောလဲပြော ရယ်လဲ ရယ်နေပါတော့တယ်။ သူဌေးကြီးရဲ့ တပည့်တွေက ဘုန်းကြီး ဘာကြောင့်မို့ ဒီလောက် ရယ်မောနေတယ်ဆိုတာ နားမလည်နိုင် ဖြစ်နေတော့ ဘုန်းကြီးကို “အရှင်ဘုရား ဘာကြောင့် ဒီလောက်ရယ်နေတာလဲ” လို့ မေးမြန်း လျှောက်တင်ကြတယ်လေ။ ဒီတော့မှ ဘုန်းတော်ကြီးက “ခုလို တစ်အိမ်လုံးကို အစိမ်းရောင် ပြောင်းပစ်လိုက်တော့ ပိုက်ဆံတွေ ဘယ်လောက်များ ကုန်သွားပြီလဲ။ တကယ်လို့များ မင်းတို့သူဌေးအတွက် အစိမ်းရောင်မှန်နဲ့ လုပ်ထားတဲ့ မျက်မှန်စိမ်းလေး တစ်လက်လောက်သာ ၀ယ်ပေးလိုက်ရင် ပိုက်ဆံ နည်းနည်းလေးဘဲ ကုန်မယ် မဟုတ်ဘူးလား။ မျက်မှန်တပ်ပြီး ကြည့်မယ်ဆိုရင် မြင်သမျှ အစိမ်းရောင်ဖြစ်ပြီပေါ့ကွယ်။ ဒါကို မတွေးမိဘဲ အစိမ်းရောင်ပြောင်းဖို့ ဒီလောက် ကုန်ကျစရိတ်တွေ အများကြီး သုံးပြီး အကျယ်ချဲ့ထားတာကို အံ့သြမိပါတယ်ကွာ။ ” လို့ ပြန်ပြောလိုက်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~


ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်. ကျွန်မက ဒီပိုစ့်ခေါင်းစဉ်ကို “အစိမ်းရောင်ဆိုးကြသူများ” လို့ နာမည် ပေးလိုက်ပါတယ်.. ပုံပြင်ထဲက ပေးချင်တဲ့ မက်ဆေ့လေးကိုတော့ စာဖတ်သူများကိုယ်တိုင် နှစ်သက်သလို ရှာဖွေကြည့်ကြပါစို့လို့...


Sulina Menon ရဲ့ Let us Change Our Vision ကို ဘာသာပြန်ပါသည်။



21 Responses to “အစိမ်းရောင် ဆိုးကြသူများ ...”

ဟုတ်ကဲ့.. ရှာလိုက်ဦးမယ် မတ်စိကို... ဒါနဲ့ တစ်ဖြစ်နေပါလား...

ခင်မင်လျက်
နေ၀ဿန်

ချော်ရည် အော် မှားလို့ ချောရေ မင်္ဂလာနံနက်ခင်းလေးပါခင်ဗျား။ မျက်စိအေးချင်ရင် အစိမ်းရောင်ကို ကြည့်ရမယ်ဆိုတာကိုတော့ ကြားဖူးတယ်။ ဒါကြောင့် အဝေးပြေးကားစီးရင် အပြင်ဘက်ကို ကြည့်ကြည့်မိတယ်။ တောတောင်တွေ၊ အပင်တွေပေါ့။ ဘုန်းဘုန်းက မျက်မှန်သမားပါ။ မှတ်မှတ်ရရ တစ်ခါက ဆရာဝန်တစ်ယောက်ကို မေးလိုက်ပါတယ်။ မျက်စိမမှုန်အောင် ဆေးစားလို့မရဘူးလားလို့ မေးမိတော့ ဆရာဝန်က ဦးဇင်း မျက်စိမှုန်ပျောက်ဆေးရှိရင် ဘယ်ဆရာဝန်မှ မျက်မှန်တပ်မှာ မဟုတ်တော့ဘူးတဲ့။ နောက်တစ်ခုရှိသေးတယ် နွေအခါ မျက်ပင်တွေ ၀ါနေတာမလား။ မြင်းပိုင်ရှင်တစ်ယောက်က မျက်ပင်အ၀ါရောင်ကို မစားချင်တဲ့ သူ့မြင်းကို မျက်မှန်စိမ်းတပ်ပေးပြီး စားခိုင်းလိုက်ပါတယ်တဲ့။ အဟိ။ ဒီပိုစ်ကို ဖတ်ပြီး ရယ်သွားပါတယ်။ ဟိ ဟိ ဟ ဟ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

TOMORROW said...

မရေ....ရောက်တယ်။ ဟာသ နှောထားသလိုလေးပေမဲ့
အတွေးလေးတွေ ပေးတယ်။ ကိုယ်ရတဲ့ ကိုယ်ပိုင်
မက်ဆေ့ လေးကတော့........။
ဒီတော့ကာ ... မျက်မှန် အေးအေးဖြူဖြူလေးတတ်ပြီး
ပြန်သွားပြီ။ မြင်သမျှ ကြည်ကြည်လင်လင်ပါပဲ။ :)

နေ၀သန်လိုပဲ မက်စိ ကို တွေ့ဖို့ ပြန်ပြန်ဖတ်အုံးမှပဲး)

Sunny said...

တစ်ခါတစ်လေ နည်းနည်းလေးနဲ့ ပြီးသွားရမယ့် အရာကို သေချာမစဉ်းစားမိလို့ အများကြီး ပေးလိုက်ရတာ၊ ကုန်သွားတာကို ပြောချင်တာလား..

ဟန်ကြည် said...

ဟုတ်တယ် တစ်ခါတစ်ခါ တစ်လောကလုံးကို ပြောင်းလဲဖို့ကြိုးစားနေမယ့်အစား ကိုယ့်အမြင်ကိုပြောင်းပစ်လိုက်တာက ပိုအဆင်ပြေတယ်...အင်း အပြောလွယ်ပေမယ့် အလုပ်တော့ ခက်သားကလား

Anonymous said...

ဟုတ်ပ ညီမ ရယ်

အများကြီး ကုန်သွားတယ် မစဉ်းစားတတ်တော့ နောက်တခါ မန်း ကို လာခဲ့နော် မြီးရှည် သွားစားမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မင်းသမီးလေး ဝက် said...

များကတော့အပြာရောင် မျောက်မှန်ပဲ တပ်မယ်
ဒါဖဲ
များလဲ နားလည်ပါတယ် ပေးချင်တဲ့ မတ်စိတ်ကို ဟွင့် (သူများတွေ ကွန်မန့်ဖတ်တာပေါ့လို့) ဟိဟိ (လေသံတိုးတိုးလေးဖြင့်)

PhyoPhyo said...

အစိမ်းရောင်ဆိုးကြသူများ လို့ နာမည်လေးနဲ့ ပိုစ့်နဲ့ လိုက်တယ်၊
မျက်မှန်စိမ်းမတပ်ပေမဲ့ မချောဘလောဂ့်လေးကို စိမ်းစိမ်းလမ်းလမ်းမြင်နေရသားပဲ
ကြိုက်တယ် ဒီပိုစ့်လေး
မချော ပျော်ရွှင်ချမ်းမြေ့ပါစေ

အဖြူရောင်နတ်သမီး said...

စိမ်းလမ်းစိုပြေ မချောတို့မြေ ပါပဲ...
မချောရဲ့ ပို့စ်လေး ဖတ်ပြီး အတွေးလေးနဲ့အတူ ပြန်သွားပြီ...

ahphyulay said...

ဟားဟား..
ရိုးရိုးလေးနဲ့  ဆန်း နေတယ်ဆိုတာ ဒါမျိုးပေါ့ ။
ကျွန်တော်တောင်မတွေးမိဘူးလေ..။

ညီလင်းသစ် said...

အိမ်မှာ ပန်းပင်စိမ်းစိမ်းလေးတွေ စိုက်ထားတဲ့ ဘလော့ဂါရဲ့ အစိမ်းရောင် ဘလော့ဂ်လေးမှာ အစိမ်းရောင် ဆိုးကြသူများ အကြောင်းကို ခပ်စိမ်းစိမ်း မနေဘဲ လာဖတ်သွားပါတယ်၊ ပုံပြင်လေးက အတွေးတွေ အများကြီးပေးတယ်၊ ကျေးဇူး...။း)

ဒီပို့စ်က ပေးချင်တဲ့ မက်ဆေ့ကို အောက်ဆုံးအပိုဒ်တွေမှာ ရှာတွေ့သွားတယ်..။
ဒီပုံပြင်လေးဖတ်ပြီး ငွေတစ်ကျပ်နဲ့ အခန်းတစ်ခုလုံး ပြည့်စေတဲ့ ဖယောင်းတိုင်ပုံပြင်လေးရယ်..။
ဒေးလ်ကာနက်ဂျီရဲ့ ၀န်ထမ်းရွေးချယ်ရေး အင်တာဗျုးတစ်ခုမှာ ပါဆယ်တစ်ထုပ်ကို ဘယ်လို ဖြေမလဲဆိုတဲ့ အဖြစ်အပျက်လေးရယ်ကို သွားသတိရမိတယ်။
ဒါနဲ့ စကားမစပ်..အစိမ်းရောင်ဆိုလို့ ဘန်နာအသစ်လေးထဲက မြက်ခင်းစိမ်းလေးထဲ ပြေးပြီး လိပ်ပြာ၂ကောင်ဖမ်းသွားသေးတယ်နော်:)

ချောရေမျက်မှန်စိမ်းလေးတတ်ပြီးဖတ်သွားပါတယ်။

sosegado said...

အဲလိုပဲ လုပ်လိုက်ဆိုလိုက်လုပ်ကြတယ်၊ မစဉ်းစားကြည့်ကြဘူး ထိရောက်မှုရှိမရှိ အဓိပ္ပါယ်ရှိမရှိ၊
အားလုံးစိမ်းပါတယ်ခင်ဗျာ၊ ဆိုပြီးရော်၊

ရောဂါပျောက်ချင်ဇောနဲ့ ဘာကိုမှ မစဉ်းစားမိဘူးထင်ပါရဲ့...။

မချောရေ ....
အစိမ်းရောင်ဆိုးသူများအကြောင်းကို ဖတ်သွားတယ်
နော် ... စိတ်ဝင်စားစရာကောင်းတယ် စဉ်းစားစရာလေးတွေလဲပါတယ်

ချောရေ
ပဟေဠိကိုအဖြေညှိဘို့ အဖြေလည်းသိချင်သေးတယ်လေ။

noblemoe said...

မမစာဖတ်သွားပါကြောင်း

သာယာချမ်းမြေ့ပါစေရှင်း
မိုး

လောက တခုလုံးက အဆင်မပြေတာ မဟုတ်ဘဲ
ကိုယ့်အမြင်ပြောင်းတတ်ရင် ပြောင်းတတ်သလို
အဆင်ပြေသွားမှာပါပဲ။