စက္ကူပန်းကလေးများ





“ငါတော့လေ ပန်းဘ၀သာ ဖြစ်ခွင့်ရမယ်ဆိုရင် စက္ကူပန်းပဲ ဖြစ်ချင်တယ်”

သူတို့ နှစ်ဦးသား သူမ၏ အဆောင်ရှေ့က အုပ်အုပ်ဆိုင်းဆိုင်းနှင့် အပွင့်များ ဝေနေပြီး အရိပ်ကောင်းလှသော စက္ကူပန်းခြုံကြီးအောက်ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ လက်ဖက်သုပ်နှင့် ရေနွေကြမ်းကို မြည်းနေကြရင်းမှ စက္ကူပန်းရုံကို မော့ကြည့်ကာ သူမ ထံက ထိုစကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။  


“အမ်.. နင်ကလည်း တစ်မျိုးပါလား.. မိန်းခလေးမဆန်လိုက်တာဟာ..  စက္ကူပန်းမှ ဖြစ်ချင်ရတယ်လို့။ သူများတွေများ နှင်းဆီတို့ စပါယ်တို့ သဇင်၊ သစ်ခွတို့ ကြိုက်ကြတယ်.. နင့်ကျမှ အနံ့လည်းမရှိ၊ အဖိုးလည်းမတန်တဲ့ စက္ကူပန်းကို ကြိုက်တယ်။ ထူးဆန်းပါပေ့ ”
                                                                                  
“အော.. မိန်းခလေးမှန်ရင် အဲဒီနှင်းဆီမှ စပါယ်မှ သစ်ခွမှ ကြိုက်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့တုန်း. လူတိုင်းဟာ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့။ ဘယ်တူနိုင်ပါ့မလဲ။ ငါ စက္ကူပန်းတွေကို ကြိုက်တာ အကြောင်းရှိတယ်ဟ.. လှလို့ ကြိုက်တာထက် သူ့ရဲ့ အရည်အချင်းတွေကို သဘောကျလို့ ကြိုက်တာ”


“အရည်အချင်းဟုတ်လား .. နင်ကတော့ အထူးအဆန်းဘဲ.. ကဲ ဒါဆို ပြောစမ်းပါဦး.. နင့်စက္ကူပန်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိလို့တုန်း။ အဲဒီပန်းမှာ အရည်အချင်းရှိတယ်လို့ ငါတော့ တစ်ခါမှ မတွေးမိဘူး.. ငါသိတာတော့ ဘာအနံ့မှလဲ မမွှေးဘူး။”



သူမ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး လက်ဖက်တစ်ဇွန်းကို ကောက်ဝါးလိုက်ကာ  “ နင်ကြည့်လိုက်လေ.. ငါတို့ခေါင်းပေါ်က စက္ကူပန်းရုံကြီးကို.. တစ်ရုံလုံး အရွက်တွေတောင် မမြင်ရအောင် ပွင့်နေတယ်မဟုတ်လား။ ပြီးတော့ နေ ဘယ်လောက်ပြင်းပြင်း လုံးဝ ညိုးနွမ်းသွားတာမျိုး မရှိဘူးလေ။  ကောင်းကင်ပြာပြာကြီးနဲ့ တစ်ပင်လုံး ညွှတ်ဝေနေတဲ့ စက္ကူပန်းတွေကို ကြည့်ရတာ ဘယ်လောက် ပဏာရလိုက်သလဲဆိုတာ။ ရွှန်းစိုးနေတဲ့ အရောင်အသွေးတွေနဲ့ ပွင့်နေတာကိုမြင်ရတာ ဘယ်လောက်များ အားမာန်ပြည့်ဝတဲ့ မြင်ကွင်းလဲ။ စက္ကူပန်းက တစ်ခြားပန်းတွေလို ဆောင်းရာသီတို့ မိုးရာသီတို့လိုချိန်မှ ပွင့်တာမဟုတ်ဘဲ.. နွေရောက်မှ ရဲရဲရင့်ရင့် ပွင့်ကြတာ။  မျက်စိကျိန်းလောက်အောင် ပူပြင်းတဲ့ နေရောင်အောက်မှာ တောက်တောက်ပပ ပွင့်နေလိုက်တာများ။  ကြည့်ရတာ အားတက်ဖို့ ကောင်းတဲ့ မြင်ကွင်းတစ်ခုလို့ ငါ့စိတ်ထဲ ခံစားရတယ်။ တကယ်တော့ လူတွေဟာ စက္ကူပန်းကို အတုယူသင့်တယ်။ သိလား.. ”

“ အင်း လုပ်စမ်းပါဦး နင့်ဒဿနတွေ.. ကြားရတာပေါ့ ”


“မလှောင်နဲ့ဟ.. ငါအကောင်းပြောတာ။ ခြံတွေမှာ စိုက်ထားတတ်တဲ့ နှင်းဆီတို့၊ စပါယ်တို့၊ သစ်ခွ၊ သဇင် စတဲ့ပန်းတွေဟာ စိုက်တဲ့သူက ယုယုယယ ရေလောင်းပေါင်းသင် လုပ်ပေးရတယ်။ မြေသြဇာထည့်ပေးရတယ်. ဒီတော့မှ သူတို့မှာ ပွင့်ဖူးကြရတယ်။ တကယ်တမ်းတော့ လူတွေကသာ သူတို့ကို ပြုစုယုယမှု မလုပ်ပေးဘူး ဆိုရင် အပွင့်မသန်၊ အဖူးမဖူး ဖြစ်နေကြမှာလေ။ သူတို့က အစောင့်ရှောက်ခံ ပန်းတွေကိုး။”

“အင်း ဒါတော့ဟုတ်တယ်”

“စက္ကူပန်းကျတော့ စိုက်ထားပြီးတာနဲ့ ဘာမှလုပ်စရာမလိုဘူး ဒီတိုင်းပစ်ထားလိုက်.. အချိန်တန်လို့ ပွင့်တဲ့ခါရင် တစ်ပင်လုံး ခဲနေအောင် ပွင့်တတ်တာမျိုး။ ဒီ စက္ကူပန်းပင်ကြီးကို နင်ကြည့်လိုက်စမ်း.. ဘယ်လောက် လှလိုက်သလဲ.. နွေနေကို အံတုပြီး ရဲရဲရင့်ရင့် ပွင့်နေလိုက်တာလေ။  အဲဒါဟာ လူတွေအတွက် နမူနာကောင်းတွေ ပေးနေတယ်၊ ခွန်အားတွေ မျှဝေပေးနေတယ်လို့ ငါတော့ ယူဆတယ်”


သူမက ရေနွေးကုန်နေသော သူ့ခွက်ထဲ ဓာတ်ဗူးထဲမှ ရေနွေးကို ငှဲ့လိုက်ပြီး သူ့ထံ လှမ်းပေးကာ စကားကို ဆက်ပြောလေသည်။

“နင်စဉ်းစားကြည့်လေ။ ကျောထောက်နောက်ခံကောင်းပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဘာမှ မကြုံတွေ့ရဖူးဘဲ  ဆွေမျိုးမိဘ အကူအညီနဲ့ ဘ၀ကို လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ရတဲ့သူတွေဟာ  နည်းနည်းလေး အခက်အခဲတွေ့ပြီ ဆိုတာနဲ့ ခံနိုင်ရည် မရှိကြတော့ဘူး။ သူတို့တွေက သူများကို အားကိုးပြီး ကြီးပြင်းလာရတော့ ပြဿနာ တစ်ခုခုနဲ့ကြုံရင် ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်ခွန်အား မရှိကြဘူး။ အလွယ်တကူ အရှုံးပေးချင်ကြတယ်။ စိတ်ဓာတ် ကျလွယ်ကြတယ်။ ဒါပေမဲ့လည်း ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်လာရသူတွေကျတော့ အခက်အခဲကြုံလေ ပိုပြီး ရဲရင့်လေ၊ ခွန်အားတွေ ပိုပြီး ရလာလေ ဖြစ်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘ၀မှာ ဘယ်အရာကိုမှ အလွယ်တကူ မရခဲ့ဘူး။ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာရတာဖြစ်လို့ တော်တန်ရုံ အခက်အခဲမျိုးဆို မမှုတော့ဘူး.. ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေကြတယ်။ အခက်အခဲတွေ့လေ အရည်အချင်းပိုပြီး တောက်ပြောင်လာလေပဲ။ ဟောကြည့် စက္ကူပန်းတွေဟာ နွေနေပူလေ ပိုပြီးပွင့်လေ.. သူ့အရောင်အသွေးက ပိုပြီး စိုလက် တောက်ပလာလေ မဟုတ်လား ”

“အင်း နင်ပြောတော့လဲ ဟုတ်သလိုလိုပဲ။ ငါတော့ စက္ကူပန်းကို သေချာတောင် တစ်ခါမှ မကြည့်မိပါဘူးဟာ။ ကြိုက်တယ်လို့လည်း မထင်ဘူး.. ကြိုက်တယ် မကြိုက်ဘူး ဆိုတာတောင် တစ်ခါမှကို မစဉ်းစားမိခဲ့တာပါလေ”

“ဘယ်ကြည့်မိမလဲလေ.. နင်ကလဲ ဘ၀မှာ ဘာအပူအပင်မှ မရှိဘဲ ကြီးပြင်းလာတဲ့သူကိုး. ပညာသင်ပြီးတာနဲ့ အချိန်တန်ရင် မိဘရဲ့ လုပ်ငန်းမှာ ၀င်လုပ်လိုက်ရုံဘဲ။ နင့်ဘ၀ရှေ့ရေးအတွက် နင်ဘာများ ပူစရာရှိလို့လဲ။ ဒီတော့ အဲလို ပြည့်စုံနေတဲ့သူတွေက ဘ၀အတွက် ခွန်အားတွေ တကူးတက ရှာနေစရာမှ မလိုတာ။ ငါတို့လို ဘ၀တွေကျတော့ အခက်အခဲတွေ အများကြီးနဲ့ အမြဲတမ်း ရင်ဆိုင်နေရတဲ့အတွက် ဘ၀ကိုရုန်းကန်ဖို့ ခွန်အားတွေ၊ ရဲရင့်ခြင်းတွေကို ကိုယ့်ဘေးပတ်ဝန်းကျင်ကနေ ရအောင်ယူရတယ်။ မြင်အောင်ကြည့်ရတယ်လေ။ ဒီတော့ မြင်ရတယ်လေ။ ဒါကြောင့် ငါ့အတွက်တော့ စက္ကူပန်းဟာလည်း ခွန်အားတွေ ပေးတဲ့ပန်းလို့ ခံယူတယ်.. ဒါတင်မကသေးဘူး သိလား.. စက္ကူပန်းရဲ့ နောက်ထပ်ထူးခြားချက် ရှိသေးတယ်”

“ဟင် စက္ကူပန်း ဒဿနတွေက များလှပါလားဟ ” သူက ခပ်ပြုံးပြုံးဖြင့် ကောင်မလေးကို စ လိုက်သည်။ သို့သော် သူမက သူ စ လိုက်သည်ကိုပင် သတိထားမိပုံမပေါ်.. ပြောလက်စ စကားကိုသာ ဆက်ပြီး ပြောနေခဲ့သည်။


 တစ်ခြားပန်းတွေက ခူးဆွတ်သူကို စောင့်နေကြတယ်.. ခူးချင်တဲ့သူတွေကလည်း များတယ်။ ခူးဆွတ်ခံရပြီဆိုရင် သူတို့ရဲ့ ရနံ့နဲ့ အလှတွေက ခူးတဲ့သူအတွက်ပဲ ဖြန့်ဝေပေးနိုင်တယ်။ ဒါပေမဲ့ စက္ကူပန်းကိုကျတော့ ဘယ်သူကမှ မခူးကြဘူး။ ပွင့်သမျှ အပွင့်တွေအားလုံးဟာ အပင်ပေါ်မှာဘဲ လှလှပပ ၀ံ့ဝံ့ကြွားကြွား ရှိနေကြတယ်။ လူတွေက စက္ကူပန်းကို စိုက်ကတည်းက ခူးဖို့၊ ပန်းအိုးထိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ကြတာမဟုတ်ဘူး။ အပင်မှာဘဲ ပွင့်စေဖို့၊ ပတ်ဝန်းကျင်ကို လှပစေဖို့ ရည်ရွယ်ပြီး စိုက်ကြတာ။ ဒါကြောင့် သူဟာ တစ်ဦးတစ်ယောက်တည်းအတွက် ပွင့်ရတာမျိုးမဟုတ်ဘဲ အားလုံးအတွက် အလှဆင်ဖို့ တန်ဖိုးရှိစွာ ပွင့်ရတဲ့ ပန်းဖြစ်လာရတယ်။ သူ့အစွမ်းအစနဲ့ လောကကြီးကို အလှဆင်နေတာလေ။ ရာသီပူပြင်းတဲ့ ဒဏ်ကိုလည်း ခံနိုင်တယ် အရောင်အသွေးကလည်း စုံတယ်။ ပြီးတော့ မြင်ရသူတိုင်းကို စိတ်ကြည်နူးစေတယ်.. ခွန်အားတွေ ရရှိစေတယ်လေ။ ဘယ်လောက် လေးစားဖို့ကောင်းတဲ့ ပန်းလဲ။ ငါလဲ စက္ကူပန်းလို ကိုယ်တတ်နိုင်သလောက် ကိုယ့်ဘေးပတ်ဝန်းကျင်ကို အလှဆင်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားချင်တယ်။ ကြိုးလဲကြိုးစားမယ်။ ဒါကြောင့်လဲ ငါသာ ပန်းဘ၀ ဖြစ်ခွင့်ရမယ်ဆိုရင် စက္ကူပန်းပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့တာပေါ့”
“အမယ်.  နင်က စက္ကူပန်းလို ပတ်ဝန်းကျင်ကို ဘယ်လိုများ အလှဆင်မလို့လဲ”

“ငါအခု တက်နေတဲ့ MBA ပြီးတာနဲ့ ငါ့ဇာတိကို ပြန်မယ်လေ။ ပြန်ပြီးရင် မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ငါတို့ရွာကလေးမှာ ကလေးတွေကို စာပြန်သင်ပေးရမယ်။”

သူမ စကားအဆုံး သူ့လက်ထဲက ရေနွေးခွက်က လွတ်ကျမတတ်ဖြစ်ပြီး ရေနွေးကြမ်းတစ်ချို့ သူ့ပုဆိုးပေါ် ဖိတ်ကျသွားခဲ့သည်။

“ဘယ်လို.. နင်ကရွာပြန်ပြီး ဆရာမလုပ်မယ် ဟုတ်လား။ ဒီလောက် ပညာတွေ အများကြီး သင်ထားပြီး ရွာပြန်ကျောင်းဆရာမ လုပ်ဖို့တဲ့လား။ ကျောင်းဆရာမ လုပ်ဖို့ဆို ဒီMBA တွေ၊ အင်္ဂလိပ်စာ ဒီပလိုမာတွေ၊ ကွန်ပျူတာဘွဲ့တွေ တက်ထားဖို့ လိုသေးလို့လား။ နင် အစောကတည်းက ရိုးရိုးဘွဲ့တစ်ခုလောက် ရကတည်းက ရွာပြန်ပြီး ဆရာမလုပ်နေရင် ရပြီဘဲ။ အခု နင်တတ်ထားတဲ့ ပညာတွေနဲ့ ကုမ္ပဏီကြီးတစ်ခုခုမှာ အလုပ်ဝင်လို့ ဖြစ်နေပြီ။ အဆုံးစွန်ကွာ ငါ့အလုပ်မှာ နင်ဝင်လုပ်မလား.. နင့်အတွက် အလုပ်တစ်နေရာ လုံးဝ မရှားဘူး။ ငါပေးနိုင်တယ်. လစာလဲကောင်းစေရမယ်”

သူမက မျက်လုံးလေးကို မှေးစင်းလိုက်ရင်း တွန့်ကွေးသွားသော နှုတ်ခမ်းတစ်စုံမှ မပီပြင်သော အပြုံးတစ်စနှင့် “ဟင့်အင်း.. ငါ ဒီမှာဘဲ အလုပ်လုပ်ရင် ငါ့တစ်ယောက်ထဲ အတွက်တော့ ကောင်းမယ်။ ဒါပေမဲ့ ငါ့ရပ်ရွာအတွက်တော့ ဘာမှ အထောက်အကူ မဖြစ်နိုင်ဘူး။ ငါက တစ်ဦး တစ်ယောက်တည်းအတွက် ရှင်သန်ချင်တဲ့ ပန်း မဟုတ်ဘူးလေဟာ။ စက္ကူပန်းလို ကိုယ်တတ်နိုင်သမျှ ကိုယ့်ဘေးပတ်ဝန်းကျင်ကို အလှဆင်ချင်တာ။ ငါတို့ ရွာကလေးက လမ်းပန်းဆက်သွယ်ရေး သိပ်ခက်ခဲတော့ ပညာရေးမှာ မဖွံ့ဖြိုး မတိုးတက်ဘူး။ ပညာရေးမှ မဟုတ်ပါဘူးလေ. ကျန်းမာရေး၊ လူမှုရေး အားလုံး နိမ့်ကျနေတုန်းပဲ ရှိသေးတယ်”

“နင်က နင့်ရွာကို သိပ်ချစ်တာပဲနော်” 

“ဟုတ်တယ်.. ငါ့ရွာကလေးကို ငါခင်တွယ်တယ်.. ဘာမှ မတိုးတက်သေးတဲ့ ငါ့ရွာကလေးကို တိုးတက်လာအောင် လုပ်ပေးချင်တယ်။ ငါ့စိတ်ကူးတွေ သိပ်မြင့်နေမလားတော့ မသိဘူး”

သူမက ခပ်ဝေးဝေးကို လှမ်းကြည့်နေသော်လည်း ဘာကိုမှ မြင်တွေ့ပုံမရဘဲ.. သူမ ရွာကလေးကိုသာ မြင်ယောင်နေပုံ ရလေသည်။

“နင်က ဘာတွေလုပ်ဖို့ စိတ်ကူးထားလို့လဲ” သူ့အမေးစကားအဆုံးတွင်

“ငါ့ရွာကလေးကို ပြန်ရောက်ရင် စာကြည့်တိုက်လေး တစ်ခု ဖြစ်မြောက်အောင် လုပ်မယ်။  စာဖတ်ရကောင်းမှန်း မသိကြတဲ့ ငါတို့ရွာက ကလေးတွေကို စာဖတ်တတ်တဲ့အကျင့် ရလာအောင် လှုံ့ဆော်ပေးရမယ်။ တိုက်တွန်း အားပေးရမယ်.. ငါတို့အရပ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေတဲ့ ယောက်ျားလေးတွေ အများကြီးပဲ၊  ပြီးတော့ ကျောင်းစာဆိုတာ သေစာရှင်စာလောက် ဖတ်တတ်ရင် တော်ပြီလို့ ခံယူပြီး ကျောင်းမပြီးခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတဲ့ မိန်းခလေးတွေလည်း အများကြီး ရှိနေတယ်.. ငါတို့ရွာကလေးမှာ ပညာတတ် သိပ်နည်းတယ်။ ဒါကြောင့်လည်း ကလေးတွေကို စာတွေများများ ဖတ်ပြီး အသိဥာဏ်တွေ ပိုပြီးမြင့်မားလာအောင် ငါ လုပ်ပေးချင်သေးတယ်။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် မသိသေးတဲ့ ရွာက လူငယ်လေးတွေကို ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ဖြစ်လာအောင်၊ သုံးတတ်လာအောင်လည်း လုပ်ပေးချင်တယ်။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး ကိုယ့်ရွာ ကိုယ့်ဒေသ ကျဉ်းကျဉ်းလေးထဲမှာ ပျော်မွေ့နေတဲ့ ငါတို့ ရွာကလေးက လူတွေကို ကမ္ဘာကြီးရဲ့ ပြောင်းလဲ တိုးတက်နေမှုတွေကို သိစေချင်တယ်..”

“နင်လုပ်ချင်တာတွေက များလှပါလား. ဒါတွေက လွယ်လွယ်နဲ့ ဖြစ်လာနိုင်ပါ့မလား ” 

သက်ပြင်းခပ်ဖွဖွ တစ်ချက်ချပြီး သူမက သူ့အမေးကို ဖြေသည်။ “အင်း ဟုတ်တယ်  ငါလုပ်ချင်တာတွေက အများကြီးပဲ။ ဒါတွေအားလုံး တစ်ခါတည်းတော့ မဖြစ်နိုင်မှန်း ငါလဲသိပါတယ်။ တဖြေးဖြေး လုပ်ယူသွားရမှာပေါ့။ အဲလို လုပ်တဲ့နေရာမှာ အခက်အခဲတွေ အတားအဆီးတွေ အများကြီး တွေ့ရမယ်ဆိုတာ ငါမျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ငါက စက္ကူပန်းလို ရှင်သန်မယ်လေ.. ဘယ်လို အခက်အခဲတွေ့တွေ့ စိတ်မပျက်ဘဲ ငါဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်မယ်.. စက္ကူပန်းလို နေပူလေ ရဲရဲတောက် ပွင့်လေဆိုတဲ့ အနေအထားမျိုး ဖြစ်စေရမယ်။ ဘာဘဲဖြစ်ဖြစ် နှစ်တွေကြာလာတဲ့အခါ ငါ့ရွာကလေးဟာ ခုအနေအထားထက် ပြောင်းလဲတိုးတက်နေတာမျိုး ဖြစ်ကို ဖြစ်လာရမှာပါလေ။ ငါ့ကိုယ်ငါ ယုံကြည်တယ်”

သူမ နှုတ်ခမ်းများက ယုံကြည်ချက်ပြင်းပြသူ၊ စိတ်ဓာတ်ခိုင်မာသူတို့၏ လက္ခဏာရပ်အဖြစ် တင်းတင်းစေ့လို့ နေခဲ့သည်။ ထိုနေ့က သူတို့ရှေ့တွင် ရှိနေခဲ့သော လက်ဖက်သုပ် ပန်းကန်းလေးမှာ သူရော သူမပါ ထပ်မနှိုက်ဖြစ်တော့ဘဲ မျက်နှာငယ်စွာ ကျန်ရစ်ခဲ့လေသည်။ ထို့အတူ သူမကို ပြောမည်ဟု  ရည်ရွယ်ထားခဲ့သော စကားအချို့လည်း ဖွင့်မပြောဖြစ်တော့ဘဲ သူ့ရင်ထဲမှာပဲ သိမ်းဆည်း ထားလိုက်လေတော့သည်။ သူမက တစ်ဦး တစ်ယောက်တည်း အတွက် မရှင်သန်လိုဘူးဟု ဆိုသည်မဟုတ်လားလေ။

                                   ***************@**************


စက္ကူပန်းကဲ့သို့ အများအကျိုးအတွက် ရှင်သန်ချင်သော မိန်းခလေးနှင့် သူ မတွေ့ဖြစ်ကြတော့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ။ သူကလည်း မဆက်သွယ်သလို သူမကလည်း သူ့ထံ မဆက်သွယ်ပါ။  ကြည့်လေရာအရပ်တွင် စက္ကူပန်းတွေ စိုက်ပျိုးထားသော မြို့တစ်မြို့ကို သူ ရောက်နေခဲ့သဖြင့် စက္ကူပန်းဖြစ်ချင်သော မိန်းခလေးကို ပြင်းပြင်းပြပြ သတိရလိုက်မိလေသည်။ ယခု သူရောက်နေသော မြို့ကလေးသည်  နွေရာသီတွင် ပူပြင်းသော ရာသီဥတုမျိုးရှိပြီး အခြားပန်းများထက် စက္ကူပန်းများသာ အိမ်တိုင်းလိုလို စိုက်ထားကြသကဲ့သို့၊ လမ်းဘေးဝဲယာနှင့် ပန်းခြံတို့တွင်လည်း စက္ကူပန်းခြုံများကို လှပစွာ ပုံဖော် အလှဆင်ထားကြသည်။ တစ်မြို့လုံး စက္ကူပန်းရောင်စုံတွေက နွေနေအောက်တွင် လန်းဆန်းတောက်ပစွာဖြင့် အားနှင့် မာန်နှင့် ပွင့်နေကြသည်ကို မြင်ရသဖြင့် သူမပြောခဲ့သော စကားများကို ပြန်ပြီး သတိရမိခြင်း ဖြစ်လေသည်။


နှစ်များစွာကြာခဲ့သော်လည်း စက္ကူပန်းတွေ မြင်တိုင်း သူမကို သတိရမိဆဲဖြစ်သည်။ သူမကရော သူ့ကို သတိရနေမည်လား မေ့နေပြီလား သူ မသိနိုင်ခဲ့ပါ။  စက္ကူပန်းတွေမြင်တိုင်း သူမကို သတိရသည်ဟု ဆိုရာတွင် စက္ကူပန်းတွေကို မမြင်ရင်တော့ သတိမရသည့်သဘော သက်ဝင်သွားပေလိမ့်မည်။ စက္ကူပန်းလိုဖြစ်ချင်သော မိန်းခလေး မသိလိုက်သည့် အချက်မှာ သူမ၏ ဇာတိရပ်ရွာကို ပြန်သွားပြီး၊ သူတို့နှစ်ယောက် မတွေ့ဖြစ်ကြတော့ကတည်းက သူ ဘယ်တုန်းကမှ ကြိုက်သည်မထင်ခဲ့သော၊ သတိမထားခဲ့သော စက္ကူပန်းများကို သူ့အိမ် နေရာအနှံ့၊ ခြံစည်းရိုးများတွင်လည်းကောင်း၊ အိမ်ပေါ် ၀ရံတာထက်တွင် ပန်းအိုးများဖြင့်လည်းကောင်း၊ ခြံဝင်းထဲတွင် လည်းကောင်း စိုက်ပျိုးထားခဲ့မိလေသည်။ ခုချိန်တွင်တော့ သူရောက်နေသော မြို့ကလေးအတိုင်း သူ့တစ်အိမ်လုံးသည်လည်း တောက်ပ၀ံ့ကြွားစွာ ပွင့်ဝေနေကြသော စက္ကူပန်းများဖြင့် နွေနေအောက်တွင်  လှပနေပေတော့မည်။ စက္ကူပန်းနှင့်တူသော မိန်းခလေးသည်လည်း သူမ၏ ဇာတိရွာကလေးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သူမပြောခဲ့သည့်အတိုင်း အောင်မြင်အောင် လုပ်ဆောင်နေမည်ဟု သူ ယုံကြည်ပါသည်။ စက္ကူပန်းတွေကို စိုက်ပျိုးထားသူ သူကိုယ်တိုင်မှာတော့  ခုချိန်ထိတိုင် စက္ကူပန်းလို မကျင့်ကြံနိုင်ခဲ့သေးပေ။


လမ်းနံဘေးမှာ ပွင့်ဝေရပေမဲ့ စက္ကူပန်းတွေကတော့ နွေနေပူလဲ လန်းနေမြဲ လန်းနေဆဲပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

( ဖြည့်စွက်ခြင်း။   ။ စက္ကူပန်းနှင့်ပတ်သက်၍ ခံစားမိသော ခွန်အားနှင့် ဂုဏ်သတ္တိကို အထူးဦးစားပေးရေးဖွဲ့ထားခြင်း သက်သက်သာ ဖြစ်ပါသောကြောင့် ရသပိုင်းနှင့် ယုတ္တိပိုင်းများ အားနည်းခဲ့ပါက ကျွန်မ၏ အရေးအသား ချို့ယွင်းအားနည်းချက်သာ ဖြစ်ပါကြောင်း စာဖတ်သူများကို တောင်းပန်ပါသည်။ )

ဒီပိုစ့်လေး ဖန်တီးဖို့အတွက် ကျွန်မကို ခွန်အားပေးခဲ့သည့် မြို့အနှံ့ ဓာတ်ပုံရိုက်ဖြစ်ခဲ့သော စက္ကူပန်း ပုံများကို  ပြန်လည် ဝေမျှပေးလိုက်ပါသည်ရှင်။
























30 Responses to “စက္ကူပန်းကလေးများ”

Anonymous said...

ကျွန်မ မေမေ အကြိုက်ဆုံး အပင်ပေါ့။ ခြံဝင်းနဲ့အိမ်ကနေ မြို့ထဲကိုပြောင်းတော့အိမ်ဝင်းသေးသေးလေးမို့ အဖေက ခြံပြည့် သံမံတလင်းခင်းလိုက်ရော။ အမေကလေ စက္ကူပန်းပင်ကို သံမံတလင်းပေါ်မှာ မြေပုံပြီးစိုက်လိုက်ရော။ အဖေလက်ဖျားခါသွားတယ် :D

JJ

Anonymous said...

ကျွန်မလည်း စက္ကူပန်းကို သူ့ရဲ့အရောင်အသွေးနဲ့ အကြမ်းခံလွန်းလို့သဘောကျတယ်။ ပန်းအိုးထိုးကြည့်တော့ မခံဘူး။ တဦးတယောက်အတွက်ထက် အများအတွက် လှပပေးမယ့် ပန်းလို့ပြောရမယ်ထင်တယ်။ အမစာထဲက မိန်းကလေးလိုပေါ့။ စောနက ကွန်မန့်က မဖတ်ခင် မန့်လိုက်တာ။ ဒါက ဖတ်ပြီးမန့်လိုက်တာ။

JJ

ချောရေ ဘုန်းဘုန်းရဲ့မွေးရပ်ဇာတိရွာ၊ ဘုန်းကြီးကျောင်းမှာ တစ်ပင်ရှိတယ်။ အချိန်တန်ရင် ညှပ်ပေးလိုက်တယ်။ ၀ိုင်းနေအောင်ပေါ့။ အောက်ခြေမှာ ထိုင်ခုံလုပ်ထားပြီး ထိုင်ကြတယ်။ သူ့အရောင်က ပန်းရောင်ပါ။ တကယ်တော့ သူ့မှာ အရောင်စုံတယ်လေ။ မမွှေးပေမယ့် လှတယ်၊ အရိပ်ကိုပေးတယ် ချောရဲ့။ နောက် ဘယ်အချိန်ဖြစ်ဖြစ် စက္ကူပန်းတွေ့ရင် ဒီပိုစ်ကိုပဲ တန်းသတိရလိုက်ပါမယ်။ အော်... ချောကို တစ်ခုမေးချင်တယ် ကျောင်းဆရာ ဦးဟန်ကြည်ရဲ့ဆိုဒ်ကို သိလား။ သိရင် ပြောပြပါလား။ သူက ဦးဇင်းဆိုဒ်ထဲဝင်ပြီး အချိန်ပေးပြီး ခမန့်တွေပေးသွားရှာတယ်။ သူ့ဆိုဒ်ကို ပြန်သွားလို့လည်း မရဘူး ဖြစ်နေတယ်။ ဒါပဲနော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

rose said...

အစ်မချောရဲ့ ကိုယ်တိုင်ရေး ၀တ္ထုတိုလေး လာဖတ်တယ်။ ရို့စ်လည်း စက္ကူပန်းလေး ကြိုက်တယ်။ ပန်းရဲ့ အသားက ကိုင်ကြည့်လိုက်ရင် ဒီ့ပြင် ပန်းတွေနဲ့ မတူဘဲ တစ်မျိုးလေးမို့ ချစ်တာ။ ဇာတ်လမ်းထဲက မိန်းကလေးက ဘ၀ကို ရဲရဲရင့်ရင့် ဖြတ်သန်းပြီး ပတ်ဝန်းကျင်ကို အကျိုးပြုအောင် ကြိုးစားလို့။ သူတို့ နှစ်ယောက် နောက်ထပ် တွေ့ကြသေးလား သိချင်မိတယ်။

PhyoPhyo said...

စက္ကူပန်းကို မချောဝတ္ထုတိုလေးထဲ က မိန်းကလေးပြောသလို တွေးမကြည့်မိခဲ့ဘူး၊
သူပြောတဲ့ အချက်တိုင်း ဟုတ်တာပဲနော်၊ အကြမ်းလဲခံသေးတယ်၊ အရိပ်လည်းရတယ်၊ ပန်းအိုးထိုးတော့ မခံဘူးဆိုလို့ အများအတွက်လှတဲ့ အကျိုးပြုပန်းဖြစ်နေတာပေါ့၊ ပညာပေးဝတ္ထုတိုလေး ရေးတတ်လိုက်တာ၊
ချစ်တဲ့

Anonymous said...

ဒီပိုစ့်ထဲက မိန်းကလေးရဲ့ စက္ကူပန်းပေါ်ထားတဲ့ စိတ်ထားလေး မိုက်တယ်။အိမ်မှာလည်း ပေါပ။ဒါပေမဲ့ ရွာက လူတွေဆိုတော့ စက္ကူပန်းကို ဓါတ်ပုံ၇ိုက်ရင် နောက်ကထားရိုက်တာနောက်ပဲ သိတယ်..ခုလိုမျိုး တွေးကြည့်တော့လည်း ဟုတ်သား..
နေကောင်းပါစေ အမရေ..

ချောရေစက္ကူပန်းလေးအကြောင်းခံစားသွားတယ်။
"စက္ကူပွင့်ပန်း၊အလှကြမ်းသမို့
မနမ်းလိုသောလူ့သဘော"

crystal said...

ပန်းချစ်သူ

စက္ကူပန်းနဲ့ပတ်သက်ပြီး အတွေးတွေနဲ့ လူမှုဘ၀ ဖြစ်ပျက်နေမှုကို အခုမှပဲ မြင်သာ ခံစားမိသွားတော့တယ်။

ညီမလေး said...

ချောပြောမှပဲ စက္ကူပန်းလေးတွေကို အဲ့လိုခံဟားမိတော့တယ် ... စာတွေအမြဲမပြတ်တင်နိုင်တဲ့ချောကိုတော့ ချီးကျူးတယ် .. ချီးယားစ် ချော ..အများကြီး ဆက်ရေးနှုင်ပါစေ ...

khin said...

ညီမချောလေးေ၇

ညီမလေး၇ဲ. ပိုစ်.တွေကို အမြဲတိုင်းဖတ်ဖြစ်တယ်။
အ၇မ်းကြိုက်တယ်။

ခုမှ ကိုယ့်ဖာသာ ဘာအသုံးမှ မကျမှန်း ပိုပိုသေချာလာသလိုပဲ...

စက္ကူပန်းလိုလဲ မကျင့်နိုင်ခဲ့တဲ့ ဘ၀၊ သစ်ခွလိုလဲ မလန်းနိုင်ခဲ့တဲ့ ဘ၀ ... ဆိုးပါ့ :(

သူဟာ တစ်ဦးတစ်ယောက်တည်းအတွက် ပွင့်ရတာမျိုးမဟုတ်ဘဲ အားလုံးအတွက် အလှဆင်ဖို့ တန်ဖိုးရှိစွာ ပွင့်ရတဲ့ ပန်းဖြစ်လာရတယ်။

မကြီး ဖွင့်ဆိုပြလိုက်တော့လည်း စက္ကူပန်းက
တန်ဖိုးသိပ်တက်သွားပါလား..။
ကိုယ်တွေလည်း စက္ကူပန်းလို လူမျိုးဖြစ်အောင်
ကြိုးစားရှင်သန်မယ်ဆို မဖြစ်နိုင်စရာ မရှိပါဘူးနော်..။ မှန်းထားတယ်..ကိုယ့်ရဲ့ မနက်ဖန်တွေနဲ့ အဲဒီမနက်ဖန်အောက်မှာ ဖူးပွင့်လာမယ့် ပန်းလေးတွေအတွက်ပေါ့..။

ရနံ့ said...

မမ...
စက္ကူပန်းလေးကိုငေးရင်း ဖန်တီးထားတဲ့ မမဝတ္ထုလေးက အရမ်းကောင်းပါတယ်... အများအတွက်ကော ဖန်တီးသူအတွက်ပါ အကျိုးရှိတဲ့ စာမူလေးပါပဲ... အတွေးနက်နက်နဲ့ လှလှပပသီကျူးထားတဲ့အတွက် အားလုံးကိုယ်စား ကျေးဇူးပါ...
ဖတ်ပြီးတော့တွေးမိသွားတယ်.. ကိုယ်ကိုယ်တိုင်လည်း စက္ကူပန်းများဖြစ်နေပြီလားလို့ပါ... အရင်ကတော့ ပစ်တိုင်းထောင်အကြောင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်မိခဲ့တာလေ။ ပန်းနဲ့နှိုင်းပြီးရေးထားတဲ့ အတွေးလေးက အရမ်းထူးခြားပြီး ထိထိမိမိရှိလှတယ်... လူငယ်လေးတွေအတွက်အကျိုးရှိမယ့် ဝတ္ထုကောင်းတပုဒ်မို့ ဂုဏ်ယူပါတယ်...

အားပေးလျက်ပါ.

စက္ကူကျောက် said...

မယ်ချောရယ်..
ရေဆယ်ပုံး မနိုင်တဲ့ လူတယောက်ဟာ ဘာလို့ ရေတပုံးပဲမ ချင်ရတာလဲ..၊ ဒီဝတ္တုထဲက မိန်းကလေးဟာ သိတ်စိတ်ကူးယဉ်နေသလိုပဲ..၊
လူ့လောကကြီးတခုလုံးအတွက် မစဉ်းစားပဲ ရွာက ကလေတွေ စာသင်ပေးဖို့လောက်အတွက်ပဲ စဉ်းစားသလား..ဒါဆို MBA တွေတက်ဖို့တောင်မလိုပါဘူး..၊ ရွာ မှာ ပညာရေးအတွက်ခက်ခဲတယ်ဆိုရင်..ဒီရွာသူ ဒီမိန်းကလေးကရော..ဘယ်လို MBA တွေတက်နိုင်အောင် ကြိုးစားခဲ့သလဲ..၊ လိုချင်တဲ့သူက ကြိုးစားတာပါပဲ ..မလိုချင်တဲ့ သူကတော့ ရွာမှာပဲ နွားကျောင်းရတာပျော်နေမှာပဲ

NayWaThan said...

မချောပြောမှပဲ စက္ကူပန်းသတ္တိကိုသိတော့တယ်..... ပေးချင်တဲ့မက်ဆေ့ခ်ျလေးကို ရယူသွားပါတယ်...

ခင်မင်လျက်
နေ၀ဿန်

ဆွေလေးမွန် said...

ဒီနေ့ အလုပ်ကိစ္စနဲ့ လမ်းတစ်လျှောက်ပွင့် နေတဲ့ စက္ကူပန်းတွေ ပြီးတော့ စိန်ပန်းနဲ့တူတဲ့ပန်းတွေ
ပြီတော့ လက်ပံပွင့်နဲ့တူတဲ့ပန်းတွေ ပွင့်နေတာ အများကြီးပဲ အရမ်းလှလို့
နေပူပူမှာ အရွက်တွေမ၇ှိပဲ အရိုးအပြိုင်းပြိုင်းနဲ့ ပန်းတွေရဲရဲတောက်ပွင့်နေကျတာကို သဘောကျနေတာ.

ခု မချောက စက္ကူပန်းလေးရဲ့ သတ္တိကိုရေးလိုက်တော့ ဖတ်ရတာ ပိုပြီး အသက်ဝင်သွားသလိုပဲ..

အင်း ကိုကျောက်ပြောသွားတာ စဉ်းစားစရာပဲလေ...ဒီဇာတ်လမ်းမှာ ပြောချင်တဲ့မက်ဆေ့ခ်ျကို ထင်းခနဲမြင်အောင်ပြောနိုင်ပေမယ့် ဇာတ်ကောင်မိန်းကလေးရဲ့ နောက်ခံအနေအထားကို ဖော်တဲ့နေရာမှာ အားနည်းသွားလို့ တစ်မျိုးဖြစ်သွားတယ်...တကယ်လို့ အဲဒီမိန်းကလေးသာ ဇာတ်ကောင်မဟုတ်ပဲ အပြင်မှာတကယ်ရှိခဲ့ရင် ပြောလိုက်ပါမချောရေ...ပညာရေးလောကက ကြိုဆိုပါတယ်လို့...ဆရာဝန်တွေမှာ အထူးကုတွေရှိသလို စီးပွားရေးပညာရှင်တွေထဲမှာလည်း မဟာဘွဲ့ရတွေ ပေါပါတယ်...ဒါပေမယ့် ပညာရေးလောကမှာ မဟာပညာရေးဘွဲ့ M.Ed ရတွေ ရှားပါးလွန်းပါတယ်...တကယ်လို့သာ ဒီမိန်းကလေးက ပညာရေးဘက်ကို ၀င်ချင်ရင်တော့ အထောက်အကူပြုမယ့် ဘာသာရပ်တစ်ခုခုဖြစ်ဖြစ် ဘွဲ့တစ်ခုခုဖြစ်ဖြစ် ရအောင် ကြိုးစားခိုင်းလိုက်ပါလေ...သူ့အမ်ဘီအေကြီးက ပညာရေးလောကမှာ အသုံးသိပ်ဝင်မယ်မထင်လို့...ကဲ မချောလည်း ချမ်းမြေ့ပါစေဗျား

ahphyulay said...

ွှုအင်း...
အသက်မရှိတဲ့ ပန်းကလေးကို
ကိုယ့်ခံစားချက်လေးထည့်ပြီး ကြွလာအောင်
အသက်ဝင်လာအောင် ရေးဖွဲ့ ထားတာတွေ့ 
ရပါတယ်။
ခိုင်းနှိုင်း၊တင်စားပုံလည်းကောင်းတယ်။
ပြောချင်တာကအပေါ်က အကိုကျောက်တို့ လိုပါပဲလေ..။

စက္ကူဖြူလေး ..။

ညီလင်းသစ် said...

လူတကာ မြင်နေကျ စက္ကူပန်းတွေကို တည်ပြီး ရေးသွားတာလေး လှတယ် မချော..၊ Illustration တွေ ကလည်း သိုင်းသိုင်းဝိုင်းဝိုင်းနဲ့မို့ ရဲရဲရင့်ရင့်နဲ့ ပွင့်လာတဲ့ ပို့စ်လေး တစ်ပုဒ်ပါပဲ..။

Baby taster said...

စက္ကူပန်း အကြမ်းခံပုံလေး ဖတ်သွားတယ်
နောက်ထပ် ရေးပါအုံး ဒီလိုမျိုးတွေ ဖတ်ချင်တယ်

pandora said...

စက္ကူပန်းတွေ လှလိုက်တာ။
တချို့က ပန်းဆိုတာ အနံ့ရှိမှ ပန်းပီသတယ်လို့ ပြောကြတယ်။
ပန်းနဲ့မတူတဲ့ပန်း လူတွေအမြတ်တနိုး ပန်ဆင်ဖို့ ခေါင်းပေါ် ရောက်မလာတဲ့ ပန်း။ ဒါပေမယ့် အားမာန်အပြည့်နဲ့ ရဲရင့်တဲ့ အရောင်တွေနဲ့ ကြံ့ကြံ့ခိုင်ဝေဆာနေတတ်တဲ့ သူ့ကိုယ်ပိုင်အလှ ကို မြင်အောင် ပြောပြသွားတာကို နှစ်သက်မိပါတယ်။

blackcoffee said...

ကောင်မလေး စိတ်ဓာတ်ကို လေးစားမိတယ်။ တကယ်တော့ ရပ်ရွာ ဆိုတာ ပစ်ထားကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ တွေလဲ ရပ်ရွာ အကျိုးဆိုရင် လက်မနှေးခဲ့ပါဘူး။

PhyoPhyo said...

စက္ကူပန်းဝတ္ထုတိုလေးထဲက မိန်းကလေးက ရေတစ်ပုံးပဲမချင်တာမှမဟုတ်တာ၊
သူ နိုင်သလောက်မဖို့ ကြိုးစားတာပါ၊ ကိုကြီးစက္ကူကျောက်ပြောသလိုစဉ်းစားရရင် လူ့လောကကြီး(မြိ့ကြီးပြကြီး)မှာက ရေပုံးမမယ့်သူတွေ တန်းစီနေတာပဲ၊ စာကြည့်တိုက်လေးဖွင့်ချင်တဲ့ သူ့ရည်ရွယ်လေးကလည်း သိပ်ကောင်းတာပဲ၊ အဲဒီရွာသူ မိန်းကလေးက သူ့တုန်းက ခက်ခက်ခဲခဲကြိုးစားသင်ယူခဲ့ရလို့ အဲဒီ့ထက်လွယ်ကူလာအောင် ကူညီချင်တာပေါ့၊ လိုချင်တဲ့သူကြိုးစားတာလည်းဟုတ်ပါတယ်၊ ဒါပေမဲ့ လက်တကမ်းမှာရှိတာနဲ့ အဝေးကို လှမ်းယူရတာနဲ့ ကွာတာကိုး၊
ရွာမှာ ဆရာမလေးလည်းရှိတော့ စာတတ်ရော ... စာကြည့်တိုက်လေးရှိတော့ နွားကျောင်းရင်း စာအုပ်ဖတ်ရတာပေါ့၊ :D
လောကကြီးတစ်ခုလုံးအတွက်တော့မဟုတ်ဘူးပေါ့

Sunny said...

မမချောရေ.. လာ အားပေးသွားတယ်.. :)

စိတ်ကူးကောင်းလိုက်တာ..။

moekhar said...

အမှန်တိုင်းဝန်ခံရရင် ..
စက္ကူပန်းကို ခုလိုအတွေးမျိုးနဲ့ မချစ်ခင်ဘူးဘူး
သတိတော့ရသွားမိတယ်
ရန်ကုန်က ဘကြီးတယောက်အိမ်ရဲ့ ခြံဝမှာ စက္ကူပန်းခြုံကြီး ရှိတယ်
တကယ် အရိပ်ကောင်းတာပဲ
ဒါပေမယ့် ချစ်ခင်စရာလို့ မတွေးဘူးဘူး
ခုမှ အများအကျိုးအတွက် ရှင်သန်နေတဲ့ စက္ကူပန်းလေးတွေကို ချစ်တတ်သွားပြီ ..း)

မချောရေ တိုက်တိုက်ဆိုင်ဆိုင် စက္ကူပန်းအကြောင်းဖတ်ရတာပဲ စက္ကူပန်းရောင်စုံတွေကိုကြိုက်လို့ သူ့အကြောင်းလိုက်ရှာချင်တာ အင်္ဂလိပ်လိုဘယ်လိုခေါ်မှန်းမသိဘူး... အဟိ ဘာပဲဖြစ်ဖြစ်စက္ကူပန်းတွေအများကြီးတွေ့ရတာပျော်လိုက်တာ ... မချောရေးတာလေးလဲကောင်းတယ် ဖတ်လို့ကောင်း ကြည့်လို့ကောင်းပဲ

ကိုယ့်နိင်ငံအတွက် အပြုသဘောဆောင်တဲ့ စိတ်ဓါတ်ခွန်အားပေးဖို့ ဇာတ်လမ်းဆင် ရေးထားတာမို့
ကျေနပ်မိပါရဲ့။

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်နော်..
မချော တင်ထားတဲ့ ဓာတ်ပုံတွေထဲက စက္ကူပန်းရုံတွေကိုပဲကြည့်ပါ..
သူတို့ခမြာ တိုက်တာ ပန်းခြံ ဝန်းထရံ ဆိုတဲ့ အများလှဖို့ကို ဖြစ်တည်ပေးနေရတာ..။
လူတွေက အနံ့ရှိတဲ့ ပန်းလောက်မှ တန်ဖိုးထားချင်ကြတာလေ..။
စက္ကူပန်းလေးတွေရဲ့ ဘဝက တကယ်တော့ အဖြည့်ခံဘဝလေးတွေပါ...။