နေပြည်တော် မြို့တော်သစ်ကြီးဆီသို့....


ခရီးသွားမှတ်တမ်းအဖြစ် နေပြည်တော်အကြောင်း ပိုစ့်တွေ ရေးခဲ့ရာမှာ နောက်ဆုံးတစ်ပုဒ်အနေနဲ့ ရေးဖို့ကျန်နေသေးတာကို လက်စသတ်ချင်ပါသေးတယ်။ ဒီတစ်ခေါက်ပိုစ့်မှာတော့ နေပြည်တော် မြို့တော်တစ်ခွင်ရဲ့ ပုံရိပ်များကို ဖော်ပြချင်တာဖြစ်ပါတယ်။  နေပြည်တော်မြို့ရဲ့ လမ်းမကြီးများ၊ အဆောက်အဦးများ၊ အထင်ကရ နေရာများ စသည်တို့ ဖြစ်ပါတယ်။ နေပြည်တော်မြို့အကြောင်း ရေးသားရာမှာ မရောက်ဖူးသေးသူများအတွက်  မြို့အနေအထားကို သိရှိနိုင်ဖို့ ဗဟုသုတ အနေနဲ့သာ ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။

နေပြည်တော်မြို့တော်သစ်ကြီးမှာ ပါဝင်တဲ့ မြို့နံမည်တွေက မြန်မာစာ(ပါဠိ) မကျေရင် ဖတ်ဖို့ခက်တဲ့ နံမည်တွေ ဖြစ်ပါတယ်.. မြို့နံမည်တွေဖတ်နိုင်ဖို့ ကျောင်းပြန်တက်ဖို့ လိုမယ်ထင်ပါရဲ့ လို့တောင် ကျွန်မ တွေးမိလိုက် ပါသေးတယ်.. ဒါမှမဟုတ် ကျောင်းတက်တုန်းက ပါဠိယူခဲ့ရ အကောင်းသားလို့လည်း တွေးမိပါတယ်.. မြို့နာမည်တွေက ဇမ္ဗူသီရိမြို့၊ဇေယျာသီရိမြို့၊ ပုဗ္ဗသီရိမြို့၊ ဒက္ခိဏ သီရိမြို့တွေဟာ နေပြည်တော် မြို့တော်ကြီးထဲက မြို့ငယ်တွေဖြစ်ပြီး ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးစတဲ့ မြို့တွေကိုလည်း မြို့နံမည်ရှေ့က နေပြည်တော်ထည့်လိုက်ပြီး နေပြည်တော်ပျဉ်းမနား နေပြည်တော်လယ်ဝေး၊ နေပြည်တော် တပ်ကုန်းရယ်လို့ ဖြစ်လာကြပါတယ်။ရပ်ကွက် နာမည်တွေကို ၀ဏ္ဏသိန္ဓိ၊ ပညာသိန္ဓိ၊ သုခသိန္ဓိ၊ ဓနသိန္ဓိ၊ ဘောဂသိန္ဓိ၊ ဗလသိန္ဓိ၊ မင်္ဂလာသိန္ဓိ စသဖြင့် အင်မတန်မှ မြန်မာဆန်သော (နန်းဆန်သော ) နာမည်များ ခေါ်တွင်ထားတာ တွေ့ခဲ့ရပါတယ်။  မြို့ အ၀င်မှာ ကတည်းက ကျယ်ဝန်းပြန့်ပြူးနေတဲ့ လမ်းမကြီးတွေကို မြင်ရတော့ ဒီလမ်းတွေကို ကြည့်ပြီး အော် ဒီလောက်ကောင်းတဲ့ လမ်းတွေ ငါတို့ ရွှေပြည်ကြီးမှာ ရှိသားပဲလို့ တွေးမိပါတယ်။


နေပြည်တော်ရဲ့ ကျက်သရေဆောင် ဥပ္ပါတသန္တိစေတီတော်ကြီး (ဥာဏ်တော် ၃၂၅ပေ)

ရာဇဌာနီ လမ်းမကြီးဘေးတွင် တည်ရှိသော ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးအကြောင်းကို အသေးစိတ် ဓာတ်ပုံများစွာဖြင့်  ( ဒီနေရာမှာ ) ဖော်ပြခဲ့ပြီးတာကြောင့် ဒီတစ်ပုံသာ ဖော်ပြလိုက်ပါတယ်။


ဇဗ္ဗူသီရိမြို့






မြို့အ၀င် ရာဇဌာနီ လမ်းမကြီး


ဒီလိုလမ်းမျိုး ကျုပ်တို့ရွာမှာလည်း ရှိစေချင်  :)




ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်


မြို့တွင်းလမ်းမ


နေပြည်တော်ရောက်ရင် မြင်မြင်ချင်းစ သတိထားမိတာကတော့ ကျယ်ဝန်းတဲ့ လမ်းမတွေနဲ့ လမ်းမကြီးတွေ ဆုံရာမှာ လှပစွာ တည်ဆောက်ထားတဲ့ အ၀ိုင်းကြီးတွေဖြစ်ပါတယ်.. အ၀ိုင်းတွေမှာ ကြာပန်းပုံ၊ အင်ကြင်းပန်းပုံ၊ ကံ့ကော်ပန်းပုံ စတဲ့ ပန်းပွင့်ပုံတွေကို ကြီးမားလှပစွာ ဆောက်လုပ်ထားပြီး နေ့ခင်းဘက်ဖက်တော့ ရေပန်းများ ဖြာကျနေပြီး ညဘက်မှာတော့ မီးရောင်စုံများ လှပဝေဆာထိန်လင်းနေခဲ့ပါတယ်.. အဲဒီအ၀ိုင်းတွေရဲ့ နံမည်ဟာ ပန်းပွင့်တွေအတိုင်း ကြာပန်း ၀ိုင်း၊ အင်ကြင်းပန်းဝိုင်း၊ ကံ့ကော်ပန်းဝိုင်းရယ်လို့ ခေါ်တွင်ကြတာ သတိထားခဲ့မိပါတယ်။ ရာဇသင်္ဂဟ အ၀ိုင်း၊ ဘောဂသိန္ဓိအ၀ိုင်း ၊ ၀ဏ္ဏသိန္ဓိအ၀ိုင်း စသည်တို့လည်း ရှိပါတယ်.။



ရာဇသိင်္ဂဟအ၀ိုင်း


ကြာပန်းဝိုင်းရဲ့ နံနက်ခင်းမြင်ကွင်း


နေ့ခင်း ရေပန်းများနဲ့ အလှဆင်ထားတဲ့ မြင်ကွင်း



အင်ကြင်းပန်းဝိုင်း


သပြေကုန်းအ၀ိုင်း








မီးရောင်စုံများ ရေပန်းများဖြင့် အ၀ိုင်းကြီးများရဲ့ ညအလှ


နေပြည်တော်မြို့တော်သစ်ကြီးမှာ တည်ရှိတဲ့ အထင်ကရ အဓိက နေရာများကို လက်လှမ်းမီသလောက် ဆက်လက် ဖော်ပြရရင်







သပြေကုန်းဝိုင်းအနီး ရာဇသင်္ဂဟလမ်းပေါ်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်




ကျောက်မျက်ပြတိုက်နဲ့ ကပ်ရက်တည်ရှိနေတဲ့ ကျောက်မျက်ပြပွဲ ကျင်းပရာ အဆောက်အဦး

တောင်ညိုလမ်းပေါ်ရှိ ဧက၂၀၀ကျယ်ဝန်းသော အမျိုးသား ပရဆေးဥယျာဉ်




မင်္ဂလာသိဒ္ဓိရေကန်

ညအချိန်တွေ့ရတဲ့ ရေကန်အလှ


မြန်မာ့စီပွားရေးဘဏ်ပါ။

လိုက်ပေးပို့တဲ့ သူငယ်ချင်းက ပြောပါတယ်။ သေချာကြည့် နံမည်ကျော် အဆောက်အဦးတစ်ခုရဲ့ ပုံစံနဲ့တူတယ်.. ဘယ်အဆောက်အဦးလဲတဲ့။ သိတဲ့သူများ ဖြေသွားနိုင်ပါတယ်။


ဗဟိုမီးသတ်စခန်း




ကုန်းမြင့်ပေါ်မှာ တည်ရှိတဲ့ မြို့မဈေး


မြို့မဈေး


တော်ဝင်ကားဂိတ်



သပြေကုန်းဈေး


သီရိရတနာအဆင့်မြင့်ဈေး





ဒီဈေးမှာတော့ ဆိုင်တွေဟာ ခုလို လုံးချင်းအိမ်ယာဆန်ဆန် သီးသန့်လေးတွေ ရှိနေတာ မြင်ရပါတယ်..









ဝန်ထမ်းအိမ်ရာများ




  
မြို့တော်ဂေါက်ကွင်း

နေပြည်တော်မှာ ရွိုင်ရယ်မြန်မာဂေါက်ကွင်း၊ မြို့တော်ဂေါက်ကွင်းနဲ့ ရေပြာဂေါက်ကွင်းရယ်လို့ သုံးခု ရှိကြောင်း သိရပါတယ်။



ကုန်းမော့မော့အတက်မှာ ရုတ်တရက်လှမ်းမြင်လိုက်ရတဲ့ ကြီးကျယ် ခမ်းနားလှသော လွှတ်တော်အဆောက်အဦးကြီး




ခြံကြီးအတွင်းက လွှတ်တော်အဆောက်အဦး

ခြံကြီးရဲ့ အနီးကိုကပ်ပြီး ဓာတ်ပုံရိုက်ချင်ပေမဲ့ လိုက်ပို့တဲ့ သူငယ်ချင်းက ခုနေခါ လွှတ်တော် ကျင်းပနေချိန်ဖြစ်လို့ အနီးကပ် သွားရိုက်တာတွေ မလုပ်ပါနဲ့ လို့ တားထားတာကြောင် မချင့်မရဲနဲ့ နောက်ဆုတ်ခဲ့ရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်တောင် ကြီးကျယ်ခမ်းနားနေမှတော့ သေသေချာချာ အနီးကပ် ရိုက်ချင်မိတယ်လေ။ ဟုတ်ဘူးလားနော်





ဝန်ကြီးဌာနအချို့


ပုံစံတူအဆောက်အဦး ၈လုံးကို တစ်ဆက်တည်း တွေ့ခဲ့ရပါတယ်.. သူငယ်ချင်းကတော့ ပြောပြသား ဘယ်သူ့အတွက် ဆိုလဲမသိ (ဦးနှောက်က သိပ်မကောင်းတော့ မေ့သွားပြီ မမှတ်မိတော့  :)  )




ကုန်းမြင့်ပေါ်က အိမ်ရာများ






  



မြေထိန်းနံရံကြီးများနဲ့ လှပတဲ့ ပန်းပင်များ


ဂျန်းရှင်းစင်တာ (နေပြည်တော်) စူပါမားကက်၊ မီနီသီရေတာ များရှိသည်။





ဂျန်းရှင်းစင်တာရှိ Ocean Super Center



ဒီဂျန်းရှင်းစင်တာမှာတော့ အဆောက်အဦးတစ်ခုလုံး အဲကွန်းကြောင့် အေးစိမ့်နေပြီး ပြင်ပရာသီဥတု သိပ်ပူတဲ့အခါ ဒီအထဲမှာ အေးအေးဆေးဆေး လာထိုင်လေ့ ရှိတယ်လို့ သူငယ်ချင်းက ပြောပါတယ်.. ကော်ဖီ၊ အအေး၊ ကိတ်မျိုးစုံ ရနိုင်တဲ့ Snack ဆိုင်လေးတွေလည်း ရှိပါတယ်.. ဈေးဝယ်သူတွေ ကြိတ်ကြိတ်တိုးနေတာကို တွေ့ခဲ့ရပြီး ဒီဇိုင်းတွေ အပျံစား၊ အလန်းစားနဲ့ ကောင်မလေးတွေလည်း တော်တော်များများ တွေ့ရပါတယ်။






 အချိန်မရလို့ ဒီထဲဝင်ပြီး အမျိုးတွေကို မနှုတ်ဆက်ခဲ့ရဘူး။ ဒီတော့ အပြင်ကနေ ရိုက်ခဲ့တယ်လေ။ စိတ်ထဲက တိတ်တိတ်လေး ပြောလိုက်ပါတယ်.. နောက်တစ်ခေါက်မှ လာတော့မယ် အမျိုးတွေရေ လို့   :)






 အာဖရိက တောရိုင်းတိရိစ္ဆာန်တွေပါရှိတဲ့ နေပြည်တော် ဆာဖာရီဥယျာဉ်ကြီးပါ။ အသေးစိတ်ကို ( ဒီမှာ ) ရေးခဲ့ပြီးပြီမို့ မဖော်ပြတော့ပါဘူး။




ရေပန်းရောင်စုံ၊ ရေတံခွန်မျိုးစုံ၊ ရေပန်းရုပ်ရှင်၊ စသဖြင့် မျိုးစုံရှိတဲ့ နေပြည်တော် ရေပန်းဥယျာဉ်ကြီး ဖြစ်ပါတယ်.. ဒီအကြောင်းကိုလဲ ဖော်ပြခဲ့ပြီးပြီမို့  အသေးစိတ်ကို (ဒီမှာ) ဖတ်လို့ ရပါတယ်။ 


နေပြည်တော် YKKO ဆိုင်


ရန်ကုန်မြို့မှာ အဓိက အထင်ကရဖြစ်တဲ့ နာမည်ကျော်ဆိုင်တွေ နေပြည်တော်မှာ အားလုံး ရှိအောင် စီစဉ်ထားတာတွေ့ရပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဖြစ်သူက “ငါတို့နေပြည်တော်မှာ လိုချင်တာ ဘာမဆို ရတယ် ” လို့ ပြောပါတယ်.. တကယ်ရော လိုချင်တာမှန်သမျှ ရနိုင်ပါ့မလား ??? မေးချင်စရာ



ရွှေထန်းပင် ကြက်သားကာလသားချက် ထမင်းဆိုင်



အရွက်စိမ်းလေးခတ်ထားတဲ့ အရည်သောက်ဟင်းဟာ ကြက်သားကာလသားချက်ပါ။ ဒီဘက်က အဆီနဲ့က ငါးခူစင်းကော၊ ဟိုတစ်ခွက်က ပုဇွန်လားမသိ (မမှတ်မိတော့)


ဟင်းက သုံးပွဲပဲ မှာပေမဲ့ လာချတဲ့ ဟင်းရံတွေကြည့်ရတာ ပျော်စရာရယ်။ မှတ်မိသလောက်ရေးရရင် ငပိရည်၊ ငပိထောင်း၊ အတို့အမြုပ်၊ မျှစ်ကြော်၊ ပဲသုပ်၊ အစိမ်းကြော်၊ နှမ်းဖတ်ချဉ်သုပ်၊ ခရမ်းသီးနှပ်၊ နောက်တစ်ခွက်က ဘာလဲမသိတော့


မြန်မာဆန်တဲ့ ၀တ်စုံလေးတွေ ဆင်တူ ၀တ်ဆင်ထားကြတဲ့ ချစ်စဖွယ် ဆိုင်ဝန်ထမ်းလေးများ


နေပြည်တော်ရောက်တုန်း ဒီ ရွှေထန်းပင်ဆိုင်မှာ ထမင်းစားခဲ့ပါတယ်။ ကြက်သားကာလသားချက် စားရတာ အတော်အဆင်ပြေပြီး စားကောင်းတာမို့ နေပြည်တော်ရောက်ရင် ၀င်စားကြည့်ပါလို့ ညွှန်းဆိုချင်ပါတယ်.. ထမင်းစားပြီး ထန်းလျှက်ဖြူလေး အချိုတဲရတဲ့ အရသာကို မမေ့နိုင်အောင် ကောင်းတယ်လို့ ဆိုချင်ပါတယ်။ ဆိုင်ရှင်သာသိရင် ကြော်ငြာခ ပေးလေမလား မသိ  :)




လင်းထိန်နေတဲ့ မြို့တော်လမ်းမကြီးနဲ့ ခပ်ဝေးဝေးက မြို့တော်တွင်းရှိ လင်းလက်နေတဲ့ မီးရောင်များ



ကျွန်မအနေနဲ့ တစ်ရက်ခရီးသာ ဖြစ်တာကြောင့်  နေပြည်တော်မြို့တော်သစ်ကြီးရဲ့ အခြားနေရာများဖြစ်တဲ့ နက္ခတ်တာရာပြခန်း၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ နေပြည်တော် ဘူတာကြီး၊ နေပြည်တော်လေဆိပ်တို့ကို မရောက်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် စုံလင်အောင် မဖော်ပြနိုင်တဲ့အတွက်တော့ စာဖတ်သူများကို တောင်းပန်ပါတယ်။


နေပြည်တော်မြို့ကြီးကို ရောက်ရှိစဉ်မှာ မြင်ခဲ့မိတဲ့ အမြင်တစ်ချို့ကို ချပြရရင် မြို့တော်ကြီးဟာ သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းလှတဲ့ လမ်းမကြီး၊ ပုံစံကျတဲ့ မြို့အကွက်အကွင်း၊ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမန်များ၊ လှပခေတ်မှီတဲ့ တိုက်တာ အိမ်ခြေများကြောင့် ထင်ထားတာထက် ပိုပြီး ကြီးကျယ်ခမ်းနားတယ် ဆိုတာကို လေ့လာ တွေ့ရရှိပါတယ်.. သပ်ရပ်သန့်ရှင်းပြီး စိမ်းစိုနေတဲ့ မြို့၊ တောင်ကုန်းတွေနဲ့ လှပတဲ့ ပန်းပင်တွေကြောင့် တောင်ပေါ်မြို့တစ်မြို့ကို ရောက်ရှိနေတယ်လို့ ထင်ရလောက်အောင် စနစ်တကျ ပြုပြင်တည်ဆောက်ထားပါတယ်.. လမ်းမကြီးတွေ ကျယ်ဝန်းလှပေမဲ့ သွားရေးလာရေးအတွက်တော့ ကိုယ်ပိုင်ကားများရှိမှ ပိုပြီး အဆင်ပြေမဲ့ အနေအထားကို တွေ့ရသလို ပူပြင်းတဲ့ ရာသီဥတုကြောင့်လည်း မိမိနေအိမ်မှာ အဲကွန်းများ တတ်ဆင်ထား နိုင်ခဲ့ရင်တော့ ပိုပြီးနေချင်စဖွယ် ဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ညအချိန်မှာ မြို့ကြီးတစ်ခုလုံး လျှပ်စစ်မီးရောင်တွေ ထိန်ထိန်လင်းနေတာကို တွေ့ရတာမို့ မြို့တော်ကြီးအတွက် မုဒိတာ ပွားခဲ့ရသလို ကျွန်မတို့ ပြည်တွင်းက အခြားသော မြို့တွေ၊ ကျေးရွာတွေလည်း မြို့တော်ကြီးနဲ့ထပ်တူ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေမယ်၊ တစ်ရက်လုံး မီးမပျက်စတမ်း လင်းနိုင်ခဲ့မယ်၊ ခုလို မြို့တော်ကြီး တစ်မြို့ထဲမှာတင်မဟုတ်ဘဲ မြို့ရွာတိုင်းလိုလိုက လမ်းမကြီး တွေဟာလည်း  မြို့တော်ကြီးအတိုင်းသာ ကျယ်ဝန်း ကောင်းမွန်နေမယ်၊ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်း စိုပြေနေမယ် အဆောက်အဦးတွေ ခေတ်မှီကောင်းမွန်နေမယ် ဆိုခဲ့ရင်တော့ အတိုင်းထက်အလွန် ကျေနပ်ပီတိ ဖြစ်စရာ ကောင်းနေမှာတော့ သေချာပါတယ်။


နေပြည်တော်အကြောင်း ရေးသားနိုင်ဖို့ မြို့တော်တစ်ခွင် မငြီးမငြူ လိုက်လံပို့ဆောင်ပြသပေးကာ၊ လိုလေသေးမရှိ ကူညီပေးသော သူငယ်ချင်းအား ကျေးဇူးဥပကာရ အထူး တင်ရှိပါကြောင်း ဒီနေရာက ပြောကြားလိုပါတယ်။ ဒီပိုစ့်လေးနဲ့ အခြားသော နေပြည်တော် မြို့တော်ပိုစ့်များအားလုံးကို ဒေသန္တရ ဗဟုသုတအတွက် ဝေမျှခြင်းဖြစ်ပါသည်။


30 Responses to “နေပြည်တော် မြို့တော်သစ်ကြီးဆီသို့....”

nYi ThU E@in said...

စိတ်ဝင်တစားရှုမငြီးဖွယ် ဘက်ပေါင်းစုံကနေ တင်ပြပေးထားတဲ့ အတွက်
ကျေဇူးတင်ပါတယ် မကြီး..။
ပုံစံတူ အိမ်လေးတွေကတော့ လက်ဖွဲ့အဖြစ် ပေးမယ် ပြောဖူးသလားလို့ပါ :D

မောင်မျိုး said...

ဓာတ်ပုံတွေနဲ့ေ၀၂ဆာ၂ကြည့်လိုက်ရတာ ကျေးဇူးပါ အစ်မရေ ။

johnmoeeain said...

mostly i don't wanna visit naypyitaw. but now i wanna to visit again coz attractive photos :)

PhyoPhyo said...

မချောရေ .. နေပြည်တော်က လမ်းကြီးတွေက ကောင်းလိုက်တာ၊
အကျယ်ကြီးပဲ အိမ်လေးတွေကလည်း လှတယ်၊
မြင်ကွင်းကျယ်မြို့ပဲ၊ ကျယ်ကျယ်ပြန့်ပြန့်ကြီး၊
ပုံစံတူအိမ်လေးတွေက ဘာဖြစ်လို့လဲ အဲဒါမသိဘူးမချော၊
တော်ကြာ အဖြူရောင်အိမ်တော်တော့သိတယ် :D
အဆောက်အဦးဒီဇိုင်း ကော်ပီရိုက်နဲ့တွေ့နေမှဖြင့်၊
ပုံတွေအားရပါးရ ကြည့်လိုက်ရတာ
ကျေးဇူးအများကြီးတင်ပါတယ်၊
ရေပြာဂေါက်ကွင်းကတော့ ညီမတို့ ငယ်ငယ်လေးထဲက ရှိတာ၊
ကြာပန်းအ၀ိုင်း၊ အင်ကြင်းပန်းအ၀ိုင်းတွေလည်း လှတယ်၊
ညီမတို့ ပျဉ်းမနားမြို့လေးကတော့ လမ်းလေးတွေ ကျဉ်းမြဲ၊ ကြမ်းမြဲပဲတဲ့၊ မီးက အရင်ကထက်တော့ ပိုမှန်မယ်ထင်တယ်၊ လူတွေတော့ ပိုရှုပ်လာတယ်တဲ့၊

ခနွဲ said...

ကြီးကျယ်ခမ်းနားလိုက်တာဗျာ။ ဒီတစ်ခေါက်ပြန်ရင်တော့ အရောက်သွားရဦးမှာပဲ။

နေပြည်တော်ဆိုတာကြီးကရှယ်ပါပဲလားချောရေ
ခုလိုဓါတ်ပုံတွေဝေဝေဆာဆာနဲ့ကြည့်ရတာ
ကျေးဇူးတင်ပါတယ်။

စာရင်းမရှိပျောက်သွားတာထက်စာရင် အဆောက်အဦး တွေ ကျန်ခဲ့တာ ကျေနပ်ရမှာပါပဲ။
ဘယ်သူပဲ နေနေပါလေ။ ကိုယ့်လူမျိုး နေတာပဲ ဆိုတဲ့ စိတ်နဲ့ တဖက်လှည့်တွေးပြီး စိတ်ဖြေလိုက်ပါတယ်။
သေချာတာကတော့ တနိင်ငံလုံးက ပြည်သူတွေလည်း အခုလို နေချင်မှာပါပဲ။

Baby taster said...

သြော်နေပြည်တော်လား လာကြည့်သွားတယ်

Anonymous said...

ညမှာ အဝေးကပဲ လှမ်းမြင်လိုက်ရတယ်။ နေ့ခင်းမမြင်ဖူးဘူး။ ညရှုခင်းကတော့ မီးတွေနဲ့ Las Vegas ပုံစံ။

စူးနွယ်လေး

ညီလင်းသစ် said...

ပုဂံအသွားမှာပဲ ညအချိန် ဖြတ်သွားခဲ့ဖူးတာ..၊ အခုတော့ ပုံတွေ စုံစုံလင်လင်နဲ့ ကိုယ်တိုင် ရောက်သွား သလိုပါပဲ၊ ဗဟိုမီးသတ် မျှော်စင်ကို တွေ့တော့ အီတလီက နာမည်ကျော် ပီဆာမျှော်စင်လိုမျိုး စောင်းနေအောင် တမင်ဆောက်ထား သလားလို့..၊ နောက်မှ သေသေချာချာ ကြည့်ယူရတယ်...။း)

ကျောက်ကျောက်သိဒ္ဓိ said...

ကျီးအာသီးနေပြည်တော် ဆိုရင်တော့...
အင်း....

sosegado said...

အဝိုင်းတွေအများကြီးပဲ၊
(ပါဠိ) ရေးတိုင်းခေါ်တိုင်း မြန်မာမဆန်ဘူးလို့ထင်တယ်၊
ကိုယ်မခေါ်တတ်လို့၊
ရှော့ပင်း shopping ဘယ်လိုထွက်ရမလဲ ဆက်ရေးပါဦး၊

Evy said...

နေပြည်တော်ကတော့ တကယ့်ကိုအပျံစားပါလားချောရေ။ တချို့ပုံတွေ မမြင်ရဘူး။ ဘာလို့လဲတော့မသိဘူး

မချောတင်ထားတဲ့ နေပြည်တော်ဓါတ်ပုံတွေကြည့်ရင်း ခမ်းနားကြီးကျယ်ကြောင်း ၀န်ခံမိပေမယ့် သစ်ပင်မရှိ...၊ အထပ်မြင့်အဆောက်အအုံမရှိပဲ နေပူကျဲတဲ လေဟာနယ်လိုပုံစံဖြစ်နေတာကြောင့် စိတ်ထဲမှာ တစ်မျိုးပဲ...။ ကြည့်တာနဲ့တင် ပူနေတယ်...။ ဒိနေရာမှာ သစ်ပင်ရဲ့တန်ဖိုးကို ပိုသိလာတယ်..။

ခင်မင်လျက်
နေ၀ဿန်

Thank you for sharing Chaw!

...အလင်းစက်များ said...

ကျနော်တော့ အဲ့လောင်တောင် မမြင်ဖူးလိုက်ဘူး။ အစ်မကစုံပါ့ဗျား။ ကင်မလာတစ်လုံးနဲ့  အစ်မလှလှ တစ်ယောက် နေပူတော်မှာ သောင်းကျန်းသွားတယ် လို့  တော့ ကြားမိတယ်... ဟီး။

ကြာပန်းအကြောင်းပြောရဦးမယ်... အဲ့သာ အရင်က ကြာဖူး အစ်မရေ... လူတွေက ကြာတော့ဘူးတဲ ကြာတော့ဘူးတဲ့ လို့  ပြောကြလို့  ကြာပန်းပြောင်းသွားတာ.. ကြာဖူးကြီး ဆောက်တာ ပြီးခါနီးမှ အလုံးလိုက်ကို ပြန်ဖျက်ပစ်တာလေ.. ဟီးဟီး။။။ ဇတ်လမ်းက အဲ့လိုဗျ။

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
“ချော”တော့လည်းအလည်တစ်ခေါက်ရောက်ခဲ့ရပြန်ပြီဗျာ-
အော်---အော်
ကြားဖူးကနေကြာပန်းတဲ့လား
အင်းပေါ့လေ-

ချောရေ မင်္ဂလာနေ့လည်ခင်းပါခင်ဗျာ။ ခမန့်တွေ အကုန်လုံး လိုက်ဖတ်ကြည့်တယ်။ ဘုန်းဘုန်းရင်ထဲက ခံစားမိတဲ့ ခံစားချက်လေးက ဒကာတော် ဦးမြစ်ကျိုးအင်းနဲ့ ညာဏ်ချင်းထပ်သွားတယ်လို့ ဆိုရမလား။ ဘုန်းဘုန်းလည်း အဲဒီလို ပြောချင်နေတာ။ ဒါပေမယ့် ဘုန်းဘုန်းက စာသိပ်မရေးတတ်တော့ ဒကာတော်ဦးမြစ်ကျိုးအင်းပြောတဲ့ စကားတွေကိုပဲ ကော်ပီကူးလိုက်ပါတယ်။ "စာရင်းမရှိပျောက်သွားတာထက်စာရင် အဆောက်အဦးတွေ ကျန်ခဲ့တာ ကျေနပ်ရမှာပါပဲ။
ဘယ်သူပဲ နေနေပါလေ။ ကိုယ့်လူမျိုး နေတာပဲ ဆိုတဲ့ စိတ်နဲ့ တဖက်လှည့်တွေးပြီး စိတ်ဖြေလိုက်ပါတယ်။
သေချာတာကတော့ တနိင်ငံလုံးက ပြည်သူတွေလည်း အခုလို နေချင်မှာပါပဲ"
နောက်ပြီး ထမင်းဝိုင်းကြည့်ပြီးတော့ ဗိုက်ကို ဆာသွားပြီ။ ချောပြောတဲ့ ကြက်သားကာလသားချက်လေးက အရမ်း Delicious ဖြစ်မည့်ပုံပဲ။ ချော အဲဒီအတိုင်း ပြန်ချက်ပြီး ဘုန်းဘုန်းဆီကို ပါဆယ်နဲ့ ပို့ပေးပါလား။ ပုံတွေထဲမှာ စက္ကူပန်းတွေလည်း ပါတယ်နော်။ စက္ကူပန်းတွေကိုတွေ့တော့ ကောင်လေးနဲ့ကောင်မလေး လ္ဘက်သုပ်စားရင်း ရေနွေးသောက်ရင်းနဲ့ ပြောခဲ့တဲ့စကားလေးတွေကို ပြန်ကြားယောင်နေမိတယ်။ မြန်မာ့စီးပွားရေးဘဏ်အဆောက်အဦးက ဟိုအဆောက်အဦးနဲ့တူအောင် လုပ်ထားတာပဲ။ နံမည်တော့ မတူလောက်ပါဘူး။ ဟိုက White House. ခုဟာက Black House လို့ခေါ်ရမှာပဲ။ အဟိ။ အဲ စာလည်း များသွားပြီ ချောရေ။ လစ်တော့မယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ဝေမိုး said...

အဲ့ဒါ ပြည်သူ့ငွေတွေနဲ့ သူတို့စိတ်တိုင်းကျ လုပ်ချင်ရာလုပ်နေ ချယ်လှယ်နေတာနော်..
သူတို့ အသိုင်းအ၀န်းတခုထဲ အတွက် အမွေရထားသလို စိတ်ထင်တိုင်းကြဲနေတာ.. ဒါကို ပညာတတ်ဆိုသူတွေကလဲ မသိသလိုနေ နေကြရတယ်..သူတို့ လုံခြုံရေးအတွက်
မြို့သစ်တခု မလိုအပ်ပဲ အကုန်အကျခံတည်တာရော၊ စေတီတဆူ အသစ်တည်တာရာဟာ သူတို့ကုသိုလ်ရဖို့ ဒုက္ခရောက်ငတ်ပြတ်နေတဲ့ ပြည်သူတွေကို လစ်လျူရှုပြီး
အဲ့ဒီပြည်သူတွေ အချိုးကျပိုင်ဆိုင်ခွင့် ရှိတဲ့ ငွေတွေနဲ့တည်တာ။ ဗုဒ္ဓဘာသာတဦးအနေနဲ့ ဘုရားတည်တာ မနှစ်မြို့စရာ အကြောင်းမရှိပါဘူး..
သူ့ကိုယ်ပိုင်ငွေနဲ့ တည်နိုင်ရင် သာဓုခေါ်စရာပေါ့..
ခုတော့ .....

IDIOT-Ki said...

ဒီနာမည်တွေ လိပ်စာ တွေ ကြောင့် စာပို့ သမားတွေ ဦးဆုံး ပါဠိ အရေး အဖတ် ပြန်သင်ရတော့မယ် ၊ နိုင်ငံခြားက ထဲ့လာတဲ့စာတွေ အတွက် အင်္ဂလိပ်လို အရေးအသားပါ မှတ်ကြပေရော့ ပဲ ..

တစ်ရက်မှာ ၁၅ မိနစ်စာ အစည်းအဝေး အတွက် ဒီလောက် အကုန်ခံပြီး ဆောက်ထားလိုက်တဲ့ လွှတ်တော်ကြီး ..သွပ် သွပ် သွပ်...

တကယ်လို့သာ မြန်မာတပြည်လုံးက လူတွေ အတွက်သာ ဆို .. အတိုင်းထက်လွန် သာဓု ခေါ်မိမှာ အမှန်ပါပဲ မချော ရေ..

ahphyulay said...

အင်း...
ရင်သတ်ရှု့ မော ဆိုတာ ဒါမျိုးနေတမှာပါပဲ။
သွားတော့ ငေးရအုံးတော့ မယ်။

Anonymous said...

လွန်ခဲ့တဲ့ ဆယ်စုနှစ်က အဲဒိနေရာက ငှက်ဖျား အရမ်းကြမ်းတာ...ရွှေကျေးတွေ အနားခံရတော့
ရွှေပင်ဖြစ်သွားရော...ဘာပဲဖြစ်ဖြစ် အဲဒိနေရာက
ဒေသခံတွေအတွက်တော့ ၀မ်းမြောက်မိတယ်..

အိုး .. ပုံတွေ စုံစုံလင်လင်ပဲ .. ညီမရောက်တုန်းက အချိန် မရတာနဲ့ အဲလောက်မစုံလိုက်ဘူး ..း)) ခုမှ ထပ်ကြည့်လိုက်တယ် ..း))

မမြင်ဖူး မရောက်ဖူးတဲ့ နေရာတွေ ဗဟုသုတအနေနဲ့ ကြည့်ရလို့ ကျေးဇူးအထူးတင်ပါတယ် ချောရေ... လမ်းတွေရော အလှဆင်ထားတဲ့နေရာတွေပါ တကယ့်ကို အံ့မခန်းပါပဲ...

မြန်မာပြည်တပြည်လုံး အဲဒီလောက် ခန်းနားရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးနေမိပါတယ်...

အဖြူရောင်နတ်သမီး said...

နေပြည်တော် မြို့သစ်ကြီးဆီကို တခါမှ မရောက်ဖူးသေးဘူး..။
မချောရဲ့ ဓာတ်ပုံတွေထဲကပဲ ကြည့်နေရတာ..။
လှတော့လှတယ်..ရာသီဥတုက ပူမယ့်ပုံပဲနော်..။

Shinlay said...

ပုံတွေတင်ပေးတာကျေးဇူးပါပဲ။

chitsoe said...

မမချောပြောတဲ့နေပူတော်အဲလေနေပြည်တော်ပုံရိပ်တွေကိုလာရောက်ကြည့်ရှုသွားပါတယ် တော်တော်သာယာဒါဘဲနော်ဒို့ရွှေပြည်ကြီးလဲတိုးတက်နေပါပြီလူကြီးမင်းများကိုကျေးဇူးတင်ပါတယ်

ပုံတွေ တ၀ကြီးကြည့်ရလို့ကျေးဇူး မမ။
စကားမစပ် အင်ကြင်းပန်းဝိုင်းက အလှဆုံးပဲ (((ဟမ်)))

Anonymous said...

ဒီလမ်းတွေက ကားဘီးကိုပါးစေတယ်
မြို့တော်ကိုထိန်းသိမ်းဖို့ ကတော်တော်ခက်တယ်
ဝါးလုံးခေါင်းထဲက လသာမနေပါနဲ့ 
အမြင်ကျယ်ကြပါ
အကောင်းမမြင်လို့ မဟုပ်ပါဘူး
တိုးတက်လာတက်အတွက်ကျေးဇူးတင်ပါတယ်

Negative Thinking ရှိတယ်လို့ ယူဆနိုင်ပါတယ် ။

တိုင်းပြည် ဘဏ္ဍာတွေကို ဘာအတွက်

အဲလို ဖြုန်းတီးခဲ့တာတဲ့လဲ ... ။

ဘုရင်ရူး ဆိုတာ ... ဘ၀င်ရူးထက် ပိုဆိုးတာပဲ ။

ရောမမြို့ကြီး မီးလောင်နေတုန်းက

နီရိုးဘုရင် တီးခဲ့တဲ့ စောင်းသံတွေကို

အဲဒီ ကျတ်ပြေးမှာ တစ်ချိန်လုံး ဖွင့်ထားရင်

ပိုပနံရမယ် လို့ ထင်မိတယ် ...။