ကြက်ဥရေညှိပေါင်းနဲ့ ကျွန်မတို့ရဲ့ ဒေသအစားအစာများ

ဒီတစ်ပတ်အတွက် စားသောက်ဖွယ်ရာကဏ္ဍမှာ ကြက်ဥရေညှိပေါင်းလုပ်နည်းကို အရင်ဆုံး ပြောပြချင်ပါတယ်။

ကြက်ဥရေညှိပေါင်း


ကြက်ဥရေညှိပေါင်းဖို့ ပထမဦးစွာ ကြက်ဥ၅လုံးကို (စားမည့်လူဦးရေနှင့် တွက်ချက်၍ အလုံးရေ အတိုးအလျော့ လုပ်ပါ) ပန်းကန်တစ်ခုထဲ ဖောက်ထည့်၍ ဆား၊ အရသာမှုန့်၊ ရှောက်ကော၊ ပါးကော (မရှိက- ငရုပ်ကောင်းမှုန့်များ) ထည့်ကာ နာနာခေါက်ပါ။

Image Hosted by PicturePush - Photo Sharing


 ခရမ်းချဉ်သီး၊ ငရုပ်သီး၊ ကြက်သွန်ဖြူ နီ၊ နံနံ၊ ကြက်သွန်မြိတ် တို့ကို တောက်တောက်စင်းပါ။



ထို့နောက် ကြက်ဥထဲ ထည့်ပါ။


ရေညှိအခြောက်ကို မိမိနှစ်သက်သလောက် ကပ်ကြေးဖြင့် ခပ်မျှင်မျှင် လှီးဖြတ်၍ထည့်ပါ။

ရေညှိအချပ်


ရေညှိအမျှင်ခြောက်

ကြက်ဥနဲ့ပေါင်းဖို့ ရေညှိကို အထက်ပါ ပုံထဲက ထမင်းလိပ်လုပ်သော ရေညှိအချပ်ဖြစ်စေ၊ အမျှင်များကိုဖြစ်စေ  ကြိုက်နှစ်သက်ရာကို ပါးပါးလှီးထည့်လို့ရပါတယ်။ ဒီမှာတော့ ကျွန်မက ၂မျိုးလုံး ထည့်ထားပါတယ်.





ညှပ်ထားပြီး ရေညှိများထဲ ရေအေးလောင်းထည့်ပါ။



ထို့နောက်ရေညှိများကို ကြက်ဥပန်းကန်ထဲ လောင်းထည့်ပါ။ ဆီအနည်းငယ်ထည့်ပါ။ ကြက်ဥပေါင်း ကျစ်ခဲမနေစေရန် ရေများများထည့်ဖို့ လိုအပ်ပါသည်။ ဇွန်ဖြင့် နာနာမွှေပါ။


ဆားအပေါ့အငံမြည်းပြီးပါက မီးဖိုပေါ်တွင် ရေနွေးအိုးတည်က ကြက်ဥကို ပေါင်းပါ။



 မီးအနေအထားကိုကြည့်၍ မိနစ် ၂၀ခန့် ပေါင်းပြီး ကြက်ဥများအားလုံး ခဲသွားပြီဆိုလျှင် မီးဖိုမျ ချ၍ အအေးခံကာ စားသုံးနိုင်ပါပြီ။ ကြက်ဥ ရေညှိပေါင်းအရသာမှာ ကျွန်မတို့ ကချင်ပြည်နယ်မှာ စားလေ့ရှိသော မှိုကပ်ကို ကြက်ဥနှင့်ပေါင်းသော အရသာနှင့် ဆင်ဆင်တူပါတယ်။


ကြက်ဥရေညှိပေါင်း

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ရေညှိရဲ့ ကောင်းကျိုးများကို ကျန်းမာရေးအတွက် ရေညှိတစ်ခွက် အမည်နဲ့ ပိုစ့်တစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ်။ မဖတ်ရသေးသူများ (ဒီနေရာမှာ ) ဖတ်နိုင်ပါတယ်ရှင်။




~~~~~~~~~~~~~@@@~~~~~~~~~~~~~~~

မုန်ညင်းပေါင်း

နောက်ထပ် ကျွန်မတို့ရဲ့ ဒေသအစားအစာတစ်မျိုးက မုန်ညင်းပေါင်း ဖြစ်ပါတယ်။
 မုန်ညင်းသီးသန့်ပေါင်းတဲ့ မုန်ညင်းပေါင်းအပြင်  ဟင်းနုနွယ်ရွက်၊ ဟင်းပြင်းရွက်၊ ဖရုံရွက်၊ ဂေါ်ဖီရွက် ကိုက်လန် စတဲ့ အရွက်တွေကို မုန်ညင်းနဲ့ ရောနှော၍ ဖြစ်စေ သီးသန့်ဖြစ်စေ ခုလိုနည်းနဲ့ ပေါင်းစားလို့ ရပါတယ်။  ဖရုံသီး နုနု၊ ခ၀ဲသီးစသည့် အသီးများကိုလည်း ပါးပါးလှီးကာ ထည့်ပေါင်းကြတတ်ကြပါတယ်။ ဒီလို အသီးအရွက်တွေ အစုံပေါင်းထားတာကို ကျွန်မတို့ဒေသမှာ ဟင်းစုံပေါင်း (သို့မဟုတ်) ဟင်းပေါင်းလို့ ခေါ်ကြပါတယ်။ အထမ်းများ၊ ခေါင်းရွက်များဖြင့် လှည့်လှည်ရောင်းချတတ်ပြီး ဟင်းအဖြစ် ထမင်းနှင့် စားရုံသက်သက်သာ မဟုတ်ဘဲ၊ အဆာပြေ သရေစာအဖြစ်ပါ စားလေ့ရှိကြပါတယ်။ ငရုပ်သီးထောင်းလေးပါ ပူးတွဲထည့်ပေးတတ်ပါတယ်။

အခု ဒီမှာတော့ ကျွန်မက မုန်ညင်းပေါင်းလုပ်နည်းကို ဖော်ပြချင်ပါတယ်။ မုန်ညင်းပေါင်းဖို့အတွက် မုန်ညင်းစိမ်းများကို ရေစင်အောင်ဆေးပြီး အနေတော် လှီးဖြတ်ထားပါတယ်။ ဂေါ်ဖီထုပ် ပါးပါးလှီးကာ အနည်းငယ် ထည့်ပါတယ်။



ရေဆေးထားတဲ့ မုန်ညင်းနဲ့ ဂေါ်ဖီ


ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်း၊ စိမ်းစားငပိ၊ ဆား၊ အရသာမှုန့်၊ ပုဇွန်ခြောက်ထောင်း၊ ခရမ်းချဉ်သီး၊ ဆီ အနည်းငယ်ထည့်ပါတယ်။ ဆီပါမှ မုန်ညင်းပေါင်းက နူးအိပြီး ပိုစားကောင်းပါတယ်။ အိမ်မှာတော့ အမေက ငပိနဲ့ ဆားကို အရည်ဖျော်ပြီးမှ ထည့်တာပါ။ ကျွန်မက နည်းနည်း အပျင်းထူတဲ့အတွက် ဒီအတိုင်းထည့်ပါတယ်။ :)



ဆန်မှုန့် ( မှုန့်နှစ်) Rice Flour သင့်တော်သလောက် ထည့်ပါတယ်။ များရင်လည်း စားလို့ကောင်းပါတယ်.



 
၎င်းတို့အားလုံးကို  ရေအနည်းငယ်ထည့်၍ သမအောင် ရောမွှေပါတယ်။ လက်ညိုးဖျားလေးဖြင့် အနှစ်ကို တို့၍ လျှာဖျားဖြင့် အပေါ့အငံမြည်းကာ အရသာ စိတ်ကြိုက်ဖြစ်ပါက ပေါင်းနိုင်ပါပြီး


Rice Cooker ထဲ ရေထည့်ပြီး အပေါ်ဆင့်မှာ ပိတ်ပါးစ (သို့မဟုတ်) ငှက်ပျောရွက်ခံကာ မုန်ညင်းများကိုထည့်၍ မိနစ် ၃၀ခန့်   မုန်ညင်း အနေအထားကိုကြည့်ပြီး မုန်ညင်းမနူးမချင်း ပေါင်းပါတယ်။  ငှက်ပျောရွက် မရှိပါက ဂေါ်ဖီရွက် အကြမ်းများကို ခင်းနိုင်ပါတယ်။



မုန်ညင်းကို မြည်းကြည့်လို့ မုန်ညင်းရိုးများပါ နူးအိပြီဆို ချနိုင်ပါပြီ။ မုန်ညင်းပေါင်းသည် ပူပူနွေးနွေးမှ ပိုစားကောင်းပါတယ်။


အပေါ်က နံနံပင်လေး အုပ်လိုက်မယ် ဆိုရင် စားချင်စဖွယ် မုန်ညင်းပေါင်းတစ်ခွက်ရပါပြီ။



ကြိုက်နှစ်သက်ရာ အသီး အရွက်များကို ခုလိုနည်းအတိုင်း ပေါင်းစားနိုင်ပါတယ်ရှင်။


~~~~~~~~~~~~~@@@~~~~~~~~~~~~~~~


ချဉ်ပေါင်သီးဆန်လှော်



ကျွန်မတို့အရပ်မှာ ချဉ်ပေါင်တွေ ရင့်မှည့်ချိန်ဆို ချဉ်ပေါင်သီးများ လှိုင်လှိုင်ပေါပါတယ်။ အဲဒီချဉ်ပေါင်သီးကို သရေစာအတွင် ယိုထိုးလေ့ရှိသလို၊ အစားအသောက်အဖြစ် ချဉ်ပေါင်သီးထောင်း၊ ချဉ်ပေါင်သီးဆန်လှော် စသဖြင့် ချက်စားလေ့ ရှိပါတယ်။

ချဉ်ပေါင်သီးများကို ခုလို အပေါ်ခွံခွာပြီးရေဆေးထားပါတယ်.. ချဉ်ပေါင်သီးနုရင်တော့ အလုံးလိုက်ထည့်ချက်ကြပါတယ်။




ချဉ်ပေါင်သီးကို  ဆန်လှော်ချက်စားဖို့  ဟင်းရည်အိုးတည်ပါတယ်.. ငပိ၊ ဆား၊ ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက်၊ ဆီအနည်းငယ် ခပ်ပါတယ်။ ဟင်းရည်အိုးဆူရင် ချဉ်ပေါင်သီးများကို ထည့်ပါတယ်။ ဆန်ကို ရေဆေးပြီး ရေစစ်ထားကာ အညိုရောင်ဖြစ်အောင် လှော်ပါတယ်။ မြန်မာဈေးမှာတော့ ဆန်လှော်မှုန့် ရယ်ဒီမိတ်ထုတ် ရနိုင်ပါတယ်။ ဆန်လှော်ကို အမှုန့်ဖြစ်အောင် ပြုလုပ်ပြီး ဟင်းရည်အိုးထဲ ထည့်ပါတယ်။ အရသာ အပေါ့အငံမြည်းလို့ ဟင်းရည်အိုးလည်း ကျပြီဆိုရင် နံနံပင် သို့မဟုတ် ပင်စိမ်းရွက်လေး ခတ်လိုက်တဲ့အခါ ချဉ်လဲချဉ် ဆန်လှော်နံ့လေး မွှေးတဲ့ ချဉ်ပေါင်သီးဆန်လှော်ဟင်း တစ်ခွက်ရပါပြီ။

ချဉ်ပေါင်သီးဆန်လှော်ဟင်း

~~~~~~~~~~~~~@@@~~~~~~~~~~~~~~~


ချဉ်ပေါင်သီးဆန်လှော်ဟင်းနဲ့ရော မုန်ညင်းပေါင်းနဲ့ပါ တွဲဖက်စားဖို့ ငရုပ်သီး ထောင်းချင်ပါသေးတယ်။ ကျွန်မ ထောင်းမဲ့ ငရုပ်သီးထောင်းက သစ်ကြားသီး ငရုပ်သီးထောင်းပါ။ ကျွန်မတို့ဘက်မှာ အီဆိမ့်တဲ့ အရသာရှိတဲ့ သစ်ကြားသီး၊ ငါးပေါက်သီးတို့လို Nut တွေကို ငရုပ်သီးနဲ့ တွဲဖက် ထောင်းစားကြပါတယ်။

သစ်ကြားသီး (@) Waltnut


Walnut လို့ခေါ်တဲ့ သစ်ကြားသီးဟာ ကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစေ့အဆန်ဖြစ်ပါတယ်။ သွေးဖိအားနဲ့ ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ အကျိုးရှိစေတယ်လို့ သိရပါတယ်။ တရုတ်နဲ့ အနောက်ဥရောပနိုင်ငံတစ်ချို့ရဲ့ တိုင်းရင်းဆေးဝါးတွေမှာ သစ်ကြားသီးကို ထည့်သွင်းဖော်စပ်လေ့ရှိပြီး သွေးတွင်းမှ အဆီခဲများနဲ့ ဆီးကျောက်များကိုပင်  ခြေနိုင်စွမ်းရှိတယ်လို့လည်း မှတ်သားရပါတယ်.. သစ်ကြားသီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအကျိုးပြုအချက်တွေ အများအပြားရှိပါသေးတယ်.. ကြုံကြိုက်ရင်တော့ သစ်ကြားသီးရဲ့ ကောင်းကျိုးများကို နောက်များမှ သီးသန့် ဖော်ပြပေးချင်ပါတယ်။ အခုတော့ ငရုပ်သီး ဆက်ထောင်းပါဦးမယ်။

သစ်ကြားသီးငရုပ်သီးထောင်း

ဒီလို ကျန်းမာရေးအတွက် အကျိုးဖြစ်နိုင်တဲ့ သစ်ကြားသီးကို ထောင်းဖို့ အခွံခွာပြီး အဆန်များကို သီးသန့်ထားပါတယ်။

သစ်ကြားသီးအဆန်



ငရုပ်သီးနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါတယ်။

ငရုပ်သီးကြက်သွန်ဖြူ ညက်ရင် သစ်ကြားသီး အဆန်များကိုထည့်ကာ ဆား၊ အရသာမှုန့် ထည့်ပြီး ထောင်းပါတယ်.. အားလုံး ညက်ခါနီးမှာ နံနံ(သို့) ရှမ်းနံနံ ပါးပါးလှီးထည့်ကာ ခဏထောင်းလိုက်ပြီးရင် သစ်ကြားသီးငရုပ်သီးထောင်း စပ်စပ်လေး ရပါပြီ။


သစ်ကြားသီး ငရုပ်သီးထောင်း


အချဉ်ရည်ဟင်းနဲ့ ငရုပ်သီးထောင်းဟာ အင်မတန်မှ လိုက်ဖက်တဲ့ အတွဲစပ်ဖြစ်ပါတယ်။ ငရုပ်သီး ကြိုက်သူများ အတွက်တော့ အသားဟင်းမလိုအောင် လျှာရင်းမြက်စေတဲ့ ဟင်းလဲဖြစ်ပါတယ်။ သစ်ကြားသီး ငရုပ်သီးထောင်းကို တင်ဖို့ အစီအစဉ်မရှိပေမဲ့ ချစ်သော ညီမလေး ဖြိုးဖြိုးက တင်ပေးပါဆိုလို့ ထည့်လိုက်ပါတယ်။ သူနေတဲ့ အရပ်မှာက သစ်ကြားသီးပေါပေမဲ့ ငရုပ်သီးက ရှားပြန်ရော။ ဖြိုးရေ ငရုပ်သီးမရှိရင် ကြက်သွန်ဖြူနဲ့သာ ထောင်းပေတော့ :)



~~~~~~~~~~~~~@@@~~~~~~~~~~~~~~~



ဒီနေ့ ဖော်ပြထားတဲ့ ဟင်းလျာတွေက ထူးထူးဆန်းဆန်းမဟုတ်ဘဲ ကျွန်မတို့ ဒေသမှာ သူသူကိုယ်ကိုယ် ချက်စားလေ့ ရှိတဲ့ အိမ်ဟင်းများသာ ဖြစ်ပါတယ်။ ဟင်းမကောင်းဘူး၊ အကြိုက်မတွေ့ဘူး ဆိုရင်တော့ မချောတစ်ယောက် အသားငါး ချက်စားဖို့ ဘိုင်ပြတ်နေတာမို့  ဒီတစ်ပတ်တော့ ခွင့်လွှတ် သီးခံပေးကြပါလို့နော်။း)Facebook ကနေ ရောက်လာသူများ ၀က်သားကောင်လုံးကင် မဟုတ်လဲ ကြက်ဥရေညှိပေါင်းလေး အားပေးသွားကြပါလို့။  :)  :)



31 Responses to “ကြက်ဥရေညှိပေါင်းနဲ့ ကျွန်မတို့ရဲ့ ဒေသအစားအစာများ”

ရေညှိအရမ်းကြိုက်တယ်။ ကြက်ဥ ရေညှိပေါင်း လုပ်စားအုံးမယ်။ အိမ်မှာလဲ ရေညှိတွေ အဆင်သင့်ရှိနေတာနဲ့ အတော်ပဲ (အိမ်နံရံက ရေညှိ မဟုတ်ပါ)
ကြက်ဥငါးလုံးဆိုရင် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီက ဘယ်လောက်ထည့်ရမှာလဲ၊
ချောလိုတော့ တအားနုတ်အောင် မစင်းတတ်ဘူး၊ စိတ်မရှည်တာလဲ ပါတယ်။ မနုတ်တနုတ် စင်းလဲ ဖြစ်တယ် မဟုတ်လားဟင်။

အောက်ဆုံးမှာ ချဉ်ပေါင်သီးဆန်လှော်က ခေါင်းစဉ်ပဲ ပါတယ် ချောရေ။ ဖြည့်လိုက်အုံး။ မေးထားတာတွေလဲ ဖြေဖို့ မမေ့နဲ့နော်။ စာကျက်ရင်း လာလာချောင်းနေမှာ။ :))

ပိုစ့်က တင်နေရင်း တစ်ဝက်ပြတ်ကျန်ခဲ့တာ
တော်သေးတယ် preview လုပ်ထားတော့ အဲဒီကနေ ပြန်ကူးရလို့ မဟုတ်ရင် အစကနေ ပြန်တင်ရရင် ဒီည အိပ်ရဖို့ မရှိတော့ဘူး။
မမေဖတ်တော့ တစ်ဝက်ဘဲ ပါသွားတယ်. အိမ်နံရံက ရေညှိတော့ ခွာပြီး မပေါင်းလိုက်ပါနဲ့နော်.. ဟိဟိ
ခရမ်းချဉ်သီး တစ်လုံးလောက်ဆို ရပြီ မမေ.. သူက ချဉ်တဲ့အရသာပေါက်သွားရင် စားမကောင်းဘဲနေမယ်.. ကြက်သွန်ဖြူ ၆မွှာလောက် ငရုပ်သီး ၃ ၄တောင့်၊ ကြက်သွန်နီ တစ်ဥ အလွန်ဆုံး ၂ဥဆို ရပါတယ်.. မနှုတ်တနှုတ်လဲ ရတယ် ဘာမှမဖြစ်.. သွားကောင်းတယ် မဟုတ်လား ဟီး
ဖြေပြီးပြီ.. စာကောင်းကောင်းကျက်တော့နော်း)

Anonymous said...

O. o စားချင်လိုက်တာ မုန့်ညှင်းအဖူးတွေကို
ပေါင်းပြီ ခရမ်းချဉ်သီးထောင်းဆမ်း နံနံပင် ပေါက်ခါစလေးတွေ အုပ် ရှလွတ် :P ခေါပုပ်ကြော်လေးပါကြော် အားလုံးရရင် ခေါင်းပေါ်ရွက်ပြီး သားလေးကိုလာတောင်းလှည့်
အိမ်အပေါ်ထပ်မှာ ၂နှစ်အရွယ်ကလေးလေး လာနေနေကြပြီ သူနဲ့ပေးစားမယ်နော် နော် နော်

Baby taster

mg han said...

ဆီပါရင်လွှစာတောင်ကောင်းတယ်ပြောတယ်..ခုဟာကဆီမပါပြားမပါနဲ..အညာသား(ကျွန်တော့်လိုလူတွေတော့)ကြိုက်မယ်မထင်..(စမ်းတော့လုပ်ကြည့်ဦးမယ်):P

rose said...

အဲ... အစ်မချောကသာ တင်ထားတဲ့ ပာင်းတွေက မဆန်းပါဘူး ပြောနေ... ရို့စ်အတွက် အဲ့ဒီ ဒေသကို မရောက်ဖူးတော့ တစ်ခါမှလည်း အဲ့လိုတွေ မစားဖူးဘူး။ မြည်းကြည့်ချင်လိုက်တာ။ မုန်ညင်းပေါင်းလေး လုပ်စားကြည့်ဦးမှ။ ချဉ်ပေါင်သီးကတော့ မရလို့ လုပ်စားလို့ မရ။ walnut ကို အဲ့ဒီလို ငရုတ်သီးနဲ့ ထောင်းတာလည်း ရို့စ် အတွက် တော်တော် ဆန်းတယ် ခိခိး) ပါးစပ် အပောာင်းသားနဲ့ ဖတ်သွားတယ်။

ခေါင်းကြိမ်းနေတဲ့ ဝက် said...

ချောရေ... သူငယ်ချင်းက ထူးထူးဆန်းဆန်းအစားအစာ ဆို အရမ်းကြိုက်တာ .. ကြက်ဥရေညှိပေါင်းက မကြားဖူးဘူး လုပ်စားကြည့်ရမယ် ဒီတော့ နည်းလေး ယူသွားဘီနော် တယောက်သော သူငယ်ချင်းလေးကို လုပ်ကျွေးချင်လို့

တာ့တာ

ကျန်တာတွေတော့ သိပ်စိတ်မဝင်စားပါဘူး ဟိဟိ

ဘာနေ said...

မစားဖူးတာတွေများတယ်ဗျာ အထူးအဆန်းတွေမို့ မှတ်သားမိပါတယ် သစ်ကြားသီး ငရုတ်သီးထောင်း စားကြည့်ချင်တာ .. ကောင်းမယ်ထင်တယ် . ပျော်ရွှင်ပါစေ အမ .

ကြက်ဥပေါင်းတော့ကြိုက်ဝူး.. ငယ်ငယ်က တအားစားရလို့လားမသိဘူး... အီသွားတာ. ခုထိပဲ..း))... မုန်ညင်းပေါင်းတော့သိပ်ကြိုက်... ဒါပေမယ့် အဲဒါက လေစာ... များများစားရင်ဗိုက်အောင့်ရော..... အဟဲ... ချဉ်ပေါင်သီးကို မမြင်ရတာ ဆယ်နှစ်လောက်ရှိတော့မယ်.. သေချာကြည့်သွားတယ်.. ဟိဟိ

ခင်မင်လျက်
နေ၀ဿန်

Anonymous said...

ကြက်ဥပေါင်း လုပ်စားကြည့်အုံးမယ် ..
ညှပ်ထားပြီး ရေညှိများထဲ ရေအေးလောင်းထည့်ပါ။
ဆိုတော့ နောက်ဆုံး
အဲ့ဒီ့ ရေတွေရော နောက်ဆုံး
ကြက်ဥ ပန်းကန်ထဲ ဆယ်ထည့်ရမှာလား ..

နောက်
ကြက်ဥပေါင်း ကျစ်ခဲမနေစေရန် ရေများများထည့်ဖို့ လိုအပ်ပါသည်။
ဆိုတာ ထည့်ပေါင်းတဲ့ အိုးထဲလား ..
ကြက်ဥ တွေ ထည့်ထားတဲ့ အိုးထဲလား ..

အောက်က ပုံတွေ ကြည့်တော့
ဆားအပေါ့အငံမြည်းပြီးပါက မီးဖိုပေါ်တွင် ရေနွေးအိုးတည်က ကြက်ဥကို ပေါင်းပါ။ ဆိုတော့
ရေထဲထားတဲ့ အိုးထဲမှာ ပေါင်းတာ မဟုတ်သလိုပဲ ..

လုပ်စားကြည့်ချင်တယ် ..
ဆောင်းနှင်းပဲ မချော ရေးထားတာ နားမလည်တာလား မသိဘူး..
ပြန်ဖြေပေးပါလား ..
မချော ရေ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

အကုန်ကြိုက်၊အရမ်းကြိုက်၊လုံးဝမလျှော့ဘူးးP

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆောင်းနှင်းရေ
ရေညှိရေ ရေတွေရော ကြက်ဥပန်းကန်ထဲ ထည့်လိုက်တာပါ။
ကြက်ဥပေါင်း ကျစ်ခဲမနေဖို့ ရေများများထည့်ပါဆိုတာက ကြက်ဥပန်းကန်ထဲ ထည့်တာပါ။ ရေများမှ အိအိလေးနဲ့ စားကောင်းပါတယ်။
မီးဖိုပေါ် အိုးတည်၊ ရေထည့်ပြီး အဲဒီထဲကိုမှ ကြက်ဥပန်းကန်ကို ထည့်ပေါင်းလိုက်တာပါ။ အခါတိုင်း ရိုးရိုး ကြက်ဥပေါင်းသလိုဘဲ ပေါင်းတာပါဘဲ။
အဆင်ပြေပါစေနော်.

Anonymous said...

ချောရေ..
ကြက်ဥပေါင်းကိုတော့ pass ပေးလိုက်မယ်။
သစ်ကြားသီးငရုပ်သီးထောင်းတော့ စမ်းချင်တယ်။ အစပ်ကြိုက်တော့ ကြိုက်မှာသေချာတယ်။
အိုင်အိုရာ

မချော ဘိုင်ပြတ် မုန်ညင်းချက်

ဆန်လှော်ဟင်းနဲ့  နှပ်

သစ်ကြား ငရုပ် ထောင်းကာထား

ကြက်ဥပေါင်းနဲ့ ညား

ကဲ... ကျနော်တို့ ကိုလဲ ကျွေးပါဦးလား...

ဟီး ... စိတ်ရူးပေါက်တုန်း လျောက်ရေးစပ်ကြည့်တာ (အစ်မချော စိတ်မဆိုးရ)

Anonymous said...

ညီမ ချောရေ

ငရုပ်သီးထောင်းလေးက စားချင်စရာ အဲလို တခါမှ မတခါဘူးဘူး စားကြည့်အုန်းမယ် ကြက်ဥပေါင်းလဲ ကြိုက်တယ်

ခင်တဲ့
အမရွှေစင်

ကိုလတ် ကတော့ လုပ်ဘီ...ရီလိုက်ရတာ..သူ့ကဗျာလေးဖတ်ပြီး...။
ဒီတစ်ခေါက် ဟင်းတွေက ကျွန်တော်တစ်ခုမှမကြိုက်...။
ဟိုးအရင်က အိမ်မှာ ဘိုင်ပြတ်ရင် ကြက်ဥချက်နေကြဆို
တော့ ကြက်ဥဆို အရမ်းမုန်း...၊ငရုတ်သီးနဲ့က ဒီတစ်သက်
မခေါ်ကြေးရန်ဖြစ်ထားတာ...၊မုန်ညှင်းလည်း သိပ်မကြိုက်
ချဉ်ပေါင်ကိုလည်း ဖာသိဖာသာပဲ...:)))။ဒါပေမယ့် အမေ့
ကိုသွားသတိရသဗျာ...၊အမေက အဲ့လိုမျိုးတွေ လုပ်စားရ
သိပ်ဝါသနာပါတာကလား...။မြန်မာပြည်ပြန်ရင် အစ်မပို့စ်
တွေပရင့်ထုတ်ပြီးအမေ့ကိုပေးရမယ်....:))

မောင်မျိုး said...

မစားဖူးတာတွေကြီးပဲ စားချင်လို်က်တာ သန့်နေတာပဲ အစ်မကတော်တယ် ။

ကြက်ဥပေါင်း အရမ်းကြိုက်တာ.. အဲလိုမျိုး ရေညှိထည့်ပေါင်းဖို့ အိုင်ဒီယာ မရဘူး.. လုပ်စားကြည့်ဦးမယ်.. သစ်ကြားသီးနဲ့ ငရုတ်သီးထောင်းတာ ထူးထူးဆန်းဆန်းလေးနော်.. စားကြည့်ချင်တယ်။

ကျောက်ဥရေညှိပေါင်း said...

သစ်ကြားသီးထောင်းက ငရုပ်သီးမပါပဲ ဘာနဲ့ထောင်းရင်ကောင်းမလဲ..ငရုပ်သီးကတော့ မစားရဲဘူး..ဟိုနေ့က ငံပြာရည်ချက်ကို စားတာ ငရုပ်သီးနဲနဲပါလို့ တညလုံး ဗိုက်နာပြီး မအိပ်နိုင်ဘူး..ဆေးတွေ တော်တော်သောက်ယူရတယ်၊ ကြက်ဥကလဲ မစားချင်ဘူး..ဒီတခါ စားစရာ တခုမှ မစားနိုင်ဘူး..ချဉ်ပေါင်ဖူးကလဲ မပေါ်သေးလို့ မရှိဘူး..

ဟင်းတွေက ရှယ်ပဲချောရယ်။ မုန်ညင်းပေါင်းကိုတော့ အစားချင်ဆုံးပဲ။ အဲလို ဆီမပါတဲ့ ဟင်းလေးတွေ ကြိုက်တယ်။ ဟိုတလောတုန်းက ရေညှိဖတ်တွေ လက်ဆောင်ရတာ ဘာလုပ်စားရမှန်းမသိလို့(ဆူရှီလည်း မကြိုက်)သွားရေစာလို ဒီတိုင်းစားပစ်လိုက်တယ်။ ဒီလိုမှန်းသိ ကြက်ဥလေးနဲ့ ပေါင်းလိုက်ပါတယ်။

ချစ်ကြည်အေး said...

စိတ်အဝင်စားဆုံးက မုန်ညှင်းပေါင်းနဲ့ သစ်ကြားသီး ငြုတ်သီးထောင်း.....ဝါးးးးးးး စားချင်တယ် စားချင်တယ်..... :)

သစ်ကြားသီးငရုပ်သီးထောင်းစားချင်လိုက်တာနော်။

ကိုအောင်(ပျူနိုင်ငံ) said...

စားစရာတွေ ဖတ်ရတာ ဗိုက်ဆာတယ် မချောရေ ... :P

Evy said...

ကြက်ဥပေါင်းကို ဘယ်တုန်းကမှ မကြိုက်ခဲ့တာ ခုတော့ လုပ်စားချင်စိတ်ပေါက်သွားပြီ ချောရေ။ ကျေးဇူးပါ။ မုန်ညှင်းပေါင်းကတော့ အထူးပြောစရာမလိုအောင် ကြိုက်ပြီးသားပါ။

chitsoe said...

မမချောရေမုန်ညှင်းပေါင်းတင်လိုက်မှကျွန်တော်တို့ရွာကိုအရမ်းသတိရသွားတယ်ဗျာကျွန်တော်တိုကမုန်ညှင်းပေါင်းကိုအဖူးလိုက်ပေါင်တယ်ချဉ်ပေါင်သီးကိုတော့ထောင်းစားတယ်လှော်စားတယ်မမချောလိုဆန်လှော်တော့ချက်မစာဘူးဘူးဒီတစ်ခါချက်စာကြည်မယ်နော် ကျွန်တော်တိုကချဉ်ပေါင်သီးလှော်မုန်ညှင်းပေါင်းကိုခေါပုတ်(ခေါ)ခေါစီ(ခေါ)ခေါပြင်နဲ့စားတယ် မိုးညင်း မိုးကောင်းရောက်ရင်အထမ်းကလေးတွေနဲ့ရောင်းတာကိုမြင်ရောင်မိတယ်မမချောရေ

ကြက်ဥပေါင်းနဲ့ မုန့်ညှင်းပေါင်းကို စိတ်ဝင်စားတယ် .. :D

ဒါပေမယ့် ခက်နေတာက ညီမက ကြက်သွန်မစားတာ .. အဖြူအနီ လုံးဝ မကြိုက်တာ .. :D

ပြီးတော့ ငပိထောင်းဆို ချဉ်တာလေးပိုကြိုက်တယ်
သစ်ကြားသီးတော့ ဘယ်လိုနေလဲ မသိဘူးနော် .. အီအီစပ်စပ်လေးလား .. :D

Nyi Linn Thit said...

ဒီတခါ ဟင်းတွေက အထူးအဆန်းတွေ ချည်းပါလား မချောရေ..၊ မသိတာတွေ များတယ်၊ အားလုံးကတော့ စားချင်စရာတွေချည်းပဲ၊ သစ်ကြားသီးကို အခုလို ငရုတ်သီးထောင်း လုပ်စားလို့ရတာ တခါမှ မကြားဖူးဘူး၊ ဒီမှာ အရမ်းပေါတယ်၊ နောက်တခါ စမ်းကြည့်ဦးမယ်..။ ဝေမျှတာ ကျေးဇူးဗျို့...။

မချောရေ မုန့်ညှင်းပေါင်းလေးကြည့်ပီး အရမ်းစားချင်လာတယ် အိမ်ကျရင် လုပ်စားဦးမယ် ကောက်ညှင်းဆန်မှုန့်ထည့်စရာမလိုဘူးမို့လား
လက်တည့်စမ်းချင်လာပီးD

PhyoPhyo said...

မချောရေ
နောက်ကျမှာရောက်လာလို့ မချောဟင်းတွေကုန်ပြီထင်တယ်၊ ထုံးစံအတိုင်း ရွာ ရောက်နေလို့ :D
သစ်ကြာသီးငရုတ်သီးထောင်းလေးအတွက်
ကျေးဇူးအများကြီးတင်ပါတယ်၊ ငရုတ်သီးစပ်တာရှာပြီးထောင်းစားဦးမယ်၊
အစပ်က တစ်ယောာက်တည်းပဲ စားရမှာပဲ၊
ကြက်ဥပေါင်းလည်း ကြိုက်တယ်၊
မုန်ညင်းလဲကြိုက်တယ်၊
ချဉ်ပေါင်သီးဆန်လှော်လည်းကြိုက်တယ်၊
မေမေ တစ်ခါတစ်လေ ချက်ကျွေးဖူးတယ် ငယ်ငယ်တုန်းက၊
ရန်ကုန်မှာတော့ မစားဖြစ်ပြန်ဘူး၊
fb ကနေ ၀က်ကောင်လုံးကင်တွေ့တော့ အဟုတ်များလားလို့ လန့်သွားတာပဲ၊
ပိုစ့်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊
မချောသင်္ကြန်ဘယ်မှာရှိမှာလဲ
ရုံးဆယ်ရက်ပိတ်တော့ ပျော်စရာကြီး၊
သင်္ကြန်နဲ့ မြန်မာနှစ်ကူးမှာ မချော ပျော်ရွှင်ချမ်းမြေ့ပါစေ
(ညက ရောက်ရောက်ချင်းအမြန်ဖတ်ပြီး အိပ်ပျော်သွားလို့)
ချစ်တဲ့

Sunny said...

မမချော.. မုန်ညင်းပေါင်း ပို့ပေးပါ.. ဗိုက်ဆာတယ်.. :)

ဆန်းတယ်။ စိတ်ဝင်စားစရာချည်းပဲ။
မုန်ညင်းပေါင်းကိုလုပ်ကြည့်ချင်တယ်။
ရေညှိကိုအဲလိုစားနည်းမျိုးလည်းရတာပဲနော်။

တော်တယ်ချောရယ်။ အားလုံးစားချင်လာတယ်။

ပြောဘို့မေ့သွားလို့
သစ်ကြားသီးငရုပ်သီးထောင်း ကို ဖတ်တော့ မစားဘူးပဲနဲ့ စားချင်သလိုဘာလိုလို ပါးစပ်ထဲမှာဖြစ်ရတယ်။