ကချင်ပြည်နယ် လက်ဆောင်

အားလုံးပဲ မင်္ဂလာပါရှင်..  

ကချင်ပြည်နယ်က ကျွန်မရဲ့ ဇာတိ ဖားကန့် ကျောက်စိမ်းတွင်းကို ပြန်သွားတဲ့ခရီးက ပြန်ရောက်ပါပြီ။  ကျွန်မ မရှိသော်လည်း ပုံမှန်အတိုင်း အလည်လာ စာဖတ်ကြသူများ၊ အိမ်ကလေးကို စောင့်ရှောက်ပေးကြသူများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ ချစ်စွာသော သူငယ်ချင်း မိတ်ဆွေများ၊ စာဖတ်သူများအတွက် ကျွန်မကလည်း ကချင်ပြည်နယ်ထွက် လက်ဆောင်လေးတွေ ယူလာပါတယ်။  ဘာ လက်ဆောင်တွေများ ယူလာတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ပါနော်။ အိမ်အပြန် လက်ဆောင်အဖြစ် ဖားကန့်က ကျောက်စိမ်းတွေများ လက်ဆောင်ယူလာတာလို့များ ထင်နေမလားဘဲ။ ဟုတ်ကဲ့ အားလုံးအတွက် ယူလာတဲ့ လက်ဆောင်တွေကတော့

 
အစိမ်းရောင်တော့ အစိမ်းရောင်ပါ။ ဒါပေမဲ့ ဖက်နဲ့ ထုပ်ထားတဲ့ အထုပ်တွေဖြစ်ပါတယ်။ ဘာတွေများလဲလို့ သိချင်ကြမယ်ဆိုရင် အထုပ်လေးတွေကို ဖြည်ကြည့်ကြပါစို့နော်။


ဖက်ထဲက ဟင်းပြင်းဖူးများ




ဟင်းပြင်းဖူး 


ဒါကတော့ ကျွန်မတို့ကချင်ပြည်နယ်ရဲ့  ဟင်းပြင်းဖူး ဖြစ်ပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားမှန်ရင် မသိသူ မရှိသလောက်ပါဘဲ။ တောတောင်တွေ ပေါလှတဲ့ ကချင်ပြည်နယ်ရဲ့ ဘယ်တောထဲမှာမဆို တွေ့နိုင်ပြီး ယာခင်းတွေနဲ့ စိုက်ပျိုးတာမဟုတ်ဘဲ သဘာဝအလေ့ကျ ပေါက်ပင်ကနေ သီးပွင့်တာ ဖြစ်ပါတယ်။ ကြော်စားစား၊ ဟင်းပေါင်းလုပ်စားစား၊ လှော်စားစား ကြိုက်သလို လုပ်စားလို့ရပါတယ်။



 ဖက်ထဲက ဟင်းပြင်းရွက်


ဆေးကြောထားတဲ့ ဟင်းပြင်းရွက်
ဒါကတော့ အပေါ်က ဟင်းပြင်းသီးရဲ့ အပင်က အရွက်ဖြစ်တဲ့ ဟင်းပြင်းရွက်ဖြစ်ပါတယ်။ အရည်သောက်ချက်ချက်၊ ကြော်စားစား ၊ သုပ်စားစား စားလို့ကောင်းပါတယ်။ 


နောက် တစ်ထုပ်ဖြည်ကြည့်မယ်ဆိုရင် ထွက်လာတာက 

ကံဇင်းရွက် 

ကျွန်မအမြဲပြောလေ့ရှိတဲ့ ကချင်တိုင်းရင်းသားများ သိပ်ကြိုက်သောကံဇင်းရွက် ဖြစ်ပါတယ်။ဆူးကလေးများ ပါတတ်ပါတယ်။ ကြိုက်ရင် အနံ့မွှေးပြီး မကြိုက်ရင် နံတယ်လို့ထင်တတ်ကြပါတယ်။ အရည်သောက် ဟင်းတွေမှာ ဟင်းခတ်ရွက်အဖြစ် အသုံးပြုကြပါတယ်။ 



နောက်တစ်မျိုးက



ကြက်သားကချင်ချက်၊ ငါးပေါင်း ငါးကင် ငါးချက်တွေမှာ မပါမပြီးတဲ့ ဖက်ဖယ်ရွက်ဖြစ်ပါတယ်။ ကျွန်မကတော့ အပင်စိုက်ဖို့ ၀ယ်လာပါတယ်။ အပင်ဖြစ်ထွန်းလာရင် ၀မ်းသာစရာပေါ့နော်။ အရွက်တွေကို ဖက်နဲ့ထုပ်ထားရင် ပိုပြီး ကြာကြာခံတာမို့ ဖက်ကလေးတွေနဲ့ ထုပ်ပြီး ယူလာတာ ဖြစ်ပါတယ်ရှင်။            


ဒီပုံကြည့်ပြီးတော့  ကချင်ပြည်နယ် လက်ဆောင်လဲ ဆိုသေးရဲ့ Grand Royal Whisky တွေလို့ အထင်တော် မလွဲကြပါနဲ့။ :)




သကြား၊ ကြံသကာ စတဲ့ ဘာအရောအနှောမှ မပါသော ကချင်ပြည်နယ်ထွက် ပျားရည်စစ်စစ် ဖြစ်ပါတယ်။ တစ်စက်လောက် တို့ပြီး လျှာပေါ်တင်လိုက်တာနဲ့ ပန်းဝတ်မှုံပေါင်းစုံတို့ရဲ့ အနံ့လေးဟာ မွှေးလှတာမို့ ချိုချိုမွှေးမွှေး ပျားရည်စစ်စစ် လိုချင်သူများ အတွက်ပါနော်။ မွေးမြူရေးပျားရည်ထက် တောတောင်တွေက ပန်းပေါင်းစုံတို့ရဲ့ ပန်းဝတ်မှုံ၊ ပန်းဝတ်ရည်တွေကို စုဆောင်းလို့ ရလာတဲ့ သဘာဝပျားရည်ကို ကျွန်မက ပိုနှစ်သစ်တာမို့ တကူးတက သယ်လာဖြစ်ပါတယ်။ 


ချဉ်စော်ကားသီးဝိုင်


ပေ ၅၀၀၀ကျော် မြင့်မားကာ သစ်ပင်ကြီးများ ထူထပ်ပြီး၊ တောင်တန်းကြီးတွေ မြင့်မားလှတဲ့  ကချင်ပြည်နယ်ရဲ့ ဗန်းမော်၊ မိုးမောက်ဒေသ စိန်လုံတောင်တန်းပေါ်က ထွက်ရှိတဲ့ ချဉ်စော်ကားသီးဝိုင်ပါ။  ခရီးအမှတ်တရ ၀ယ်ဖြစ်ခဲ့ပါတယ်။( ဒီခရီးအကြောင်းကိုတော့ သီးသန့် ဖော်ပြပါဦးမယ်ရှင်) ဒီဝိုင်ကိုတော့ သောက်တတ်သူများ အလိုရှိရင် လက်ဆောင်ယူသွားပါနော်။ ဆေးဘက်လဲ ၀င်တယ်လို့ ဆိုပါတယ်။ :)



ဒါကလည်း ကချင်ပြည်နယ်နဲ့ အဲဒီ စိန်လုံတောင်တန်းပေါ်မှာ တစ်တောတစ်တောင်လုံး ရှိတတ်တဲ့ တည်သီးခြောက်ပါ။ 

 
တည်သီးပါ။ တည်သီးကို `တယ်သီး´လို့ အသံထွက်ပါတယ်။

တည်သီးကို မမြင်ဖူးသူများအတွက် ဖော်ပြပေးတာပါ။ ၄င်းအသီးတွေကို မှည့်တဲ့အခါ ဒီတိုင်းစားကြပြီး အရသာက ချိုပါတယ်။ အတွင်းသားက အပေါ်က ပုံအတိုင်းပါ။ အသီးတွေ သိပ်ပေါလို့ စားမနိုင်တဲ့အခါ အထက်က ပုံလို အခြောက်လှမ်းပြီး ချိန်ခါမရွေးစားနိုင်တဲ့ တည်သီးခြောက်လုပ်ရောင်းကြပါတယ်။ အသီးမှည့်အခြောက်က ပိုချိုပြီး အချို့က အသီးစိမ်းကို အခြောက်လှမ်းရင် အရသာက ဖန်တွတွမို့ စားလို့ မကောင်း ဖြစ်တတ်ပါတယ်။

ကျောက်ဂျင်း

ဒါလည်း စိန်လုံတောင်တန်းပေါ်က ၀ယ်လာတဲ့ ကျောက်ဂျင်းဆိုတာပါ။ ကျွန်မကိုယ်တိုင်တောင် ဒီကျောက်ဂျင်းကို တစ်ခါမှ မစားဖူးတာမို့ ဆိုင်ရှင်ကိုမေးတဲ့အခါ ပါးပါးမျှင်မျှင်လှီးပြီး ခရမ်းချဉ်သီးနဲ့ အစိမ်းသုပ်စားလို့ရသလို ငရုပ်သီးထောင်းစားစား၊ မြေပဲဆန်နဲ့လည်း သုပ်စားစားစား စားလို့ ရတယ်ပြောပါတယ်။ မစားဖူးတဲ့ အစားအသောက် အသစ်အဆန်းတွေကို စိတ်ဝင်စားတာမို့ ၀ယ်လာတာပါ။ အခြားတစ်ရက်မှ ဒီကျောက်ဂျင်းကို သုပ်ကျွေးပါမယ်နော်။


 ပိန်းဥ

ကျောက်ဂျင်းနဲ့ တူသလိုလို ရှိပေမဲ့ မဟုတ်ပါ။ ပိန်းဥပါ ။ ဒီပိန်းဥနဲ့ ကချင်ဟင်းရည် ချက်ကျွေးပါမယ်နော်။


မျှစ်တို့ခြောက် 

အိမ်က သယ်လာတဲ့ မျှစ်တို့ခြောက်ပါ။ မျှစ်ချဉ်ကို ပါးပါးမျှင်မျှင်လေးတွေ လုပ်ပြီး အခြောက်လှမ်းထားတာပါ
။ ငါးချဉ်လဲပါလာပေမဲ့ ဟင်းမချက်ခင် ဓာတ်ပုံမရိုက်ဖြစ်လိုက်မိပါဘူး။


~~~~~~@@@~~~~~~

ဒါတွေကို ချစ်စွာသော မိတ်ဆွေ၊ သူငယ်ချင်းများအတွက် ကချင်ပြည်နယ်ရဲ့ လက်ဆောင်အဖြစ် ယူလာတာပါ။ ကြိုက်သလောက် ယူသွားကြပါနော်။ ဒီစားသောက်စရာတွေကို ဘယ်လို လုပ်စားရမယ်မှန်း မသိသူများအတွက်တော့ ကျွန်မကိုယ်တိုင် ချက်ကျွေးပါမယ်နော်။


ကချင်ပြည်နယ်ထွက် အသီးအရွက်များနဲ့ ချက်ထားပါပြီ။ ဟင်းတစ်မျိုးချင်းစီကို မိတ်ဆက်ပြောပြရမယ်ဆိုရင်


ဟင်းပြင်းဖူးကြော်


Image Hosted by PicturePush - Photo Sharing


ဟင်းပြင်းဖူးကို ဆူးပုတ်ရွက်လေးရောပြီး ကြော်ထားတာပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကြက်သွန်နီ စိတ်ပြီး ကြော် ပုဇွန်ခြောက်ထည့်၊ ဟင်းပြင်းဖူးထည့်၊ ကျက်ခါနီးမှ ဆူးပုတ်ရွက်နဲ့ ခရမ်းချဉ်သီး ငရုပ်သီးတို့ကိုထည့်ပြီး ဆားအရသာမှုန့်ထည့်ပြီး ကြော်ထားတာပါ။ ဆိမ့်ဆိမ့်လေးနဲ့ သိပ်စားကောင်းတာပါ။ 



Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်

အဲဒီမျှစ်ချဉ်နဲ့ ဟင်းပြင်းရွက်ကို လှော်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်ကို ရေနဲ့ အရင်ပြုတ်ပါတယ်။ ပြီးတော့မှ ဆီ အနည်းငယ်ထည့် ကြက်သွန်ဖြူနီထည့် ပုဇွန်ခြောက်၊ ငပိထည့်ပြီး မျှစ်ချဉ်ကို လှော်ပါတယ်။ မျှစ်ချဉ်ကျက်တော့ ဟင်းပြင်းရွက်၊ ကံဇင်းရွက်လည်း ထည့်ပါတယ်။ ခရမ်းချဉ်သီး၊ ငရုပ်သီး ဆား၊အရသာမှုန့်၊ ငံပြာရည်( ကြိုက်တတ်လျှင်) တို့ထည့်ပါတယ်။ ဟင်းပြင်းရွက် အနေတော် နူးပြီဆို စားလို့ရပါပြီ။ 


Image Hosted by PicturePush - Photo Sharing

မျှစ်ချဉ်နဲ့ ဟင်းပြင်းရွက် လှော်ပါ။


Image Hosted by PicturePush - Photo Sharing


 အရည်သောက်အတွက် ချက်ဖို့က

ကျောက်ဖရုံသီးပါ။

ပိန်းဥကို ကျောက်ဖရုံသီးနဲ့ မျှစ်တို့ခြောက်ထည့်ပြီး ကံဇင်းရွက်ခတ်တဲ့ ဟင်းရည် ချက်ထားပါတယ်။  



Image Hosted by PicturePush - Photo Sharing

ပိန်းဥ၊ ကျောက်ဖရုံသီး၊ မျှစ်တို့ခြောက်၊ ကံဇင်းများနဲ့ ငရုပ်သီးစပ်စပ် ဟင်းရည်
ဒီဟင်းရည်ချက်နည်းကတော့ ရေအိုးတည် ဆား၊ ငပိ၊ ပုဇွန်ခြောက်ခတ်ပြီး ပိန်းဥနဲ့ ကျောက်ဖရုံသီးကို အတုံးများလုပ်ပြီး ထည့်ပါတယ်။ ငရုပ်သီး ၄တောင့် ၅တောင့် ထည့်ပါတယ်။ ၄င်းပိန်းဥနဲ့ ကျောက်ဖရုံသီး၊ ငရုပ်သီးတို့ နူးပြီဆို အရည်မပါဘဲ ခွက်တစ်ခုထဲ ခူးထည့်ပြီး  အတုံးများကို အနည်းငယ်ကြေအောင် ဇွန်းဖြင့် ခြေပါတယ်။ ပြီးနောက် အိုးထဲပြန်ထည့်ပြီး မျှစ်တို့ခြောက် ခတ်ပါတယ်။ ထိုသို့ ခြေမှ ဟင်းရည် ခပ်ပြစ်ပြစ်လေးကို ရပါတယ်။ အချိန်အနည်းငယ်ထားပြီး ဆား၊ အရသာများ အပေါ့အငံများ အရသာစိတ်ကြိုက်ဖြစ်ပါက ကံဇင်းရွက်ကို ခတ်ပြီး ချလို့ရပြီ။ အရသာကတော့ အချဉ်အရသာလဲပါ၊ စပ်လဲစပ်၊ ကံဇင်းနံ့လေး မွှေးလှတဲ့ ကချင်ဟင်းရည် ရပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကချင်ပြည်နယ် အင်းတော်ကြီးငါးချဉ်ပါ။ အဲဒီငါးချဉ်ကို ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing


အဲဒီဟင်းတွေကို ငရုပ်သီးလေးထောင်းလေးနဲ့ စားလိုက်ရင် ရှူးရှူးရှဲရှဲ အရသာလေးနဲ့ လျှာလည်သွားမယ်ဆိုတာ သေချာပါတယ်နော် :)


~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


ကျွန်မရဲ့ ကချင်ပြည်နယ် လက်ဆောင်လေးများဖြင့် အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်.. ခရီးသွားရာက ရရှိလာတဲ့ အတွေ့အကြုံလေးတွေလည်း ရေးစရာတွေ ပါလာတာမို့ ဖြေးဖြေးချင်း ရေးပါဦးမယ်လို့...
 
Image Hosted by PicturePush - Photo Sharing

38 Responses to “ကချင်ပြည်နယ် လက်ဆောင်”

Shinlay said...

ပါလာသောစားစရာများကို အားရပါး၇ကြည့်သွားပါတယ်။
ဖယ်ဖယ်ရွက် ကိုဒီမှာ ဗီယက်နမ်ကသူငယ်ချင်းစိုက်ထားပြီး ပေးပါတယ်။
ဘယ်လိုခေါ်မှန်းမသိတာ အခုတော့သိရလို့ ကျေးဇူးတင်ပါတယ်။
မျှစ်ချဉ်နဲ့ ဟင်းပြင်းရွက် လှော်ကို မြည်းကြည့်ချင်ပါတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

အင်းတော်ကြီးငါးချဉ်ကတော့ ကျနော့် ဖေးဘရိတ်ပါဘဲ။ စားပြီးရင်း စားချင်ပေါ့။ ကချင်ပြည်နတယ် အစားအစာတွေ မစိမ်းပေမဲ့ ကျောက်ဂျင်းဆိုတာကို အခုထိ မကြားဖူးသေးပါဘူး။

ကံဇင်းအနံ့ကိုလဲ အခုထက်ထိ ဓါတ်မတည့်သေးဘူး ဖြစ်နေတယ်။ လက်ဆောင်တွေ အများကြီးမို့ ပျော်စရာကောင်းပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခွန် said...

ပိန်းဥ မျှစ် ကျောက်ဖရုံသီး တည်သီး အဲဒါကလွဲရင် ကျန်တဲ့ အသီးအရွက်က ပထမဆုံးကြားဖူး မြင်ဖူးတာ မမရေ... တည်သီးကလည်း ဒီရောက်မှ စားဖူးတာ။ အောက်ပြည်က အစားအသောက်တွေနဲ့ တော်တော်ကွာတယ်နော်... အင်းတော်ကြီးဘုရားကိုတော့ တခါလောက်ဖူးချင်တယ် မမရေ...

PhyoPhyo said...

မချောရေ
ပိန်းဥ၊ မျှစ်တို့ခြောက်၊ ကျောက်ဖရုံသီး၊ ငါးချဉ် တို့ပဲ သိတယ်၊
ငါးချဉ်ကြော်လေးစားချင်စရာ ချက်ထားတာ၊ ငရုတ်သီးထောင်းလေးနဲ့ စားလိုက်ရရင်တော့၊
ဟင်းပြင်းဖူးလည်း စားလို့ကောင်းမယ့်ပုံလေ၊ ဆိမ့်ဆိမ့်လေးတဲ့ စားကြည့်ချင်တယ်၊
ပိုစ့်အသစ်လေးတွေ့တော့ ၀မ်းသာသွားတာပဲ၊
မချော အစစအရာရာ အဆင်ပြေပါစေ။

nYi ThU E@in said...

ဟင်းပြင်းဖူးကျော်တဲ့
ကြားကြားဖူးပေါင်လို့ ဆိုရမလိုဖြစ်နေပြီ
ဒါပေမယ့် အပြင်အဆင်လေး မြင်ရတာနဲ့တင်
ရှလွတ်ချင်စရာ..။
တည်သီးကိုတော့ ကြိုက်တယ်
ငယ်ငယ်က တည်ပင်ပေါ်တက်ပြီး
ခိုးစားခဲ့ရတဲ့ အချိန်လေးတွေ သတိရသွားတယ်

rose said...

အစ်မချော... ခရီးက ပြန်ရောက်ပြီလား။ သတိရနေတာ။ ရို့စ် တစ်ခါမှ မမြင်ဖူး မစားဖူးတဲ့ ကချင်ပြည်နယ်ထွက် အစားအစာလေးတွေ လာငေးပြီး ဗပာုသုတ ရသွားလို့ ကျေးဇူး။ မြည်းကြည့်ချင်လိုက်တာ။

သွားရည် ကျ လိုက်တာဗျာ.. .ဟင်းဟင်း ကချင်ပြည်နယ် တစ်ခေါက်သွားလို့ ဗိုက်ကားအောင် စားလိုက်ချင်စမ်းပါရဲ့။


တောက် ....တောက် တောက် (သွားရည်ကျသံ) ရှလွတ် ရှလွတ် ပလွတ် ပလပ်။ (စားနေစဉ် သကာလ)

မောင်မျိုး said...

သွေးတိုးရှိလို့ ဆေးပုလင်းလေး ယူသွားတယ်ဗျး) ကျေးဇူး ပျော်ခဲ့တယ်ဟုတ် ကိုယ်လည်းလွမ်းပါ့ မွေးရပ်မြေကို ..။

Baby taster said...

ချောငယ်
ဟင်းပြင်းသီးနဲ့ အရွက် မစားရတာ
၁၃နှစ်ရှိပြီ :( အကုန်ကြိုက်တယ်
မနေ့က ပိန်းဥချက်စားတာတောင်
ကံဇင်းရွက်ကို သတိရနေသေးတယ်

Iora said...

ဟေး..ချောပြန်လာပြီ။
ပျော်လိုက်တာ။ အိမ်သားတယောက်ယောက်ခရီးကပြန်လာတော့ပါလာတာတွေအိတ်ဖွင့်ပြီးကြည့်ရသလိုဘဲ။ အားလုံးကိုတကယ်ဘဲစားချင်တယ်။ ဒေသစာတွေကို စမ်းစားရတာသိပ်သဘောကျတယ်။ (ဘိုစာကိုမဆိုလိုပါး)။)
ကျေးဇူး..ကျေးဇူး

အဖြူရောင်နတ်သမီး said...

မြှစ်ချဉ်နဲ့ ငါးချဉ်စားချင်တယ် မချောရေ...
အစာအိမ်က နာနေတုန်းမို့ ဆံပြုတ်ပဲ စားနေရတယ်..ဟင့်

ဟန်ကြည် said...

ကွန်နက်ရှင်ကျနေလို့ အပေါ်ဆုံးက စိမ်းစိမ်းတစ်ထုပ်ပဲ မြင်ရသေးတယ်...စားစရာနံမည်တွေ ထူးဆန်းနေလို့ နောက်နေ့မှ မကျေပွဲလာကြည့်ဦးမယ်...ကျောက်စိမ်းလေးဘာလေးများ ၀ယ်ခဲ့မလားအောက်မေ့တယ်...ဒါတွေအကုန်သာ စားရရင် ပေါင်ချိန်တော့ တက်တော့မှာပဲ...

johnmoeeain said...

:waa
စားချင်တယ်...။
ကြိုက်တာတွေ တစ်ခုချင်းဆီကို မြင်လိုက်ရသလိုပါပဲနော်...။

Anonymous said...

Very interesting.I like to try each and every dish:P
Gyidaw

flowerpoem said...

ဒေသထွက် အစားအစာတွေကို လာလေ့လာပါတယ် အမရေ ဒီဘက်မှာတော့ အဲဒါတွေမတွေ့ဘူးသလောက်ပဲ. . .

Anonymous said...

အဲဒီဟင်းတွေအကုန်စားချင်တယ်
ကံဇင်း၊ ဟင်းပြင်း နဲ့ ကျောက်ဂျင်း မစားဖုးဘူး။
အတွေ့အကြုံလေးတွေ စောင့်နေမယ်နော်

စူးနွယ်လေး

tun said...

တရုတ်ဆေးမြစ်တွေထဲမှာ ဟင်းပြင်းဖူးလို ပုံစံတွေ တွေ့ တယ် လာဗင်းဒါပွင့်Lavendarလို့ ထင်နေတာ

စားစရာတွေ အဆန်းတွေဘဲ ကျောက်စိမ်းတုံးကြီးများ ပေးမလားဆိုပြီး လာတန်းစီတာ အစားသောက်ပွဲနဲ့ တိုးပြီး ဗိုက်ကားပြန်သွားပြီ

SHWE ZIN U said...

မကြားဘူးတဲ့ အသီးအရွက်တွေများတယ် ညီမ ချက်ကျွေးတော့လည်း စားမှာပေါ့
အင်းတော်ကြီး က ငါးကြီးချဉ် ကိုတော့ အရမ်းကြိုက်တယ် အိမ်မှာလည်း အမြဲကျော်စားတယ်

ညီမပျော်ရွှင်ပါစေ
အမရွှေစင်

တစ်မျိုးပြီးတစ်မျိုး နှိပ်စက်တော့မယ် ဆိုတဲ့ သဘောလား.. ဟင်။

ဟင်းပြင်းတဲ့ တစ်ခါမှ မကြားဖူးသေးဘူး။ ပိန်းဥဟင်းတော့ အရမ်းကြိုက်တယ်။ ဟိုနေ့ က ဈေးသွားရင်း တွေ့ လို့  ကီလိုဝက်ဝယ်ထားတယ် ချက်ဖို့  ပျင်းရင် ပြုတ်စားမယ်.. :P

နောက်ငါးချဉ်လေးလဲ စားချင်သေးတယ်... :(

စိုင်းထွန်းအောင် said...

ဟင်းပြင်းဖူးက အသီးလေးတွေဖြစ်လာတဲ့အခါလဲ အဲဒီအသီးတွေကိုကြော်စားကြသေးတယ်.. ငယ်ငယ်တုန်းက အမေ့ကို ဟင်းပြင်းသီးကြော်ခိုင်းပြီး ဒီတိုင်းစားခဲ့၇တာကို သတိ၇တယ်။ အမရဲ့လက်ဆောင်တွေက အိမ်ဟင်းတွေနဲ့ တစ်ထေ၇ာတည်းမို့လို့ အိမ်ဟင်းကိုလွမ်းလိုက်တာ... ကျွန်တော်မြစ်ကြီးနားပြန်တုန်းက အဲဒီဟင်းတွေကို စိတ်ကြိုက်မစားခဲ့၇ဘူး။။ နောက်တခါပြန်၇င်အဲဒါတွေ အဝစားပစ်မယ်။ ပန်းဥထောင်းအကြောင်းလေးလဲ ကြုံ၇င်ေ၇းပေးပါဦး။ ဟင်းအကြောင်းေ၇း၇င်းနဲ့ သွားေ၇ကျလာပြီ.. ၇ှလွတ်.. :P

မချောရေ
ညီမတော့အများကြီးပဲစားသွားတယ်
ကချင်ပြည်နယ်ပျော်စရာကြီးနော်
တောတောင်ထဲကအရွက်တွေခူးစားလို့ရတာသိပ်သဘောကျတာ
မြန်မာပြည်ကခြံထဲမှာလည်း သရက်တို့ ကတက်တို့ ခူးလိုက်စားလိုက်နဲ့ သိပ်ပျော်ဖို့ကောင်းတာမရဲ့

:D.. အတော်ကို စနစ်တကျနဲ့ နှိပ်စက်တာပဲ.. ဟဲဟဲ... သွားရည်တွေ တမြားမြားနဲ့...း))))


ခင်မင်လျက်
နေ၀ဿန်

subuueain said...

မစားဖူးသေးတာတွေအများကြီးပါလား စားချင်လိုက်တာ :P

khin oo may said...

ထူးဆန်းတယ်နော်။
မေ့တောင်နေပြီ
မိုးညှင်း ပူတာအို နေဘူးသူ.

ချောရေ။
ခရီးလက်ဆောင်တွေ လာကြည့်တယ်။
အင်းတော်ကြီးကိုတစ်ခေါက်ရောက်ဘူးတယ်။
တယ်သီးရယ်၊မျှစ်တို့ခြောက်ရယ်၊ ဟင်းပြင်းဖူးရယ်၊ကဇင်းရွက်တွေကိုအခုလိုလတ်လတ်ဆတ်ဆတ်နဲ့တစ်မျိုး ဟင်းချက်ပြီးသားတစ်ဖုံ စုံနေအောင်တွေ့ရတာ အရမ်းကိုသတိရလာမိတယ်။

တစ်ခါမှမစားဘူးတဲ့ ဟင်းတွေနဲ့ စားချင်စရာကောင်းမယ့် ဟင်းတွေပဲ မချောရေ ... တစ်ခါလောက် တစ်ကယ်ချက်ကျွေးဦးနော်

Thant said...

ဂလု..ဂလု.... ဟော...ဂွီပြန်ပြီ.... ရွှတ်....

sosegado said...

ဟင်းပြင်းဖူး စားကြည့်ချင်တယ် မစားဖူးဘူး၊ စုံနေတာပါပဲ အင်းတော်ကြီးငါးချဉ်သုပ်စားဘူးပါသည်၊ ကောင်းပါသည်။

မီးလေး said...

အားလုံးစားချင်တယ်..ကျောက်ဂျင်းတွေ့တော့ ပန်းဥထောင်းကိုပါ ပိုသတိရသွားတယ်..ဒီမှာ ဖက်ဖယ်ကလွဲရင်ကျုန်တာ ရှိဘူးလေ..

Anonymous said...

i miss kyat gyin from sein lone kabar...

MMM said...

can you please tell me how vietnamese call phat phae leaves?

ချက်ကျွေးထားတဲ့ ဟင်းလေးတွေကိုပဲ သွားရေကျပြီး ပြန်သွားခဲ့ရတယ်.။ တကယ်စားဖို့ ဘယ်တော့များမှ အခွင့်ရမှာပါလိမ့် မချောရယ်..။
ချစ်တဲ့
သဒ္ဓါ

Anonymous said...

မချောရေ အိမ်ကိုလွမ်းသမျှ ဒီဆိုက်ကို ဝင်ကြည့်တာနဲ့ အတော်အလွမ်းပြေသွားတယ်၊၊ ဖားကန့်တောင် အတော်လေးပြောင်းလဲနေပြီပဲ၊၊ ဟင်းပြင်းရွက်ကို စားချင်တာတော့ မပြောပါနဲ့တော့၊၊ လိုင်ဇာလမ်းပေါ်က မြေပဲယို ဆိုတဲ့နာမည်လေးက ခုထိသုံးနေတုန်းဆိုတာ သိရလို့ပြုံးမိသေးတယ်၊၊ ကျေးဇူးကမ္ဘာ၊၊ဒီထက်စာတွေ ပိုရေးနိုင်ပါစေ၊၊

chitmike said...

so nice,
i never try yet Kachin food :(
i wanna try all of above, if i've a chance

နန်းမားသား said...

ခေါပုတ်ကြော် လေးကိုသတိရတယ်။

thiri said...

မရေ....ဇာတိမြေကို မပြန်ဖြစ်တာ ဆယ်နှစ်ကျော်ကြာလာတာ တကြောင်း...အသက်တွေတဖြေးဖြေးရလာတော့ ဇာတိမြေကို အလည်ပြန်ချင်တဲ့ စိတ်တွေက တနေ့တခြား ဖိစီးလာတယ် မရေ...အဲဒီလို အချိန်မှာ ဒေသထွက် စားစရာတွေကို အခုလို အများကြီးတွေ့လိုက်ရတော့....:-(
ကျေးဇူးတင်ပါတယ် မရေ....ဟင်းပြင်းဖူးပေါင်း၊မျှစ်တို့ခြောက်၊ငါးချဉ်ကြော်၊ကဇင်းရွက်၊ပြီးတော့ မုန်ညှင်းဖူးပေါင်း မုန်ညှင်းအချဉ်ရည်.....အရမ်းသတိရတာပဲ မရေ.....

shwemanthu said...

ဇာတိမြေက ထွက်ခွာခဲ့တာ အနှစ်၂၀ကျော်ခဲ့ပြီ.. ဒါတွေမြင်တော့ ချက်ချင်းပြန်သွားပြီး ချက်စားချင်လိုက်တာ. ၁၃နှစ်သမီးကတည်းက ထွက်လာတာဆိုတော့ ကျောက်ချင်းကိုတောင်မသိလိုက်ဘူး. အခုမှကြားဖူးတယ်..

nu nu said...

အမ ရေ ကျေးဇူးအများကြီးတင်တယ် .မွေးရပ်မြေ ကချင်ပြည်နယ်နဲ့ဝေးနေတာ ၁၀ နှစ်ရောက်ပြီ.အဲဒီ ကျောက်ဂျင်း တွေ ဟင်းပင်းသီး/ရွက် တွေအရမ်းစားချင်တယ်.လွမ်းလိုက်တာ.Thanks