ပိတ်သွားသော တံခါးပေါက်၏အခြားတစ်ဖက်..







တကယ်လို့များ သင်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ပြည့်စုံနေတဲ့ သူတစ်ယောက်သာ ဖြစ်နေခဲ့မယ်ဆိုရင် သင့်စိတ်ကူးအိပ်မက်တွေကို ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘာကြောင့်များ မဖြစ်လာနိုင်ရမှာလဲနော်။ လူတစ်ယောက်ဟာ လက်နှစ်ဘက် ဆုံးရှုံးသွားခဲ့ရင်တောင် အောင်မြင်ထင်ရှားတဲ့ ပန်းချီဆရာ ဖြစ်လာနိုင်ပါသေးတယ်။ လက်နှစ်ဘက် မရှိပေမဲ့ ပန်းချီကားတွေ ရေးဆွဲနေတဲ့ သူ့နံမည်က ဟွမ်ကော်ဖု ဖြစ်ပါတယ်။ သူဟာ ကြိုးစားချင်စိတ်၊ အောင်မြင်ချင်စိတ်သာ ပြင်းပြင်းပြပြ ရှိမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ကျွန်မတို့အားလုံးကို သင်ခန်းစားပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဘာတွေ ထူးခြားတဲ့သူလည်း ဆိုတာ သူ့အကြောင်းလေးကို ပြောပြချင်ပါတယ်။

တရုတ်ပြည် ချုံကျင်းပြည်က မြို့ငယ်လေးတစ်မှာ နေထိုင်တဲ့ ဟွမ်ဟာ ကလေးဘ၀ အသက်လေးနှစ်အရွယ်မှာ ပြင်းထန်စွာ ဓာတ်လိုက်ခံရပြီးနောက် လက်နှစ်ဖက်လုံး ဖြတ်တောက်ခံလိုက်ရပါတယ်။ လက်နှစ်ဖက်လုံး မရှိတော့ပေမဲ့ သူ့အိပ်မက်ကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးမရှိတာကြောင့် ဘ၀ကို ဒီအတိုင်း မကုန်ဆုံးစေဘဲ အသက် ၁၂နှစ်အရွယ်မှာ ပန်းချီကားများကို ခြေထောက်နဲ့ စတင် ရေးဆွဲနိုင်ဖို့ ကြိုးစားအားထုတ်ပါတော့တယ်။ စစချင်းမှာတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရသလို သူ့ပန်းချီးကားတွေဟာလည်း ဘာကိုဆွဲလို့ ဆွဲမှန်းမသိလောက်အောင် ဆိုးဝါးခဲ့ပါတယ်။ ဒါပေမဲ့ ဟွမ်ဟာ စိတ်မပျက်ပါဘူး။  အချို့ညတွေဆို တစ်ညလုံး မအိပ်ဘဲလေ့ကျင့်နေခဲ့ပါတယ်။ ကြိုးစားရေးဆွဲရင်းနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာတိုင်း သူ့လက်ရာဟာ တိုးတက်လာပါတယ်။

သူဟာ ပန်းချီကားတွေ များစွာ လေ့ကျင့်ရေးဆွဲနေရင်း တစ်ဖက်က ကျောင်းလည်း တက်နေခဲ့ပါတယ်။ ဒီလို  သူ့ရဲ့ ၀ါသနာနဲ့ စိတ်ကူးအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အားကြိုးမာန်တက် ကြိုးစားနေတုန်း သူ့အသက် ၁၈နှစ်မှာ သူ့ရဲ့ ဖခင်ဟာ အပြင်းအထန် နေမကောင်းဖြစ်လာတာကြောင့် ဆေးကုသခံယူဖို့အတွက် ငွေကြေးလိုအပ်လာပါတယ်။ ဒါကြောင့် သူဟာ ကျောင်းထွကလိုက်ပြီး တရုတ်ပြည်ရဲ့ မြို့ကြီးတွေကို လှည့်လှည်ကာ ပန်းချီဆွဲရင်း ငွေရှာနိုင်ဖို့ ကြိုးစားပါတယ်။ လူစည်ကားရာ လမ်းဘေးတွေမှာထိုင်ပြီး ပန်းချီကားအမျိုးမျိုးကို ရေးဆွဲကာ ဖြတ်သန်း သွားလာသူတွေကို ရောင်းချပါတော့တယ်။ အများစုက လက်နှစ်ဖက် မရှိဘဲ ပန်းချီဆွဲနေတဲ့ သူ့ကို သနားကြင်နာစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ၀ယ်ယူအားပေးခဲ့ကြပါတယ်။


Huang Guofu, 41, painting with his toes



အဲဒီလို ခရီးသွားလှည့်လှည်ပြီး  ခြေထောက်အသုံးပြုပြီး ပန်းချီကားတွေကို ရေးဆွဲနေရင်းမှာဘဲ တစ်စုံတစ်ယောက်ထံက “ပန်းချီကားတွေဟာ ခြေထောက်နဲ့ ဆွဲတာဖြစ်လို့ သိပ်ပြီး သပ်ရပ်တိကျမှု မရှိဘူး၊ ဆွဲနည်းကို ပြောင်းရင်ကောင်းမယ် ”ဆိုတဲ့ မှတ်ချက်ကို ကြားလိုက်ရပါတယ်။ ဒါနဲ့ သူက စုတ်တံကို ပါးစပ်မှာ ကိုက်ပြီး ပန်းချီရေးဆွဲတဲ့နည်းကို လေ့ကျင့်ပြန်ပါတော့တယ်။ တကယ်လဲ ပါးစပ်နဲ့ ပန်းချီဆွဲတာဟာ ခြေထောက်နဲ့ ဆွဲတာထက် ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်ကာ အဆင်ပြေချောမွေ့တယ်ဆိုတာ သူက သိလာပါတယ်။ ဒီလိုနဲ့ သူဟာ ပါးစပ်နဲ့ ရေးဆွဲရတာကို အလေ့အကျင့်များစွာ ရလာပြီး အလွန်ကောင်းမွန်လက်ရာမြောက်တဲ့ ပန်းချီကားများကို ညာခြေနဲ့ရော ပါးစပ်နဲ့ပါ အသုံးပြုပြီး ရေးဆွဲလာနိုင်ခဲ့ပါတယ်။

Disabled-Artist_1_(theourworld.com)
ပါးစပ်ဖြင့် စုတ်တံကို ကိုက်ကာ ပန်းချီရေးနေစဉ်

Disabled-Artist_3_(theourworld.com)

 
ပန်းချီကားတွေ ရေးဆွဲ လှည့်လှည်တဲ့ ဟွမ်ရဲ့  ခရီးမှာဘဲ စီချွမ်ပြည်နယ်ရဲ့ မြို့တစ်ခုအရောက်မှာ ချစ်စဖွယ် အမျိုးသမီးလေးတစ်ဦးနဲ့ တွေ့ဆုံမိကြပါတယ်။ အဲဒီ မိန်းခလေးဟာ ဟွမ်ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ပါရမီ ထက်သန်ပုံတို့ကို လေးစားချီးကျူးမိကာ လျှင်မြန်စွာဘဲ မေတ္တာသက်ဝင် ချစ်ခင်မိပါတော့တယ်။ ၂ဝဝဝ ခုနှစ်မှာ သူတို့ နှစ်ယောက်ဟာ လက်ထပ်လိုက်ကြပြီးတဲ့နောက် 
 အမျိုးသမီးလေးက ဟွမ်ရဲ့လက်ထောက်ဖြစ်လာပြီး သူလိုအပ်တဲ့ ပန်းချီဆွဲ ပိတ်ကားတွေ၊ ပန်းချီဆေးတွေ ၊ စုတ်တံတွေကို သူသွားလေရာကို တကောက်ကောက်လိုက်လို့ သယ်ယူပေးပြီး ဟွမ်ဆွဲလိုတဲ့ ရှုခင်းတွေ၊ သဘာဝပတ်ဝန်းကျင်တွေ အရောက် နေရာချပေးကာ ပါရမီဖြည့်ပေးခဲ့သူ ဖြစ်ပါတယ်။

 
Disabled-Artist_2_(theourworld.com)
ခြေထောက်ဖြင့် ပန်းချီဆွဲသူ ပါရမီရှင် ဟွမ်

ခုချိန်မှာတော့ ဟွမ်ဟာ မကြာခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ချုံကျင်းပြည်နယ်ရဲ့ Chongqing Talents ပြတိုက်မှာ လက်ထောက် ပြတိုက်မှူး တာဝန်ကို ထမ်းဆောင်ရင်း လက်ရာမြောက်လှတဲ့ ပန်းချီကားများစွာကို ရေးဆွဲနေခဲ့ပါပြီ။ သူဟာ ဆုများစွာကို ရယူထားနိုင်ခဲ့တဲ့အပြင် ပြတိုက်ကို ဆက်သွယ် ဝင်ရောက်လာသော  ပါးစပ်၊ ခြေထောက်တို့နဲ့ ပန်းချီဆွဲသော သူနဲ့ဘ၀တူ ကိုယ်လက်အင်္ဂါ မပြည့်စုံ မသန်စွမ်းတဲ့ အခြားသောသူများအတွက်လည်း  နမူနာယူစရာ၊ အတုယူစရာ အကောင်းဆုံး လူသားတစ်ယောက် ဖြစ်လို့နေပါတယ်။ အားလုံးသော လူသားများအတွက် မှတ်သားစရာကောင်းလှတဲ့ ဟွမ်ရဲ့ စကားလေးတစ်ခွန်းက “ သင်တို့ရဲ့ ဘဝမှာ တံခါးတစ်ချပ် ပိတ်သွားခဲ့ရင် စိတ်ပျက်အားလျော့ခြင်း မဖြစ်ပါနဲ့။ တစ်ချိန်တည်းမှာ အခြားသော တံခါးပေါက်တွေ ပွင့်နေတတ်ပါတယ်။ အဲဒီပွင့်နေတဲ့ တံခါးပေါက်ကို ဇွဲလုံ့လနဲ့ တွေ့အောင်ရှာပါ” ဆိုတဲ့ စကားလေး ဖြစ်ပါတယ်။


ကွန်ပျူတာလဲ သုံးနိုင်သူ

ဟွမ်ရဲ့ ပန်းချီကား

ဟွမ်ဟာ လက်နှစ်ဘက်လုံး မရှိသော်လည်း သူ့ဘ၀သူ မကျေမနပ်မဖြစ်ဘဲ ဘဝရဲ့ အောင်မြင်ခြင်းကို ကြိုးစားရှာဖွေနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ပန်ချီကားတွေကိုလည်း ကမ္ဘာတလွှားက ပန်းချီချစ်သူများက နှစ်သက်မက်မောစွာ တန်ဖိုးထားပြီး ဝယ်ယူနေကြပါတယ်။ သူက “သူ့ဘဝဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဘုရားပေးတဲ့အတိုင်း ယခု ရှိနေတဲ့ သူ့ပကတိအခြေအနေကို ကျေနပ်ပါတယ်” လို့ ဆိုပါတယ်။


ဒီပိုစ့်လေးကို ဘာသာပြန်ရတဲ့ အကြောင်းရင်းက ဟွမ်ရဲ့ စကားကို နှစ်သက် သဘောကျမိတာကြောင့် အခြားသူတွေကို ခွန်အားဖြစ်စေချင်တဲ့စိတ်နဲ့ ပြန်ဖြစ်ပါတယ်။ သူ့လိုဘဲ ကျွန်မတို့တွေဘဝမှာ အခက်အခဲ အတားအဆီးတွေနဲ့ တွေ့ပြီး အဆုံးအရှုံးတွေ ရှိလာချိန်မှာ ဘဝအတွက် အောင်မြင်မှု တံခါးပေါက် ပိတ်သွားပြီလို့ ထင်ကာ စိတ်ပျက်အားလျော့မိတဲ့ အချိန်တွေ ရှိကြမှာပါနော်။ အဲဒီခါကျရင် အဆုံးစွန်ထိ စိတ်ဓာတ်မကျဘဲ လက်နှစ်ဘက် မရှိတာတောင် အောင်မြင်ထင်ရှားတဲ့ ပန်းချီကားတွေကို ဖန်တီးနိုင်ခဲ့သူ ဟွမ်ရဲ့ စကားတွေကို သတိရပြီး မိမိတို့အတွက် ပိတ်သွားတဲ့ တံခါးပေါက် အစား ပွင့်နေနိုင်သေးတဲ့ အခြားသော တံခါးပေါက်ကို တွေ့အောင် ကြိုးစားရှာဖွေကြပါစို့လားရှင်။

Spooky ရဲ့  Disabled Artist Creates Detailed Artworks Using Only His Mouth and Right Foot ကို ဘာသာပြန်ပါသည်။

Photo by Zhou Ge/Xinhua

 
Image Hosted by PicturePush - Photo Sharing 

21 Responses to “ပိတ်သွားသော တံခါးပေါက်၏အခြားတစ်ဖက်..”

Nyi Linn Thit said...

တကယ်ပဲ မှတ်သားထိုက်တဲ့ စကားလေးပါပဲ မချောရေ၊ အများအားဖြင့် တံခါးတစ်ချပ် ပိတ်သွားရင် ရှိနေတဲ့ နေရာမှာပဲ ထိုင်ချလိုက်ကြသူတွေ များတဲ့ လောကထဲမှာ ဟွမ်လိုလူတွေရဲ့ ဘဝဟာ စံနမူနာ ယူစရာ ကောင်းလှတယ်၊ ဒီဘာသာပြန် ပို့စ်လေး အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်...။

အဖြူရောင်နတ်သမီး said...

မြန်မာပြည်မှာလည်း အဲလိုလူမျိုးရှိတယ်နော်..
ပုလင်းပန်းချီရေးတဲ့ အဖိုးအိုတစ်ယောက်အကြောင်း ဖတ်ဖူးတယ်..
ဘဝကိုအရှုံးမပေးတဲ့ အဲဒီလိုလူမျိုးတွေကိုအရမ်းချီးကျူးတာပဲ..။



အလုပ်တွေမအားလို့ အလာကျဲနေရတယ် မချောရေ..ခွင့်လွှတ်ပါနော်...

စော(အဝါရောင်မြေ) said...

တစ်ခု ချို့ ယွင်းတဲ့သူဟာ တခြားဘက်မှာ ပိုထူးချွန်တတ်တယ် ထင်တယ်။

အောင်မြင်တဲ့သူတွေမှာ တွန်းအားတစ်ခုခုတော့ ရှိလေ့ရှိပါတယ်....


ခင်မင်လျက်
နေ၀ဿန်

SHWE ZIN U said...

အားမာန် ဖြစ်စေပါတယ် ညီမရေ

may19 said...

မချောရေ စိတ်ဓာတ်ခွန်အားပေးတဲ့ စာစုလေးကို နှစ်ခြိုက်ပါတယ်..

Anonymous said...

စိတ်ဓာတ်ခွန်အားများ တိုးပွားစေတဲ့ ပို့စ်လေးပါ။ သူ့ရဲ့ စကားလေးတွေကလည်း မှတ်သားစရာပါ။ တံခါးတစ်ချပ် ပိတ်သွားခဲ့ရင် နောက်ထပ်ပွင့်နေတဲ့ တံခါးတွေ ရှိနေအုံးမယ်ဆိုတာကို သတိဖော်ပေးလိုက်တဲ့ ကျေးဇူး အများကြီး တင်ပါတယ်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

အစ်မချော ရေ.. ကျနော် လဲ တချိန်က ပိတ်ထားတဲ့ တံခါး ကိုပဲ တဒုန်းဒုန်း ထုရိုက်နေခဲ့ဘူးတယ်။

စေတနာနဲ့ ဘာသာပြန် ဝေမျှပေးတဲ့ အစ်မချောရဲ့ စာစုလေးက စိတ်ဓါတ်ခွန် အားကိုဖြစ်စေပါတယ်ဗျာ။

သူ့စကားက တကယ်ကို အားဖြစ်စေတယ်။
အခုလိုစေတနာနဲ့ ဘာသာပြန်ပေးတာကျေးဇူးတင်တယ်။
အထူးသဖြင့် စိတ်လှုပ်ရှားရတဲ့ စာတွေကိုဘာသာပြန်ရတဲ့ အခါမှာ ပုံမှန်စာရေးနေတဲ့ အားစိုက်မှုနဲ့အတူ၊ မူရင်းကိုဖတ်ရတဲ့ အချိန်မှာ ဖြစ်နေတဲ့ ကိုယ်တိုင်ခံစားမှုကို ထိမ်းရတဲ့ အားစိုက်မှု ကို ကိုယ်ချင်းစာပါတယ်။
အပင်ပမ်းခံပေးတဲ့ အတွက်ရယ် စေတနာတွေအတွက်ရယ် ကျေးဇူးတင်နေတယ်နော်။

ပန်းချီ said...

လေးစားအတုယူစရာ စိတ်ဓါတ်နဲ့ခွန်အားပိုင်ရှင်ပဲ..။ ဘာသာပြန်အတွက်ကျေးဇူး ချော..။

လေးစားစရာပဲနော်
ကိုယ်သာ သူ့နေရာဆို ဘုံးဘုံးပဲ လဲနေမလားပဲ :-|

ဇွဲကောင်းတဲ့သူများက တစ်ချို့လူကောင်းတွေ ထက်တောင် ပိုတော်တတ်ကြတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

အံဖွယ် ကြိုးစားအားထုတ်မှုပဲ ...

အပျိုဖျန်းမလေး ဝက်ဆလူး said...

များ ပြောတယ်ရော် ... like button လေးထားပါဆိုနေ .... မန့်ရမှာ ပျင်းတယ်အေ .. ခုတလေ ဖွဘုတ်မှာပဲ သောင်းးကျန်းဖြစ်နေတာ ဘလော့ဂ်ဖက် မရောက်ဘူးလေ ... ချော နေကောင်းလား ... ပို့စ်လေး ဖတ်ရတာ ခွန်အားတွေ ရ နောက်ပြီးရင် ယောကျာ်းရ အဲလေ ... ဟုတ်ပါဘူး ... စိတ်ဓာတ်တွေ ခိုင်မာတယ်လို့ အဟိ ....

သူတို့တွေရဲ့ အားမာန်နဲ့ဇွဲက လူကောင်းတွေထက် သာတာကတော့ ပြောစရာ မလိုအောင်ပါပဲ ချောရယ်။ လေးစားပါတယ်။ ပိုစ့်လေးအတွက်လည်း ကျေးဇူးပါ ရွှေချောရေ....:)

sosegado said...

အကျိုးပေးမကောင်းတဲ့အထဲက ကံကောင်းသူ တစ်ယောက်ပေါ့၊ ကြိုးစားတိုင်းအောင်မြင်တာမဟုတ်ဘူး၊ အဲဒီပြည်ကြီးမျာ။

ဆွေလေးမွန် said...

မချောရေ အလည်ရောက်ပြီးစာလေးဖတ်သွားတယ်။
တစ်ပုဒ်ဆိုတစ်ပုဒ်ပါပဲ ခွန်အားတွေရလာတယ်။
အလုပ်များပြီးဆိုထဲက စိတ်ဖိစီးမှုကလဲ တွဲပါလာတာပဲ မဟုတ်လား။
ညီမလဲ သတိရတယ်။ နောက် ၂ လလောက်ဆိုရင်တော့ ဘလော့ကို အချိန်ကောင်း၂ ပြန်ပေးနိုင်လိမ့်မယ်ထင်ပါရဲ့။

ညီမလေး said...

လေးစားစရာပါ .. ကိုယ်တွေလူကောင်းတွေက တခါတခါ ဘာကိုမှအားမထုတ်ချင်ကြဘူးလေ.. အတုယူသင့်တယ် ...

ညီညီ said...

လေးစားချီးကျူးစရာ လူတွေပါဘဲ
ကျွန်တော်တို့ လူကောင်းတွေ သူတို့လို လူမျိုးတွေဆီက ခွန်အားပြန်ယူနေရတာ

tsawtsaw said...

အရမ်းကောင်းပါတယ်
အတုယူစရာပါ........ကေျးဇူးပဲနော် မချော

Yin Sue said...

ဘာဖြစ်ဖြစ် အရှုံးမပေးဘဲ သူလုပ်ချင်တဲ့ဟာကို ဖြစ်အောင်လုပ်နိုင်တဲ့ စိတ်ဓါတ်ခွန်အားကို အရမ်းလေးစားပါတယ်.......