ဥမင်လှိုဏ်ဂူမြို့တော်

ဒီတစ်ခါ ဖော်ပြမဲ့ မြို့တော်က ကျွန်မကိုယ်တိုင် သွားရောက်ခဲ့တဲ့ မြို့မဟုတ်ပါဘူး။ အင်တာနက်က ဖတ်မိတာလေးကို ဗဟုသုတအဖြစ် ပြန်လည် မျှဝေချင်တာပါ။ ဂျော်ဂျီယာပြည်နယ်ရဲ့ ထင်ရှားကျော်ကြားတဲ့ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဥမင်လှိုဏ်ဂူမြို့ဟာ   Vardzia ဒေသမှာ တည်ရှိပါတယ်။ ဂျော်ဂျီယာနိုင်ငံရဲ့ တောင်ပိုင်း Mtkvari မြစ်ရဲ့ လက်ဝဲဘက်ရှိ Erusheli အမည်ရ ကျောက်တောင်နံရံကြီးကို ထွင်းထုပြီး အဆောင်ဆောင် အခန်းခန်းများဖြင့် သေသပ်လှပစွာ ဆောက်လုပ်ထားတဲ့ ဒီကျောက်လှိုင်ဂူမြို့ဟာ ၁၂ရာစုအတွင်း ၁၁၈၅ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလတုန်းက ဂျော်ဂျီယာဘုရင် Giorgi III လက်ထက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းတော့ စစ်ရေးအရ  မွန်ဂိုတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ခံတပ်အဖြစ် တည်ဆောက်ခဲ့တာဖြစ်သော်လည်း ဘုရင် Giorgi III ရဲ့ သမီးဖြစ်သူ၊ ဂျော်ဂျီယာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး အုပ်ချုပ်သူလည်းဖြစ်၊ တိုင်းသူပြည်သားများကလည်း အလွန်ချစ်ခင်ကြတဲ့ ဘုရင်မ Tamara လက်ထက်မှာတော့ ကျောက်တောင်လှိုင်ဂူကို ဘာသာရေး အဆောက်အဦးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အမျိုးသမီး ဘုရင်မဖြစ်တဲ့ Tamara ဟာ သူမကိုယ်တိုင်လည်း ၄င်းကျောက်လှိုင်ဂူမြို့တော်မှာ နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့ပြီး ဂျော်ဂျီယာနိုင်ငံကို နှစ်ပေါင်း ၂၉ကြာအုပ်ချုပ်သွားခဲ့ပါတယ်။ ထိုအချိန်ကစလို့ ကျောက်လှိုင်ဂူကြီးဟာ ဘုန်းတော်ကြီးကျောင်းအဖြစ် သမိုင်းကြောင်းများစွာ ဖြတ်သန်းခဲ့ပါတယ်။


ကျောက်လှိုဏ်ဂူမြို့ 


Vardzia ဟာ ကျောက်တောင်ကို ထွင်းထုပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦးများကြောင့် ယခုချိန်မှာ ထင်ရှားကျော်ကြားလို့ နေပါတယ်။ လူပေါင်းများစွာ နေနိုင်လောက်အောင် ကျောက်တောင်ကြီးမှာ ထွင်းထုထားတဲ့ အခန်းပေါင်း ၆၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။ ကျောက်သားများကို ထွင်းထု ဖြတ်ဖောက်၍ အဆင့်ဆင့် တည်ဆောက်ထားတဲ့ ကျောက်လှိုဏ်ဂူကြီးဟာ အကျယ်အဝန်းအားဖြင့် မီတာ ၉၀၀ ( ပေ ၃၀၀၀ခန့်) ရှိပြီး အမြင့်အားဖြင့် မီတာ ၇၀ (ပေ ၂၃၀ခန့်) ရှိပါတယ်။ သို့သော်လည်း ပြင်းထန်တဲ့ ငလျှင်ဒဏ်ကြောင့် ကျောက်သားနံရံကိုဖောက်လုပ်ထားတဲ့ အချို့သော အဆောက်အဦး အစိတ်အပိုင်းများဟာ ပြိုကျ ပျက်စီးကုန်ခဲ့ပါတယ်။



ခပ်ဝေးဝေးက မြင်ရတဲ့ ကျောက်ဂူဝများ





ခမ်းနားကျယ်ဝန်းတဲ့ လှိုဏ်ဂူအဝင်ဝ
 
 
 

ခမ်းနားခဲ့သော အတိတ် သမိုင်းကြောင်းကို ပြောပြနေတဲ့ ကျောက်တောင်နံရံပေါ်က လှိုဏ်ဂူကြီးဟာ သဘာဝဘေးဖြစ်သော ငလျှင်ဒဏ်ကြောင့် အချို့သောအဆောက်အဦး၊ ဥမင်လမ်းကြောင်းများ ပျက်စီးသွားခဲ့ရသော်လည်း အနည်းငယ်မျှ ကျန်ရှိနေသေးတဲ့ ဘုန်းတော်ကြီးများက ယခုချိန်ထိတိုင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခဲ့တာကြောင့် ခိုင်ခိုင်မာမာ တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကျောက်နံရံကြီးကို ထွင်းထုပြီး လျှို့ဝှက်နက်နဲသော နည်းပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ ၄င်းလှိုဏ်ဂူကြီးဟာ ဂျော်ဂျီယာနိုင်ငံရဲ့ Cave City လို့အမည်တွင်ပြီး နှစ်ပေါင်း များစွာကြာခဲ့ပြီဖြစ်ပေမဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရတုန်း၊ လှပဆန်းကျယ်နေတုန်း ဖြစ်ပါတယ်။ စက်အားဖြင့်မဟုတ်ဘဲ လူအားသက်သက်နဲ့ ဆောက်လုပ်ခဲ့တဲ့ ကျောက်လှိုဏ်ဂူမြို့တော်ဟာ ဂျော်ဂျီယာနိုင်ငံမှာတော့ အကြီးဆုံး သမိုင်းဝင် ဗိသုကာ အဆောက်အဦးကြီးတစ်ခုအဖြစ် ယခုချိန်ထိ ထင်ရှားကျော်ကြားကာ ခရီးသွားများ သွားရောက်လေ့လာကြတဲ့ နေရာတစ်ခု ဖြစ်လို့နေပါတယ်။



Image Hosted by PicturePush - Photo Sharing


ဗဟုသုတအတွက် ဘာသာပြန်မျှဝေပါသည်။ 


25 Responses to “ဥမင်လှိုဏ်ဂူမြို့တော်”

PhyoPhyo said...

ဒီတစ်ခါပဲ ပထမဆုံးကွန်မန့်ရေးလို့ရတယ်။
လက်ဦးမှုရလိုက်တယ်။
ကျောက်လှိုဏ်ဂူလည်းသွားချင်တာပဲ။
ဟင်းဆိုလည်း စားချင်လိုက်တာပဲ။
ချစ်တဲ့
pp

ကိုကိုမောင်(ပန်းရနံ့) said...

ကြည့်လို့တော့ အတော်လှတယ် အမချောရေ... ဒါပေမဲ့ အပေါ့အပါးကိစ်စနှင့် သောက်ရေ သုံးရေ ကိစ်စအတွက် ဘယ်လို စီစဉ်ထားလဲတော့ မသိဘူး။း)))

ခင်မင်လျက်

sosegado said...

ပြည်မကြီးထဲရောက်နေလို့ မဖတ်ဖြစ်ဘူး၊ ခုမှအားလုံးဖတ်သွားတယ်
မျှဝေပေးတာကျေးဇူးပါပဲ၊ ဂူအိမ်မှာနေတာ အကောင်လေးတွေဝင်လာမှာပဲကြောက်တယ်၊

တက်ရဆင်းရနဲ့ တယ်မလွယ်ပါဘူး... နေရဖို့ဆိုရင်..း))


ခင်မင်လျက်
နေ၀ဿန်

နေချင်စရာကြီးပဲနော်..ရုပ်ရှင်တွေထဲမှာတော့တွေ့ဖူးတယ်..
မရေ..ထူးထုးဆန်းဆန်းတွေတင်ပေးလို့ရတဲ့
ဗဟုသုတအတွက်ကျေးဇူးပါနော်....
ခင်တဲ့
ချစ်ခြင်းအလကာင်္

စော said...

ကျတော်ကတော့ သမိုင်းဝင် အဆောက်အဦး ဆိုတာထက် နိုင်ငံသားတွေကို မွန်ဂိုတွေရဲ့  ရန်က ကာကွယ်ပေးတဲ့ သမိုင်းဝင် အဆောက်အဦး အဖြစ် ပိုပြီး စိတ်ဝင်စားမိတယ်။

Iora said...

အတွင်းခန်းတွေ ရှာကြည့်လိုက်အုန်းမယ်ချောရေ။ စိတ်ဝင်စားစရာကြီး။
အိုင်အိုရာ

mstint said...

ရှေးခေတ်ထဲက ဗိသုကာအတတ်ပညာရှင်တွေရဲ့ အတွေးအခေါ်တွေ အတော်မြင့်ခဲ့တယ်နော်။ မျှဝေပေးတာ ကျေးဇူးပါ ချောရေ။ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဓါတ်ပုံတွေကြည့်ပြီး ရောက်ဖူးချင်လိုက်တာ ညီမရေ..
အဲဒီလို ရှေးဟောင်းအဆောက်အဦးတွေကို အရမ်းစိတ်ဝင်စားတယ်။ အဲဒီကျောက်တောင်တွေကို ဒီလို အဆောင်ဆောင် အခန်းခန်းတွေဖြစ်အောင် ထွင်းထုဖို့ အဲဒီခေတ်က လူပေါင်း ဘယ်လောက်တောင်များ သုံးခဲ့ရပါလိမ့်နော်။ ပိရမစ်ဆောက်သလို ကျွန်တွေကိုများသုံးခဲ့တာလားလို့လဲ စဉ်းစားမိတယ်။ ကျောက်တောင်ကြီး တစ်ခုလုံးကို အဲဒီလို မြို့တော်ဖြစ်တဲ့အထိ နှစ်ပေါင်းဘယ်လောက်ကြာအောင် တည်ဆောက်ခဲ့ရမလဲ မသိဘူး။ စိတ်ဝင်စားစဖွယ် အကြောင်းကို မျှဝေပေးတာ ကျေးဇူးပါချောရေ။

Iora said...

ချောရေ..
သွားကြည့်ပြီးပြန်လာခဲ့ပြီ။ (မြန်တယ်နော်း))
Queen Tamar နဲ့ သူ့ ဖခမည်းတော်လည်းတွေ့ ခဲ့တယ်။ နံရံဆေးရေး။ ချပ်ခ်ျ မှာသုံးပုံရတဲ့ ခေါင်းလောင်း၂ လုံး၊ မြေအိုးဟောင်း၊ ရှည်လျားမတ်စောက်တဲ့ကျောက်ထွင်းလှေခါးထစ်တွေ၊ တချို့ ခရီးသွားတွေ ရေးထားတဲ့ အတွေ့ အကြုံ နဲနဲလည်းဖတ်ခဲ့လိုက်သေးတယ်။ အိမ်သာကိစ္စတော့ ရှောင်နိုင်ရင် အကောင်းဆုံးဘဲလို့ ခရီးသွားတွေကို အကြံပေးထားလို့ ရွှေပြည်ကြီး ကိုသတိရမိလိုက်ပါသေးတယ်။ ကျေးဇူတင်ပါတယ် ဗဟုသုတဘဏ်တိုက်ကြီး ချောရေ။ တော်တော်လူအင်အားသုံးခဲ့ရမှာဘဲနော် ဒီလောက်ဆောက်နိုင်အောင်။

သွားချင်လိုက်တာ..
ဓါတ်ပုံ ရိုက်ကွင်းတွေ များမှာပဲ :D

ahphyulay said...

ဟေ့  မ ချော...
ကျွန်တော် ဒီဂူလေးတွေ ကြည့်ပြီး ၊
တစ်ပါးထိုင် တရားထိုင်ဂူလေးတွေဆို
သိပ်ကောင်းမယ်လို့  အတွေးရတယ်...။

Anonymous said...

အေးအေးချမ်းချမ်းနဲ့ပဲ အဲဒီကျောက်ဂူ လေးတွေထဲမှာ သွားနေထိုင်ရရင်ကောင်းမှာပဲနော်။ ငလျှင်လုပ်မှာတော့ နည်းနည်း ကြောက်တယ်နော်။ :)

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

တက်ရတာတော့ အသည်းယားစရာကောင်းမယ်နော်။ ဒါပေမယ့် သွားကြည့်ချင်တယ်။
တရားထိုင်ချင်သူများ တရားပေါက်နိုင်၏။

ချစ်တဲ့
သဒ္ဓါ

Nyi Linn Thit said...

တခန်းဝင် တခန်းထွက် လျှောက်ကြည့်ရရင် စိတ်ဝင်စား ဖို့ ကောင်းမှာပဲ၊ လူနဲ့ ကြွက်ရဲ့ အကြားက နေထိုင်မှု ပုံစံ နယ်နမိတ်မျဉ်း ပါးနေတဲ့ နေရာလေးပါပဲ၊း) မျှဝေတာ ကျေးဇူးပါ မချောရေ...။

ချောရေ မင်္ဂလာပါ။

သူကြီးမင်းကတော့ တွေးလည်းတွေးတတ်ပါ့နော်။ ဓာတ်လှေခါးမရှိတော့ အပေါ်တက်ဖို့က တော်တော်လေး မောမှာပဲနော်။ ပြောရင်းနဲ့ သွားတောင်လည်ချင်လာပြီ။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

ကြည့်ရင်းနဲ့ မွန်းကျပ်လာတယ်။
သစ်ပင်မရှိ ရေမရှိ ခြောက်ကပ်ကပ်နဲ့မို့လား မသိဘူး။ အဲလိုနေရာမျိုးသွားရမှာနဲ့စာရင် အစိမ်းရောင်လွင်ပြင် များများ ရှိတဲ့နေရာပဲ သွားလိုက်ချင်ပါတော့တယ်။ :)

မချောရေ
ရှားရှားပါးပါးခုလိုလည်းရှိတာသိရတော့တယ် :))

ဂူထဲမတော့ မနေရဲဘူး မချောရေ..။ ကြည့်ရတာတော့ တကယ့်ကို ဂန္တဝင်မြောက်ဗိသုကာလက်ရာပါပဲရှင်..။ ရှာရှာဖွေဖွေတင်ပေးတာ ကျေးဇူးပါနော်။

လသာည said...

ချော.. လိုဏ်ဂူတွေကြား တူတူပုန်းတမ်းကစားချင်စရာနော်း)))

SHWE ZIN U said...

နေရဲပါဘူးဗျာ ပြိုများကြရင် တခါထဲ ဂူသွင်းပြီးသား

SHWE ZIN U said...

ညီမ ချောရေ အမမန့်တာလေး ဘယ်ရောက်

ညယံ said...

ထူးဆန်းတယ်။ အခါအခွင့်သင့်ရင်တော့ တစ်ခေါက်လောက်တော့ ရောက်ဖူးချင်တယ် :)

ကိုအောင်(ပျူနိုင်ငံ) said...

၁၂ ရာစုကတောင် ဒီလောက်ဆောက်နိုင်တာ၊ စက်ပစ္စည်းရှိလို့ကတော့ ဘယ်လောက်တောင် လက်ရာမြောက်သွားမလဲ မသိဘူး ...

မရောက်ဖူးတာတောင် ဒါမျိုး ရှိတယ်ဆိုတာ သိရတာနဲ့တင် ကျေနပ်စရာပါပဲ။