ပျော်ရွှင်ခြင်းငှက်ကလေး..

ကျွန်တော်ရဲ့အိမ်ဟာ ပင်လယ်ကမ်းခြေနဲ့ သုံးမိုင်၊ လေးမိုင်ခန့်သာ ဝေးတဲ့နေရာမှာ ရှိပါတယ်။ အိမ်နဲ့ သိပ်မဝေးလှပေမဲ့ ကမ်းခြေကို သွားတိုင်း ကားမောင်းသွားလေ့ရှိပါတယ်။ အဲဒီကမ်းခြေမှာဘဲ ကလေးမလေး တစ်ယောက်ကို စပြီး သိကျွမ်းခဲ့ရပါတယ်။ ကျွန်တော် သူ့ကိုတွေ့တဲ့အချိန်မှာ သူမအသက်က ၇နှစ်သာ ရှိပါသေးတယ်။ သူမဟာ အဲဒီအချိန်တုန်းက ကမ်းစပ်က သဲပြင်ပေါ်မှာ သဲတွေနဲ့ အိမ်ဆောက်တမ်း ဆော့ကစားနေခဲ့ပါတယ်။ ကလေးမလေးရဲ့ မျက်လုံးလေးတွေ ပြာလဲ့နေတာများ ပင်လယ်ရေပြင်ရဲ့ အရောင်အတိုင်းပါဘဲ။ 

"ဟယ်လို "

သူမလေးက ကျွန်တော့်ကို အရင်နှုတ်ဆက်တော့ ကျွန်တော်က ခေါင်းလေး တစ်ချက်လောက်သာ ညိတ်ပြလိုက်ပြီး ကလေးမလေးရဲ့ နှုတ်ဆက်စကားကို ပြန်ကြားလိုက်ပါတယ်။ ကလေးတစ်ယောက်နဲ့ အချိန်ဖြုန်းဖို့ဆိုတာ တကယ်တမ်းတော့ ကျွန်တော်အတွက် ပျင်းရိငြီးငွေ့စရာ ကောင်းပါတယ်။ ဒါကြောင့်လည်း ဟက်ဟက်ပက်ပက် ပြန်မပြောမိတာပါ။ ဒါပေမဲ့ "ဦး.. သမီးက အိမ်ဆောက်နေတာလေ" ဆိုတဲ့စကားကို ကလေးမလေးက အပြုံးလေးနဲ့ ကျွန်တော်ကို ဆက်ပြောပါတယ်။ ဒါနဲ့ ကျွန်တော်ကလည်း "အော် .. ဦး မြင်ပါတယ်ကွယ်. ဒါနဲ့ သမီးက ဘာတွေ ဆောက်နေတာတုန်း" လို့ စိတ်မပါလက်မပါ ပြန်မေးလိုက်ပါတယ်။

ကလေးမလေးကတော့ " သမီးလည်း ဘာတွေ ဆောက်နေမှန်း မသိပါဘူးဦးရယ်။ သဲတွေနဲ့ ထိနေရတာကို သဘောကျလို့ ဆော့နေတာ သက်သက်ပါ" ကလေးမလေးရဲ့ အဖြေကို ကျွန်တော် သဘောကျသွားတယ်.. ဒါနဲ့ ကျွန်တော်ရဲ့ ဖိနပ်ကို ချွတ်လိုက်ပြီး သဲပြင်ပေါ်မှာ ခြေဗလာနဲ့ ရပ်လိုက်မိတော့ ခြေဖဝါးပေါ်မှာ သဲပြင်ရဲ့ နူးညံ့မွအိနေတဲ့ အထိအတွေ့ကို သိသိသာသာ ခံစားမိတယ်။


Image Hosted by PicturePush - Photo Sharing
အဲဒီချိန်လေးမှာ စနိုက်ငှက်ကလေးတစ်ကောင် ကျွန်တော်တို့အနားက သဲပြင်ပေါ်လာနားတာ တွေ့လိုက်ရတော့ ကလေးမလေးက "ဝေး.. ပျော်လိုက်တာ " လို့ ရုတ်တရက် ထအော်တယ်။ "ဘာဖြစ်လို့ ??" ကျွန်တော်က သူ့ကို ပြန်မေးလိုက်တော့ "ပျော်တာလေ ဦးရဲ့.. သမီးမေမေက ပြောဖူးတယ် စနှိုက်ငှက်ကလေးတွေဟာ ပျော်စရာတွေကို ယူလာတတ်တယ်တဲ့။ ခု သမီးတို့ အဲဒီငှက်ကလေးကို တွေ့လိုက်တယ်လေ. အဲဒါ ကံကောင်းတာ ဦးရဲ့ ။ မကြာခင် ပျော်စရာကောင်းတာတွေ ရောက်လာတော့မှာ "  ကလေးမလေးက ရွှင်မြူးစွာနဲ့ ဖြေပါတယ်။

ခဏလေးမှာဘဲ စနှိုက်ငှက်ကလေးဟာ သဲပြင်ပေါ်ကနေ ပင်လယ်ဘက်ဆီ တောင်ပံဖြန့်လို့ ပျံသန်းသွားပါတယ်။ "သွားပေတော့ ပျော်ရွှင်မှုလေးရေ.. ငါတော့ ဒုက္ခတွေ နာကျင်မှုတွေနဲ့ အရင်အတိုင်း ကျန်ခဲ့တာပါဘဲလေ" ကျွန်တော် စိတ်ထဲက တီးတိုးလေး ရေရွတ်လိုက်မိပါတယ်။ ကျွန်တော်ချစ်လှတဲ့ အမေ နေမကောင်းကတည်းက ကျွန်တော် စိတ်ဆင်းရဲပြီး ပူလောင်သောက ရောက်နေခဲ့တာ ကြာပါပြီ။ ဆေးကုလို့လည်း မသက်သာတဲ့ အမေကိုကြည့်ပြီး ကျွန်တော် သိပ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်တော့်လက်ရှိ အလုပ်မှာလည်း သူဌေးနဲ့က သိပ်ပြီး အဆင်မပြေတဲ့အတွက် အလုပ်ဆက်လုပ်ဖို့က မျှော်လင့်ချက် နည်းလွန်းနေပါတယ်။  အမေက နေမကောင်း၊ အလုပ်ကအဆင်မပြေ။ ကံမကောင်းခြင်းတွေ ဆက်တိုက် ဝင်လာပြီး ကျွန်တော့်စိတ်ကို ဖိစီးထားခဲ့တာကြောင့် ပျော်စရာဆိုတာ ဘာလဲလို့ မေးရလောက်အောင် ပျော်ရွှင်ခြင်းတွေနဲ့ ကင်းဝေးနေတာလဲ ကြာပါပြီလေ။ သက်ပြင်းကို ချလိုက်ရင်း ကလေးမလေး အနားကနေ ထွက်ခွာဖို့ ခြေလှမ်းပြင်လိုက်ပါတယ်။

 ဒါပေမဲ့ ကလေးမလေးဟာ မဖော်ရွေတဲ့ ကျွန်တော့ရဲ့ အပြုအမူအတွက် လွယ်လွယ်နဲ့ လက်လျော့ပုံမရဘဲ 
"ဦးနာမည်က ဘယ်လိုခေါ်လဲဟင် " လို့ မေးပြန်ပါတယ်။

"ရောဘတ်.. အပြည့်အစုံက ရောဘတ် ပီတာဆန် "

"သမီးနာမည်က ဝင်ဒီပါ အသက်က ၇နှစ်ရှိပြီ ဦးရဲ့" သွက်သွက်လက်လက် ပြန်ဖြေတဲ့ ကလေးမလေးက တခစ်ခစ်နဲ့လည်း ရယ်မောနေပြန်တယ်။ ဟလို. ဝင်ဒီလို့ ကျွန်တော်က ပြန်နှုတ်ဆက်လိုက်တော့ "ဦးက ရယ်ဖို့ကောင်းတယ်နော်၊ အခုမှ သမီးကိုနှုတ်ဆက်တယ်" လို့ပြောပြီး ထပ်ရယ်ပြန်တယ်။ အပူအပင်ကင်းကင်းနဲ့ ရယ်မော ရွှင်ပျနေတဲ့ ကလေးမလေးရဲ့ ရယ်သံလေးက ကျွန်တော့်ကို ပြန်မပြုံးဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်လို့ နေပြန်တယ်။  ဝင်ဒီလေးက သူနဲ့ အတူတူ သဲပြင်ပေါ်မှာ ကစားဖို့ ကျွန်တော့်ကို ပြောတော့ ကျွန်တော်လဲ သူလေးနဲ့ အတူတူ အိမ်ဆောက်တမ်း ကစားဖို့ သဲပြင်ပေါ် အားပါးတရ ထိုင်ချလိုက်ပါတော့တယ်။ ဝင်ဒီနဲ့ ကစားနေချိန်မှာ ကျွန်တော်ဟာ ခံစားနေရတဲ့ သောကအပူတွေကို မေ့သွားပြီး ကလေးမလေးနဲ့အတူ ရယ်မောလိုက်၊ အိမ်ဆောက်လိုက် လုပ်နေမိပါတယ်။  မှောင်ခါနီးလို့ အိမ်ပြန်ဖို့ အချိန်တန်တော့မှ ကျွန်တော်ဟာ ဝင်ဒီကို နှုတ်ဆက်ပြီး ကားရပ်ထားရာဆီ လမ်းလျှောက်ပြန်လာခဲ့ချိန်မှာ ကျွန်တော့်အနောက်ကနေ ခပ်ဝေးဝေးထိတောင် ကလေးမလေး ဝင်ဒီရဲ့ ခိုးခိုးခစ်ခစ် ရယ်မောသံလေးနဲ့ အော်သံလေးက လိုက်ပါလို့ နေပါတယ်။

"ဦးရေ.. နောက်တစ်ခေါက်လည်း လာခဲ့ဦးနော်.. နောက်နေ့တွေလည်း  ပျော်စရာနေ့လေးတွေဖြစ်အောင် စနှိုက်ငှက်လေး ရှာကြရအောင်နော်"

ကလေးမလေးတစ်ယောက်နဲ့ ဆော့ကစားခြင်းဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ကျွန်တော့်ကို ရယ်မော ရွှင်ပျစေနိုင်ခဲ့တယ်။ 

~~~~~~~~~~~@@@@@@@~~~~~~~~~~
 
နောက်ရက်တွေမှာတော့ အလုပ်တွေ ဖိစီးနေတာရယ် ကျွန်တော့်အမေရဲ့ ကျန်းမာရေးက ပိုဆိုးလာတာရယ်ကြောင့် ကမ်းခြေကို ကျွန်တော် မရောက်ဖြစ်တော့ပါဘူး။ စိတ်ဖိစီးမှုတွေ ပူလောင်မှုတွေနဲ့ လူကလည်း ပင်ပန်းနူံးချိ နေခဲ့တယ်။ နေသာတဲ့ မနက်ခင်းတစ်ခုမှာတော့ ကမ်းခြေကို စိတ်ပြေလက်ပျောက် လမ်းလျှောက်သွားဖို့ စိတ်ကူးမိပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဝင်ဒီပြောခဲ့ဖူးတဲ့ ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတယ်ဆိုတဲ့ စနိုက်ငှက်ကလေး တစ်ကောင်တစ်လေကို တွေ့ချင်မိတဲ့စိတ် ဖြစ်မိပါတယ်။  ဒါနဲ့ ကုတ်အင်္ကျီကို ထပ်ဝတ်လိုက်ပြီး ပင်လယ်ကမ်းခြေကို ထွက်ခဲ့ပါတော့တယ်။ ကမ်းခြေမှာတော့ ဝင်ဒီနဲ့ ပြန်တွေ့လိမ့်မယ်လို့လည်း ကျွန်တော် မထင်မိခဲ့ပါဘူး။
ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ သဲသောင်ပြင်မွှအိအိလေးနဲ့အတူ လှိုင်းကလေးတွေပြေးလွှားဆော့ကစားနေတဲ့ ပင်လယ်ကမ်းခြေက အပြောင်းအလဲမရှိ ကျွန်တော့်ကို ဆီးကြိုပါတယ်။ ဆားရနံ့သင်းနေတဲ့ လေပြေကလေးကလည်း ကျွန်တော့်ကို ပွေ့ဖက်ကြည်စယ်လို့  နှုတ်ဆက်လို့ပါဘဲ။ ပင်လယ်နဲ့ သဲသောင်ပြင်ရယ် လေညင်းလေးရယ်က ကျွန်တော့်ရဲ့စိတ်ဖိစီးမှုတွေ လျော့ပါးသက်သာစေပြန်တယ်။ အဲဒီအချိန်လေးမှာ ကျွန်တော့်စိတ်တွေ အေးဆေးတည်ငြိမ်လို့ နေခဲ့တယ်။ လွန်ခဲ့တဲ့ အချိန်က ဒီပင်လယ်ကမ်းခြေမှာ တွေ့ဆုံခဲ့တဲ့ ကလေးမလေးကို ကျွန်တော် လုံးလုံးကို မေ့နေခဲ့မိတယ်။ မမျှော်လင့်ဘဲ ကလေးမလေးကို ကမ်းခြေမှာ ရုတ်တရက် ပြန်တွေ့လိုက်ရတော့မှ သူနဲ့ဆုံခဲ့တာကို ပြန်သတိရတော့တယ်။ ဒီကလေးမလေးဟာ ကမ်းခြေမှာ နေ့တိုင်းများ ရှိနေခဲ့တာလား လို့လည်း တွေးလိုက်မိပါတယ်။

ကလေးမလေးက ကျွန်တော့်ကို မြင်လိုက်တာနဲ့ "ဟယ်လို မစ္စတာပီ.. သမီးနဲ့ ကစားမလား " လို့ ရယ်မောရင်း နှုတ်ဆက်ပါတော့တယ်။ ရုတ်တရက်တော့ စိတ်အနှောက်အယှက်ဖြစ်သွားသလို ကျွန်တော်ခံစားလိုက်ရတယ်။ အေချမ်းနေတဲ့ ကျွန်တော့်စိတ်တွေကို ပျက်စီးစေလိုက်သလိုပါဘဲ။

"ဘာများဆော့ချင်လို့လဲ "
ခပ်ဆတ်ဆတ် လေသံနဲ့ ကျွန်တော် ပြန်မေးလိုက်တော့

"သမီးလည်း မသိဘူး.. ဦးကရော ဘာတမ်းကစားချင်သလဲ" လို့ အပြုံးကလေးနဲ့ ပြန်မေးပါတယ်။

"စကားထာ ဖွက်တမ်းကစားမလား " ကျွန်တော်က ခပ်ငေါ့ငေါ့ ပြန်မေးလိုက်ပါတယ်။ တကယ်တမ်းတော့ အသက် ၇နှစ်အရွယ်ကလေးမလေးက စကားထာ ဖွက်တမ်းဘယ်မှာ ကစားနိုင်ပါ့မလဲ။ ကလေးမလေးကတော့ တခစ်ခစ် ရယ်မောရင်း " အဲဒီကစားနည်း သမီးမသိဘူး ဦးရဲ့" လို့ ပြန်ဖြေပါတယ်။

"ကဲ.. ဒါဆိုရင်လည်း လမ်းဘဲလျှောက်ကြတာပေါ့။ " လို့ ကလေးမလေး မျက်နှာကိုကြည့်ပြီး ပြောလိုက်မိတော့ ဝင်ဒီလေးရဲ့ မျက်နှာပေါ်က ရွှင်မြူးရိပ်ကလေးတွေကို ကျွန်တော်တွေ့လိုက်ရတယ်။

"ဝင်ဒီ.. သမီးက ဒီကမ်းခြေမှာ အမြဲ ရှိတတ်လား.. အိမ်က ကမ်းခြေနဲ့နီးလို့လား" လို့ မေးခွန်းမေးလိုက်တော့ "သမီးက ဟိုနားမှာနေတာ ဦးရဲ့ "  သူညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ နွေရာသီတည်းခိုတဲ့ အိမ်တန်းလေးတွေကို တွေ့လိုက်ရတယ်။ ကျွန်တော်အံ့သြသွားမိတယ်။ ခုလို ဆောင်းရာသီမျိုးဟာ ကမ်းခြေကို အပန်းဖြေသူတွေ လာတတ်တဲ့ အချိန်မျိုးလည်း မဟုတ်ဘဲ ဝင်ဒီက ဒီပင်လယ် အနီးတစ်ဝိုက် မြို့ရွာတွေက မဟုတ်ဘဲ ဘာကြောင့် ပင်လယ်ကမ်းခြေကို အလည်ရောက်နေတယ်ဆိုတာ မစဉ်းစားတတ်အောင် ဖြစ်သွားမိတယ်။ ဒီလိုဆို သမီးက ကျောင်းဘယ်လိုသွားသလဲ လို့ ကျွန်တော်ပြန်မေးမိတော့ "သမီးက ကျောင်းမှ မနေတာဦးရဲ့.. မေမေက ပြောတယ်.. သမီးတို့က ပင်လယ်ကမ်းခြေမှာ အနားယူဖို့လာတာတဲ့ " လို့ ဖြေပါတယ်။

ကမ်းစပ်က သဲပြင်ပေါ်မှာ လမ်းလျှောက်နေစဉ် တစ်ချိန်လုံး ကလေးမလေးက စကားတွေ တတွတ်တွတ် ပြောနေခဲ့ပေမဲ့ ကျွန်တော့်အာရုံတွေက သူပြောတဲ့စကားပေါ်မှာ မရှိဘဲ တစ်ခြားနေရာကို စိတ်က ရောက်နေခဲ့မိတယ်။ သဲသောင်ပြင်ပေါ်မှာ စနှိုက်ငှက်လေး တစ်ကောင်တစ်လေ တွေ့ရင်တော့ ဝင်ဒီက အသံလေး ခပ်ကျယ်ကျယ်နဲ့  အော်ဟစ်ရယ်မော တတ်ပြန်တယ်။ အိမ်ပြန်ချိန်ရောက်တော့ ဝင်ဒီလေးက "ဒီနေ့ လမ်းလျှောက်ရတာ ပျော်စရာသိပ်ကောင်းတာဘဲ " လို့ ခစ်ခစ်ရယ်သံလေးနဲ့ ကျွန်တော့်ကို ပြောရင်းက "တာ့တာနော်ဦး.. နောက်ကိုလဲ လာခဲ့နော်" လို့ နှုတ်ဆက်ပါတယ်။ ကျွန်တော်လဲ ဝင်ဒီ့ကို ပြန်ပြုံးပြလိုက်ပြီး "ဟုတ်တယ် ပျော်ဖို့ကောင်းတယ်.. ဦး နောက်ကို အချိန်ရရင် လာခဲ့ပါမယ်" လို့ပြောလိုက်ပြီး ကမ်းခြေကနေ ထွက်ခွာလာခဲ့ပါတယ်။

~~~~~~~~~~~@@@@@@@~~~~~~~~~~

နောက်သုံးပတ်လောက်အထိ ကမ်းခြေကို ကျွန်တော် မရောက်ဖြစ်တော့ပါဘူး။ အမေ့ကို အရေးပေါ်ဆေးရုံတင်လိုက်ရပြီး ခွဲစိတ်မှုတစ်ခုပါ လုပ်လိုက်ရတဲ့အတွက် ကျွန်တော့်မှာ အတော်ကို ဗျာများနေခဲ့ရတယ်။ အမေ ဆေးရုံက ပြန်ဆင်းလို့ ကိစ္စတွေအားလုံးပြီးချိန်မှာ သူဌေးနဲ့ အဆင်မပြေတဲ့ ကျွန်တော် အလုပ် ပြုတ်ပြန်တော့တယ်။ စိတ်ဆင်းရဲခြင်းတွေနဲ့ ကမ်းခြေကို ရောက်သွားမိတဲ့အချိန်မှာ ဖိစီးနေတဲ့ အပူမီးတွေကြောင့် ဝင်ဒီလေးကို တွေ့ပေမဲ့ နှုတ်ဆက်စကား ပြောချင်စိတ်တွေ ကင်းမဲ့နေခဲ့ပါတယ်။ ဝင်ဒီတို့နေတယ်ဆိုတဲ့ နွေရာသီအပန်းဖြေအိမ်ကလေးရဲ့ ဆင်ဝင်အောက်မှာ အမျိုးသမီးတစ်ဦးကို ခပ်ဝါးဝါး မြင်တွေ့နေရပါတယ်။ ကြည့်ရတာ ကလေးမလေးရဲ့ မိခင်ဖြစ်သူက သူမလေးကို စောင့်ကြည့်နေဟန် တူပါတယ်။ ဝင်ဒီကတော့ ကျွန်တော့်ကို တွေ့လိုက်တာနဲ့ ပျော်ရွှင်စွာ ပြေးလာရင်း နှုတ်ဆက်စကားဆိုကာ ကျွန်တော့်လက်ကို လာတွဲပါတယ်။ ကျွန်တော်က ဝင်ဒီကို ငုံ့ကြည့်လိုက်ပြီး "ဝင်ဒီ.. ဦး ဒီနေ့တော့ တစ်ယောက်တည်းနေပါရစေ.. ဝင်ဒီဖာသာ လမ်းသွားလျှောက်ပါ။ ဦးကို မနှောက်ယှက်ပါနဲ့နော်" လို့ လေသံခပ်တင်းတင်းနဲ့ ပြောလိုက်ပါတယ်။

ကလေးမလေးရဲ့ ဖြူဖျော့ဖျော့ မျက်နှာလေးက ငိုတော့မလို မဲ့ခနဲဖြစ်သွားပြီး "ဘာဖြစ်လို့လဲ ဦးရဲ့.. သမီးက ဦးကို နေ့တိုင်းမျှော်နေတာ။ ခုလည်း မတွေ့တာကြာလို့ ဦးကိုတွေ့လိုက်ရတော့ သမီးက ဝမ်းသာမိတာပါ။ " လို့ ပြောရှာပါတယ်။

ကျွန်တော် ဝင်ဒီ့ကို "အေး မင်းက ပျော်တယ် လုပ်နေ.. ငါကတော့ အလုပ်မရှိတော့လို့ စိတ်သောက ရောက်နေတာ" လို့ အော်ပစ်လိုက်မိပြီးမှ "အိုး ဒီလောက်ငယ်သေးတဲ့ ကလေးတစ်ယောက်ကို ငါ.. ဘာလို့များ ဒီလို လေသံနဲ့ ပြောလိုက်ရတာပါလိမ့်"လို့ နောင်တ ရနေမိပြန်ပါတယ်။

ဝင်ဒီကလေးဟာ တိတ်ဆိတ် ဝမ်းနည်းသံလေးနဲ့ "အို.. ဒီနေ့တော့ ပျော်စရာကောင်းတဲ့နေ့ မဟုတ်တော့ဘူးပေါ့.. ဒီနေ့ဟာ ဆိုးဝါးတဲ့ နေ့ဖြစ်သွားပြီ " လို့ တီးတိုးလေး ရေရွတ်နေပါတယ်။

"ဟုတ်တယ်.. ဘာမှ ပျော်စရာနေ့ မဟုတ်ဘူး.. ပျော်စရာဆိုတာ ဘာမှန်းကို မသိဘူး" လို့ ကျွန်တော်က ပြန်ပြောမိတော့
"ဦး… အလုပ်ပြုတ်သွားလို့ အရမ်းဝမ်းနည်းနေသလားဟင်" လို့ မေးပါတယ်။

"ဟုတ်တယ် .. ဝမ်းနည်းတယ်.. ဒါကြောင့် ဘယ်သူနဲ့မှ စကားမပြောချင်ဘူး။ မင်းလဲ ဒီနေရာကနေ သွားတော့. ငါလဲသွားတော့မယ်" လို့ ပြန်ပြောလိုက်ပြီး ဝင်ဒီကလေးကို လှည့်မကြည့်တော့ဘဲ အဲဒီနေရာကနေ လှည့်ထွက်လာခဲ့ပါတော့တယ်။ 

~~~~~~~~~~~@@@@@@@~~~~~~~~~~

ဒီနောက်ပိုင်း တစ်လလောက်ကြာတဲ့အထိ သောင်ပြင်ကမ်းစပ်ကို ကျွန်တော် မရောက်ဖြစ်ခဲ့တော့ပါဘူး။ စိတ်ကူးရတဲ့တစ်နေ့ ကမ်းခြေကို ကျွန်တော်ရောက်သွားတော့ သဲပြင်မှာ ဆော့ကစားနေတာကို အမြဲမြင်နေရတဲ့ ဝင်ဒီလေးကို မတွေ့ရတော့ဘူး။ ပြီးခဲ့တဲ့ အခေါက်က ဝင်ဒီလေးကို ကျွန်တော် အော်ငေါက်လိုက်မိတာတွေ၊ သူ့ကို ဒီအတိုင်း ထားရစ်ခဲ့တာတွေ  ပြန်သတိရမိပြီး ကလေးတစ်ယောက်ကို ဒီလိုဆက်ဆံမိတာကို စိတ်ထဲမှ အပြစ်မကင်းသလို ၊ ရှက်ရွံ့မိလာသလို ခံစားမိပါတယ်။ ဒါနဲ့ ဝင်ဒီလေး နေတဲ့ အိမ်ကလေးဘက်ဆီကို လျှောက်သွားလိုက်မိပြီး ပိတ်ထားတဲ့ တံခါးကို ခေါက်လိုက်တော့ ပျားရည်ရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ယောက် ထွက်လာပါတယ်။

"ဟလို.. ကျွန်တော်က ရောဘတ်ပီတာဆန်ပါ။ ဝင်ဒီလေးနဲ့ ခင်နေတာကြာပါပြီ။ ဒီနေ့ ဝင်ဒီ့ကို ကမ်းခြေမှာ မတွေ့လို့ သူဘယ်ရောက်နေလဲဆိုတာ လာမေးတာပါ"

"အိုး.. အထဲကို ဝင်ပါ မစ္စတာ ပီတာဆန်… ရှင့်ကို ကျွန်မ သိပါတယ်။ ဝင်ဒီက ရှင့်အကြောင်း မကြာခဏ ပြောလွန်းလို့ ကျွန်မသိနေခဲ့တာပါ။ သူက ရှင့်ကို အနှောက်အယှက်ပေးနေကျ ထင်ပါတယ်။ သူရှင့်ကို အမြဲ နှောက်ယှက်နေတာကို ဒီအတိုင်း ကြည့်နေခဲ့မိတဲ့ ကျွန်မကို ခွင့်လွှတ်ပါရှင်" ဝင်ဒီ့အမေက ကျွန်တော့်ကို တောင်းပန်စကားဆိုတော့

"ဟာ .. မဟုတ်တာဗျာ.. ကလေးက ကျွန်တော့်ကို အနှောက်အယှက်ပေးတာ မဟုတ်ပါဘူး။ သူက သိပ်ကို ပျော်တတ်တဲ့ ကလေးပါ။ ချစ်စရာလည်း ကောင်းပါတယ် " လို့ ပြန်ဖြေလိုက်ပြီး "အခု သူဘယ်မှာလဲ.. သူ့ကို မတွေ့တာကြာလို့ ကျွန်တော် သတိတရနဲ့ လာမေးတာပါ " လို့ ပြောလိုက်ပါတယ်

အမျိုးသမီးက မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ ပြန်ပြောရှာတယ်။။  "သမီးလေးဟာ တစ်နေ့ကဘဲ ဆုံးသွားပါပြီ မစ္စတာပီတာဆန်.. သူ့မှာ သွေးကင်ဆာရောဂါ ရှိနေခဲ့ပါတယ်။ ဒါကြောင့် အများသူငှာ ကလေးငယ်တွေလို ကျောင်းဆက်မတက်နိုင်တော့ဘဲ ဒီမှာ လာပြီး အနားယူနေခဲ့ရတာပါ။ သူ အဲဒီအကြောင်း ရှင့်ကို မပြောပြခဲ့ဘူးထင်ပါတယ်။ သမီးလေးက သူ့ကြောင့် သူများတွေ စိတ်မကောင်းဖြစ်မှာ၊ ဝမ်းနည်းမှာကို မလိုလားတတ်သူပါ. ဒါကြောင့်လည်း ရှင့်ကို မပြောပြခဲ့တာ ဖြစ်မှာပါ။ မကြာခင် သေမှာကို သူသိနေခဲ့ပေမဲ့ တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင် နေသွားခဲ့တယ်။ သူများကိုလည်း ပျော်နေတာဘဲ သူက မြင်ချင်တယ်လို့ ပြောတတ်ပါတယ်"

အမျိုးသမီးရဲ့ စကားတွေက ကျွန်တော့်နားထဲကို တစ်လုံးချင်း ပစ်သွင်းနေသလိုပါဘဲ။ ဘယ်လိုခံစားမှုမှန်းမသိတဲ့ ခံစားမှုတစ်မျိုးနဲ့ ကျွန်တော့်ရင်ဘတ်တွေ နာကျင်လို့လာပါတယ်။ အသက်ရှုရတာတောင် ကျပ်လာသလို ခံစားလာရတာကြောင့် ကုထားထိုင်ရဲ့ လက်ရမ်းကို တင်းတင်း ဆုပ်ကိုင်လိုက်မိပါတယ်။

"သမီးလေးက ပင်လယ်ကမ်းခြေကို သိပ်ကြိုက်တာ.. ဒါကြောင့် သမီးလေးက ကမ်းခြေကို သွားမယ်ဆိုတိုင်း ကျွန်မမှာ မငြင်းခဲ့နိုင်ဘူး.. သူက ဒီကမ်းခြေမှာ ပျော်တယ်လေ.. ပျော်စရာနေ့လေးတွေ ကမ်းခြေမှာ ရှိတတ်တယ်လို့ အမြဲပြောတတ်ပြီး တစ်နည်းနည်းနဲ့ ပျော်စရာတွေကို ရှာကြံနေတဲ့ ကလေးမလေးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အပတ်တွေကတော့ ကမ်းခြေကို မသွားချင်တော့ဘူးလို့ ပြောလာတယ်။ ဘာဖြစ်လို့ မသွားချင်တော့တာလဲဆိုတာ ကျွန်မလဲ သမီးလေး ဆုံးသွားတဲ့အချိန်ထိ မသိခဲ့ပါဘူး.. လောကကြီးထဲ ခဏတာ ဝင်လာခွင့်ရတဲ့ ကျွန်မသမီးလေးပါရှင်"

ဆို့နင့်နေတဲ့ ရင်ဘတ်တစ်လုံးနဲ့ နားထောင်နေခဲ့ရတာကြောင့် တုန်ရီနေတဲ့ ဝင်ဒီ့အမေရဲ့ စကားသံတွေက ကျွန်တော့်အတွက် အသက်ရှုရတာ ခက်ခဲပင်ပန်းလွန်းစေခဲ့တယ်။ သေခါနီး လူမမာ ကလေးမလေးရဲ့ ပျော်ရွှင်တတ်မှုတွေကို ဖျက်ဆီးခဲ့တာ ကျွန်တော် ကိုယ်တိုင် ဖြစ်မှာပါ။

"သမီးလေးက ရှင့်နာမည်နဲ့ စာအိတ်လေးတစ်လုံး ထားရစ်ခဲ့တာကို ကျွန်မရှာတွေ့တယ် မစ္စတာ ပီတာဆန်.. ခဏလောက် စောင့်ပါနော်. ကျွန်မ အခုဘဲ သွားယူလိုက်ပါမယ်" ။ ဝင်ဒီ့အမေကို ပြောစရာစကား ရှာမရတာနဲ့ ခေါင်းကိုသာ ညိတ်ပြလိုက်မိပါတယ်။

အခန်းထဲ ဝင်သွားပြီး ပြန်ထွက်လာတဲ့ ဝင်ဒီရဲ့ အမေလက်ထဲမှာတော့ စာအိတ်လေးတစ်လုံး ပါလာပါတယ်။ ခပ်ညစ်ညစ် စွန်းထင်းနေတဲ့ စာအိတ်ကလေးပေါ်မှာ မစ္စတာ ပီ ဆိုတဲ့ ခပ်ထူထူ စာလုံးလေးနဲ့ ကလေးလက်ရေးကို တွေ့လိုက်ရပါတယ်။ စာအိတ်လေးထဲမှာတော့ စာရွက်ပေါ်ဆွဲထားတဲ့ ပန်းချီကားလေးတစ်ခု..

Image Hosted by PicturePush - Photo Sharing


အဝါရောင် သဲသောင်ပြင်ရယ်၊ အပြာရောင် ပင်လယ်ပြင်ကြီးရယ်၊ အညိုရောင် ငှက်ကလေးတစ်ကောင်ရယ် ပါတဲ့ ပန်းချီကားလေး..
အဲဒီပန်းချီလေးထဲက အညိုရောင်ငှက်ကလေးဆိုတာ ပျော်ရွှင်ခြင်းတွေ ယူဆောင်လာတတ်တယ်လို့ ဝင်ဒီပြောခဲ့ဖူးတဲ့ စနိုက်ငှက်ကလေးပါ။ ပန်းချီကားရဲ့ အောက်ခြေမှာတော့  

"မစ္စတာ ပီအတွက် ပျော်ရွှင်ခြင်းတွေကို ဒီစနှိုက်ငှက်ကလေးက အမြဲတမ်း ယူဆောင်လာပါစေ" လို့ ရေးထားတဲ့ စာတန်းကလေးပါ။

မျက်ရည်တွေဟာ ကျွန်တော့် မျက်လုံးထဲကနေ အဆက်မပြတ် စီးကျလာပြီး ဆို့နင့်ကြေကွဲခြင်းတွေနဲ့  "ကျွန်တော် ဝမ်းနည်းပါတယ်.. သိပ်ကို ဝမ်းနည်းပါတယ်.. ဆောရီးပါ.. တောင်းပန်ပါတယ်" ဆိုတဲ့စကားတွေကိုဘဲ ကျွန်တော့်ပါးစပ်ကနေ အဆက်မပြတ် ထပ်တလဲလဲ ရွတ်နေမိပါတော့တယ်။

~~~~~~~~~~~@@@@@@@~~~~~~~~~~

ခုချိန်မှာတော့ ကျွန်တော့်အတွက် ဝင်ဒီလေး ထားရစ်ခဲ့တဲ့ ပန်းချီကားလေးကို မှန်ဘောင်သွင်းပြီး နံရံထက်မှာ ချိတ်ထားလိုက်ပါတယ်။ အသက်ငယ်ပေမဲ့ သူတစ်ပါးပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးချင်တဲ့၊ တန်ဖိုး ထားတတ်တဲ့ ပင်လယ်ပြာရောင် မျက်လုံးပိုင်ရှင်၊ ပင်လယ်ကမ်းခြေရဲ့ သဲပြင်လို အဝါရောင်ဆံပင်ပိုင်ရှင် ကလေးမလေးရဲ့ နောက်ဆုံးလက်ဆောင် ပန်းချီကားကလေးကနေ ကျွန်တော့်ကို ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေ ပေးနေခဲ့ပါတယ်။ ပန်းချီကားကို ကြည့်မိတိုင်းလည်း စနှိုက်ငှက်ကိုတွေ့လို့ ဟက်ဟက်ပက်ပက် ခိုးခိုးခစ်ခစ် ရယ်မောတဲ့ အသံလေးကို ကျွန်တော် ပြန်ကြားယောင်မိတတ်ပါတယ်။ သေခြင်းတရားကို မေ့လျော့ထားနိုင်ပြီး ပျော်ရွှင်ခြင်းကို တွေးတော ရှာဖွေနေတတ်တဲ့ ကလေးမလေးဟာ ကျွန်တော်နဲ့ ဆုံတွေ့ချိန်တိုင်း ကျွန်တော့်ကို ပျော်ရွှင် ရယ်မောအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ကျွန်တော်ကတော့ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေ၊ ခံစားမှုတွေကို ကိုယ့်ရဲ့ စိတ်ညစ်ညူးမှု၊ အဆင်မပြေမှုအောက်မှာ လစ်လျူရှုခဲ့မိတယ်။ ကိုယ့်ရဲ့ စိတ်ခံစားမှုကိုသာ ဦးစားပေးတတ်ခဲ့ပြီး မိမိကိုယ်ကိုလည်း ပျော်ရွှင်အောင်၊ သူတစ်ပါးကိုလည်း ပျော်ရွှင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဘဝဆိုတာ အဆင်ပြေ ချောမွေ့မှုတွေချည်း ရှိနေမှာမဟုတ်ပါ။ ဒုက္ခတွေ၊ အခက်အခဲတွေ အများကြီးကိုလည်း ကြုံတွေ့ရမှာပါ။ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးစရာတွေကြုံလာရင် ထိုင်ပြီး စိတ်ညစ်မနေဘဲ စိတ်ညစ်စရာတွေထဲကမှ ပျော်ရွှင်ခြင်းကို ကြိုးစား ရှာဖွေယူရမှာဖြစ်ပြီး ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ၊ သောကတွေကို ရေရှည် ပွေ့ဖက်မနေသင့်ပါဘူး။ ကိုယ်တိုင်က ပျော်ရွှင်တတ်ဖို့ ကြိုးစားသင့်သလို၊ သူတစ်ပါးကိုလည်း ပျော်ရွှင်မှုတွေ မျှဝေပေးသင့်ပါတယ်။ ကိုယ်တိုင်က ဟက်ဟက်ပက်ပက် နှစ်နှစ်ခြိုက်ခြိုက် မရယ်မောတတ်တဲ့သူဟာ သူတစ်ပါးကိုလည်း ပျော်ရွှင်ရယ်မောနိုင်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိနားလည်လာခဲ့ပါတယ်။ ဘယ်လောက်ဘဲ စိတ်ညစ်နေပါစေ ရယ်မောနိုင်ဖို့ ကျွန်တော် ကြိုးစားတတ်လာပါပြီ။ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှ့င် ရယ်မောတတ်လာအောင် အတတ်နိုင်ဆုံး ကျွန်တော် ကြိုးစားတတ်လာပါတယ်။ ဒါဟာ ဝင်ဒီလေးအပေါ် ပျက်ကွက်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်လည်ပေးဆပ်ခြင်းလို့ ဆိုရင်လည်း ဆိုနိုင်ပါတယ်။ စိတ်ညစ်ချိန်မှာ ဟက်ဟက်ပက်ပက် ရယ်နိုင်အောင် ကြိုးစားကြည့်ပါ။ စိတ်တွေ အနည်းနဲ့အများ ပေါ့ပါးလာမှာပါ။

လူတိုင်းမှာ ပျော်ရွှင်ခြင်းကို ယူဆောင်လာတတ်တဲ့ စနှိုက်ငှက်လေး တစ်ကောင်လောက်တော့ တွေ့အောင်ရှာနိုင်ဖို့ အခွင့်အရေးတွေ ရှိနေတယ် မဟုတ်ပါလားလေ။

Snipe to bring you joy ( Robert Peterson) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ပျော်ရွှင်ခြင်းကို လူတိုင်း ရှာဖွေတွေ့ရှိနိုင်ပါစေရှင်..


Image Hosted by PicturePush - Photo Sharing 

28 Responses to “ပျော်ရွှင်ခြင်းငှက်ကလေး..”

အစိမ်းရောင်ရေ Good Morning နော်။ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ရယ်မောနိုင်ဖို့လည်း ကြိုးစားသင့်တယ်၊ ကြိုးစားရမှာပါ။ ၀င်ဒီအတွက် စိတ်မကောင်းစရာလေးပဲ ချောရယ်။ ကျန်းမာပျော်ရွှင်ပါစေနော့...

ကိုကိုမောင်(ပန်းရနံ့) said...

ဖတ်ရင်းနဲ့ စီးမျောသွားတယ်။ ခုနစ်နှစ်သမီးလေးက သင်ပေးလိုက်တဲ့ ဘ၀နေနည်းတွေပေါ့။ ရလာတဲ့ ဘ၀လေးမှာ စိတ်ညစ်စရာတွေကို ဖယ်ရှားပြီး ပျော်ရွှင်ဖွယ်ရာကိုသာ စဉ်းစားသင့်တယ် မဟုတ်လား။ ဒါမှ တက်ကြွမှုနဲ့အတူ ရှေ့ဆက်လို့ရမှာ။

ခင်မင်လျက်

ယောက္ခမ said...

ဘ၀နေနည်းလေး မှတ်သွားတယ်ချောရေ

တကယ်ကို ကောင်းတဲ့ ၀တ္ထုလေးပါပဲဗျာ......
စိတ်ညစ်စရာ တွေနဲ့ပြည့်နေတဲ့အခါ
သာယာခြင်း ကြည်းနုးခြင်း ပျော်ရွှင်ခြင်း
ဆိုတာတွေက ဖန်တီးယူသင့်တဲ့ အရာတွေပါ။

Anonymous said...

အမ.. စာကောင်းတပုဒ်ပါပဲ။ ဒါနဲ့
ဒုတိယ စာပိုဒ်မှာ.. ကျွန်မနဲ့ ကျွန်တော် လွဲရေးမိထားပါတယ်။

သေတာထက် ဘာမှ စိုးရိမ်စရာ ရှိမှာ မဟုပ်ပေမယ့် မသေခင်မှာ တွေ့ နေရတဲ့ လောကဒဏ်တွေဟာ တကယ်တော့ မလွယ်ပါဘူးအမရေ။

"လူတိုင်းမှာ ပျော်ရွှင်ခြင်းကို ယူဆောင်လာတတ်တဲ့ စနှိုက်ငှက်လေး တစ်ကောင်လောက်တော့ တွေ့အောင်ရှာနိုင်ဖို့ အခွင့်အရေးတွေ ရှိနေတယ် မဟုတ်ပါလားလေ။"

သိပ်ဟုတ်တာပေါ့ အစ်မချောရေ..။

ဝတ္ထုလေးက အရမ်းခံစားရတယ် အမရယ်၊၊ နောင်တရသွားတော့ ကလေးမလေးက မရှိတော့ဘူးတဲ့၊၊ သင်ခန်းစာတစ်ခုအတွက် အဖိုးအခက ကြီးလွန်းတယ်နော်၊၊

Anonymous said...

Anonymous ရေ
ဘလောဂ့်ထဲ ၀င်မရသေးလို့ ကျွန်မနဲ့ ကျွန်တော်ကို မပြင်နိုင်သေးတာပါ
ဝင်လို့ရတာနဲ့ ပြင်လိုက်ပါမယ်
ခုလို မှားနေတာတွေ ညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်)

လသာည said...

ရင်ကို တအားထိသွားတယ်
ဘာသာပြန်ပေးတဲ့အတွက် ချောကိုကျေးဇူးတင်ပါတယ်။ စနှိုက်ငှက်လေး ပိုင်ဆိုင်ပါစေ..

mstint said...

'လောကကြီးထဲ ခဏတာ ဝင်လာခွင့်ရတဲ့ ကျွန်မသမီးလေးပါ' ဆိုတဲ့စကားလေးအတိုင်း ခဏတာနေခွင့်ရှိတဲ့ လူ့လောကကြီးထဲမှာ တစ်ပါးသူကို ပျော်ရွှင်မှုအပြည့်အဝပေးခြင်းဖြင့် လူသားတိုင်း ကြည်နူးမှု ကျေနပ်မှုများရယူနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ် ချောရေ။

Anonymous said...

ကိုယ်တို့ လည်းလောကကြီးထဲကို ခဏ၀င်လာကြရတာပါလေ။
ကောင်းတဲ့စာလေးပါ။
အိုင်အိုရာ

ကိုယ့်ကြောင့်ပဲသူများတွေပျော်ရွှင်နိုင်ကြပါစေ...

ချစ်ခြင်းအလကာင်္

အသက်ငယ်ပေမယ့် လောကလေးထဲမှာ ခနတာ နေသွားရတဲ့အချိန်လေးမှာ ကိုယ်တိုင်ပျော်ရွှင်အောင်နေရင်း ပတ်ဝန်းကျင်က လူတွေကိုလည်း စိတ်မညစ်စေခဲ့တဲ့ စိတ်ဓါတ်လေးက အတုယူစရာလေးပါ။ စနှိုက်ဌက်လေး တကောင်လောက်တွေ့နိုင်ကောင်းပါရဲ့မချော။
ချစ်တဲ့
သဒ္ဓါ

PhyoPhyo said...

မချောရေ စနိုက်ငှက်လေးတစ်ကောင်း ပိုင်ဆိုင်နိုင်ပါစေ။
ရေးထားတဲ့အရေးအသားက နူးနူးညံ့ညံ့လေး အဲဒါ မချောကိုယ်ပိုင်စာရေးဟန်ပဲ။
ကလေးလေး သနားပါတယ်။
ချစ်တဲ့
pp

ဟန်ကြည် said...

ဖတ်တော့ဖတ်ဖူးပြီးသား...ဒါပေမယ့် ဒီစာမျိုးဆိုတာ ဘယ်နှစ်ခါဖတ်ဖတ် ၇ိုးတယ်လို့ကို မရှိတာ...ကျေးဇူးပဲ ဒေါ်ချောရေ...

မချော..
ပျော်ရွှင်ခြင်းငှက်ကလေးရဲ့ ပုံကို ကူးယူချင်လို့ ခွင့်လာတောင်းတာပါ။ ခွင့်ပြုတယ်ဆိုပြန်လာကူးပါ့မယ် မ..သမီးလေးရဲ့ အိပ်ခန်းထဲမှာ ဘောင်ကလေးနဲ့ ချိတ်ချင်လို့ပါး) ကျေးဇူးတင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မပန်းချီရေ
ကူးယူလို့ရပါတယ်နော်
မ ရဲ့ သမီးလေး ပျော်ရွှင်ခြင်းငှက်ကလေးကို ပိုင်ဆိုင်ပါစေရှင်...

ဖတ်လို့ကောင်းတယ်... ဒီ့ထက်တော့ ဘာပြောရမယ်ကို မသိဘူး

ခင်မင်လျက်
နေ၀သန်

သမီးကလေးက တော်လိုက်တာနော်..
အသက်ရှင်နေတဲ့ အချိန်ခဏလေးမှာ ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ ကြိုးစားသင့်တယ်နော်...

ချော

သေသေချာချာ ဖတ်သွားတယ်...
ဘဝသက်တမ်းကတော့ မျက်စိတမှိတ် မျက်တောင်တခတ်စာပဲနော်...

မနှင်း

ချော

သေသေချာချာ ဖတ်သွားတယ်...
ဘဝသက်တမ်းကတော့ မျက်စိတမှိတ် မျက်တောင်တခတ်စာပဲနော်...

မနှင်း

Anonymous said...

ညီမ ချောရေ

ဖတ်သွားတယ်နော်

ရွှေစင်ဦး

ဖတ်ပြီးမျက်ရည်ဝဲသွားတယ်...... တော်တော်ဆိုးတဲ့အစ်မ.. အဲ့သည်ဇတ်လမ်းမျိုး ဖတ်ဖူးပေမယ့် ထပ်ဝမ်းနေမိတယ်။

သူများအတွက်မဟုတ်တောင် ကိုယ့်အတွက်ကိုယ်တော့ ပြုံးပြုံးပျော်နေသင့်တယ်လို့ ထင်ပါတယ်။

Nyi Linn Thit said...

ဒီလို ဆင်တူယိုးမှား အကြောင်းတွေ ဖတ်ဖူး၊ ကြားဖူး နေပေမယ့်လည်း ဘယ်တော့မှ ရိုးသွားတယ်ကို မရှိပါဘူး၊ ဖတ်လိုက်တိုင်းမှာ စာတွေထဲကနေ ဘဝနေနည်း သင်ခန်းစာတွေကို ပြန်ပြီး သတိရစေတယ်၊ ကျေးဇူးပါ မချောရေ...။

စိတ်ခွန်အားကိုဖြစ်စေတဲ့ ပို့စ်လေးကို သေခြာဖတ်သွားတယ် မချောရေ...

jr said...

ချောရေ.. ဂျူလည်း အဆင်မပြေတာတွေများလို့ မစ္စတာပီတာဆန်လို ဖြစ်နေဘီ။ ဆင်ခြင်ဦးမှနော်။

ကောင်းလိုက်တာ...ဒေါသရှေ့ထားမှားတတ်တယ်တဲ့၊ဒေါသရှေ့မထားပြန်ရင်လည်းသာမာန်သူလိုကိုယ်လိုလူဘယ်ဟုတ်တော့ပါမလဲ...သူတော်ကောင်းစားရင်းထဲပါသွားမှာပေါ့လေ...၊တော်တော်ခက်ပါတယ်လေ