ကျွန်းနက်သား မြတ်စွာဘုရားရုပ်ပွားတော်သို့...

ပြီးခဲ့တဲ့ အပတ်က ဗန်းမော်မြို့မှာရှိတဲ့ ဘုရားစေတီများအကြောင်း ရေးရာမှာ ဗန်းမော်မြို့ကနေ ၆မိုင်ခန့်အကွာမှာ ရှိတဲ့ မံရွတ်ဆိုတဲ့ ရွာကလေးမှာ တည်ထားကိုးကွယ်တဲ့ ရုပ်ပွားတော်အကြောင်း ချန်လှပ်ထားခဲ့ပါတယ်။ ချန်ခဲ့ရတဲ့အကြောင်းရင်းက ဘုရားရဲ့ သမိုင်းကို ပိုစ့်တစ်ခုအနေနဲ့ သီးသန့်ရေးချင်တာကြောင့်ပါ။ အခု ဒီပိုစ့်မှာတော့ အဲဒီ ရွာကလေးမှာ ရှိတဲ့ မံရွတ်ဘုရားရယ်လို့ နာမည်ကြီးတဲ့ ရုပ်ပွားတော်အကြောင်းလေးကို ရေးချင်ပါတယ်။ မံရွတ်ရွာဟာ ဗန်းမော် မန္တလေး ကားလမ်းဘေးမှာ တည်ရှိနေတဲ့ရွာကလေးပါ။ ဗန်းမော်မြို့ကနေ မြစ်ကြီးနားကို သွားလို့ရသလို၊ မန္တလေးကိုလည်း သဘောင်္နဲ့ရော ကားနဲ့ပါ သွားလို့ရပါတယ်။ သင်္ဘောနဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးကို စုန်ဆင်းတဲ့အခါ အလွန်လှပတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရဲ့ ရှုခင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဗန်းမော်ကနေ တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့ကိုလည်း သွားနိုင်ပေမဲ့ ခုလောလောဆယ်တော့ ကားလမ်းခရီးက အဆင်မပြေသေးပါဘူး။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

မံရွတ်ရွာကလေးသို့ သွားရာလမ်းတစ်လျှောက်ရှုခင်းများ

အဓိက ပြောချင်တဲ့ မံရွတ်ရွာကလေးမှာ ထူးခြားတဲ့ မြတ်စွာဘုရား ရပ်တော်မူပုံ ထွင်းထုထားတဲ့ ရုပ်ပွားတော်တစ်ဆူ ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ ဗန်းမော် ရောက်နေချိန်မှာ မိုးရွာနေပေမဲ့ ၆မိုင်ဝေးတဲ့ မံရွတ်ရွာကလေးကို ဘုရားဖူးဖို့ သွားဖြစ်ခဲ့ပါတယ်။. လမ်းတစ်လျှောက်တွေ့ရတဲ့ စိမ်းစိမ်းစိုစို ရှုခင်းများ လယ်ကွင်းများ၊ ရေတွေပြည့်လျှံနေတဲ့ စမ်းချောင်းများ၊ ပြာပြာလွင်လွင် တောင်တန်းများဟာ အလွန်ဘဲ မျက်စိပသာဒ ဖြစ်စေနိုင်ပြီး စိတ်နှလုံးကိုလည်း အေးချမ်းစေနိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကျောင်းဆောင်ရှိရာ တောင်ကုန်းကလေးပ်ါသို့ တက်ရာလမ်း

Image Hosted by PicturePush - Photo Sharing

ကျွန်းနက်ဖြင့်ထုသောဘုရားကိန်းဝပ်တော်မူရာ ကျောင်းတော်

ထူးခြားတယ်လို့ ပြောရခြင်းက မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို ထွင်းထုထားတဲ့ သစ်သားဟာ ရှားပါးတဲ့ ကျွန်းသားအနက်နဲ့ ထွင်းထုထားတာ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်မှာ ထုလုပ်ခဲ့တဲ့ ဘုရားဖြစ်တာကြောင့် ရှေးခေတ်လက်ရာကို မြင်တွေ့နိုင်ပါတယ်။ မြတ်စွာဘုရားရုပ်ပွားတော် ထွင်းထုထားတဲ့ ကျွန်းသားအနက်ပေါ်မှာ ကျက်သရေရှိလှသော ရွှေသင်္ကန်း ကပ်လှူထားတာကြောင့် မူလ ကျွန်းသားရဲ့ အနက်ရောင်ကို မတွေ့မြင်ရပါဘူး။ ဒီ ရုပ်ပွားတော်ထုလုပ်ဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းတွေထဲကမှ ရုပ်ပွားတော်ထုလုပ်ဖို့ ရရှိလာတဲ့ ကျွန်းနက်သားကို တွေ့ရှိရပုံက ထူးခြားတာကြောင့် ဒီပိုစ့်လေးမှာ ဖော်ပြချင်တာပါ။
Image Hosted by PicturePush - Photo Sharing

 ကျွန်းသားအနက်နဲ့ထုလုပ်ပူဇော်ထားတဲ့ ကုန်းဘောင်ခေတ်ပန်းပုလက်ရာ မြတ်စွာဘုရား၏ ရုပ်ပွားတော်

ပုံထဲမှာ ဖူးတွေ့ရတဲ့အတိုင်းပါဘဲ.. အခြားသော ရုပ်ပွားတော်များနဲ့ မတူတဲ့ ပန်းပုလက်ရာကို မြင်တွေ့ရမှာပါ။ သင်္ကန်းရဲ့ အတွန့်တွေအဖြစ် ဖော်ထားတဲ့ လက်ရာဟာ လက်ရာမြောက်လွန်းလှပါတယ်။ ရုပ်ပွားတော်စံပယ်တော်မူတဲ့ ကျောင်းဆောင်ရဲ့ အထက်နံရံပေါ်မှာတော့ ဒီရုပ်ပွားတော်မြတ်ရဲ့ ရာဇဝင်ကို ပန်းချီကားချပ်များဖြင့် စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပန်းချီကားအောက်မှာ သရုပ်ဖော်ပုံနဲ့အတူ အဓိပ္ပါယ်ကို စာများရေးထိုး ဖော်ပြထားတာကြောင့် ပန်းချီကားအားလုံးပေါင်းကို ကြည့်ပြီးချိန်မှာ ဒီဘုရားရဲ့ ရာဇဝင်ကို ပြည့်ပြည့်စုံစုံ သိသွားရပြီဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ယခုလို ပန်းချီကားများ ၂၀နီးပါးခန့် နံရံပတ်ပတ်လည်မှာ ရေးဆွဲထားပါတယ်။

ပန်းချီကားများပေါ်က စိတ်ဝင်စားဖို့ကောင်းတဲ့ ရာဇဝင်ကို မူရင်းဇာတ်လမ်းအတိုင်း ပြန်လည်ဖော်ပြရရင်..

မြန်မာသက္ကရာဇ် ၁၁၁၃ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ဖြစ်သော ဆင်ဖြူရှင်မင်းတရား လက်ထက်တော်အခါက ဖြစ်ပါတယ်။ မင်းတရားကြီးဟာ ၄င်း၏သားတော်တစ်ဦး ဖြစ်သူ စဉ့်ကူးမင်းသားကိုသာ ထီးနန်းအပ်နှင်းလိုတဲ့အတွက် အခြားသော သားများကို ရာထူးအဆောင်အယောင် ရုပ်သိမ်းပြီး အင်းဝတစ်ဖက်ကမ်းကို ပို့ထားခဲ့ပါတယ်။ သားတော်များအား အင်းဝတစ်ဖက်ကမ်းကို ပို့နေတဲ့သတင်းကို သားတော်တစ်ဦးဖြစ်သူ ဗဒုံမြို့စား ဘိုးတော်ဦးဝိုင်းက ကြားသိပြီး တစ်ဖက်သို့ ပို့ဆောင်မခံရခင်မှာ အိမ်နိမ့်စံအဖြစ် ထီးချိုင့်ဘက်ကို ရှောင်တိမ်းသွားခဲ့ပါတယ်။

ဘိုးတော်ဦးဝိုင်းနဲ့အတူ တစ်ပါတည်း လိုက်ပါသွားသူများကတော့ ပေါ်ဦး၊ မြတ်ထင်၊ ကျော်ရွေးတို့ သုံးဦးတို့ဖြစ်ကြပြီး ၄င်းတို့မှာ ဘိုးတော်ဦးဝိုင်းကို ပြုစု လုပ်ကျွေးကြပါတယ်။ ထိုသို့ လုပ်ကျွေးနေရင်းမှ တစ်နေ့သောအခါမှာ မြတောင်တောအတွင်းသို့ သစ်နှင့် ဝါးများခုတ်ရန် ထွက်လာကြစဉ်မှာ  ရှားပါးလှတဲ့ အနက်ရောင် ကျွန်းပင်ကြီးတစ်ပင်ကို ထူးထူးခြားခြား တွေ့ကြရပါတယ်။ မမြင်စဖူး ထူးကဲလှတဲ့ အနက်ရောင်ကျွန်းပင်ကြီးကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာအားရ ခုတ်လှဲဖို့ပြင်ဆင်ချိန်မှာ ထူးဆန်းလှတဲ့ ကျွန်းနက်ပင်ကြီးဟာ အခုတ်မခံဘဲ အမြစ်ပါကျွတ်ထွက်ပြီး ကောင်းကင်သို့ ပျံတက်သွားပြီးနောက် ရာဝတီမြစ်ဖက်သို့ ထိုးဆင်းသွားတာကို ဆန်းကျယ်စွာ တွေ့မြင်ကြရပါတယ်။

ထိုသို့ ထူးခြားသည့် အချင်းအရာ အကြောင်းစုံကို ဘိုးတော်ဦးဝိုင်းအား လျှောက်ထားကြတဲ့အခါမှာ ဘိုးတော်ဦးဝိုင်းက မင်္ဂလာသတင်းဖြစ်ကြောင်း သုံးသပ်မိတဲ့အတွက် အားရဝမ်းသာဖြင့် ကျွန်းနက်ပင်ကြီးကို ၄င်းတို့နဲ့အတူ တောနင်းရှာဖွေကြပါတယ်။ ထို့နောက်တော့မှ ကျွန်းနက်ပင်ကြီးမှာ ဧရာဝတီမြစ်ကမ်းစပ်မှာ ရေတွင်တစ်ဝက်၊ ကုန်းတွင်တစ်ဝက် တင်နေတာကို ရှာဖွေတွေ့ရှိကြပါတယ်။ ကျွန်းနက်ပင်ကြီးအား အရင်းပိုင်းရော အဖျားပိုင်းကိုပါ ဖြတ်တောက်ပြီး ပင်စည်ကြီးသာ ကျန်တော့စဉ်မှာ ထူးဆန်းတဲ့ ၄င်းကျွန်းနက်တုံးကြီးမှာ ရေထဲသို့လျှောဆင်းသွားပြီး မြစ်ရေကို ဆန်တက်ကာ နောက်တစ်ကြိမ် ငုတ်လျှိုး ကွယ်ပျောက်လို့ သွားပြန်ပါတော့တယ်။

ဘိုးတော်ဦးဝိုင်းနဲ့ အဖွဲ့ဟာ ထိုသို့ ထူးခြားလှတဲ့ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရပြီးနောက် ပျောက်ကွယ်သွားတဲ့ သစ်တုံးကို ပြန်လည်ရှာဖွေခြင်း မပြုတော့ဘဲ လက်လျော့ကာ မြတောင်သို့ ပြန်လာကြပါတယ်။ ၁၁၄၁ခုနှစ် နွေရာသီမြစ်ရေကျချိန်မှာတော့ ကျွန်းနက်တုံးကြီးဟာ ကုန်းကြီးရွာအနီးက မြစ်ကမ်းစပ်မှာ တင်နေခဲ့ပါတယ်။ ရွာထဲက ကလေးသူငယ်များက မြစ်ထဲရေချိုးကြရင်း ၄င်းသစ်တုံးကြီးပေါ်သို့ တက်ဆော့ကြတဲ့အခါမှာ ကျွန်းနက်တုံးကြီးဟာ ကလေးတွေ တက်ဆော့တာကို မခံဘဲ တုန်ခါလို့ နေပါတယ်။

ကုန်းကြီးရွာကမ်းစပ်မှာ ကျွန်းနက်တုံးကြီး ရောက်ရှိနေကြောင်း ဘိုးတော်ဦးဝိုင်း ကြားသိရတဲ့အခါ စိတ်ကြည်လင် ဝမ်းမြောက်ခြင်းများစွာနဲ့  နောက်တော်ပါးများနဲ့အတူ ကုန်းကြီးရွာကို သွားရောက်ကြပြီး ကျွန်းနက်တုံးကြီးအား စတင်တွေ့ရှိပုံမှ ယခုလက်ရှိအခြေအနေထိ ရွာသူရွာသားများအား ရှင်းလင်း ပြောပြကြပါတယ်။ ထို့နောက် ရွာသူရွာသားများနဲ့ တိုင်ပင်ပြီး ကျွန်းနက်တုံးကြီးအား သယ်ဆောင်ရန် ဆင်၊ ကျွဲများဖြင့် ဆွဲတင်ကြသော်လည်း ကျွန်းတုံးကြီးမှာ နေရာမှပင် မရွေ့ဘဲ ချည်နှောင်ထားတဲ့ ကြိုးများသာ ပြတ်ထွက်ကုန်ပါတယ်။  ထုးခြားတဲ့အဖြစ်ကြောင့် ကျွန်းနက်ကြီးအား ဆက်လက်ဆွဲခြင်းကို မပြုလုပ်တော့ဘဲ ရွာဦးကျောင်းဆရာတော်ဘုရားထံ သြဝါဒ ခံယူကြဖို့ သဘောတူလိုက်ကြပါတယ်။ ထိုသို့ ဆင် ကျွဲများဖြင့် ဆွဲမရခဲ့သော ကျွန်းနက်ကြီးအား ရွာဦးကျောင်းဆရာတော် အရှင်သီဟစက္ကမှ ဗုဒ္ဓနိမ္မိတရုပ်ပွားတော် ထုလုပ်ကိုးကွယ်ပါမည်ဟု အဓိဌာန်ပြုကာ လူအင်အားဖြင့်သာ ဆွဲတော့မှ ကျွန်းတုံးကြီးမှာ လွယ်လွယ်ကူကူ လိုက်ပါလာပါတယ်။

Image Hosted by PicturePush - Photo Sharing

ရုပ်ပွားတော်ကို ၁၁၃၄ခုနှစ် သီတင်းကျွတ်လမှာ  ထုလုပ်ပြီးစီးပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့မှာ ရွာဦးကျောင်းဆရာတော် အရှင်သီဟစက္က အရှင်မြတ်က ဦးစီးပြီး သံဃာတော် ၂၈ပါးတို့က ဘုရားကြီးအား အောင်ကျော်ဇေယျမြသိန်းတန် ဟု ဘွဲ့မည်ရည် ဆက်ကပ်ကာ ဗုဒ္ဓဘိသေက အနေကဇာသဘင် ဆင်ယင်ကျင်းပပါတယ်။ အိမ်နိမ့်စံဘဝနဲ့ ဇာတ်မြုတ်နေခဲ့သော ဘုရားဒါယိကာအဖြစ် ကုသိုလ်ယူသူ ဘိုးတော်ဦးဝိုင်းမှာ ကြည်ညိုဖွယ်ကောင်းလှတဲ့ ရုပ်ပွားတော်မြတ်ကို ဖူးမျှော်မဝ ကြည်ညိုအားမရနိုင်ဘဲ ပီတိတစ်စိမ့်စိမ့်ဖြာလျှက် ရှိနေပါတော့တယ်။ ထို့နောက် မကြာမီကာလမှာတော့ ဘိုးတော်ဦးဝိုင်း၏ ညီဖြစ်သူ ပင်းတလဲစားက နေပြည်တော်မှာ မင်းအဖြစ် စိုးစံနေသော ဖောင်းကားစားမောင်မောင်အား လုပ်ကြံပြီးနောက် ထီးနန်းဆက်ခံပါရန် ကုန်းကြီးရွာသို့ လိုက်လာကာ ဘိုးတော်ဦးဝိုင်းအား ခေါ်ဆောင်သွားတော့တယ်။

၁၂၄၇ခုနှစ်မှာ နိုင်ငံရေးမငြိမ်မသက်ဖြစ်လာပြီး ရုပ်ပွားတော်မြတ်ကြီး တည်ရှိရာ ကုန်းကြီးရွာမှာ နေထိုင်သူမရှိတော့ဘဲ ရွာပျက်ဖြစ်သွားခဲ့ပါတယ်။ ရွာပျက်ကြီးဖြစ်သွားတဲ့အတွက် ရုပ်ပွားတော်မှာလည်း ပူဇော်သူမရှိတော့ဘဲ အထီးတည်း ကျန်ခဲ့စဉ်မှာ ထူးထူးခြားခြား ရုပ်ပွားတော်ဆီမှာ ရောင်ခြည်တော်များ မြူးကွန့်တော်မူလာပါတယ်။ ၄င်းအချင်းအရာကို တွေ့ရှိရတဲ့ ဗုဒ္ဓဘာသာအကြောင်း မသိနားမလည်သော  ဘာသာခြား လူအချို့တို့က မကောင်းဆိုးဝါးများ ခြောက်လှန့်နေသည်ဟု ထင်မြင်ကြပြီး ရုပ်ပွားတော်မြတ်ကြီးအား ဒုတ်၊ ဓားများဖြင့် ပစ်ပေါက် ရိုက်နှက်ကြရာ ဘုရားကြီးမှာ မည်သို့မျှ မပျက်မစီးဘဲ ပကတိအတိုင်း တည်ရှိနေသဖြင့် ဒုတ်ဓါးတို့ဖြင့် ရိုက်ခတ်နေသူတို့မှာသာ ကြောက်ရွံ့ကာ ထွက်ပြေးကြရပါတော့တယ်။

Image Hosted by PicturePush - Photo Sharing

မြတ်စွာဘုရား ရုပ်ပွားတော်မြတ်အား  မူလ ပင့်ဆောင်ရာ ဗန်းမော်မြို့သို့ မပင့်ဆောင်ဖြစ်တော့ဘဲ မံရွတ်ရွာသို့ ပင့်ဆောင်လာရာ လမ်းခရီးတလျှောက်တွင် နောင်တာရွာ၊ ညောင်ပင်သာရွာ၊ ကံကြီးရွာတို့နှင့် ပေါ်မိုင်းဦးဇော်လနေထိုင်ရာ သိန်းလင်းကျေးရွာတို့မှာ ပင့်ဆောင်လာသော ဖောင်တော်ကြီးအား ရပ်နားပြီး တစ်ညလျှင် တစ်ရွာကျ ပူဇော်ခံပါတယ်။ ဧရာဝတီမြစ်အတွင်းမှ နမ်ဂျယ်ချောင်းရိုးအတိုင်း မံရွတ်ရွာသို့ ဆန်တက် ပင့်ဆောင်လာရာ ၁၂၆၄ခုနှစ်တွင် မံရွတ်ရွာ၏ရေဆိပ်တို့ ဖောင်တော် ဆိုက်ကပ်ပါတော့တယ်။

ဆိပ်ကမ်းသို့ ဘုရားကြီးရောက်ရှိသည့်အခါမှာ ရွာသူရွာသူများ ရေဆိပ်သို့ ဆင်းလာကြပြီး ရုပ်ပွားတော်ကြီးအား ဖူးမျှော်ကြည်ညိုကြပါတယ်။ ဘုရားဖူးရောက်ရှိလာသည့် လူအုပ်အတွင်းမှ ဒေါ်ငွေဥ၏သားငယ်မှာ တိန်ညင်ကြက်ဖ အဖြူရောင်ကြီးတစ်ကောင်ကို ပွေ့ချီလာခဲ့ပါတယ်။ ပွေ့လာတဲ့ ကြက်ဖကြီးမှာ ကလေး၏လက်မှ ခုန်ဆင်းလိုက်ပြီး ရုပ်ပွားတော် တည်ရှိရာ ဖော်တော်၏ ဦးထိပ်သို့ဆင်းသက်ကာ တွန်ကျူးနေလေပါတော့တယ်။

မံရွတ်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိတအား အမှူးပြုကာ ဗန်းမော်မြို့၏ မြို့အုပ် ဦးအောင်မြတ်နဲ့ ရွာလူကြီးများက ပင့်ဆောင်လာသော ရုပ်ပွားတော်မြတ်ကြီးအား မည်သည့်နေရာမှာ ကိန်းစပ်စေရန် သင့်တော်မည်လဲဟု တိုင်ပင်ဆွေးနွေးကြရာမှ သာသနာစောင့်နတ်များနဲ့ နတ်သိကြားတို့အား ရုပ်ပွားတော် စံပယ်သင့်သည့်နေရာအား ပြထားတော်မူရန် တိုင်တည်ကာ ဖောင်တော်ဦးထက်တွင် ထူးထူးခြားခြား တွန်ကျူးနေသော တိန်ညင်ကြက်ဖကြီးအား စေလွှတ်လိုက်ပါတယ်။ တိန်ညင်ကြက်ဖြူကြီးမှာ ပျံသန်းသွားပြီးနောက် ကုန်းမြင့်တစ်နေရာရှိ ခြုံပင်တစ်ပင်ပေါ်မှာ နားလိုက်ကာ ဘုရားတည်ရှိရာ ဖောင်တော်ဘက်သို့လှည့်ကာ အဆက်မပြတ် တွန်ကျူးနေပြန်ပါတယ်။ အနောက်မှ လိုက်ပါလာကြသော လူကြီးတို့မှာ ဖောင်တော်ရှိရာသို့ ဝမ်းသာအားရ ပြန်သွားကြပြီး ရုပ်ပွားတော်မြတ်ကြီးအား လှည်းဖြင့်တင်ဆောင်ကာ ရွာသူရွာသားများက အိုးစည်ဗုံမောင်းများ တီးမှုတ်ပင့်ဆောင်လာကြပါတယ်။

တိန်ညင်ကြက်ဖြူ တွန်ကျူးတဲ့ ကုန်းတော်ဟာ ရွာနဲ့ ဆက်စပ်မှု မရှိဘဲ တစ်သီးတစ်ခြားတည်ရှိနေခြင်း၊ မြေပြင်ညီညွှတ်ခြင်း သန့်ပြန့်ခြင်းလည်း ရှိသောကြောင့် ဘုရားကြီး ကိန်းဝပ်စံပယ်တော်မူရန် နေရာအမှန်သာဖြစ်ကြောင်း သဘောတူညီညွှတ်ကြပြီးနောက် အောင်ကျော်ဇေယျမြသိန်းတန်ဘုရားကြီး စံပယ်တော်မူရန်အတွက် ဂန္ဓကုဋီတိုက် ဆောက်လုပ်ပူဇော်ကြပါတယ်။ စစ်အတွင်းက ဂန္ဓကုဋီတိုက်ကြီး ဗုံးဒဏ်ထိမှန်ကာ ပြိုလဲကျသွားခဲ့ပေမဲ့ ရုပ်ပွားတော်မြတ်ကြီးကတော့ လဲပြိုခြင်း ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိ ကျန်ရှိနေခဲ့ပါတယ်။ နောက်မှ ဂန္ဓကုဋီတိုက်အသစ်ကို ပြန်လည်တည်ဆောက် လှူဒန်းကြတာကြောင့် ယခုကဲ့သို့ အများပြည်သူ လွယ်လွယ်ကူကူ ဖူးမျှော်နိုင်ပါတယ်။
အောင်ကျော်ဇေယျမြသိန်းတန်ဘုရားကြီး
Image Hosted by PicturePush - Photo Sharing

 ဗုံးဒဏ်ကြောင့် ဂန္ဓကုဋီတိုက်ကြီးပြိုကျသော်လည်း လဲပြိုခြင်းမရှိသည့် ရုပ်ပွားတော်မြတ်ကြီး

ကျွန်းနက်သားရုပ်ပွားတော်ကို ဆေးများ ရွှေရေးသင်္ကန်းများ၊ ကျောက်မျက်များစီခြယ်ထားတဲ့အတွက် မူလအရောင်ဖြစ်တဲ့ အနက်ရောင်ကို မမြင်ရပါဘူး။ သို့သော်လည်း ရုပ်ပွားတော်ကြီးဟာ အခြားသော ပန်းပုလက်ရာများနဲ့မတူ တစ်မူထူးခြားသလို၊ ထုလုပ်ထားတဲ့ ကျွန်းနက်သားဟာလည်း ထူးခြားတဲ့ သစ်သားဖြစ်ပါတယ်။ ရုပ်ပွားတော်တည်ရှိရာ ကုန်းပေါ်မှ ကြည့်လိုက်ရင် ခပ်ဝေးဝေးက တောင်ပြာတန်းကြီးရယ်၊ စိမ်းစိမ်းစိုစို စိုက်ခင်းတွေရယ်၊ ရေပြည့်နေတဲ့ ချောင်းကလေးရယ် စသဖြင့် ရှုခင်းများဟာ မျက်စိပဒဿဖြစ်လှပါတယ်။ တစ်နေရာမှာတော့ ရေကန်ကြီးတစ်ခု တူးဖော်ထားတာ ကန်အလယ်မှာ နဂါးရုံဘုရားကို ပူဇော်ထားတာ တွေ့ရပါတယ်။ အနောက်က တောတောင် ရှုခင်းနဲ့အတူ ဘုရားကို ဖူးမျှော်ရတာ စိတ်နှလုံး အးချမ်းဖွယ်  ကောင်းလွန်းလှပါတယ်။ ကျောင်းဆောင်တစ်ခုမှာတော့ ခေတ်အသီးသီးမှာ ဗုဒ္ဓဘာသာ နိုင်ငံအသီးသီးက ထုလုပ်ကိုးကွယ်ခဲ့တဲ့ မြတ်စွာဘုရားရုပ်ပွားတော် မျိုးစုံကို ဖူးတွေ့ရပါတယ်။ အဲဒီ ဘုရားတွေအကြောင်းတော့ ပြီးခဲ့တဲ့ ပိုစ့်မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဗန်းမော်မြို့ကို ရောက်ခဲ့လျှင်ဖြင့် ၆မိုင်အကွာက မံရွတ်ရွာကလေးကို သွားရောက်လို့ ကျွန်းနက်သားနဲ့ထုလုပ်ပူဇော်ထားတဲ့ အောင်ကျော်ဇေယျမြသိန်းတန် ရုပ်ပွားတော်မြတ်ကြီးကိုလည်း ပူဇော်ခဲ့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မံရွတ်ရွာမှာ နွားနို့ အရမ်းကောင်းတယ်လို့ သူငယ်ချင်းက ညွှန်းဆိုတဲ့အတွက် ဘုရားဖူးပြီးအပြန် ဘုရားကုန်းတော်အနီးက ဆိုင်တစ်ဆိုင်မှာ နွားနို့ဝင်သောက်ကြပါတယ်။ တကယ်တမ်း သောက်ကြည့်တော့မှ သူငယ်ချင်းညွှန်းတာ မလွန်ဘူးလို့ သဘောပေါက်လိုက်ပါတော့တယ်။ မလိုင်အပြည့်နဲ့ အီဆိမ့်နေတဲ့ နွားနို့ဟာသကြားနဲ့ မသောက်ဘဲ ဆားကလေးခပ်ပြီးသောက်တာတောင် အလွန်ကိုကောင်းလို့လို့ မသောက်ဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ဒီလို ပျစ်နှစ်နေတဲ့ နွားနို့တစ်ခွက်ကို ၃၀၀ ကျပ်သာ ပေးရပါတယ်။

Image Hosted by PicturePush - Photo Sharing
ဗန်းမော်မြို့မှာ နာမည်အကြီးဆုံး ဒိန်ချဉ်ဆိုပြီး သူငယ်ချင်းက တိုက်ပါတယ်။ တကယ်လဲ ကောင်းပါတယ်။

Image Hosted by PicturePush - Photo Sharing
ဈေးရှေ့မှာ ဆိုင်ကလေးနဲ့ရောင်းတဲ့ ဗန်းမော်မြို့မှာ စားလို့အကောင်းဆုံးခေါက်ဆွဲ ပါတဲ့
Image Hosted by PicturePush - Photo Sharing
ကွန်ပျူတာ တက္ကသိုလ်ပါ (စောင်းနေတာ မဟုတ်ပါဘူးနော်.. ကားသွားနေတုန်း ကားပေါ်ကနေရိုက်တာမို့ ခုလိုဖြစ်နေတာပါ)
Image Hosted by PicturePush - Photo Sharing
မိုးအေးအေးမှာ နှုတ်ဆက်နေတဲ့ ဗန်းမော်မြို့ကလေး (နှုတ်ဆက်ပါတယ် ဗန်းမော်ရေ.. နောက်များမှ ထပ်လာပါဦးမယ် )

မနက်ခင်း စောစောမှာတော့ ဗန်းမော်မြို့ရဲ့ ဈေးတွေပတ်ပြီး ကချင်ပြည်နယ် အစားအစာတွေ အများကြီး ဝယ်ဖြစ်ပါတယ်။ မြစ်ချောင်းပေါတာကြောင့် ဈေးထဲမှာ ငါးမျိုးစုံနဲ့ ငါးခြောက်မျိုးစုံကိုတွေ့ရပြီး  ဈေးလည်းသင့်တင့်ပါတယ်။ အဝတ်အထည်နဲ့ တရုတ်ပစ္စည်းတွေလည်း ပေါများလှပါတယ်။ အစားအသောက်စုံလင်ပြီး ဈေးဝယ်လို့ကောင်းသလို သွားလာလည်ပတ်စရာလည်း ပေါများလှတဲ့ ဗန်းမော်မြို့ကလေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တာနဲ့အညီ ရောင်းဝယ်ဖောက်ကား လည်ပတ်ကြသူများနဲ့ စည်ကားလို့နေပါတယ်။ မြန်မာပြည်တွင်းက သွားလာလှည်ပတ်စရာကောင်းတဲ့ မြို့စာရင်းမှာ ထိပ်ဆုံးက ထည့်သွင်းမယ်ဆိုရင်လည်း လွန်မယ် မထင်ပါဘူးနော်။ ဗန်းမော်မြို့အကြောင်းနဲ့ ပတ်သက်ပြီး ရေးစရာတွေ များတာကြောင့် တစ်ပုဒ်တည်း မပြီးဘဲ ပိုစ့်အများကြီး ရေးဖြစ်ခဲ့ပါတယ်။ စိတ်ရှည်လက်ရှည် လာဖတ်ပေးကြသော သူငယ်ချင်း၊ မိတ်ဆွေ၊ စာဖတ်သူများအားလုံးကို ကျေးဇူးစကားဆိုပါရစေနော်။ ကြုံကြိုက်ခဲ့ရင်တော့ ဗန်းမော်မြို့ကလေးကို အလည်တစ်ခေါက် အရောက်သွားကြပါဦးလို့.......

ဗန်းမော်မြို့ကို အလည်ခေါ်တဲ့ သူငယ်ချင်းနဲ့ ဗန်းမော်အကြောင်း ရှင်းလင်းပြောပြပေးသော မိတ်ဆွေများ၊ ဗန်းမော်မြို့ရောက်ရှိစဉ်မှာ ဧည့်ဝတ်ကျေပြွန်သော၊ နေရာအနှံ့လိုက်ပို့ပေးသော သူငယ်ချင်းမိသားစုအား အထူးကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောကြားပါရစေရှင်။

Image Hosted by PicturePush - Photo Sharing

22 Responses to “ကျွန်းနက်သား မြတ်စွာဘုရားရုပ်ပွားတော်သို့...”

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်တယ်။ ဗန်းမော်မြို့က အရမ်းသာယာတယ်။ လှလဲ လှတယ်။ အခန့်သင့်ရင်တော့ တစ်နေ့ ရောက်ဦးမှာပါ။

ဟို... သစ်ကနက်ဘုရားက တကယ်ထူးဆန်းတယ်နော်။ အဲဒီလို ကျွန်းနက်သားတိုင်း တန်ခိုးတွေ အလိုလို ရှိနေကြတာ ထင်တယ်။ ဒါကြောင့် ဘုရားရုပ်တုလုပ်မှ ထိတွေ့ခွင့်ရကြတာ ဖြစ်မယ်။

ခင်မင်လျက်

ဗဟုသုတတွေ ရတယ်ဗျာ.... ကျေးဇူးပါ.. မချောရေ..း))


ခင်မင်လျက်
နေ၀သန်

ဆောင်း said...

သစ်ကနက်သားဘုရားလေး တဆူအမွေအဖြစ် ရ ထားတယ် ရွှေသင်္ကန်း မကပ်ရဘူးလို့ ပြောလို့  ဒီအတိုင်း ကိုးကွယ်ထား တယ်
ညီမ ပို့ ထဲကလို ဘဲ သစ်ကနက်တုံးတွေ အားလုံး ရေထဲကနေ တော်ရုံမတက် ဘူး ထင်တယ်နော် အမရထားတဲ့ဘုရားရဲ့ သစ်ကနက်တုံး ဆိုလည်း အဓိဌာန်နဲ့ ဘုရားထုပါမယ် ဆုတောင်းမှ ရေထဲက ဆယ် လို့ ရတာတဲ့

johnmoeeain said...

အဲ့ဒီ နွားနို့ဆိုင်က နွားနို့က တကယ်ကောင်းတာ... :D

ဗန်းမော်မြို့ကို ပုံတွေကြည့်ပြီး စိတ်ကူးနဲ့ အရောက်လာခဲ့ပါတယ်။ ဘုရားလည်း ဖူးသွားတယ်။
ချစ်တဲ့
သဒ္ဓါ

ဘုရားလာဖူးပါတယ်..
အမေ ဗန်းမော်ကို အလုပ်နဲ့ ပြောင်းခဲ့တုန်းက လိုက်မသွားလိုက်ရဘူး..
တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်..

ခရစ္စတလ် said...

ဘုရားဖူးရင်း နွားနို့ကို တဝကြီး သောက်သွားပါတယ်ရှင်
ဂလု ...

သွားချင်လိုက်တာ .. ဘုရားကြီးကိုလည်း အနီးကပ်သွားဖူးချင်တယ် .. မချောပြောတာတွေမှတ်ပြီးသွားဦးမှ ..း) မလိုင်ကလဲ ခဲနေတာပဲနော် .. :D

Anonymous said...

ဘုရားလည်းဖူး
ချောရဲ့ နွားနို့ ခွက်ထဲကမလိုင်လေးကိုလည်းသွားရည်ကျ
ဒိန်ချဉ်ကိုလည်း တခွက်လုံးတောင်းသောက်ချင်...
ဗန်းမော်ကိုငှက်လေ့လာရေးသွားခဲ့တယ်။ မြစ်ကျဉ်းရော။ တပိန်မြစ်ထဲရော။ အနီးအပါးအင်းတွေရော။
ဓါတ်ပုံတွေကတော့ကျန်ခဲ့တယ်။ ရှိမှရှိသေးရဲ့ လားမသိ။
ကျေးဇူးပါချောရေ။
အိုင်အိုရာ

PhyoPhyo said...

မချောရေ .. ဘုရားဖူးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ဘုရားသမိုင်း စိတ်ရှည်လက်ရှည်ရေးပြထားတာကို သေသေချာချာဖတ်သွားပါတယ်။
ဗန်းမော်မြို့လေးသွားချင်သွားလည်ချင်သွားပြီ။ နာမည်က မံရွတ်ရွာဆိုတော့ မြန်မာနာမည်နဲ့မတူဘူးနော်။
ခရီးတွေအများကြီးအလည်သွားနိုင်ပါစေ။
ချစ်တဲ့
pp

mstint said...

သူငယ်ချင်းတစ်ယောက် သီရိလင်္ကာနိုင်ငံကနေ ပြန်လာတုန်းက အန်တီ့အတွက် သစ်ကနက်ဘုရား တစ်ဆူပင့်လာပြီး လက်ဆောင်ပေးတာကို ရဘူးတယ်။ ဘုရားတွေက တစ်နိုင်ငံတစ်မျိုးထူးခြားသလို မြန်မာပြည်ထဲမှာလည်း တစ်နယ်တစ်ပုဒ်ဆန်း ဆိုသလို ထူးထူးခြားခြားလေးတွေပဲနော်။ အခုလို ဖူးခွင့်ရတာ ကျေးဇူးပါချောရေ။
စားဖွယ်သောက်ဖွယ်တွေရော စုံလင်စွာပဲ "ဘုရားလည်းဖူး လိပ်ဥလည်းတူးပေါ့နော်"
ဗဟုသုတတွေလည်း ဖတ်သွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘုရားလည်း ဖူးသွားတယ်။ အမ သူငယ်ချင်းကျွေးတာတွေလည်း အကုန်လုံးကြိုက်တယ်။
အဟီး

အစ်မချော စေတနာ နဲ့ စိတ်ရှည်လက်ရှည် ရေးပြထား တဲ့ ဘုရားသမိုင်း နဲ့ ဗန်းမော် အကြောင်း ကို အသေအချာ ဖတ်သွားပါတယ်။

(စကားမစပ် ဗန်းမော် ခေါက်ဆွဲ က စားကောင်းမယ့်ပုံ ပဲ) :)

ko said...

မချောရေ ဘုရားကိုရွှေသင်္ကန်းကပ်လှူတတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ကို သဘောကျ..သာဓုခေါ်မိပေမဲ့..နဂိုမူလအတိုင်း ထားရင်ပိုမကောင်းဘူးလားမချောရေ ဒါမှရှေးလေက်ရာမပျက်ပူဇော်နိုင်မှာပေါ့..ကျွန်တော်နေတဲ့ လားရှိုးမြို့မှာလည်း နှီးဘုရား တစ်ဆူရှိတယ် ..ဒါပေမဲ့ ရွှေ သင်္ကန်းကပ်လိုက်တော့ တခြားဆင်းတုတော်တွေလိုပဲ ဖြစ်သွားတယ်...ဒီအတိုင်းလေးထားရင်ပိုကောင်းဘူးလို့တွေးမိတယ်...ဒါမှဖူးမြင်လိုက်နဲ့ အံသြကြည်းနူးရမှာပေါ့ ...ခုလို ရွှေကပ်လိုက်တော့ လက်ရာနဲနဲတော့ပျက်ကုန်တာပေါ့ဗျာ..

Nyi Linn Thit said...

ဗန်းမော်ကို သင်္ဘောနဲ့ အသွားအပြန်လုပ်ပြီး သွားလည်ဖူးတယ်၊ မြစ်ကျဉ်းနေရာတွေမှာ အရမ်းလှ တာပဲ၊ ကြက်တူရွေး နှုတ်သီးကို သတိရသေးတယ်..၊ ဗန်းမော်မြို့ထဲမှာတော့ မြင်လှည်းတစ်စင်း ငှါးပြီး ရသလောက် လျှောက်သွားခဲ့တယ်၊ မြို့ခံ မရှိလို့ ဒိန်ချဉ်တို့၊ ခေါက်ဆွဲတို့တော့ မမြည်းခဲ့ရဘူးဗျာ...။း(

ချောရေ အခုကျတော့ ကောင်းနေပြန်ရော ခနက်ရှင်ကလေ။ သူ့သဘောအတိုင်းပဲ လိုက်နေရတယ်။ မနက်ဖန်အထိ မအောင့်နိုင်တော့တာနဲ့ ခုပဲ လာဖတ်သွားတယ် ချောရေ။ သမိုင်းကြောင်းက တော်တော်လေး ထူးဆန်းတာပဲလား ချော။ သီရိလင်္ကာမှာလည်း သစ်ခနက်ဘုရားရုပ်ပွားတွေ အရမ်းပေါတာ သိလား။ မြန်မာဘုန်းဘုန်းတွေက မလေးရှားသွားတာ၊ စင်္ကာပူသွားတာ၊ မြန်မာပြည်ပြန်သွားတာဆိုရင် လက်ဆောင်အဖြစ် ပူဇော်သွားကြတယ်။ ဘုန်းဘုန်းအထင်ကတော့ သစ်ခနက်နဲ့ ချောပြောတဲ့ ကျွန်းနက်ဆိုတာ မတူဘူးလို့ ထင်တာပဲ။

ချောပြောတဲ့ အောင်ကျော်ဇေယျမြသိန်းတန်ဘုရားကြီးကို သွားဖူးလိုက်ချင်တယ်။ မံရွတ်ရွာရောက်ရင်တော့ နွားနို့လည်းသောက်၊၊ ဒိန်ချဉ်ကိုစား၊ ခေါက်ဆွဲကိုလည်း တီးဦးမယ် ချော။ ဘုရားရုပ်ပွားတော်ပုံကိုလည်း ကူးယူသွားပါကြောင်း...

ကျန်းမာပျော်ရွှင်ပါစေ...။

တနေ့ကျရင်တော့ရောက်အောင်သွားဖူးပါဦးမယ်..
ခုတော့.မချောပိုစ့်မှာပဲနွားနို့သောက်ရင်း
ဘုရားလဲဖူးသွား
ပါတယ်..
ခင်မင်လျှက်
မဒမ်ကိုး

may16 said...

အမရေ ဗဟုသုတတိုးပွားစေကြောင်း ဖော်ပြပေးတာ ကျေးဇူးပါ ကိုယ်မရောက်ဖူးတဲ့အရပ်တွေဆိုတော့ အမ ဆီက တစ်ဆင့် ဘုရားလည်း ဖူးခွင့်လို့ ကျေးဇူးပါ.

မချောရဲ့ကျေးဇူးနဲ့ ဘုရားဖူးခွင့်ရတာကျေးဇူးပါနော်..
ကိုယ့်ဖာသာဆိုရင် ရောက်ဖို့တော်တော်ခဲရင်းလိမ့်မယ်ထင်တယ်..။

ကျေးဇူးအထူး...

သီဟသစ် said...

ကျွန်တော်လည်း ဗန်းမော်ကိုတစ်ခေါက်ရောက်ဖူးတယ် ဒါပေမဲ့ မချောလိုတော့ အနှံ့မရောက်ဖြစ်ခဲ့ဘူး
ခုမှဘဲ မရောက်ခဲ့တဲ့ ဘုရားတွေ ရောက်ဖြစ်တော့တယ်
ကျေးဇူး

အစ်မ ရေ၊ ကျေးဇူး။ အစ်မ ပြောပြမှ ဒေသန္တရ ဗဟုသုတလေးတွေ သိရတော့တယ်။ နောက်ခရီးသွား ဆောင်းပါးတွေ ကို မျှော်နေမယ်နော်။

Anonymous said...

အဖွားကဗန်းမော်ကပါ။ ဒေါ်မြရင်တဲ့ သူဌေးတွေပါ။ အင်္ဂလိပ်ခေတ်ကပေါ့။ ဗန်းမော်ကိုဒါကြောင့်မို့ ရောက်ချင်နေတာပါ။ ဘုရားလည်းဖူးရင်းလာခဲ့ပါမယ်။