ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်..

ခိုက်ခိုက်တုန်အောင် အေးခဲလှတဲ့ မနက်ခင်းတစ်ခု...

ကျွန်တော်ဟာ လမ်းလျှောက်ရာကနေ အိမ်ကိုပြန်လာတဲ့လမ်းမှာ ပိုက်ဆံအိတ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ လမ်းဘေးနားက မြက်ပင်တွေကြား ကျနေတဲ့ ပိုက်ဆံအိတ်ဟာ ကျွန်တော့်လိုဘဲ လမ်းလျှောက်တဲ့ သူတစ်ဦးဦးက ပြုတ်ကျခဲ့ဟန် တူပါတယ်။ ပိုက်ဆံအိတ်လေးကို ပိုင်ရှင်ထံ ပြန်ပေးလိုတဲ့အတွက် အိတ်ပိုင်ရှင်ရဲ့ အချက်အလက် တစ်ခုတစ်လေ ရလိုရငြား အိတ်ကို ဖွင့်ကြည့်ချိန်မှာတော့ အိတ်ထဲမှာ ၃ဒေါ်လာမျှသာ ရှိတဲ့ ငွေစအနည်းငယ်နဲ့အတူ  တွန့်ကြေဟောင်းနွမ်းနေတဲ့ စာအိတ်လေးတစ်လုံးကို တွေ့လိုက်ရပါတယ်။ စာအိတ် ဝါကျင့်ကျင့်အရောင်ကို ကြည့်ချင်းအားဖြင့် ဒီစာဟာ သက္ကရာဇ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဟန် တူပါတယ်။


Image Hosted by PicturePush - Photo Sharing 
စာအိတ်ပေါ်မှာတော့ ဒီစာကို လက်ခံသူရဲ့ လိပ်စာကို မတွေ့ရဘဲ စာရေးလိုက်သူရဲ့ လိပ်စာကိုသာ မြင်တွေ့ရပါတယ်။ ကျွန်တော်ဟာ စာထဲမှာ ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ လိပ်စာ သို့မဟုတ် သဲလွန်စ တစ်ခုခုတွေ့ရမလားဆိုပြီး စာအိတ်ကိုဖွင့်ကာ ဟောင်းနွမ်းနေတဲ့ စာရွက်ကို ထုတ်ယူပြီး ဖြန့်ဖတ်မိပါတော့တယ်။ စာရွက်ထိပ်စီး နေ့စွဲနေရာမှာ တွေ့လိုက်တဲ့ ရက်စွဲတစ်ခုက ကျွန်တော့်ကို အလွန်အမင်း အံ့အားသင့်စေခဲ့တယ်.။

ဘုရားရေ..  ဒီစာဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က ရေးခဲ့တဲ့ စာပါလား ” အပြာရောင်နုနု စာရွက်ကလေးပေါ်မှာ အင်မတန်မှ သပ်ရပ်လှပတဲ့ လက်ရေးလေးတွေ ရှိပြီး စာရွက်ထောင့် ဘယ်ဘက်မှာတော့ ပန်းပွင့်ကလေးတွေကို တွေ့ရတာကြောင့် စာမဖတ်ခင်မှာ ဒီစာဟာ မိန်းခလေး တစ်ဦးဦးက ရေးတဲ့စာလို့ ကျွန်တော် ခန့်မှန်းလိုက်မိပါတယ်။

စာကိုဖတ်ကြည့်တော့ စာရေးသူမိန်းခလေးက သူမချစ်သူ မိုက်ကယ်ထံ ရေးတဲ့စာ ဖြစ်တာကို သိရပါတယ်။  မိန်းခလေးက သူမရဲ့ အမေကြောင့် မိုက်ကယ်နဲ့ ထပ်မံဆုံတွေ့ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ဘယ်လိုပင်ဖြစ်စေ သူမကတော့ မိုက်ကယ်ကို အမြဲတမ်း ချစ်နေမှာဖြစ်ကြောင်း ရေးထားတဲ့ စာဖြစ်ပါတယ်.။ စာရဲ့ အောက်ဆုံးမှာတော့ စာရေးသူအမည် ဟန်နာလို့ လက်မှတ်ရေးထိုးထားပါတယ်.။ ကျွန်တော်ထင်ခဲ့သလို မိန်းခလေးတစ်ဦးက ရေးတဲ့စာ ဖြစ်ကြောင်း ထင်ရှားနေပြီးတော့ လက်ခံသူ မိုက်ကယ်ဆိုသူရဲ့ လိပ်စာ မပါတာကြောင့် လူကြုံနဲ့ပါးတဲ့စာ ဖြစ်ပါလိမ့်မယ်။

ဒါနဲ့ ကျွန်တော်ဟာ စာအိပ်ပေါ်မှာပါတဲ့ ဟန်နာဆိုသူ မိန်းခလေးရဲ့ လိပ်စာကို ဆက်သွယ်နိုင်ဖို့ အတွက် တယ်လီဖုန်းရုံးကို ဖုန်းဆက်ပြီး အော်ပရေတာထံကို တောင်းဆိုမှုတစ်ခု လုပ်ပါတယ်။

“ကျွန်တော်ကို တစ်ခုလောက် ကူညီပါလားခင်ဗျာ။ ကျွန်တော်ဟာ ဒီမနက်က ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရထားပါတယ်။ အဲဒီအိတ်ကို ပိုင်ရှင်ဆီ ပြန်ပေးချင်တဲ့အတွက် ပိုက်ဆံအိတ်ထဲမှာတွေ့ရတဲ့ စာအိပ်ပေါ်က လိပ်စာရှင်ကို စုံစမ်းနေတာပါ။ လိပ်စာထဲက အိမ်ရှင်နဲ့ စကားပြောချင်ပါတယ်။ တယ်လီဖုန်းနံပါတ်ကို ကျေးဇူးပြု၍ ပြောပြပါလားခင်ဗျာ”

တယ်လီဖုန်း အော်ပရေတာက သူတို့ဌာနရဲ့ ကြီးကြပ်ရေးမှူးနဲ့ စကားပြောကြည့်ဖို့ ကျွန်တော့်ကို အကြံပေးပြီး ဖုန်းကို  ကြီးကြပ်ရေးမှူးထံ လွှဲပြောင်းပေးပါတယ်။ ကြီးကြပ်ရေးမှူးဟာ ဖုန်းထဲကနေ ကျွန်တော်ပြောပြတဲ့ အကြောင်းအရာကို နားထောင်ပြီးနောက် ဘယ်လိပ်စာဆိုတာကို မေးပါတယ်။ ကျွန်တော်လည်း စာအိတ်ပေါ်က လိပ်စာကို ပြောပြလိုက်တဲ့အခါ သူတို့က တယ်လီဖုန်းရှိတဲ့ လိပ်စာစာရင်းတွေထဲ လိုက်ရှာပြီးနောက်မှာ ကျွန်တော့်ကို အကြောင်းပြန်ပါတယ်။

“ရှင် ပြောတဲ့ လိပ်စာကို ကျွန်မတို့စာရင်းထဲမှာလိုက်ရှာတော့  တယ်လီဖုန်းရှိတာကို တွေ့ရပါတယ်။  ဒါပေမဲ့ အဲဒီဖုန်းနံပါတ်ကို ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ရှင့်ကို ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲ.. ကျွန်မတစ်ခု ကူညီနိုင်တာက အဲဒီဖုန်းနံပါတ်ကို ကျွန်မတို့ ဆက်သွယ်ပြီး ရှင်ပြောပြတဲ့ အကြောင်းတွေကို သူတို့ကို ပြောပြလိုက်လို့ သူတို့က ရှင်နဲ့ စကားပြောချင်တယ်ဆိုရင်တော့ အဲဒီဖုန်းနံပါတ်က အိမ်သားတွေနဲ့ ရှင့်ကို ဆက်သွယ်ပေးပါ့မယ်။” လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

မိနစ်အနည်းငယ် အကြာမှာတော့ ကျွန်တော့ဆီ ဖုန်းပြန်ဝင်လာပြီး တစ်ဖက်က အိမ်ရှင်က ကျွန်တော်နဲ့စကားပြောဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောပြီးတဲ့နောက် အခြားသူတစ်ယောက်ရဲ့အသံ ပေါ်လာပါတယ်။ တစ်ဖက်က စကားပြောနေတဲ့အသံဟာ အသက် ၅၀ကျော်အရွယ် မိန်းမအသံ ဖြစ်ပါတယ်။  စာထဲက အောက်ဆုံးမှာ လက်မှတ်ထိုးထားတဲ့ ဟန်နာဆိုသူနဲ့ တွေ့လိုကြောင်း ကျွန်တော်က ပြောတဲ့အချိန်မှာ အတန်ကြာ စဉ်းစားနေပြီးနောက် ထိုမိန်းမထံမှ အသံထွက်လာပါတယ်။


“ အိုး..  အန်တီတို့က ဒီအိမ်ကို ဟန်နာတို့ဆီက ဝယ်လိုက်တာပါ။ ဒါပေမဲ့ ဒီအိမ်ကို ဝယ်လိုက်တာ နှစ်ပေါင်း ၃၀တောင် ရှိပါပြီကွယ်။”


“ဒါဆို သူတို့ မိသားစု အခုဘယ်မှာနေတယ်ဆိုတာ အန်တီသိပါသလားခင်ဗျာ” လို့ ကျွန်တော်မေးတော့ စဉ်းစားနေဟန်နဲ့ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီး

“အဲ အန်တီတစ်ခု မှတ်မိပြီ။ ဟန်နာက လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ့အမေကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ လာတွေ့တာ သိလိုက်ရတယ်။ အဲဒီလိပ်စာမှာ သွားစုံစမ်းရင်တော့ သူတို့သတင်းကို မင်းကြားရလိမ့်မယ်ထင်တယ်”  လို့ပြောလာပါတယ်။

ထိုအမျိုးသမီးက စောင့်ရှောက်ရေး ဂေဟာတစ်ခုရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ရယ်၊ ဟန်နာဆိုတဲ့ အမျိုးသမီးရဲ့ မိခင်နာမည်ရယ်ကို ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော်လဲ အဲဒီစောင့်ရှောက်ရေး ဂေဟာကို ဖုန်းဆက်ရပြန်ပါတယ်။ စောင့်ရှောက်ရေးဂေဟာနဲ့ ဖုန်းရတော့ ကျွန်တော်မေးတဲ့ အမျိုးသမီးဟာ ထိုဂေဟာမှာ ရှိခဲ့သော်လည်း လွန်ခဲ့တဲ့ နှစ်များစွာကဘဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းပြောပြပါတယ်။ သို့ပေမဲ့ ဖုန်းနံပါတ်တစ်ခုတော့ ကျွန်တော့်ကိုပေးလာပြီး အဲဒီဖုန်းနံပါတ်မှာတော့ ထိုအမျိုးသမီးကြီးရဲ့ သမီး ရှိနေနိုင်သေးသည် ထင်ကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်စကားပြောပြီး ဖုန်းကိုချလိုက်ကာ သူတို့ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ထပ်ဆက်ပြန်ပါတယ်။ တစ်ဖက်က ဖုန်းကိုင်တဲ့ အမျိုးသမီးက ဟန်နာဆိုသော အဖွားမှာ ယခုအခါတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် နေထိုင် လျှက်ရှိကြောင်း ဖြေကြားပြန်ပါတယ်။ သူပေးတဲ့ လိပ်စာဟာ အစောက ကျွန်တော်ဖုန်းဆက်တဲ့ စောင့်ရှောက်ရေးဂေဟာ မဟုတ်ပါဘူး။ ဒီလိပ်စာက ကျွန်တော်တို့အိမ်နဲ့ သိပ်မဝေးတဲ့နေရာတစ်ခုက သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟောတစ်ခုရဲ့ လိပ်စာပါ။ 
  
ဖုန်းကို ချလိုက်ပြီးနောက် “ငါတော်တော်မိုက်တဲ့သူဘဲ ” လို့ မိမိကိုယ်ကို ပြောလိုက်မိပါတော့တယ်။ ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီး ပိုက်ဆံအိတ်ထဲက ၃ဒေါ်လာလေးနဲ့ နှစ်ပေါင်း ၆၀ကြာနေပြီဖြစ်တဲ့ စာလေးတစ်စောင်ကို ပြန်ပေးဖို့အတွက် ဒီလောက်တောင် အလုပ်ရှုပ်ခံပြီး ဖုန်းဆက်နေတဲ့ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတော့တယ်။ သို့သော်လည်း ကိစ္စတစ်ခုခုဆို ရေဆုံးရေဖျားလိုက်တတ်တဲ့ ကျွန်တော်ရဲ့ အကျင့်အတိုင်းဘဲ ထပ်ရလာတဲ့ စောင့်ရှောက်ရေးဂေဟာကို ဖုန်းဆက်ပြန်ပါတယ်။ ဖုန်းဖြေတဲ့သူ ထံကနေ “ဟုတ်ကဲ့ ဟန်နာဆိုတဲ့ အမျိုးသမီးဟာ ကျွန်တော်တို့ရဲ့ စောင့်ရှောက်ရေး ဂေဟာမှာ နေပါတယ်” ဆိုတဲ့ အဖြေကြားတော့မှ စိတ်သက်ကာရာရပြီး သက်ပြင်း ချလိုက်မိပါတော့တယ်။

ဒီသတင်းရချိန်ဟာ ည ၁၀နာရီ ရှိနေပါပြီ.. သို့ပေမဲ့ စိတ်အားထက်သန်လှတဲ့ ကျွန်တော်ရဲ့ တွေ့ချင်မှုကို ထိန်းချုပ်ဖို့ရာ မတတ်သာဘဲ “ကျွန်တော်သူ့ကို အခုလာတွေ့လို့ ရမလား မသိဘူး” လို့ တောင်းဆိုမိတော့ တစ်ဖက်က အဲ.. ဆိုပြီး အသံခေတ္တ တိတ်သွားပါတယ်. ထို့နောက်မှ “အင်း သူတကယ်လို့ မအိပ်သေးရင်တော့ ခင်ဗျား တွေ့ရမှာပါ။ အခု တွေ့ချင်တယ်ဆိုရင် သွားတွေ့ကြည့်လိုက်ပါ။ သူ မအိပ်သေးရင်တော့ ဧည့်ခန်းမှာ တီဗီကြည့်နေလောက်ပါတယ်။  အိပ်ပြီဆိုရင်တော့ ဒီနေ့ တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး ”

တစ်ဖက်က ဖုန်းချသွားတာနဲ့ ကျွန်တော်က ကားသော့ကို ယူပြီး လိပ်စာပါ သက်ကြီးရွယ်အို ဂေဟာကို သွားပါတော့တယ်။

ဂေဟာကို ရောက်ချိန်မှာ အစောင့်နဲ့ ညဆိုင်းတာဝန်ကျ သူနာပြုတစ်ဦးတို့က ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်။ ပြီးတော့ သူနာပြုက ဓာတ်လှေကားဆီ ဦးဆောင်ခေါ်သွားပြီး အဆောက်အဦးကြီးရဲ့ တတိယထပ်ကို တက်ခဲ့ကြပါတယ်။ တီဗီထားကြည့်ရာ ခန်းမကျယ်ကြီးမှာတော့ အဖွားအို တစ်ချို့ တီဗီကြည့်နေကြပါတယ်။ သူနာပြုဆရာမက အဖွားအိုများထဲက တစ်ဦးကို ညွှန်ပြကာ ထိုအဖွားရဲ့ အမည်မှာ ဟန်နာ ဖြစ်ကြောင်း မိတ်ဆက်ပေးပါတယ်။ အဖွားဟာ အင်မတန်မှ ချိုသာတဲ့ မျက်နှာထားရှိပြီးတော့ ငွေရောင်ဆံပင်များက တစ်ခေါင်းလုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ မျက်ဝန်းတစ်ဝိုက်နဲ့ မျက်နှာပြင် တစ်ခုလုံးပေါ်မှာတော့ ဇရာရဲ့ အရေးအကြောင်းများစွာက ရှုပ်ရှက်ခတ်နေခဲ့သော်လည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ပြုံးပြနေတဲ့ သူ့အပြုံးက ငယ်ရွယ်စဉ်တုန်းက အင်မတန်ချောမောလှပ ချစ်စရာကောင်းခဲ့တယ်ဆိုတာ သက်သေပြနေခဲ့ပါတယ်။

ကျွန်တော်က ပိုက်ဆံအိတ်တစ်လုံး ကောက်ရထားတာကြောင့် ပိုင်ရှင်ဖြစ်သူကို လိုက်ရှာနေကြောင်း ၊ အိတ်ထဲက စာလေးတစ်စောင်ကြောင့် ဒီနေရာကို အဆင့်ဆင့် စုံစမ်းပြီးမှ ရောက်လာရကြောင်းကို ပြောပြလိုက်ပြီး စာလေးကို အဖွားအိုရဲ့လက်ထဲ ထည့်ပေးလိုက်ပါတယ်။  စာအိတ်ကို ဖွင့်ကြည့်လိုက်လို့ ထောင့်နားမှာ ပန်းတွေပါတဲ့  အပြာရောင်နုနု စာရွက်လေးကို မြင်လိုက်ရင်ဘဲ အဖွားအိုရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အံ့သြခြင်း၊ ကြည်နူးခြင်း၊ ရှက်သွေးဖြာခြင်း စတဲ့ ခံစားမှုအရိပ်အယောင်တွေ ပေါ်လာတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ အဖွားအိုက တုန်ယင်နေတဲ့ လက်ကလေးတွေနဲ့ စာရွက်ကိုကိုင်ထားပြီး စာရွက်ပေါ်က စာလုံးတွေကို တစ်လုံးချင်း သေချာအားစိုက် ဖတ်နေခဲ့ပါတယ်။ ပြီးတော့မှ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ “လူကလေး.. ဒီစာဟာ အဖွားနဲ့ မိုက်ကယ်ကြားထဲက နောက်ဆုံး စာတစ်စောင်ပါဘဲ။ ဟုတ်ပါတယ် အဖွားကိုယ်တိုင် ဒီစာကို ရေးခဲ့တာပါ။” အဖွားအိုဟာ မမြင်နိုင်တဲ့ ခပ်ဝေးဝေး တစ်နေရာကို လွမ်းလွမ်းဆွေးဆွေး ကြည့်လိုက်ပြီး အတန်ကြာ ငြိမ်သက်သွားပါတယ်။

ခဏကြာမှ “အဖွားနဲ့သူဟာ တစ်ယောက်ကိုတစ်ယောက်  သိပ်ချစ်ခဲ့ကြပါတယ်.။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အဖွားအသက်က ၁၆နှစ်ဘဲ ရှိသေးတော့ အဖွားအမေက သိပ်ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖွားကို မိုက်ကယ်နဲ့ သဘောမတူခဲ့ပါဘူး။ ဒါကြောင့် အဖွားလည်း မိုက်ကယ်ကို ချစ်ရက်နဲ့ အဆက်ဖြတ်ခဲ့ရပါတယ်။ မိုက်ကယ်ဟာသိပ်ချောပြီး ယောက်ျားပီသတဲ့သူတစ်ဦးပါ။ စိတ်သဘောလည်း သိပ်ကောင်းပါတယ်။ သူကလည်း အဖွားကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ။ သူ့နာမည်အပြည့်အစုံက မိုက်ကယ် ဂိုလ်းစတိုင်းပါ။ တကယ်လို့များ သူ့ကို လူကလေး တွေ့ခဲ့တယ်ဆိုရင် ပြောပြလိုက်ပါနော်. အဖွားက သူ့ကို အမြဲတမ်း သတိရနေခဲ့တယ် ဆိုတဲ့အကြောင်းနဲ့.. ” အဖွားက စကားကို ဆက်ပြောဖို့ အနည်းငယ်တွန့်ဆုတ်သွားဟန်နဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စကားပြောရပ်သွားပါတယ်။

ထို့နောက်မှာတော့ “ အဖွားသူ့ကို ခုချိန်ထိ ချစ်နေသေးတဲ့အကြောင်း၊ အဖွားဟာ ဘယ်တုန်းကမှ ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပါဘူး။ အဖွားဘဝမှာ မိုက်ကယ်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးဆိုတာ သူ့ကို ပြောပြလိုက်ပါ လူလေးရယ်” လို့ ဆက်ပြောကာ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတော့တယ်။ ကျွန်တော်လည်း အဖွားအိုကို စိတ်မကောင်းစွာနဲ့ ပုခုံးလေးကို ဖက်လိုက်ပြီး “သူနဲ့ တွေ့ခဲ့ရင် အဖွားပြောတာကို ဆက်ဆက်ပြောပေးပါ့မယ် ” လို့ ပြောလိုက်ပြီးနောက် နှုတ်ဆက်ကာ ပြန်လာခဲ့ပါတော့တယ်။ ကျွန်တော့်ရင်ထဲမှာတော့ လူတစ်ယောက်ကို နှစ်ပေါင်း ၆၀ကြာ မတွေ့ခဲ့ရသည့်တိုင် မမေ့နိုင်သေးဘဲ ချစ်နေဆဲလို့ ပြောလာတဲ့ အဖွားအိုရဲ့ ချစ်ခြင်းမေတ္တာကို လေးစားအံ့သြမိတာ အမှန်ပါ။


ပထမထပ်ကို ဆင်းဖို့အတွက်  ဓာတ်လှေကားကို စောင့်နေတုန်းမှာ အစောက အစောင့်နဲ့ ထပ်တွေ့ပါတယ်။  “ဘယ်လိုလဲဗျ.. အဖွားအိုဆီက ခင်ဗျားသိချင်တာတွေ သိလိုက်ရဲ့လား ” လို့မေးလာပါတယ်။ ကျွန်တော်လည်း “ ဟုတ်ကဲ့.. သူ့ဆီကတော့ နောက်ထပ် သဲလွန်စတစ်ခု ကျွန်တော်ရခဲ့ပါတယ်။ နာမည်တစ်ခုရဲ့ အနောက်က စာလုံးပေါ့ဗျာ။ ဒါပေမဲ့ ဒီနေ့အဖို့တော့ ရှာဖွေတဲ့အလုပ် ရပ်တော့မှဖြစ်မယ် ။ ကျွန်တော် မနက်ကနေ ဒီနေ့တစ်နေ့လုံး ဒီပိုက်ဆံအိတ်ရဲ့ပိုင်ရှင်ကို ရှာနေတာ ခုချိန်ထိပါဘဲ။” ပိုက်ဆံအိတ်ကို အစောင့်မြင်သာအောင် ထောင်ပြလိုက်ပြီး ပြောလိုက်မိပါတယ်။ ကျွန်တော်ကောက်ရတဲ့ ပိုက်ဆံအိတ်ဟာ အညိုရောင် ခပ်နွမ်းနွမ်း ပိုက်ဆံအိတ်လေးဟာ သူလိုငါလို သာမန်အိတ်ကလေးပါဘဲ ။ ဘာမှ ထူးထူးခြားခြား မဟုတ်ပေမဲ့ အညိုရောင်သားရေအိတ်ရဲ့ ထောင့်မှာ အနီရောင် အမှတ်အသားလေး တစ်ခု ရှိနေခဲ့ပါတယ်။

အစောင့်ဖြစ်သူက ကျွန်တော်ထောင်ပြလိုက်တဲ့ ပိုက်ဆံအိတ်ကို သေသေချာချာ စိုက်ကြည့်နေခဲ့ပါတယ်။ “ဟေး.. ခဏ.. ခဏနေပါဦးဗျ.. ကျွန်တော်မှတ်မိပြီ.. ဒီပိုက်ဆံအိတ်ဟာ အဖိုးအို ဂိုလ်းစတိုင်းရဲ့ အိတ်ပဲ.. ဒီအိတ်ကို ကျွန်တော်ဘယ်နေရာမှာတွေ့တွေ့ မှတ်မိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအိတ်ရဲ့ ထောင့်မှာပါတဲ့ အနီရောင် အမှတ်အသားကြောင့်ပါဘဲ။ သူဟာ ဒီအိတ်ကို ခဏခဏကျပျောက်တတ်တယ်. ကျွန်တော်တောင် သူ့အိတ်ကို ဒီအဆောက်အဦးထဲမှာ ကောက်ရလို့ ပြန်ပေးရတာ ၃ကြိမ်လောက် ရှိဖူးတယ် ”

“ဗျာ.. ဘယ်သူ အဖိုးဂိုလ်းစတိုင်းဟုတ်လား ” မေးလိုက်တဲ့ ကျွန်တော့်အသံထဲမှာ အံ့သြမှုတွေ ပါဝင်နေခဲ့သလို ကျွန်တော့ရဲ့ လက်တွေတောင် တုန်ယင်လို့လာပါတယ်။

“ဟုတ်တယ် အဖိုးဂိုလ်းစတိုင်းဆိုတာ ဒီသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာရဲ့ ရှစ်ထပ်မှာ နေထိုင်တဲ့ အစောင့်အရှောက်ခံ အဖိုးအိုတစ်ဦးဘဲလေ။ ဒီအိတ်ဟာ မနက်ခင်း သူလမ်းလျှောက်ထွက်တဲ့အခါ ကျခဲ့တာဖြစ်မယ်။ ဒီဝင်းထဲမှာတော့ တစ်နေရာရာမှာ ကျခဲ့ရင် ကျွန်တော်တို့ ပြန်တွေ့မှာဘဲလေ ”

ကျွန်တော် အစောင့်ဖြစ်သူကို ကျေးဇူးတင်စကားပြောပြီး ဂေဟာရုံးခန်းကို အပြေးအလွှားသွားရောက်ကာ အစောင့်ပြောလိုက်တဲ့ စကားတွေကို ပြောပြလိုက်ပြီးနောက် သူနာပြုတစ်ချို့နဲ့ ကျွန်တော်တို့ဟာ ဓာတ်လှေကားကနေ ရှစ်ထပ်ကို တက်လာခဲ့ကြပါတယ်။ အဖိုး ဂိုလ်းစတိုင်းတစ်ယောက် အိပ်ရာမဝင်ပါစေနဲ့ဦးလို့ ဓာတ်လှေကားစီးနေတဲ့ တစ်လျှောက်လုံး ကျွန်တော် ဆုတောင်းနေမိပါတယ်။

ရှစ်ထပ်ရောက်ချိန်မှာတော့
အဲဒီအထပ်မှာ တာဝန်ကျတဲ့ သူနာပြုကို အကျိုးအကြောင်းပြောပြပါတယ်။ သူမက အဖိုးအိုဂိုလ်းစတိုင်းဟာ အိပ်မယ်မထင်သေးကြောင်း၊ စာကြည့်ခန်းမှာ စာအုပ်ဖတ်နေဦးမယ် ထင်ကြောင်း၊ သူက စာဖတ်ရတာကို အင်မတန် နှစ်သက်သူဖြစ်ကြောင်း၊ ညစဉ်ညတိုင်း စာကြည့်တတ်သည့်သူ ဖြစ်ကြောင်း စသဖြင့် အဖိုးအကြောင်းပြောကာ စာကြည့်ခန်းဆီ ကျွန်တော်တို့ကို ခေါ်သွားပါတယ်။

မီးလင်းနေတဲ့ စာကြည့်ခန်းမှာထဲမှာတော့ စာဖတ်နေတဲ့ တစ်ဦးတည်းသော အဖိုးအိုကို တွေ့ရပါတယ်။ သူနာပြုက အဖိုးအိုထံ လျှောက်သွားပြီး ပိုက်ဆံအိတ် ပျောက်မပျောက် မေးလိုက်ပါတယ်။ အဖိုးအိုက ကျွန်တော်တို့ လူစုကို အံ့သြစွာ လှမ်းကြည့်လိုက်ပြီး “ဟုတ်ပါတယ် ဒီမနက် ပိုက်ဆံအိတ်ကျပျောက်ခဲ့တယ်” လို့ ပြန်ပြောပါတယ်။ ကျွန်တော်က အရှေ့ကိုလျှောက်လိုက်ပြီး အဖိုးအိုအနီး ရပ်လိုက်ကာ “ဒီဟာက အဖိုးရဲ့ ပိုက်ဆံအိတ်မဟုတ်လား ” လို့ပြောပြီး ပိုက်ဆံအိတ်ကို ပေးလိုက်တော့ အဖိုးအိုရဲ့ မျက်နှာဟာ ရွှင်ပျသွားခဲ့ပြီး စိတ်သက်သာရာရသွားဟန် အထင်းသား ပေါ်နေခဲ့ပါတယ်။  “ဟုတ်ပါတယ် ဒီအိတ်ဟာ အဖိုးရဲ့အိတ်ပါ။ ဒီမနက် လမ်းလျှောက်ထွက်တုန်း ကျကျန်ရစ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒီထိအောင် ပြန်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူလေးကို အဖိုး မုန့်ဖိုးပေးပါမယ်ကွယ်” လို့ ပြုံးရွှင်တဲ့ မျက်နှာနဲ့ ပြောကာ ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပါတယ်။

“ကျေးဇူးတင်ပါတယ်အဖိုး..  ကျွန်တော့်အတွက် မုန့်ဖိုး မလိုပါဘူး .. ဒါပေမဲ့ အဖိုးကို ကျွန်တော် ပြောစရာတစ်ခုရှိပါတယ်။ ကျွန်တော် ဒီပိုက်ဆံအိတ်ကို ကောက်ရတော့ ပိုင်ရှင်ကို ပြန်ပေးချင်တဲ့အတွက်  ပိုင်ရှင်နဲ့ ပတ်သက်တဲ့ လိပ်စာ တွေ့လိုတွေငြားနဲ့ ပိုက်ဆံအိတ်ထဲက စာကို ဖတ်လိုက်မိပါတယ် ” ကျွန်တော့စကားကို ကြားတာနဲ့ အဖိုးရဲ့ မျက်နှာပေါ်က အပြုံးဟာ ချက်ခြင်းပျောက်ကွယ်သွားခဲ့ပြီး ဒေါသသံနဲ့ ကျွန်တော့ကို ပြောပါတော့တယ်။

 “မင်း.. ဒီအိတ်ထဲက စာကိုဖတ်ခဲ့တယ် ဟုတ်လား”

“ကျွန်တော် စာကို ဖတ်ခဲ့ရုံတင်မက ဒီစာကို ရေးခဲ့တဲ့ ဟန်နာဆိုတဲ့အမျိုးသမီး ဘယ်သူဆိုတာရယ် အခု ဘယ်မှာရှိနေတယ် ဆိုတာရယ်ကိုပါ စုံစမ်းသိရှိခဲ့ပါပြီ”

ကျွန်တော့်နှုတ်ဖျားက ထွက်သွားတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အဖိုးအိုရဲ့ မျက်နှာဟာ ဖြူဖျော့သွားခဲ့ပါတယ်။ “ ဟန်နာ?? ဟန်နာ အခုဘယ်မှာဘဲ .. မင်း သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ.. သူနေမှကောင်းရဲ့လား.. သူ. သူ အရင်ကလိုဘဲလား. ကျေးဇူးပြုပြီး ပြောပါဦး။ အဖိုးကို အမြန်ပြောပြပါဦး” အဖိုးအိုဟာ ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ပါးစပ်က တတွတ်တွတ် တောင်းပန်ရင်း မေးပါတော့တယ်။

“သူ နေကောင်းပါတယ် အဖိုး.. အရင်ကလိုပါဘဲ.” ကျွန်တော်က အဖိုးရဲ့ လက်မောင်းကို ပြန်လည် ဆုပ်ကိုင်လိုက်ပြီး နူးညံ့ညင်သာစွာ ပြောလိုက်ပါတယ်။ အဖိုးအိုက ပြုံးလိုက်ပြန်ရင်း စိတ်အား ထက်သန်စွာနဲ့  “ သူဘယ်မှာလဲဆိုတာ အဖိုးကို ပြောပြနိုင်မလား လူကလေး” ကျွန်တော့်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ထပ်ပြောပါတယ်။ “ အဖိုး မနက်ဖန်ကျရင် သူ့ဆီဖုန်းခေါ်ချင်လို့ပါ။ လူလေးတစ်ခုခု သိထားတယ် မဟုတ်လားဟင်.. ဟန်နာဆိုတာ ဒီစာကိုရေးတဲ့ အဖိုးသိပ်ချစ်ခဲ့တဲ့ ကောင်မလေးပါ။ သူ အဖိုးကို လမ်းခွဲပြီးနောက်ပိုင်း အဖိုးတစ်ယောက်တည်း ဘဝမှာ အထီးကျန်နေခဲ့ရတယ်။ ဘဝတစ်လျှောက်လုံး သူ့ကိုဘဲ ချစ်နေခဲ့တယ်။ ဘယ်သူ့ကိုမှလည်း အဖိုးလက်မထပ်ခဲ့ဘူး”

“အဖိုး.. အဖိုး ကျွန်တော်နဲ့ ခဏလောက်လိုက်ခဲ့ပါ။ ” ကျွန်တော် အဖိုးအိုကို ဆွဲခေါ်လာပြီး ဓာတ်လှေကားနဲ့ တတိယထပ်ကို ဆင်းလာခဲ့ကြပါတယ်။ သူနာပြုတွေကလည်း ကျွန်တော်တို့နောက်ကို လိုက်လာကြပါတယ်။ ဓာတ်လှေကားကနေဆင်းကာ ဟောလ်ခန်းမကြီးကို ဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက်မှာ မီးရောင် ခပ်မှိန်မှိန်ကိုသာ တွေ့ရပြီး တတိယထပ်ရဲ့ တီဗီခန်းမှာတော့ ကံကောင်းထောက်မစွာနဲ့ အဖွားဟန်နာကို တီဗီကြည့်နေသေးတာ တွေ့လိုက်ရပါတယ်။ သူနာပြုတစ်ယောက်က အဖွားဆီ လျှောက်သွားလိုက်ပါတယ်။

“ အဖွား ဟန်နာ.. ” သူမက အဖိုး မိုက်ကယ်ထံ လက်ညိုးညွှန်လိုက်ပြီး “ သူ့ကို အဖွား သိပါသလား” လို့ မေးလိုက်တော့ အဖွားက မျက်မှန်လေးကို ပြုပြင်လိုက်ပြီး အဖိုးကို သေသေချာချာ စိုက်ကြည့်နေပါတော့တယ်။ သို့သော် အဖွားထံမှ ဘာစကားသံမှ ထွက်မလာခဲ့ပါ။

အဖိုးအိုက အနားသို့တိုးကပ်သွားခဲ့ပြီး “ ဟန်နာ.. ကိုယ်.. မိုက်ကယ်လေ.. မှတ်မိသေးရဲ့လား ” အလွန်တိုးဖျော့တဲ့ အသံလေးနဲ့ မေးလိုက်တော့ အဖွားကြည့်ရတာ အလွန်အံ့သြတုန်လှုပ်သွားပုံ ရပါတယ်။

“ဘုရားရေ.. မိုက်ကယ်.. ရှင်က မိုက်ကယ်လား.. အိုး ကျွန်မဖြင့် မယုံနိုင်လောက်အောင်ပါဘဲ ”

အဖိုးအိုက အဖွားအိုထံ ဖြေးညင်းစွာ လျှောက်လှမ်းသွားခဲ့ပါတယ်။မျက်နှာချင်းဆိုင် ဆုံတွေ့ချိန်မှာတော့ သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်က တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ရစ်ဝဲလို့နေခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ကြာအောင် ဝေးကွာခဲ့တဲ့ ချစ်သူနှစ်ဦးဟာ နောက်ဆုံးမှာတော့ ပြန်လည်ဆုံဆည်းကြပါပြီ။ စောင့်ရှောက်ရေး ဂေဟာတစ်ခုတည်းမှာ ရှိနေရက်နဲ့ တစ်ဦးနဲ့တစ်ဦး မတွေ့ဖြစ်၊ မဆုံဖြစ်ကြတဲ့ ချစ်သူနှစ်ဦးဟာ မမျှော်လင့်ဘဲ ကျွန်တော် ကောက်ရလိုက်တဲ့ ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်ကြောင့် နှစ်များစွာ ဝေးကွာနေရာကနေ ပြန်ဆုံခွင့်ရလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်နဲ့ သူနာပြုတို့ဟာ သူတို့နှစ်ဦးကိုထားခဲ့ပြီး တိတ်ဆိတ်စွာ လှည့်ထွက်လာခဲ့ကြပါတယ်။ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းတဲ့ မြင်ကွင်းဟာ ကျွန်တော်တို့ရဲ့ နှလုံးသားကို လှိုက်လှဲစွာ ခံစားစေခဲ့ပြီး အဖိုး အဖွားတို့နည်းတူ အားလုံးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ရစ်ဝဲနေခဲ့ပါတယ်။  ကျွန်တော်တို့ မျက်ဝန်းက မျက်ရည်တွေဟာ အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖွား ဟန်နာနဲ့ အသက် ၇၉နှစ်အရွယ် အဖိုး မိုက်ကယ်တို့ ချစ်သူနှစ်ဦးရဲ့ ဆုံဆည်းမှုကို ကြည်နူးပီတိဖြစ်မိတဲ့ မျက်ရည်တွေ ဖြစ်ပါလိမ့်မယ်။ 



A letter in the wallet (Author Unknown) ကို ဘာသာပြန်ပါသည်။

 
 
Image Hosted by PicturePush - Photo Sharing

33 Responses to “ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်..”

ဟန်ကြည် said...

လွမ်းမောဖို့ကောင်းလိုက်တဲ့ အချစ်ဇာတ်လမ်းလေးပါလား ဒေါ်ချောရေ...ဇာတ်လမ်းတ၀က်လောက်မှာ ဘာဖြစ်မယ်ဆိုတာ မှန်းလို့ရသွားပေမယ့် အရေးအသား ပြေပြစ်တာကြောင့် အဆုံးထိဆက်ဖတ်ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ ပို့စ်ပါ...ဘာသာပြန်လို့မပြောဘဲ မှီးပြီးရေးလိုက်ရင် သိမှာတောင်မဟုတ်ဘူး...နှစ်ပေါင်း များစွာကြာမှ ပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက် ဘယ်လောက်များပျော်လိုက်ကြရှာမလဲဆိုတာ တွေးရင်းနဲ့တောင် ပီတိဖြစ်လာတယ်...အင်း တတိယအရွယ်ရဲ့ ပထမဝေဒနာတွေပါလားလေ . . .

Anonymous said...

မျက်ရည် ဝဲရပါတယ် ချော ရယ် ..... တို့လဲ လူတယောက်ကို အဲလိုမျိုး ချစ်ချင်တယ် ... ပြီးတော့ အဲဒီ လူကပဲ တို့ကို တူညီတဲ့ချစ်ခြင်း တခု ပြန်ပေးစေချင်တယ် ....
တကယ့်ကို မျက်ရည်ကျရပါတယ် ချော အရေးအသား ကောင်းပါပေတယ် ....


ချောဆီ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ မိတ်ဆွေတယောက်ပါ ....

rose said...

Read the novel, sis. They stayed together in the same building and don't see each other. Thank you for sharing. (here in this phone cannot type Myanmar font :)

အော်...
ချစ်ခြင်းမေတ္တာရယ်.. တယ်လဲ ဆန်းကြယ်လှပါလား။ ဘိုးအို ဘွားအိုတို့ရဲ့ ချစ်ခြင်းက ကြည်နူးမှုကို ဖြစ်စေပါတယ်။ ငယ်ငယ်ကထဲက သူတို့ ပေါင်းဖော်ခဲ့ရရင်လဲ ကြည်နူးစရာ စံပြ စုံတွဲလေးဘဲ ဖြစ်မှာ သေချာပါတယ်။

ခင်မင်လျက်

Anonymous said...

မချောရေးတဲ့စာတွေကိုဖတ်တိုင်းဖတ်တိုင်း အေးချမ်းနွေးထွေးမှုတွေကိုခံစားရတယ်၊ဘလော့ဂါတွေထဲမှာ ကျနော်သဘောအကျဆုံးပါ၊
ကိုယ်တိုင်ရေးတာဘဲဖြစ်ဖြစ် ဘာသာပြန်တာဘဲဖြစ်ဖြစ် ဖတ်ပြီးတိုင်း ဖတ်ပြီးတိုင်း ရင်ထဲမှာနွေးကနဲ ဖြစ်စေတယ်။
Anonymous တစ်ယောက်အနေနဲ့ အမြဲအားပေးနေပါတယ်။

ခရစ္စတလ် said...

တကယ်ရှိတာလား ဒီလိုမေတ္တာမျိုးပြောပါတယ် :P
တအားကောင်းတယ်နော်၊ ဒါမျိုးလေးတွေ ဘာသာပြန်တဲ့ ဘလော့ဂါချောတစ်ယောက် မေတ္တာစစ်ကို ပိုင်ဆိုင်နိုင်ပါစေရှင်။
btw အိမ်ရှင်က ဒကာခံမယ်နော်၊ နှစ်ယောက်တော့ဖြစ်ပါစေ ဟဲဟဲ :)

Iora said...

အရေးအသားလေးကညက်နေတာဘဲ။
ဘက်စုံပါလားချောရယ်။

နူးညံ့သိမ်မွေ့တဲ့ မေတ္တာ...
ခိုင်မြဲတဲ့ ချစ်ခြင်းတရား...
မပြိုယွင်းတဲ့ သစ္စာ...
အချစ်တတ်ဆုံးသော ချစ်သူနှစ်ဦး...။

Aunty Oo said...

ဘာသာပြန်ရောအရေးအသားပြေပြစ်ကောင်းမွန်မှုတို.
ကြောင့်စာဆုံးသွားပေမဲ့ရင်ထဲစွဲကျန်ခဲ့ပါတယ်။

အဲဒီဘာသာပြန်စာအုပ်လေးအိမ်မှာရှိတယ် အရမ်းကြိုက်လို့ ခဏခဏဖတ်ဖြစ်တယ်....။ ဟိုးး ငယ်ငယ်တုန်းက အင်္ဂစာကျောင်းတက်ကတည်းက ဖတ်ခဲ့ဖူးတဲ့ စာလေးပေါ့...။ အဖိုးနဲ့အဖွားတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အားကျရင်းနဲ့ပေါ့....။

ခင်တဲ့
မိုးငွေ့

လွမ်းမောဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေး..း))

ခင်မင်လျက်
နေ၀သန်

လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေး ချစ်စရာကောင်းလိုက်တာ တကယ်ကို ခိုင်မြဲတဲ့ ချစ်ခြင်းပါပဲ ။

Anonymous said...

This is so lovely Chaw, thank you for sharing!
Mon Petit Avatar

အဲလို အချစ်မျိုးလည်း ရှိသေးတာပဲနော်..
မယုံရင် ပုံပြင်လို့မှတ် လို့ ပြောရမှာပဲ..
မသေခင် ဆုံတွေ့ခွင့် ရကြတာ ကြည်နူးစရာပါ..

mstint said...

ချောရေ စိတ်ကြည်နူးမှုကို ဖြစ်စေတဲ့ ဇာတ်သိမ်းခန်းမျိုးပဲ နှစ်သက်တယ်။
ချောရဲ့ ပို့စ်တိုင်းမှာ ဓာတ်ပုံတွေ အများကြီးကြည့်ရတာကြောင့် ဒီတစ်ခါ ဟာတာတာနဲ့ တစ်ခုခု လိုနေသလိုပဲး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာပေါ့ ..
ဖတ်လို့ ကောင်းလိုက်တာ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တကယ်အချစ်စစ်၊ အချစ်မှန်တွေပါလား ချောရယ်။ တကယ်လွမ်းမောဖွယ် ဇာတ်လမ်းလေးပါပဲ။ ချောလည်း ကျန်းမာပျော်ရွှင်ပါစေ...

ပြန်ဆုံတွေတဲ့အချန်မှာတော့ ပြောဖွယ်ရာမရှိလောင်အောင်ကို ကြည်နူးနေကြမှာပါ... ဒါပေမယ့်. မျော်လင့်နေခဲ့ရတဲ့အချိန်က နှစ်ပေါင်းက ၆၀ ဆိုတော့ မများလွန်းဘူးလားချောရယ်....

ချမ်းမြေ့ပါစ
ချယ်ရီမြေ

kiki said...

မေတ္တာစစ် မေတ္တာမှန် နဲ့ချစ်ခဲ့ကြတဲ့
စံပြ ဘိုးဘိုးဘွားဘွား ၂ယောက်ပြန်တွေ့ ကြတဲ့ပုံကို စိတ်ကူးထဲမှာ ပုံဖေါ်ကြည့်မိလိုက်တယ် မချော ရေ...
မချော ရော... ပိုက်ဆံအိတ် ကျပျောက်ဖူးသေးလား .. .း))

ခင်မင်စွာဖြင့်
မကိ ။

SHWE ZIN U said...

ချောရေ

ပိတိ ဖြစ်ရပါတယ်.. အပေါ်က မကိ လည်း ပိုက်ဆံအိပ်ပျောက် လို့တဲ့.... ဒါပေမဲ့ ငယ်တုံး အလုပ်ဖြစ်အောင် လုပ်ကြ ဘိုးဘွားရိပ်သာ က မင်္ဂလာ ဆောင်တော့ လာနိုင်တော့ မှာ မဟုတ်ဘူး

ပျော်ရွှင်ဖွယ်တွေ့ဆုံမှုလေးပါပဲ။
ဒါပေမယ့်..
နည်းနည်းများနောက်ကျနေသလားလို့းP
ညီမလည်းအဲသလိုဖြစ်မှာ
အရမ်းကြောက်တယ်ရှင့် :D
ချစ်ခင်စွာဖြင့်...

ဖတ်ရတာ ကြက်သီးထသွားတယ်..... ဟိုတစ်ယောက် အတော်လေး ကူညီတတ်တာပဲ... ကျနော်ဆိုလည်း အဲ့လို လုပ်မိမှာ အသေအချာပါပဲ။ စတော်ဘယ်ရီပင်အောက်က မချောတို့  စုံတွဲ အကြောင်းလည်း (ဟီးဟီး) ဖတ်သွားပါတယ် ဗျား... :))))))

ahphyulay said...

အင်း...
ခံစားမှုတွေအများကြီးထဲက
ထူးခြားတဲ့  ခံစားမှုလေးတစ်ခုပဲဗျ ။
အဲ..ပြောရရင်၊ကျန်ခဲ့ သလိုပဲပေါ့ နော်။

ကြည်နူးစရာဇာတ်လမ်းလေးတစ်ပုဒ်ပဲဗျာ...သိပ်လှတယ်
နော်....၊အဆုံးသတ်မှာ သူတို့နှစ်ဦးတွေ့မှတွေ့ပါ့မလား
လို့စိတ်ပူနေတာ...ပြန်တွေ့ကြရမှပဲ သက်ပြင်းချနိုင်တော့
တယ်....:)

sosegado said...

သြော် အချစ်ဆိုတာ……………

Evy said...

ဇတ်လမ်းလေးက လွမ်းစရာလေး နဲ့ အရမ်းလှတယ်

PhyoPhyo said...

ရှစ်ထပ်ရောက်ချိန်မှာတော့ ...
read more ကို နှိပ်တာပေါ့ မချောရာ
ထပ်ပြီး သိချင်သေးတာကိုး - စာရေးသိပ်ကောင်း
ဖတ်လို့မပြီးခင် comment ရေးလိုက်တာ။

PhyoPhyo said...

စာအရေးအသားကောင်းလွန်းလို့ ကျွန်တော့်နောက်ကိုလိုက်တာ နောက်တော့ အဖိုးဂိုင်းစတိုင်းနဲ့ အဖွားဟန်နာနဲ့ပါတွေ့လိုက်ပါရောလား။
Bravo မချောရေးတဲ့ဟန်လေးလည်းကြိုက်တယ်။

blackroze said...

မကြီးချောရေ..
ညီမကအခုအလွမ်းတွေကြားထဲပိတ်မိနေလို့လား
မသိပါဘူးအမရယ်..
အခုလိုမေတ္တာဘွဲ့ဇာတ်လမ်းလေးဖတ်လိုက်ရတာ
ရင်ထဲအရမ်းခံစားရတာဘဲ..

Yan said...

ကောင်းလိုက်တဲ့ ၀တ္ထုလေးဗျာ.
ဘာသာပြန်တဲ့သူကလည်း တော်လွန်းလို့ ဘာသာပြန်ထားမှန်းတောင် မေ့မေ့သွားတယ်.း)

Y.

WWKM said...

ဇာတ်လမ်းလေးဆုံးတဲ့အထိ ဖတ်ချင်အောင် ဆွဲခေါ်သွားတယ်...စာအရေးအသား အရမ်းကောင်းတာပဲ ချောရေ... facebook မှာတွေ့လို့ ၀င်ဖတ်ဖြစ်သွားတာလေ...ဖတ်လို့အရမ်းကောင်းလို့ ဆက်တောင်ဖတ်ချင်မိနေသေးတယ်.. :)

ဝါ

လွမ်းမောဖို့ကောင်းတယ်။
ဒီစာပြီးချိန်မှာ စိတ်ထဲဖြစ်တဲ့ အရသာက နှမျော မှုပဲ။
ချစ်လျက်နဲ့ မဆုံနိင်တဲ့ သူတို့ရဲ့ ကုန်လွန်သွားတဲ့ နှစ်တွေအတွက် နှမျောနေမိတယ်။

meemee said...

မလာဖြစ်တာ ကြာတဲ့ အတွက် ဆောရီး မချောရေ...အလုပ်တွေနဲ့ နပန်းလုံးနေရလို့....အရမ်းကိုကောင်းတဲ့ စာတစ်ပုဒ် ဖတ်ရတဲ့ အတွက် ကျေးဇူးပါ...မချော ဒီထက် အောင်မြင်ပါစေ....