မြေပေါ်မြေအောက် ရတနာများ


“အောင်မော်.. မင်း အောင်မော်မဟုတ်လား”

သူ့နာမည်ကို ခေါ်သံကြားသဖြင့် ပန်းဆိုးတန်းလမ်းပေါ်ရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် စာအုပ်များ မွှေနှောက်နေသော ကိုအောင်မော် ခေါ်သံထွက်လာရာသို့လှည့်ကြည့်လိုက်သည်။

“ဟာ ကျော်စွာ.. မင်း.. ကျော်စွာမဟုတ်လား။ တွေ့ရတာ ဝမ်းသာလိုက်တာကွာ.. ရန်ကုန်လာသာလာပေမဲ့ မင်းနဲ့ တွေ့မယ်တောင် မထင်ဘူး။   မင်းကို စင်္ကာပူမှာဘဲလို့ ထင်နေတာ။ ပြန်ရောက်နေတာကိုး။ မင်း ဝလာလိုက်တာကွာ… မှတ်တောင် မမှတ်မိတော့ဘူး”
“အောင်မာ ဟေ့ကောင် မင်းကရော ဘယ်လောက်များ ပိန်နေလို့တုန်း။ မတွေ့တဲ့ နှစ်၂၀အတွင်းမှာ မင်းလဲ ပြောင်းလဲတာပါဘဲ။ ”

သူ့ဗိုက်ကို လက်သီးဖွဖွထိုးပြီး ကျော်စွာက ပြောလိုက်တော့ နှစ်ယောက်သား ရယ်မောကြရင်း တစ်ယောက်ပုခုံး တစ်ယောက် ဖက်လိုက်ကြသည်။ “အောင်မော် မင်းအခု ဖားကန့်မှာဘဲလား ၊ ဒါမှမဟုတ် ရန်ကုန်ပြောင်းလာတာလား”

“ငါလား ဖားကန့်မှာဘဲပေါ့။ ခုချိန်ထိ ကျောင်းဆရာဘဲ လုပ်နေတယ်လေ။ ရန်ကုန်ကို ကိစ္စနဲ့ ခဏလာတာပါကွာ။ အမြဲတမ်း နေပါဆိုရင်တောင် မင်းတို့ရန်ကုန်မှာ မနေနိုင်ပါဘူး။ ပြီးတော့ ငါ့အဖေနဲ့ အမေအကြောင်းလဲ မင်းအသိဘဲ သူတို့က ကိုယ့်ဇာတိက လွဲလို့ တစ်ခြားမှာ နေဖို့ဆိုတာ ဘယ်လိုမှ လက်မခံတဲ့သူတွေလေ၊ ငါလည်း အဖေနဲ့အမေတို့နဲ့အတူတူ ဟိုမှာပဲ ကလေးတွေကို စာသင်ရင်း နေနေတာပါဘဲ။ မင်းကရော စင်္ကာပူမှာ အလုပ်လုပ်နေတယ်ဆို။ အခု ရန်ကုန်ပြန်ရောက်နေတာလား ။ အိမ်ထောင်ရော ကျပြီးပြီ လား၊ ”

“ငါစင်္ကာပူက ပြန်ရောက်တာ သိပ်တော့မကြာသေးဘူးကွ။ မိတ်ဆွေတွေနဲ့ စီးပွားရေးစပ်တူလုပ်ဖို့ဆိုပြီး ပြန်လာတာ။ ဟိုမှာနေတုန်းက အလုပ်ကိုဘဲ ဦးစားပေးပြီးလုပ်နေတာနဲ့ အိမ်ထောင်ပြုဖို့ကို မစဉ်းစားဖြစ်ဘူးကွာ။ ခုတော့လည်း   လွတ်လွတ်လပ်လပ်ဘဲ နေလာတာကြာတော့ ဒီလိုဘဲ နေချင်တော့တယ် ။ ငါအခု နိုင်ငံခြားကို ပဲတွေပို့နေတယ်လေ။ အလုပ်က စတာတော့ သိပ်မကြာသေးပါဘူး။ အခုကတော့ ပဲပေါ်ချိန်မဟုတ်တော့ နည်းနည်းတော့ အလုပ်ပါးတယ်ကွ။ ဒါပေမဲ့ ရာသီချိန်ဆိုရင်တော့ အတော်အလုပ်ဖြစ်သားကွ။  ”


“မင်းကလည်းကွာ ရွာကထွက်သွားကတည်းက တစ်ခါမှကို ပြန်မလာတော့ဘူးနော်။ ဒီလောက်တောင် စီးပွားရေးနောက်ပဲ လိုက်နေသလားကွာ။ ပြောင်းလဲနေတဲ့ ငါတို့ ဖားကန့်ရဲ့ အခြေအနေတွေ လာကြည့်ပါဦးလားကွ”

“အင်း အနှစ်၂၀တောင်ကြာပြီဆိုတော့ အစစအရာရာ ပြောင်းလဲကုန်ပြီထင်တယ်။ ဘယ်လိုတုန်းကွ ငါတို့ဖားကန့်က အရင် အနှစ်၂၀ထက် အများကြီး တိုးတက်ကုန်ပြီလား”

ကိုကျော်စွာအမေးကို ကိုအောင်မော် ပြန်မဖြေဘဲ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ကာ “မင်းသိချင်တာတွေ ငါပြောပြမယ်လေ.. အေးဆေး စကားပြောရအောင်” ဟူ၍သာ ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက စာအုပ်ဆိုင်မှ ထွက်လာကြပြီး  ပန်းဆိုးတန်းလမ်းပေါ်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် ဝင်ကာ လ္ဘက်ရည်သောက်ရင်း စကားပြောကြတော့သည်။


သူတို့နှစ်ဦးသည် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့နယ်က ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ကြကာ တက္ကသိုလ်အတူတူ တက်ခဲ့ကြသူသော တစ်ရွာတည်းသားများ ဖြစ်သည်။ ငယ်စဉ်ကတည်းက ကျောင်းအတူတက်ခဲ့ကြပြီး ထိုစဉ်တုန်းကတော့ စိတ်တူသဘောတူ ချစ်ခင်ရင်းနှီးခဲ့ကြသည်။ ကျောင်းပြီးသွားချိန်တွင် ကိုအောင်မော်က သူ၏ဇာတိ ဖားကန့်တွင် ကျောင်းဆရာ ပြန်လုပ်နေခဲ့သော်လည်း  ကျော်စွာတို့တစ်မိသားစုလုံးကတော့ ရန်ကုန်သို့ ပြောင်းရွေ့သွားခဲ့ပြီး ကိုကျော်စွာမှာ စင်္ကာပူတွင် အလုပ်လုပ်ဖို့ ထွက်သွားသည်ဟု ကြားလိုက်ရသည်က နောက်ဆုံးဖြစ်သည်။ ထိုစဉ်ကတည်းက ပြန်လည် မဆုံဖြစ်ကြတော့သည်မှာ အနှစ်၂၀မျှ ရှိခဲ့လေပြီ။ အခုတော့ ကိစ္စတစ်ခုနှင့် ကိုအောင်မော် ရန်ကုန်အလာ မမျှော်လင့်ဘဲ ပန်းဆိုးတန်းလမ်းပေါ်တွင် ဆုံမိကြလေသည်။ အနှစ် ၂၀အတွင်း အနည်းငယ် ဝဖြိုးလာသည်မှ အပ သူတို့ရုပ်များမှာ သိပ်ပြောင်းလဲခြင်း မရှိပေ။ ပြီးတော့လည်း ငယ်စဉ် တောက်လျှောက် အတူတူ နေခဲ့၍လည်း မတွေ့သည့်အနှစ် ၂၀ကျော်ကြာသည့်တိုင် မှတ်မိနေကြခြင်း ဖြစ်လေသည်။
နှစ်ယောက်သား လက်ရှိအခြေအနေအကြောင်း၊ ရှေးဟောင်းနှောင်းဖြစ် အကြောင်းများပြောရင်း စကားကောင်းနေကြသည်။ ထိုစဉ် လ္ဘက်ရည်ဆိုင်ထဲသို့ ဂျာနယ်ရောင်းသော ကောင်ကလေးတစ်ယောက် ဝင်လာရာ  ဂျာနယ်ဖတ်ချင်သဖြင့် သူက လှမ်းခေါ်လိုက်သည်။ ကောင်လေးလက်တွင် ပွေ့လာသော ဂျာနယ်များမှ သူစိတ်ဝင်စားမည့် သတင်းများ အကြောင်းအရာများ ပါသည့် စာစောင်ကို ရွေးချယ်နေရာ Eleven ဂျာနယ်တွင်ပါသည့် သတင်းတစ်ပုဒ်ကို တွေ့လိုက်ပြီး ထိုစာစောင်ကို ဝယ်ယူလိုက်လေသည်။

“အင်း ငါတို့ဖားကန့်မှာ လက်ရှိလုပ်နေတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ လျှော့တော့မယ်ဆိုပါလား ဒီသတင်းမှန်လို့ကတော့ ဝမ်းသာစရာသတင်းဘဲ” ဟု ပြောလိုက်လေသည်။

“ဘယ်လို… လုပ်ကွက်တွေ လျှော့တာဝမ်းသာတယ် ဟုတ်လား… မင်း ရူးများနေလားကွာ၊ လုပ်ကွက်တွေ များရင် ကျောက်စိမ်းများများ ထုတ်နိုင်မယ်။  တိုင်းပြည်ရဲ့ နိုင်ငံခြားငွေလည်း အများကြီးရမယ်. ပြီးတော့ အဲဒီ ကျောက်စိမ်းတွင်းတွေမှာ မှီပြီး အလုပ်လုပ်တဲ့သူတွေလည်း ဝင်ငွေကောင်းမယ်၊ ပြီးတော့ ဒေသခံတွေလည်း စီးပွားရှာလို့ ပိုကောင်းတယ် ၊ မြို့ရွာလည်း ပိုပြီး တိုးတက်လာမယ် မဟုတ်လား၊ ဟိုတလောက ငါဖတ်လိုက်ရတဲ့ သတင်းတစ်ခုမှာ ကျောက်စိမ်းရောင်းချရငွေဟာ သဘာဝဓာတ်ငွေ့ကို ရောင်းချရငွေနဲ့ တန်းတူလောက်ကို ရှိလာပြီလို့ ဖတ်လိုက်ရတယ်။ ကျေက်စိမ်းထုတ်လုပ်မှုတွေ အဆမတန် တိုးတက်လာတယ်တဲ့။ ကျောက်စိမ်းရောင်းချရငွေကလည်း လွန်ခဲ့တဲ့ ၅နှစ်ကထက် ၆ဆလောက် ခုန်တက်သွားတယ် ဆိုတာလည်းပါတယ်။  ဒီလောက် ဝင်ငွေကောင်းတဲ့လုပ်ငန်းကို အခုလို လုပ်ကွက်တွေ လျှော့တယ်ဆိုတာ  မင်းက စိတ်မကောင်း ဖြစ်ရမဲ့အစား ဝမ်းသာတယ် ဆိုတော့ ငါတောင် နားမလည်နိုင်တော့ဘူးကွာ။ ” ဟု ကိုကျော်စွာ က အံ့သြစွာဖြင့် သူ့ကို ပြန်ပြောတော့သည်။

ကိုအောင်မော်က ကျော်စွာစကားကို ဆုံးအောင်နားထောင်ရင်း လ္ဘက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး “ အင်း...  မင်းကလည်း စီးပွားရေးသမားပီပီ ငွေရတာကိုဘဲ မြင်တာကိုးကွ။ ငွေရတာတစ်ခုတည်းကြည့်ပြီး ပြောမယ်ဆိုရင်တော့ ဟုတ်တာပေါ့ကွာ။ မင်းကို ငါ ဥပမာတစ်ခုပြောပြမယ်.. မင်းမိဘတွေဆီက ရွှေပိဿာချိန် ၁၀၀ အမွေရတယ် ဆိုပါတော့.”

သူစကား မဆုံးသေးခင်ပင် ကိုကျော်စွာက ဖြတ်ပြီးပြောလိုက်သည်။

“အလဲ့ တယ်မိုက်တဲ့ ဥပမာပါလား။ မင်းပြောတဲ့အတိုင်း ရွှေပိဿာချိန် ၁၀၀ အမွေရရင် ဘယ်လောက်ကောင်းမလဲ ဟဲဟဲဟဲ”
“စကားဖြတ်မပြောနဲ့ကွာ. ငါပြောတာ အရင်နားထောင်ဦး” ကိုအောင်မော် ပြောလိုက်သဖြင့် ကိုကျော်စွာက မျက်နှာပိုးသတ်လိုက်ပြီး သူပြောတာကို ဆက်နားထောင်သည်။

“အဲဒီလို ရွှေပိဿာ ၁၀၀ အမွေရတဲ့အခါမှာ အိုးတစ်လုံးထဲထည့်ထားပြီး မင်း ဘာအလုပ်မှမလုပ်ဘဲ ဒီရွှေတွေကိုဘဲ အိုးထဲကနေ နှိုက်သုံးနေမယ်ဆိုရင်  မင်းရဲ့ ရွှေပိဿာ၁၀၀ဟာ တစ်ချိန်ချိန်မှာ ကုန်မသွားနိုင်ဘူးလား၊ ဒီရွှေပိဿာ၁၀၀ ဆိုတာ သုံးမကုန်နိုင်တဲ့ ပမာဏမဟုတ်ဘူးလေကွာ အကန့်အသတ်ရှိတဲ့ ပမာဏတွေဘဲ၊ အိုးထဲမှာရှိနေပေမဲ့ တိုးပွားလာတဲ့ အမျိုးလည်း မဟုတ်ဘူးလေကွာ၊ မင်းများများ သုံးပစ်ရင် မြန်မြန်ကုန်မယ်။ နည်းနည်းချင်းသုံးရင် နည်းနည်းစီ ဖြေးဖြေးချင်းကုန်မယ်။ သေချာတာ တစ်ခုခုကတော့ ဒီအတိုင်းသာဆို တစ်နေ့နေ့မှာ သေချာပေါက် ဒီရွှေတွေ ကုန်သွားမယ် ငါပြောတာ ဟုတ်တယ် မဟုတ်လား၊ မင်း ဒါကို လက်ခံရဲ့လား ”

သူပြောတာကို ကိုကျော်စွာက တစ်ချက် စဉ်းစားဟန်နှင့် တိတ်ဆိတ်သွားပြီးနောက် “အင်း.. ဟုတ်ပြီ မင်းပြောတာ ငါလက်ခံတယ်။ ဒီတိုင်းသာဆက်သုံးနေရင် ကုန်သွားမှာ သေချာတယ် မင်းက ကျောင်းဆရာလို့ မပြောရဘူး စကားပြောတာ ဥပမာတွေ ဘာတွေနဲ့ အတော်ကွန့်တဲ့ကောင်၊ ကဲ ဒီဥပမာက မင်း ဘာကိုဆိုလိုချင်တာလဲ ဆက်ပြော”

“ဟကောင်ရ.. အဲဒီဥပမာက ငါတို့တိုင်းပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေတွေ၊ ငါတို့ဖားကန့်ဒေသက ကျောက်စိမ်းတွေနဲ့ အတူတူဘဲလေ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာကတည်းက ကမ္ဘာမြေကြီးရဲ့အောက်မှာ မြေကြီးရဲ့ အပူချိန်တွေ၊ ဖိနှိပ်အားတွေ၊ သဘာဝတရားရဲ့ ဆန်းကျယ်မှုနဲ့ ဖြစ်တည်လာတဲ့ ရတနာတွေ လေကွာ၊ အခုချက်ခြင်း ဖြစ်လာတဲ့ အရာတွေ မဟုတ်ဘူး။ တစ်နှစ် နှစ်နှစ်နဲ့လည်း မဖြစ်ဘူး၊ နှစ်ပေါင်း ရာနဲ့ချီပြီးကြာရင်လည်း ဖြစ်လာနိုင်တာမျိုးမဟုတ်ဘူး ။ အဲဒီ ရတနာတွေကို အတားအဆီးမရှိ ထုတ်လုပ်နေရင် အချိန်ခဏတာအတွင်းမှာ ကုန်သွားမယ်။ အဲဒီရတနာတွေက မင်းရွှေအိုးထဲက ရွှေတွေ ကုန်သလိုဘဲ ကုန်သွားမယ်။ အဲလို ကုန်သွားရင် မင်းဘာဆက်လုပ်မလဲ ပြော”


ကိုအောင်မော်က စကာကို ခဏရပ်လိုက်ကာ ရေနွေးတစ်ငုံကို သောက်လိုက်ပြီးမှ ဆက်ပြောသည်။ “ ပြီးတော့ မင်းဖားကန့်ကနေ ထွက်သွားပြီး အနှစ် ၂၀အတွင်းမှာ ဟိုမှာ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ မင်းမသိသေးဘူး၊ ကျောက်စိမ်းလုပ်ကွက်တွေ များလွန်းလို့ ဖားကန့်က တောင်တွေ၊ တောတွေ ကုန်သလောက် ရှိနေပြီ။ ငွေတစ်ခုတည်းကြည့်ပြီး တောတောင်အနှံ့တူးပစ်လိုက်ကြတာ ဖားကန့်နယ်မြေကြီး ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မင်းမသိသေးဘူးနဲ့တူတယ်။ မင်းနဲ့ငါ ငယ်ငယ်က အမြဲတမ်းရေချိုးနေတဲ့ ဥရုချောင်းလဲ ဒူးခေါင်းလောက်သာ ရှိတော့တယ် ပြီးတော့ အရင်ကလို ကြည်လင်နေတယ်များ မထင်နဲ့။ ရွံ့နှစ်ရေတွေနဲ့ နောက်ကျိနေတာ။ ချောင်းထဲမှာ ကျောက်စိမ်းတွေ၊ ရွှေတွေရှာကြပြီး ချောင်းကို မြေလှန်ပစ်ကြတယ်ကွာ၊ ချောင်းထဲမှာ မြေစာတွေ ပုံနေတာ မင်းမှမမြင်ဘဲ။ ပြီးတာ့ ငါ့တစ်သက် မိုးဘယ်လောက်ရွာရွာ ရေနှစ်တယ်ဆိုတာ မရှိခဲ့တဲ့ ငါတို့ တစ်မြို့လုံးလည်း မိုးတွင်းရောက်တိုင်း ရေနစ်နေတာတွေ မင်းမကြားမိဘူးလား”

“အဲဗျ.. မင်းပြောတာလည်း ဟုတ်တာဘဲ၊ ငါက ကျောက်စိမ်းတွေ များများရှာဖွေနိုင်လို့ နိုင်ငံခြားဝင်ငွေ များများ ရတယ်ဆိုတာတွေ ကြားလို့ဝမ်းသာနေတာ။ ငါ ဖားကန့်ကို မရောက်ဖြစ်ပေမဲ့ ဟိုကနေ ပြန်လာပြီးကတည်းက ဖားကန့်သတင်းတွေကိုတော့ အမြဲတမ်း နားစွင့်နေပါတယ်ကွာ၊ ရေကြီးပြီး ရွာတွေရေနစ်တယ်ဆိုတာ သတင်းမှာ ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့ ရိုးရိုး ချောင်းရေကြီးလို့ နစ်တယ်ဘဲ ထင်တာလေ။ ဒီလိုကြောင့်ဆိုတာ ငါဘယ်သိပါ့မလဲ။ အေး ဟုတ်တယ် မင်းပြောတာ ဒီကျောက်စိမ်းတွေ ကုန်သွားရင် ဘယ်လိုများ လုပ်ကြမှာပါလိမ့်၊ ပြီးတော့ မြစ်ချောင်း ရှင်းလင်းရေးတွေ ဘာတွေရော မလုပ်ကြဘူးလားကွာ”

“အင်း မလုပ်ဘူးတော့ မဟုတ်ပါဘူး လုပ်ပါတယ်။ ဒါပေမဲ့ မထိရောက်ဘူးကွ. ဒီလောက်များတဲ့ ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက ပစ်တဲ့ မြေစာတွေကြောင့် ချောင်းတွေကို တိမ်ကောပြီး ချောင်းရဲ့ အကျယ်ကလည်း ဘယ်လောက်မှ မရှိတော့ဘူး။ ဒီမိုးဦးတုန်းက  ငါတို့ဖားကန့်မှာ စံချိန်တင် ရေကြီးသွားတာ မင်းကြားလိုက်တယ် မဟုတ်လား၊ မင်းဖားကန့်မှာ နေခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘယ်တုန်းက မြို့ထဲရေလျှံတာ ကြားဖူးလို့လဲ။ အေး အခုတော့  ငါတို့ ဖားကန့်ဒေသက မြို့တွေ ရွာတွေ အားလုံးကို ရေနှစ်တာ ခုနောက်ပိုင်း နှစ်တိုင်းလို ဖြစ်နေပြီကွ။ တကယ်လို့ မြစ်ချောင်းကို စံနစ်တကျ ရှင်းလင်းရင် ဘယ်ဒီလိုဖြစ်စရာ မရှိဘူးလေကွာ.. ကျောက်စိမ်းရတော့ ကုမ္မဏီတွေက ရကြတယ်၊ ဒုက္ခရောက်ကြတော့ ငါတို့ဒေသခံတွေလေ။”

“အေးကွာ အောင်မော်ရာ၊ ငါလဲ ဖားကန့်ကနေ ထွက်လာကတည်းက ပြန်မရောက်ဖြစ်တော့ဘူးဆိုတော့ ငါနေခဲ့တဲ့ ငါ့မွေးရပ်မြေဖားကန့်က ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ ငါလဲ သေချာ မသိဘူးပေါ့ကွာ။ အရင်လို တောတွေ တောင်တွေ စိမ်းစိမ်းစိုစို သာသာယာယာဘဲ မှတ်တာပေါ့ကွာ”

“မင်း ဒီသတင်းကို သေချာဖတ်ကြည့်”  သူက အစောတုန်းက သူဖတ်နေသော Eleven စာစောင်ထဲမှ ဖားကန့်အကြောင်းပါသည့် သတင်းကို လက်ညိုးထိုးပြကာ ကိုကျော်စွာကို ပြောလိုက်သည်။

“ဒီသတင်းမှာပါတဲ့ အတိုင်းဘဲလေ ငါတို့ဖားကန့်မှာ ကျောက်စိမ်းနဲ့ ရွှေ လာရှာတဲ့ ကုမ္ပဏီပေါင်း  ၄၁၅ ခုရှိတယ်လို့ ဖော်ပြထားတယ်။  လုပ်ကွက်ပေါင်းက ၇၅၃၅ ခုရှိတယ်တဲ့။ ပြီးတော့ မြေတူးစက်က ၂၄၇၄ စီး၊ မြေထိုးစက် ၃၇ စီး၊ မြေသယ်တဲ့ကား ၅၃၄၇ စီးတွေနဲ့ ငါတို့ဖားကန့်ကို မြေလှန်ရှာနေကြတယ်လေ။ ဒီလောက်များတဲ့ မြေထိုးစက်တွေ မြေသယ်စက်တွေနဲ့ တူးနေကြရင် ဘယ်လောက်ကြီးတဲ့ တောင်တွေဖြစ်ဖြစ် တောတွေဖြစ်ဖြစ် ဘယ်လိုလုပ် ကြာကြာခံနိုင်မလဲ၊ ပြောင်တော့တာပေါ့။ ဥရုချောင်းဆိုတာများ ဒီမြေတူးစက်တွေနဲ့ ဟိုဘက်ရွှေ့လိုက်၊ ဒီဘက်ရွှေ့လိုက် လုပ်နေတာ သိပ်ကြီးကျယ်တဲ့ ချောင်းလို့တောင် မထင်ရတော့ဘဲ ခပ်သေးသေး မြောင်းကလေးလား မှတ်ရတယ်။”

ကိုကျော်စွာက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ရင်း ပြောလိုက်သည်။ “အင်း ဥရုချောင်းရေတွေ နောက်ကျိနေပြီ ဆိုတာတော့ ငါလဲ သိပါတယ်ကွာ၊ ဒါပေမဲ့ ဒီလောက်ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူးလေ”

“ကျောက်စိမ်းများများတူးတော့ ပိုက်ဆံတွေများများ ရတယ်ဆိုတာတော့ ဟုတ်ပါရဲ့ ဒါပေမဲ့ မင်းတစ်ခု စဉ်းစားကြည့်၊ ဈေးကွက်မှာ ပစ္စည်းတွေ သိပ်ပေါပြီး ဝယ်နိုင်အားနဲ့ ရောင်းလိုအား မမျှတော့တဲ့အခါ ဘာတွေဖြစ်လာမလဲ။ မင်းရောင်းချင်တဲ့ ပစ္စည်းက ဈေးကောင်းရနိုင်ပါဦးမလား၊ ပစ္စည်းတွေ ပေါနေတော့ ဝယ်တဲ့သူကလည်း ဈေးကိုင်တယ်၊ ဝယ်ပြန်တော့လဲ ဈေးနှိမ်ပြီးမှ ဝယ်တယ်။ အဲ ပစ္စည်းရှားနေပြီဆိုရင်တော့ မင်းကြိုက်ဈေးနဲ့ စိတ်ကြိုက်သာ ရောင်းပေတော့ ၊ ဝယ်သူတွေ အလုအယက် ဝယ်ကြလိမ့်မယ် ။ ဟုတ်တယ် မဟုတ်လား ငါပြောတာ။ ငါတို့ကျောက်စိမ်းလဲ ဒီလိုပါဘဲကွာ၊ အခုအချိန်မှာ ဖားကန့်မှာရှိသမျှ ကျောက်စိမ်းတွေကို အလုအယက် ထုတ်နေလိုက်ကြတာ မင်းမြင်စေ့ချင်တယ်။  တကယ်လို့ ဒီကျောက်စိမ်းတွေ ကုန်သွားတဲ့အခါ နောက်လူတွေ ဘယ်လိုများ...”

ကိုအောင်မော်က ဆက်မပြောတော့ဘဲ သက်ပြင်းတစ်ချက်ချကာ စကားကို ရပ်ထားလိုက်တော့သည်။ နှစ်ယောက်သား စကားမပြောဖြစ်ဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားတော့သည်။ ခဏကြာမှ

“ဒါနဲ့ ကျော်စွာ ငါပြန်ရင် ဖားကန့်ကိုလိုက်ခဲ့ပါလား ။ မင်းကို ငါတို့ငယ်ငယ်တုန်းကနဲ့ ဘယ်လိုမှ မတူတော့တဲ့ ဖားကန့်ကို ပြချင်တယ်၊ မင်းလဲ တစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့တာနဲ့ အတော်ဘဲလေ၊ ငါ သန်ဘက်ခါ ပြန်မယ်။ ဘယ်လိုလဲ လိုက်ခဲ့မလား?”

ကိုအောင်မော်စကားက ကိုကျော်စွာကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ မရောက်တာကြသည့် သူ့မွေးရပ်မြေကို တစ်ခေါက်လောက်တော့ ပြန်ကြည့်ချင်စိတ်တွေ ဖြစ်လာမိသည်။

“ဟေ့ကောင်.. မင်းတကယ်ပြောတာလား၊ ငါလဲ မရောက်တာကြာပြီဆိုတော့ လိုက်ကြည့်ချင်တယ်ကွာ၊ အင်း ရက်သိပ်မကြာရင်တော့ ငါ့အလုပ်တွေက သူငယ်ချင်းတွေနဲ့ လွဲထားခဲ့လို့ရပါတယ်။ မရောက်တာကြာတဲ့ ကိုယ့်မွေးရပ်မြေကို သွားဖို့ဆိုတာ တကယ်တော့ ရင်ခုန်စရာဘဲကွနော်။ အိုကေ ငါလိုက်မယ်”
သူတို့နှစ်ယောက် သဘောတူညီမှု ရကြပြီး ကိုအောင်မော်ပြန်မည့်နေ့တွင် သူပါ လိုက်ပါဖို့ Air Bagan တွင် ရန်ကုန် မြစ်ကြီးနား လေယာဉ်လက်မှတ် ၂စောင် ဝယ်ယူထားလိုက်တော့သည်။


**********@@@***********

ရန်ကုန်မှ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် ထွက်လာကြရာ လေယာဉ်ပေါ်မှ မြေပြင်သို့ မြင်ရသည့် ရှုခင်းများကို  ငုံ့ကြည့်နေမိကြသည်။  ကောင်းကင်ပေါ်မှ မြင်ရသည့်ရှုခင်းများသည် မြေပြင်တွင် မြင်ရသည့် အနေအထားနှင့် လုံးလုံးမှ မတူညီပါ။ လေယာဉ်က တိမ်တွေ၏ အထက်တွင် ရောက်နေသဖြင့် ဟိုတစ်ကွက် ဒီတစ်ကွက် တိမ်မျှင်ဖြူများကြားမှ မြေပြင်ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖို့ ကောင်းနေသည်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြေပြင်ပေါ်မှ စိုက်ပျိုးမြေများ၊ လယ်ကွက်များသည် သင်ဖြူးဖျာချပ်ကလေးများ ခင်းထားသည့်နှယ် အကွက်လိုက် အချပ်လိုက် လှပနေကြသည်။
Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မြောက်မှ တောင်သို့ မြန်မာပြည်တစ်နံတလျား  စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးကတော့ မြေပြင်ပေါ်တွင် မြွှေကြီးတစ်ကောင်နှယ်   ကွေ့ကွေ့ကောက်ကောက် တွန့်လိမ်ရစ်ခွေ စီးဆင်းနေသည်မှာ ကြည့်၍ မဝနိုင်အောင် လှပလွန်းနေသည်။ မြစ်ကြီးဧရာဝတီကို အပေါ်စီးမှ မြင်ရသည့်မြင်ကွင်းက သူတို့နှစ်ယောက်အတွက် တသိမ့်သိမ့်ဖြင့် ငြိမ့်ငြိမ့်လေး ခံစားမှုမျိုးကို ပေးနိုင်စွမ်းလေသည်။ ကိုယ့်တိုင်းပြည်ရေမြေကို အပေါ်စီးက မြင်တွေ့ရခြင်းသည် ကြည်နူးမှုလား၊ အံ့သြမှုလား ဘယ်လိုခံစားချက်မှန်း မသိနိုင်သည့် ထူးဆန်းသော ခံစားချက် ဖြစ်လေသည်။ ဧရာဝတီမြစ်ကြီးထဲတွင် သွားလာနေသော သင်္ဘောလေးများကို ပုရွက်ဆိတ် ကလေးများ သွားလာနေသည့်သဖွယ် မြင်တွေ့ရပြီး မြစ်ကမ်းဘေးရှိ မြို့ပြအိမ်ယာများကိုလည်း သာယာလှပစွာ တွေ့မြင်ရလေသည်။ ထိုမြစ်ကြီးကို အမှီပြုပြီး မြို့ပြနိုင်ငံထူထောင်ခဲ့သော သူတို့၏ မြန်မာပြည်ကြီးသည် နှစ်ပေါင်းများစွာ ရှည်ကြာခဲ့လေပြီ။ 
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing



လေယာဉ်ပေါ်မှ ကြည့်မှပင် မြစ်ကမ်းဘေးမှာတစ်လျှောက် မြို့ရွာများစွာ၊ စိုက်ပျိုးမြေယာ များစွာ ရှိနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့သည်။ ထိုမြင်ကွင်းများကို ကိုအောင်မော်ရော၊ ကိုကျော်စွာပါ စကားပင် မပြောမိဘဲ ကြည့်နေမိကြသည်။ အကယ်၍များ ဧရာဝတီမြစ်ကြီး ခမ်းခြောက်သွားခဲ့လျှင်၊ တိမ်ကောသွားခဲ့လျှင် မြစ်ကြီးကို အမှီပြုကာ နေထိုင်ရသော လူသားများ၊ ဝမ်းစာ ရှာဖွေရသော သူများ၊ ကူးသန်း သွားလာရေးအတွက် မြစ်ကြောင်းကိုသာ အားကိုးရသူများမှာ ဘယ်ကဲ့သို့ ရှေ့ဆက်သွားမည်ကို တွေးမိတော့ ရင်ထဲ မွန်းကြပ်လာသလို ခံစားမိတော့သည်။ သူနှင့်ကိုကျော်စွာတို့ အတွေးတူညီသည့်အလား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကာ သက်ပြင်းကို ပြိုင်တူ ချမိကြလေသည်။


ဖားကန့်ဒေသမှထွက်သော ကျောက်စိမ်းများသည် မြေအောက် ရတနာများဆိုလျှင်တော့ ညင်သာငြိမ့်ညောင်းစွာ စီးဆင်းနေသော ဧရာဝတီမြစ်ကြီးကတော့ မြေပေါ်မှ ရတနာတစ်ခုသာ ဖြစ်တော့သည်။ ထိုဧရာဝတီမြစ်ကြီးသည် သူတို့အတွက်တော့ သဘာဝတရားက ပေးသည့် တန်ဖိုးဖြတ်မရနိုင်သော လက်ဆောင်ရတနာ တစ်ခုသာ ဖြစ်လေသည်။ ရတနာဟူသည် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရမည့်အရာ ဖြစ်သည်။ မည်မျှပင်အဖိုးတန်သော ရတနာပင်ဖြစ်စေ တန်ဖိုးမထား မထိန်းသိမ်းတတ်သူများ လက်ထဲတွင်တော့ တန်ဖိုးမဲ့ဖြစ်ရတတ်လေသည်။


ကိုကျော်စွာ စိတ်ထဲတွင်လည်း  မရောက်တာကြာသည့် ဖားကန့်ကိုရောက်လျှင် မည်ကဲ့သို့သော မြင်ကွင်းမျိုးတွေက ဆီးကြိုလေမည်လဲဟု တွေးကာ ရောက်ချင်စိတ်က စောနေလေတော့သည်။



**********@@@***********


ကိုကျော်စွာတစ်ယောက် ဖားကန့်ရောက်သွားတဲ့အခါ သူနေခဲ့တဲ့ လွန်ခဲ့သော နှစ်များနဲ့မတူ ပြောင်းလဲနေတဲ့ ဖားကန့်မြင်ကွင်းက ဘယ်လိုများ ဆီးကြိုမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါစို့လားရှင်။


Image Hosted by PicturePush - Photo Sharing




ပိုစ့်အတွင်းပါသတင်းများကို အနီရောင်စာသားများပေါ် ကလစ်နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းများအတွက် Eleven Media အား အထူးကျေးဇူးတင်ရှိပါသည်။

24 Responses to “မြေပေါ်မြေအောက် ရတနာများ”

"မည်မျှပင်အဖိုးတန်သော ရတနာပင်ဖြစ်စေ တန်ဖိုးမထား မထိန်းသိမ်းတတ်သူများ လက်ထဲတွင်တော့ တန်ဖိုးမဲ့ဖြစ်ရတတ်လေသည်။"

အဲဒါ အမှန်ပဲ ချောရေ ... သူခိုး နွားကောင်းမှန်း မသိဘူး ပြောရမလား၊ မျောက်လက်ထဲ ပတ္တမြားရောက်တယ် ဆိုရမလား ... တန်ဖိုးမသိတော့ တန်ဖိုးမထားဘူး၊ တန်ဖိုးမဲ့အောင် လုပ်ရက်ကြတာလေ ... ။
နောက်ဆုံးတော့ ဖွတ်မိကျောင်းဖြစ် မြစ် မချမ်းသာ ဖြစ်ရတာပေါ့ ... ပြောရင်းနဲ့ စကားပုံတွေ ပါကုန်ပြီ။ :)
နောက်ဆက်တွဲ ပို့စ်ကို မျှော်နေပါမယ်။ လေယာဉ်ပေါ်က မြင်ကွင်းဓာတ်ပုံလေးတွေ သဘောကျတယ်။

chaung said...

သတင်းစာဖြစ်ဖြစ်..eleven ဖြစ်ဖြစ်ပို့ကြည့်ပါအမ..အခန်းဆက်ရေးပေါ့..

မချောရေ . . . ဖားကန့် ကုန်နေပီ . . .း( ၀မ်းနည်းသည်

ကိုကိုမောင်(ပန်းရနံ့) said...

လေယာဉ်ပေါ်ကနေ မြစ်ကြီးဧရာကို မြင်ရတဲ့ မြင်ကွင်းပြီးတော့ ဖားကန့်မြင်ကွင်းလေးတွေ စောင့်မျှော်နေမယ် အမချော။

အဆင်ပြေပါစေ။

ခင်မင်လျှက်

sosegado said...

ဧရာဝတီဖြစ်ကြီးကို လေယဉ်ပေါ်က ရိုက်ထားတဲ့ပုံတွေ ကြည့်လိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်၊
မချောရဲ့ တစ်ချို့ပိုစ့်တွေမှာ ပါခဲ့တဲ့ ဖါးကန့်ပုံတွေကို ကြည့်ပြီး စိတ်ဆင်းရဲခဲ့တာ အမှန်ပါပဲ။
ခုလို ဇာတ်လမ်းလေးနဲ့ ရေးတော့ စိတ်ဝင်စားမိပါတယ်၊

အခုလို ဧရာဝတီမြစ်ကြီးကို မြင်လိုက်ရတော့ ၀မ်းသာကြည်နူးမိသလို တစ်ပြိုင်တည်း ၀မ်းနည်းမှုကိုပါ ခံစားလိုက်ရတယ်။

ရွှေတစ်ပိသာ အမွေရတဲ့ ဥပမာပေးပုံကိုတော့ အတော်လေးသဘောကျမိတယ်။ ကွက်၂ကွင်း၂ မြင်သွားစေတယ်။

ဖားကန့်အကြောင်းကိုလည်း သိရတာ တကယ်စိတ်မကောင်းဘူးမမ...:(

ညီမလေး
အင်ကြင်း

SHWE ZIN U said...

ညီမ ချော ရေ

ဖားကန် ကုန်နေပြီ.. ချော တို့ ရွှေစင်ဦး တို့ မေဓါဝီ တို့တော့ ရှိသေးတယ်

ဘာမှတော့ မပြောလိုတော့ပါ... စိတ်တော့ အတော်ကို မကောင်းဘူးဖြစ်နေပါ၏..း((

ခင်မင်လျက်
နေ၀သန်

ချောရေ...
တင်ပြလေး ပြောင်းလိုက်တာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားတယ်။ ဧရာဝတီကို လေယာဉ်ပေါ်ကနေ စီးရိုက်ပြထားတဲ့ စိတ်ကူးလေး သဘောကျတယ်။ ကိုအောင်မော်နဲ့ ကိုကျော်စွာလိုပဲ ရင်ထဲ မွန်းကြပ်လို့နေတယ် ချောရေ..။

ချောရေ...
တင်ပြလေး ပြောင်းလိုက်တာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားတယ်။ ဧရာဝတီကို လေယာဉ်ပေါ်ကနေ စီးရိုက်ပြထားတဲ့ စိတ်ကူးလေး သဘောကျတယ်။ ကိုအောင်မော်နဲ့ ကိုကျော်စွာလိုပဲ ရင်ထဲ မွန်းကြပ်လို့နေတယ် ချောရေ..။

ဧရာဝတီမြစ်ကြီးကို အပေါ်စီးက တွေ့လိုက်ရတာ တမျိုးကြီးခံစားရတယ်။ ခုလိုအများသိအောင် ရေးပေးတဲ့ မချောကို လေးစားပါတယ်။
ချစ်တဲ့
သဒ္ဓါ

Aunty Oo said...

တန်ဘိုးမသိသူတွေလက်ထဲပတ္တမြားတုံးကြီရောက်နေတော့
ဖိုခနောက်လုပ်ဖို.ဘဲစဉ်းစားမိမှာပါ။

PhyoPhyo said...

မချော လေယာဉ်ပေါ်ကမြင်ရတဲ့ပုံလေးတွေ လှလိုက်တာ။
မြစ်ကြီးကွေ့ကွေ့ကောက်ကောက်ာစီးနေတာများ။ သူမို့လို့ကွေ့လည်းကွေ့နိုင်တယ်။ :)
ရေးထားပုံလေး စိတ်ဝင်စားဖို့ကောင်းတယ်။
ဖားကန့်မြင်ကွင်း ကို စောင့်ဖတ်ဦးမယ်။
ချစ်တဲ့
pp

တွေးမိတိုင်း ရင်နာမိတယ် ချောရေ။ တန်ဖိုးထားရကောင်းမှန်းတော့ မသိဘဲ မနေလောက်ဘူး။ သိသိလျက်နဲ့ မိုက်မဲနေတဲ့လူတွေပါလား။ ဒီအကြောင်းကို ဖတ်ပြီးတော့ အောင်မော်တို့လို သက်ပြင်းချမိနေပါသေး၏။ အားလုံးပဲ အဆင်ပြေစေ၊ ချောလည်း ကျန်းမာပျော်ရွှင်ပါစေဗျာ။

လသာည said...

ယောင်းယောင်း..
အခုလို တင်ပြထားတာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်။ အပေါ်က ကွန်မန့်တွေအတိုင်း ဂျာနယ်ထဲကို ပို့ကြည့်ပါလား..။ အခုလို ဓါတ်ပုံလေးတွေနဲ့ ဖြစ်ရပ်မှန်လေးတွေကို ပြည်သူအများ သိရတော့ပေါ့..

လောဘဖျက်လို့ ပြည်ပျက်တယ် ဆိုတာမျိုးပေါ့ အစ်မရယ်...ထိန်သိမ်းမှုကညံ့...တောင်ပြောမြောက်ပြော တွေကများ...အနိုင်ကျင့်ခံရမှုတွေကလည်း အပြည့်...ဒီကြားထဲ အသိကပါနည်းတော့ ပိုဆိုးတယ် :(

ခင်တဲ့ (ဖိုးကြယ်)

seesein said...

ချောာာာာာာာာာာနှမရေ တူလက်တွဲကာ ဧရာဝတီအရေး ဆင်နွဲဖို့။။။။။။။။။။။။ဖားကန့် မိုးကုတ် သပိတ်ကျင်းးးးးးးးးးးမိုင်းးရူးးးးးးးးးးကုန်တာကြာပေါ့။ ဧရာကိုတော့ မကုန်စေချင်ဘူးးးးးးးးးးးးးးမျှော်နေမယ်

ခင်မင်တဲ့
စစ

အမကြီး.....
ဓါတ်ပုံလေးတွေကြောင့် ဧရာဝတီ နှင့်အတူ
မြန်မာပြည်ရဲ့ အလှကိုပါ ထပ်ပြီခံစားလိုက်ရတယ်။

ဧရာဝတီရဲ့ အားအင်မျိုးက ဒီလိုနဲ့ပြီးရိုးထုံးစံ ရှိမယ်မထင်ဘူး။

Anonymous said...

မချော ပြောတဲ့ မြေပေါ်မြေအောက်ရတနာဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီရတနာတွေက ကုန်တော့မယ်။ မြေအောက်က ရတနာကုန်တော့မယ်ဆိုတော့
မြေပေါ်ရတနာကို ရောင်းကြပြန်တော့မယ်။
နိုင်ငံအကြီးအကဲတွေ ဦးနှောက်မှရှိရဲ့လားလို့ မေးကြည့်ချင်တယ်။
ရာသီဥတုဖောက်ပြန်တာတွေ များလာလို့ သူများတိုင်းပြည်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ လုပ်နေကြတယ်။
ကိုယ့်တိုင်းပြည်ကတော့ ဖျက်ဆီးနေတာ အားမရသေးဘူး။ ရောင်းတောင်ရောင်းစားနေတယ်
တိုင်းပြည်ကို ဖျက်နေတဲ့ ပြည်ဖျက်သမားတွေ

blackroze said...

မကြီးချောရေ
မြေပေါ်ရော
မြေအောက်ရော..
ကုန်သလောက်ရှိနေပါပြီ
သူတို့ဘဲအဝိစီ ရောက်ဖို့ကျန်တော့တယ်...

ဧရာဝတီကို အပေါ်စီးကနေမြင်ရတဲ့ရှုခင်းက တကယ့်ကိုရင်သပ်ရှုမောစရာ.. ရင်မောတယ် ရင်နာတယ် နှမြောတယ် စိတ်မကောင်းဘူး ယူကြုံးမရဖြစ်မိတယ်... ခံစားချက်တွေလည်းကုန်သလောက်ဖြစ်နေပြီ။ ရင်ထဲက တကယ့်ခံစားချက်ကို ဖေါ်ပြနိုင်တဲ့စကားတွေလဲ ကုန်နေပြီ။ ဘာပြောရမှန်းကိုမသိတော့လောက်အောင်ပါပဲချောရေ....း((

Anonymous said...

ြPop up Box ပေါ်လာလို့ အခုမှပဲ ကော်မန့် ပေးလို့ ရတော့တယ်
ဖားကန့် အလှတွေပျောက်ပျက်သွားမှာ စိုးရိမ်မိတယ် မရေ

ညီရဲ said...

ကျွန်တော်တို့ မြေပေါ်မှာ သယံဇာတတွေ ကုန်သလောက် ဖြစ်နေပြီဆိုတာ သိရတော့ တကယ် နှမြေမိတယ်...

ခံစားရတယ် .. နှမြောတယ် .. ဒေါသထွက်တယ် ..း((