အန္တရာယ်တောင်ကြားထဲမှာ ၅ရက်ကြာ


၁၉၇၅ခု အောက်တိုဘာ ၂၇ ရက်နေ့မှာ မွေးဖွားတဲ့ အမေရိကန်တောင်တက်သမား Aron Lee Ralston ဟာ မလျှော့တဲ့ ဇွဲလုံ့လတို့ကြောင့် သေကံမရောက်ဘဲ အသက်ဘေးကနေ လွတ်မြောက်လာသူဖြစ်ပါတယ်။ သူဟာ ၂၀၀၃ခုနှစ် ဧပြီလထဲမှာ အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာရှိတဲ့ Blue John ချောက်နက်ကြီးရဲ့ ကျဉ်းမြောင်းတဲ့နံရံကို တက်ရောက်နေခဲ့ပါတယ်။ အဲဒီလို တက်နေတုန်းမှာ မတော်တဆပြုတ်ကျလာတဲ့ ပေါင် ၈၀၀ခန့်အလေးချိန်ရှိ ကျောက်တုံးဟာ သူရဲ့ ညာဘက်လက်ကို ဖိမိပြီး ကျောက်နံရံနဲ့ ညှပ်နေခဲ့ပါတယ်။ လေးလံလှတဲ့ ပေါင်၈၀၀ ကျောက်တုံးကြီးရဲ့ အောက်က သူ့လက်ဟာ လုံးဝကိုလှုပ်လို့မရနိုင်အောင် ပိနေခဲ့သလို၊ ကျောက်တုံးကြီးဟာလည်း သူတစ်ဦးတည်းနဲ့လည်း ဘယ်လိုမှ မ ထုတ်လို့ နိုင်တဲ့ အရွယ်အစား မဟုတ်ခဲ့ပါဘူး။ သို့သော်လည်း သူ့လက်တွေကို ကျောက်တုံးကြီးအောက် လွတ်မြောက်ဖို့ အနာခံပြီး ရုန်းထွက်သော်လည်း ဘယ်လိုမှ မရနိုင်ခဲ့ပါဘူး။ 

Ralston ဟာ သူရဲ့ တောင်တက်ခရီးစဉ်ကို ဘယ်သူ့ကိုမှ အကြောင်းကြား၊ ပြောပြထားခြင်းမရှိဘဲ တစ်ဦးတည်း တိတ်တဆိတ် တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ သူဘယ်ရောက်နေတယ်၊ ဘယ်နားမှာ တောင်တက်တယ်ဆိုတာကို ဘယ်သူကမှ မသိကြတဲ့အတွက်လည်း ကျောက်တုံးနဲ့ နံရံကြားမှာပိနေတဲ့ သူ့လက်ကြောင့် ထောင်ချောက်ထဲ မိသလိုဖြစ်နေတဲ့ သူ့ကို တစ်ယောက်ယောက်က လာရောက်ကယ်ဆယ်နိုင်ဖို့ အခွင့်အလမ်းဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ မိုဘိုင်းဖုန်းတို့လို ဆက်သွယ်ရေးပစ္စည်းလည်း သူ့မှာ ပါမလာခဲ့ပါဘူး။ သူ့ရေဘူးထဲမှာ ပါလာသော ၃၅၀ မီလီမီတာခန့်သာရှိတဲ့ သောက်ရေဟာလည်း လျော့နည်းလို့ လာပါတယ်။ လွတ်မြောက်ဖို့ ကြိုးစားအားထုတ်ရင်း တစ်ဖက်ကလည်း ရေကိုခြွေတာပြီး နည်းနည်းချင်းစီသာ ငုံပြီး သောက်နေရပါတယ်။  နှစ်ရက်က သုံးရက်ကြာလာတဲ့အခါ သူ့ရဲ့အသက်ရှင်နိုင်ခွင့်ဟာ  မျှော်လင့်ချက် မဲ့လာတာကို သူ့ကိုယ်သူ သိလာပါတယ်။

လေးရက်မြောက်တဲ့နေ့မှာ သူ့ကိုယ်သူ ကယ်မဲ့သူမရှိ သေရတော့မယ်လို့သာ သတ်မှတ်ပြီး သိလာတဲ့အတွက် ဘယ်ဘက်လက်ဖြင့် ကျောက်တုံးကြီးပေါ်မှာ သူ့နာမည်၊ မွေးသက္ကရာဇ်တို့ကို ထွင်းထုခဲ့ပါတယ်။ သူသေမဲ့နေ့ကိုတောင် ခန့်မှန်းလို့ သူလက်လှမ်းမီရာ ချောက်ကြီးရဲ့ ကျောက်နံရံပေါ်မှာ ထွင်းထုထားပါပြီ။ သူ့ကျောပိုးအိတ်ထဲမှာပါလာတဲ့ အသံသွင်းစက်လေးနဲ့ သူ့မိသားစုဆီလည်း နှုတ်ဆက်စကားကို အသံသွင်းထားခဲ့ပါပြီ။ အဲဒီညဟာ အသက်ရှင်သန်နေတဲ့ သူ့အတွက် နောက်ဆုံးည ဖြစ်လိမ့်မယ်လို့ သူထင်ထားခဲ့ပါတယ်။ မျှော်လင့်ချက်လည်း မထားတော့ပါဘဲ မောပန်းနွမ်နယ် နုံးချိစွာနဲ့ အိပ်ပျော်သွားခဲ့ပါတယ်။

သို့သော်လည်း မနက် အာရုဏ်ဦးအလင်းရောင်ကို သူမြင်လိုက်ရချိန်မှာ မသေသေးတာကို သူ သိလိုက်ရပြန်ပါတယ်။ အဲဒီ ၅ရက်မြောက်နေ့မှာတော့ သောက်စရာရေလည်း ကုန်ပြီဖြစ်လို့ သူ့ရဲ့ ဆီးကို ပြန်သောက်နေရပါပြီ။ ကူကယ်သူမရှိ သေရတော့မဲ့အတူတူ နောက်ဆုံးခြေလှမ်းတစ်လှမ်းကို စတင်ဖို့ သူဆုံးဖြတ်ကာ ရုန်းထွက်လို့မရတော့တဲ့ ကျောက်တုံးအောက်က သူ့လက်ကို ဖြတ်တောက်ပစ်ဖို့ Ralston စဉ်းစားပါတော့တယ်။ သူ့လက်နဲ့ အရိုးကိုဖြစ်ပစ်ဖို့ သူ့မှာ ပစ္စည်းကိရိယာလည်း မစုံလင်ပါဘူး။ ပါလာတဲ့ ဓါးကလည်း နှစ်လက်မခန့် ရှည်တဲ့ အိတ်ဆောင် ဓါးကလေးတစ်ချောင်းရယ်။ ဒါနဲ့ Ralston ဟာ ကျောက်တုံးပိနေတဲ့ သူ့ညာဘက်လက်ကို အပြင်းအထန် ရုန်းထွက်ပါတယ်။  အရိုးတွေ ကျိုးကြေကုန်တဲ့အထိ အားစိုက်ရုန်းကန်ပြီးတဲ့ နောက်မှာတော့ လက်ကောက်ဝတ် အရင်းကနေစပြီး သူ့လက်ကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ သူ့လက်ကို လုံးဝပြတ်သွားဖို့ ခပ်သေးသေးဓားနဲ့  ဖြတ်ရတာ တစ်နာရီခန့်ကြာပါတယ်။

လက်တစ်ဖက်ကို ဖြတ်ထုတ်လိုက်ပြီး ကျောက်တုံးအောက်က လွတ်မြောက်လာတဲ့ Ralston ဟာ နွေနေ့ခင်းရဲ့ ပူပြင်းလှတဲ့ အပူချိန်အောက်မှာ တောင်တက်ရပြန်ပါတော့တယ်။ ပေ ၆၀ခန့်မြင့်တဲ့ မတ်စောက်နေတဲ့ ကျာက်တောင်စောင်းကို လက်တစ်ဖက်တည်းနဲ့ ခက်ခက်ခဲခဲ ရအောင် ကုတ်ကပ်ပြီး ထွက်ရပါတယ်။ ဖြတ်ခံထားရတဲ့ လက်ရဲ့အရင်းကနေ သွေးတွေကလည်း ယိုစီးကျနေခဲ့ပါတယ်။ Ralston စိတ်ထဲမှာလည်း သွေးထွက်လွန်မှာကို စိုးရိမ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တောင်တက်လာကြတဲ့ Eric နဲ့  Monique Meijer တို့ လင်မယားရယ် သူတို့ရဲ့သား Andy တို့နဲ့ တွေ့ပြီး သူ့ကို ရေနဲ့ အစာတစ်ချို့ သူ့ကိုပေးကြကာ တာဝန်ရှိသူတွေထံကို အမြန်ဆုံး သွားရောက် အကြောင်းကြားပေးခဲ့ကြပါတယ်။

သူ့လက်ဖြတ်ပစ်ပြီးနောက် ၆နာရီခန့်ကြာမြင့်ခဲ့တဲ့အချိန်မှာ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ရဟတ်ယာဉ် ရောက်လာခဲ့ပါတယ်။  သူကျောက်တုံးပိတဲ့နေရာဟာ သူ့ကားထားတဲ့နေရာနဲ့ ၈မိုင်ခန့် ကွာဝေးပါတယ်။ ကျောက်တုံးအောက်မှာပိတ်မိပြီး အစာရေစာ ငတ်ပြတ်နေခဲ့တာကြောင့် သူဟာ ပေါင်၄၀ခန့် အလေးချိန်ကျသွားခဲ့ပြီး ဒဏ်ရာကြောင့်လည်း ခန္ဓာကိုယ်တွင်းကနေ သွေး ၂၅%ခန့် ဆုံးရှုံးသွားခဲ့သော်လည်း အင်မတန်မှ ကံကောင်းထောက်မစွာ အသက်ရှင်သန်ခွင့်ရခဲ့ပါတယ်။ သူဟာ ကျောက်တံုးအောက်က လွတ်မြောက်လာပြီးနောက် ဆေးရုံမှာ သူ့ရဲ့ဒဏ်ရာအတွက် တက်ရောက်ကုသခံခဲ့ရပါတယ်။

သူလွတ်မြောက်လာပြီး သိပ်မကြာခင်မှာ တာဝန်ရှိသူတွေရဲ့ စီစဉ်မှုနဲ့ Tom Brokaw ဦးဆောင်သော လူ၁၃ဦးပါတဲ့အဖွဲ့တစ်ဖွဲ့ဟာ သူ့လက်ကိုဖိထားခဲ့တဲ့ ကျောက်တုံးကြီးရှိရာ ချောက်ထဲကို သွားရောက်ကြပြီး ကျောက်တုံးကြီးကို ဟိုက်ဒြောလစ် စက်ကိရိယာများနဲ့ ဖယ်ထုတ်လိုက်တဲ့အခါမှာတော့ ကျောက်တုံးနဲ့ နံရံကြားမှာ ရှိနေဆဲဖြစ်တဲ့ သူ့လက်ကို တွေ့ကြရပါတယ်။ ကျိုးပဲ့ကြေမွနေတဲ့ သူ့လက်ကို မီးသဂြိုလ်ပြီးမှ အရိုးပြာကို သူ့ဆီ ပို့ပေးခဲ့ကြပါတယ်။ ဒဏ်ရာသက်သာလို့ ၆လခန့်အကြာမှာတော့ Tom Brokaw the Dateline NBC တို့နဲ့အတူ ကျောက်တုံးပိခံရတဲ့နေရာကို ပြန်သွားကြပါတယ်။ ဒီတစ်ခါ သွားရောက်ရတဲ့ အကြောင်းအချက်က ၂ချက်ရှိပါတယ်။ ပထမတစ်ချက်က the Dateline NBC က သူ့ရဲ့ အဖြစ်အပျက်ကို အထူးမှတ်တမ်း ရိုက်ကူးလိုတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူ့ညာဘက်လက် ဆုံးရှုံးခဲ့ရာ နေရာမှာ သူ့ညာလက်ရဲ့ အရိုးပြာတွေကို ကြဲဖြန့်လိုတဲ့အတွက် သူ့လက်ရဲ့ အရိုးပြာကိုပါ ယူဆောင်လို့ သွားခဲ့ပါတယ်။ အဲဒီနေရာဟာ သူ့လက်ရဲ့ မူလနေရာလို့ Ralston  ကပြောကာ သူ့ရဲ့ ပြာအိုးထဲက ပြာတွေကို ကြဲဖြန့်ပါတော့တယ်။ 

မကြာခင်မှာတော့ Ralston ရဲ့ အဖြစ်အပျက်ကို 127 Hours အမည်နဲ့ မင်းသား James Franco က သရုပ်ဆောင်ပြီး ရုပ်ရှင်ရိုက်ကူးခဲ့ကြပါတယ်။ Ralston ဟာ မထင်မှတ်ဘဲ လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ရတဲ့  အဖြစ်အပျက်ဟာ သူနှစ်သက်လွန်းတဲ့ တောင်တက်ခြင်းကို ဘယ်လိုမှ တားဆီးနိုင်ခြင်းမရှိဘဲ သူဝါသနာအတိုင်း လက်ကောက်ဝတ်မရှိပေမဲ့  တောင်တက်ခြင်းကို ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။ သေဘေးကနေ လွတ်မြောက်လာရတဲ့ ပျော်ရွှင်မှုဟာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လှပါတယ်လို့လည်း သူကဆိုပါတယ်။



Image Hosted by PicturePush - Photo Sharing
လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ရတဲ့Aron Lee Ralston ရဲ့လက်

9 aron ralston


Image Hosted by PicturePush - Photo Sharing
အသက်ဘေးက လွတ်လာပြီးနောက် တောင်ဆက်ဖို့ လက်ကိုကိရိယာတတ်ဆင်ထားတဲ့ Aron Lee Ralston

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Blue john ချောက်နက်ကြားတစ်နေရာ

http://www.ditto.tv/blog/wp-content/uploads/2010/11/james-franco-as-aron-ralston-in-127-hours.jpg
Aron Lee Ralston အဖြစ် သရုပ်ဆောင်တဲ့ ရုပ်ရှင်မင်းသား James Franco (ကျောက်တုံးက ခုလိုအနေအထားနဲ့ လက်ကိုညှပ်မိနေတာဖြစ်ပါတယ်)

Image Hosted by PicturePush - Photo Sharing

ကာယကံရှင် Aron Lee Ralston နဲ့ ရုပ်ရှင်အဖြစ် သရုပ်ဆောင်သူ မင်းသား James Franco
 
အသက်ဘေးနဲ့ ကြုံခဲ့တာတောင် လွယ်လွယ်နဲ့ လက်မလျော့ဘဲ ကြိုးစားရုန်းထွက်ခဲ့သူ Ralston ရဲ့ အဖြစ်အပျက်က စိတ်ဓာတ်ခိုင်မာပြီး လွယ်လွယ်နဲ့ ဇွဲမလျော့ရင် ဘယ်အခက်အခဲမဆို ကျော်လွှားနိုင်တယ်လို့ ညွှန်ပြနေတဲ့ သက်သေတစ်ခုဘဲ ဖြစ်ပါတာ့တယ်ရှင်။

 
Image Hosted by PicturePush - Photo Sharing


Ref: http://en.wikipedia.org/wiki/Aron_Ralston  and photos from google

27 Responses to “အန္တရာယ်တောင်ကြားထဲမှာ ၅ရက်ကြာ”

blackroze said...

ွှဲဒီသူအင်မတန်သတ္တိရှိတယ်..
စိတ်ဓါတ်နဲ့ဇွဲကတော့
တကယ်ချီးကျူးဖို့ကောင်းတယ်..
ပြတ်သားတဲ့ဆုံးဖြတ်ချက်လည်း
ချရဲတယ်..
အဲတာကြောင့်လည်းသူဆက်အသက်ရှင်
နေနိုင်တာပေါ့...

မကြီးချောရေ..
တအားစိတ်ဓါတ်ကျနေသလိုဘဲ
ဘာကိုလိုချင်လို့ လိုချင်နေမှန်းကို
မသိဘူးဖြစ်နေတယ်အမရယ်..

ချစ်တဲ့ ပစ်ပစ်

mg han said...

ဇာတ်လမ်းကြည့်ပီးပီ..လက်ကိုဖြတ်နေတဲ့အခန်းတွေကြည့်ရင်းနဲ့..သြော်..လူဆိုတာလဲ..အတော်သေနိုင်ခဲတဲ့အမျိုးပါ့ဂလားလို့တွေးမိတယ်..လက်သည်းညပ်ကပါတဲ့ဓါးသာသာလေးနဲ့..ကြိတ်လှီးနေရတာ..အတော်ဇွဲကြီးပီး..တော်တော်လဲခံနိုင်တဲ့လူ..

ကိုကိုမောင်(ပန်းရနံ့) said...

ဝါသနာကို သေမှလျော့တယ်ဆိုတာ ဟုတ်လောက်တယ်။
ဒီလူရဲ့ စိတ်ဓါတ်ကတော့ ချီးကျူးစရာဘဲ။ မမှတ်မိသေးဘူး။ တောင် ဆက်တက်ဦးမယ်တဲ့။

ခင်မင်လျှက်

ဒီတောင်တက်သမားရဲ့ စိတ်ဓါတ်နဲ့ သတ္တိကို တော့ချီးကျူးလေးစားပါတယ်။ တော်ရုံလူတစ် ယောက်ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရရင် သူ့လိုလုပ်ဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ အလုပ်ပါပဲ။ အသက်အန္တရယ်နဲ့ကြုံတာတောင် စိတ်ဓါတ်မကျပဲ ရုန်းထွက်နိုင်တဲ့ စိတ်ဓါတ်က လေးစားဖို့ကောင်းသလို အတုယူစရာလဲကောင်း ပါတယ်။ ဒီလိုအတုယူစရာကောင်းတဲ့ ပို့စ်လေးကို ဝေမျှပေးလို့ ကျေးဇူးပါ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

အောင်မြတ်လေးအစ်မရယ်..
လက်ကြီးကိုဖြတ်ပစ်လိုက်သတဲ့လား
ကြက်သီးထလိုက်တာ.ဖတ်ရင်း.ဖတ်ရင်း
အသည်းတွေအူတွေမနေနိုင်မထိုင်နိုင်ဖြစ်ကုန်ပြီ။း)
တစ်ချိန်ချိန်ကိုယ့်မှာဒီလိုအခက်အခဲမျိုး
မလွှဲသာမရှောင်သာ.တည့်တည့်တိုးပြီး
ရင်ဆိုင်ရပြီဆိုရင်..ဘာလုပ်ရင်ကောင်းမလဲ
ပြန်စဉ်းစားကြည့်တော့.အသက်ကိုဥာဏ်စောင့်မှ
ရမယ်ဆိုတာသိလိုက်..သလိုလိုပါပဲရှင့်။

ချစ်ခင်လျှက်
မိစံ

Anonymous said...

အဲဒီဖြစ်ရပ်မှန်ကားလေးအိမ်မှာရှိတာ ခုထိသေချာမကြည့်ရသေးဘူး....။

ခင်တဲ့
မိုးငွေ့

စိတ်ဓာတ် အတော်ခိုင်မာတဲ့လူ....
တော်ရုံလူဆို သေသွားလောက်ပြီ....
ဖတ်ပြီး စိတ်ဓာတ်ခွန်အားတွေတောင် တက်လာရတယ်...။ အခက်အခဲကြုံလာချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အားတင်းကျော်ဖြတ်ရမှာ...။
Cheer !

MGTHANT said...

ဒီဇတ်ကားကို တမင် သွားမကြည့်ဘူး... စိတ်မခိုင်လို့.... :D

ဖတ်ရင်းနဲ့ရင်တောင်တုန်လာတယ်
ချီ့းကျူးစရာပဲမမရေ
ရှာရှာဖွေဖွေတင်တဲ့မမကိုလဲချီးကျူးမိပါရဲ့း)

ချစ်တဲ့
မဒိုးကန်

ညီရဲ said...

ကံကောင်းလို့ မသေ သံချောင်းတို့ အမေပေါ့ မချောရယ်...
ဒီလူ့ ဇွဲ သတ္တိကတော့ ချီးကျူးဖို့ ကောင်းတယ်။ သြော်... ဝါသနာ ဝါသနာ တယ်ခက်ပါလားနော်...

အိပ်ပျော်နေသေးတယ်နော်။ အရမ်းကို ပင်ပန်းသွားလို့နေမှာ သိလား။ 127 Hours ရုပ်ရှင်ကားကို ကြည့်ချင်တယ်။

PhyoPhyo said...

လက်ကို ဓါးသေးသေးနဲ့ တစ်နာရီလောက်ဖြတ်ငရတယ်တဲ့၊ အသည်းတွေယားလိုက်တာ။ နာလိုက်မယ့်ဖြစ်ခြင်း။ ဆူးသေးသေးလေးဆူးလို့ ထုတ်ရရင်တောင်နာတာ။
ဝါသနာအတွက် အဲလောက်ကြီး ပေးဆပ်ရတာတန်ရဲ့လားပဲ။
တန်တန်မတန်တန် သူကတော့ တောင်ထပ်ပြီး တက်ဦးမှာတဲ့။ ဇွဲကြီးလိုက်တာ။ သတိကောင်းလိုက်တာနော်။
Ralston က သရုပ်ဆောင်မင်းသားထက်ပိုကြည့်ကောင်းတယ်လိုပဲ :D

SHWE ZIN U said...

ညီမ ချော ရေ

တော်လိုက်တာ အဲလို သတ္တိမျိုး ဘယ်လိုများ ရလာပါလိမ့် အင်း တော်ရုံလူ ဆိုရင်တော့ သေတာကြာပြီ

ချစ်တဲ့
အမရွှေစင်

T T Sweet said...

ကိုယ့်လက်ကို ဖြတ်ရဲတဲ့ သတ္တိ ။ ကိုယ်လိုဆိုရင်တော့ ပထမ၃ရက်လောက်နဲ့တင် စိတ်ဓာတ်ကျပြီး သေပြီ။ တော်တော် သတ္တိကောင်းတဲ့လူပါလား။ ဗဟုသုတ သိစရာလေးတွေ ရှယ်ပေးတဲ့ အတွက် ကျေးဇူး။

ဟန်ကြည် said...

တောင်တက်သမားအများစုဟာ စိတ်ဓာတ်ကြံ့ခိုင်ကြပါတယ်...ဒါပေမယ့် ဒီတစ်ယောက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်ရုံသာမကဘဲ သတ္တိအင်မတန်ကောင်းသလို ဆုံးဖြတ်ချက်လည်းမှန်ကန်တာ ချီးကျူးမိပါရဲ့...

127 Hour ကို သေချာကြည့်ဖူးတယ်အစ်မ... မင်းသားက Retard Style နဲ့  မို့  နည်းနည်း လေး ထူးတယ်။ နောက်တစ်ခုက သူ့ လက်ကို ဖြတ်မယ့် အချိန်မှာ သူပြောတာလေး သဘောကျတယ်။ နောင်ဆို ခင်ဗျားတို့  China made ပစ္စည်း ၀ယ်မသုံးကြနဲ့ တဲ့... သူ့ အသားသူ လှီးတာ မပြတ်လို့ လေ...... အဲ့ဒါလေး သဘောကျတယ်ဗျိုး။

ဇွဲ နဲ့ သတ္တိကတော့ တကယ်ချီးကျူးလောက်ပါရဲ့ မချောရယ်။ တော်ရုံလူက အားမရှိတဲ့အခါ ၊ နာကျင်နေတဲ့ အခါ ကိုယ့်လက်ကို ကိုယ်ဖြတ်ဖို့ ဒီလောက်စိတ်ကူးမိမယ် ၊ ကြိုးစားမိမယ်မထင်ဘူး။

စာဖတ်နေရင်းနဲ့ saw ထဲက ကိုယ့်လက် ကိုယ်ဖြတ်တဲ့ အခန်းကို မြင်ရောင်ပြီး အသဲယားမိတ်..
ချီးကျူးစရာပါပဲ.. စိတ်ဓါတ်ကြံ့ခိုင်လိုက်ပုံကနော်...
အိမ်မက်စေရာ

Anonymous said...

မချောရေ မေးလ်ဖွင့်ထားမိလို့ မသုံးတဲ့ ဘလော့ဒ်နာမည်ကြီးနဲ့ ဝင်သွားတယ်...
အိမ်မက်စေရာပါနော်..အိမ်မက်ယံ ဟုတ်ဘူး..
အိမ်မက်စေရာ

Baby taster said...

ဇွဲနဲ့ သတ္တိကိုတော့ လေးစားသွားပြီ

sosegado said...

Documentary ကြည့်လိုက်ရပါတယ်၊
ရုပ်ရှင်တော့ မကြည့်ဖြစ်ဘူး၊

အဲ့ဒီဇတ်ကား ကျနော်ကြည့်ဖူးတယ်ဗျ တကယ်ပဲ မတွေးရဲစရာ သူ့လက်ကိုသူ ဖြတ်တဲ့အခန်းက တကယ့်ကိုကြောက်စရာ မလျှော့တဲ့ဇွဲကတော့ အံ့မခန်းပါပဲ ။

mstint said...

ဇွဲ၊ ဝိရိယရဲ့ အကျိုးကျေးဇူးပေါ့ ချောရေ။
စိတ်ဝင်စားစရာ ဇာတ်လမ်းလေး ကြည့်ရရင်ကောင်းမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

ဆုံးဖြတ်ချက်ချတာ ရဲသလောက်၊ ဆုံးဖြတ်တဲ့ အတိုင်း ရဲရဲဝံ့ဝံ့ လုပ်သွားတာ ချီးကျူးစရာပါပဲ၊ အတုယူစရာ စိတ်ဓါတ်ပိုင်ရှင် အကြောင်း ဝေမျှပေးတာ ကျေးဇူးပါ မချောရေ...။

စိတ်ဓါတ်ခွန်အား ရစေပါတယ်။ ကျေးဇူးပါအစ်မချော။

san htun said...

သူ့ စိတ်ဓာတ်ကို သဘောကျတယ်...

လောကကြီထဲမှာ ဒီလိုစိတ်ဓာတ်ခိုင်မာသူတွေရှိပါသေးလားလို့ တွေးရင်း ကျေးဇူးတင်မိပြန်ပါတယ်။ စာကောင်းတစ်ပုဒ်ကို ဖတ်ခွင့်ရလို့ပါ ခင်ဗျာ။