မျှော်လင့်လျှက်ပါ မြစ်ဧရာ..


ကျွန်မငယ်ငယ်က ပထဝီဘာသာကို စပြီးသင်ရပြီဆိုတာနဲ့ ဧရာဝတီမြစ်ဆိုတဲ့အမည်ကို ရင်းနှီးခဲ့တာပါ။ အသက် ၁၃နှစ်မှာ မြစ်ကြီးနား စရောက်ဖူးတာနဲ့ အမြန်ဆုံးအပြေးအလွှား သွားကြည့်ဖြစ်တာ ဧရာဝတီမြစ်ပါ။ နာမည်လေးကလည်း လှသလို ကျယ်ပြောလှတဲ့ မြစ်ပြင်ကြီးကလည်း စိတ်ဝင်စားဖွယ်အတိပါဘဲ။ မြစ်ကြီးနားမြို့ကနေ ၂၈မိုင်ဝေးတဲ့ မြစ်ဆုံဆိုတာကိုတော့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် လွယ်လွယ်နဲ့ မရောက်ဖြစ်ခဲ့ပါဘူး။ ရောက်ဖူးပြီဆိုပြန်တော့ မြစ်ဆုံရဲ့မြင်ကွင်းဟာ ကျွန်မအတွက် တစ်သက်မမေ့စရာဖြစ်ခဲ့ရပါတယ်။ အောက်ခံကျောက်သားလေးတွေပေါ်အောင် ကြည်လင်နေတတ်ခဲ့တယ်။ ရေခဲတောင်ကနေ မြစ်ဖျားခံပြီး စီးဆင်းလာတဲ့ မေခ မလိခ မြစ်နှစ်သွယ်ကြောင့်လည်း ရေတွေဟာ အေးစိမ့်လို့နေတယ်။ ကျောက်ဆောင်များ၊ ကျောက်တုံးများကို ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ ရေစီးသံလွင်လွင်လေးကိုတောင် နားထောင်ခွင့်ရနိုင်လောက်အောင် အေးချမ်းသာယာတဲ့ မြစ်ဆုံဖြစ်ပါတယ်။


http://dslrstranger.files.wordpress.com/2010/03/myitsonev.jpg
သာယာလှပတဲ့ မြစ်ဆုံ   (photo: dslstranger)

ဒီနောက်ပိုင်းတော့ မြစ်ကြီးနားရောက်တိုင်း မြစ်ဆုံကို သွားဖြစ်အောင် ကြိုးစားမိပါတယ်။ ဒါပေမဲ့ ကျွန်မ ယခင်ကတွေ့ဖူးတဲ့မြစ်ဆုံနဲ့တော့ ခြားနားတဲ့ နေရာတစ်ခုဖြစ်နေခဲ့ပါပြီ။ သို့သော်လည်း စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်နေဆဲပါ။ မြစ်ဆုံ၊ ချောင်းဆုံဆိုတာ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ သို့သော် တစ်နိုင်ငံလုံးအားကိုးအားထားပြုရတဲ့ မြစ်တစ်စင်းဖြစ်ပေါ်ဖို့ အစပြုတဲ့ မြစ်နှစ်စင်းဆုံရာ အလှအပမျိုးတော့ နေရာတိုင်းမှာ မရှိနိုင်ပါဘူး.။ မြစ်ဆုံဟာ ကချင်ပြည်နယ်မှာတော့ အလှပဆုံး နေရာတစ်ခုပါ။ မြစ်ဆုံကို မြန်မာပြည်သူ ပြည်သားတိုင်းက ရောက်ဖူးချင်ကြတဲ့ အလှပဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ရောက်ဖူးပြီးသူများအနေနဲ့လည်း တစ်ခါရောက်ဖူးရင် နောက်ထပ်တစ်ခါ သွားချင်တဲ့နေရာဖြစ်ပါတယ်။ 

မြစ်ဆုံမှာ ဆည်ဆောက်တာ ဘာများ ကန့်ကွက်စရာရှိသလဲ၊ ငွေကြေးအကျိုးအမြတ် ရတာဘဲလို့ အချို့ကတော့ ပြောကောင်းပြောကြမှာပါ။ သို့သော် မြစ်ဆုံလို လှလှပပ သာသာယာယာ နေရာတစ်ခုဟာ ရှာကြည့်ရင် အင်မတန်မှ ရှားပါတယ်။ နိုင်ငံတကာမှာ သဘာဝ ပတ်ဝန်းကျင်အလှအပ၊ ရေမြေတောတောင်တွေကို ထိန်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ကျွန်မတို့နိုင်ငံကြီးမှာတော့ အထိမ်းအကွပ်မဲ့ ပြုန်းတီးစေခဲ့တယ်။ နောင်လာနောက်သားတွေအတွက် ဒီလိုလှပသာယာတဲ့နေရာတွေ၊ တောတွေ၊ တောင်တွေ မချန်ရစ်ခဲ့တော့ဘူးလားရှင်။ မျိုးတုန်းနေတဲ့ သစ်တောတွေ၊ တောင်ကတုန်းတွေ၊ ခမ်းခြောက်နေတဲ မြစ်ချောင်းတွေကိုသာ ချန်ရစ်ခဲ့ကြရမလား။
အခုခေတ်အခါမှာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုအပြောင်းအလဲတွေ များစွာဖြစ်ပြီး သဘာဝ ဘေးဒဏ်တွေ ဒီလောက်ဖြစ်လာရတာ၊ နောင်တစ်ချိန် တောတောင်ပြုန်းတီး၊ မြစ်ကြောင်းတွေ ခမ်းခြောက်ကုန်တဲ့အခါ ကမ္ဘာကြီး ဘယ်လောက်များ အပူချိန်တိုးလာပြီး နှောင်းခေတ်လူတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲလို့ တွေးကြည့်စေချင်ပါတယ်။ သူများနိုင်ငံမှာ တောတောင်အတု၊ ရေတံခွန်အတု၊ ပင်လယ်အတု၊ စမ်းချောင်းအတု စတာတွေ ဖန်တီးကြပြီး အပန်းဖြေစရာ၊ သွားလာ လည်ပတ်စရာနေရာတွေကို ဖန်တီးလာကြတယ်။ ဒါဟာ လူတွေအတွက် တောတောင်၊ စိမ့်စမ်း၊ ရေတံခွန် စတဲ့ သဘာဝလက်ဆောင်တွေဟာ လူတွေအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ 
သဘာဝဘေးဒဏ်တွေ နှစ်တိုင်းခံရတဲ့ တရုတ်ပြည်ဟာ ခုနောက်ပိုင်း သဘာဝပတ်ဝန်းကျင်လို အလေးထားလာပါတယ်။ အရင်က မြစ်ချောင်းတွေပေါ်မှာဆောက်ခဲ့တဲ့ ဆည်တွေကြောင့် အခုချိန်မှာ လူထုအတွင်း ဒုက္ခရောက်ကြရတာတွေ ရှိလာတော့ မြစ်ချောင်းတွေကို ထိန်းသိမ်းလာတယ်.။ တောတောင်တွေကို စောင့်ရှောက်လာတယ်။ တရုတ်ပြည်မှာ သစ်ပင်တစ်ပင်ခုတ်ဖို့ အလွန်ခက်ခဲပါတယ်။ မြို့တွေဆိုရင်လည်း သစ်ပင်တွေ၊ အလှပင်တွေ၊ အရိပ်ရပင်တွေ အများအပြားစိုက်ပျိုးလာကြပါတယ်။ သူတို့တိုင်းပြည်၊ သူတို့မြို့ရွာကိုတော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်နေကြပြီး ကျွန်မတို့တိုင်းပြည်က သစ်တွေ မရမက ခိုးထုတ်တယ်။ တောတောင်တွေကို မြေလှန်ရှာဖွေ၊ တူးဆွလို့ရတဲ့ ကျောက်စိမ်းတွေ အသည်းအသန် လိုက်ဝယ်တယ်။ ကျွန်မတို့ ပြည်တွင်းက ရွှေထွက်တဲ့နေရာတွေမှာ ရွှေရှာခွင့်ရဖို့ မဖြစ်မနေ ကြိုးပမ်းနေကြတယ်။ သူတို့မြေမှာ စိုက်ပျိုးလို့မဖြစ်ထွန်းတဲ့ စားပင်သီးပင်တွေ ပြည်တွင်းမှာ မြေလာငှားပြီး စိုက်ပျိုးကြပြန်တယ်။
အခုလည်း သူတို့ဆီက မြစ်တွေ၊ ချောင်းတွေကိုကျ မထိပါးတော့ဘဲ ကျွန်မတို့တိုင်းပြည်က မြစ်ပေါ်မှာ ဆည်တွေလာဆောက်ပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပါတော့မယ်။ ဆည်ဆောက်လို့ ရလာတဲ့ လျှပ်စစ်ကိုတော့ သူတို့ပြည်တွင်းမှာ ပြန်သုံးပါတော့မယ်။ သူတို့ကငွေအကုန်ခံရုံနဲ့ သူတို့တိုင်းပြည်ရဲ့ သဘာဝ ပါတ်ဝန်းကျင်မပျက်မစီးဘဲ လျှပ်စစ်မီးတွေ ရသွားနိုင်တော့မယ်။ ကျွန်မတို့မှာတော့ ရလာမဲ့ ငွေကြေးလေးကို မျှော်ပြီး တိုင်းပြည်ရဲ့ အဖိုးတန် သဘာဝအလှအပတွေ၊ ပတ်ဝန်းကျင်တွေ၊ ရေမြေတောတောင်တွေကို အဖျက်ဆီးခံကြရတော့မယ်။ တရုတ်လူမျိုးတွေကို မေးကြည့်ချင်တာက ကျွန်မတို့တိုင်းပြည်ကသာ ပိုက်ဆံတွေအများကြီးပေးပြီး သူတို့ရဲ့ မြစ်ပေါ်မှာ ဆည်သွားဆောက်မယ် ဆိုရင် သူတို့တွေ လက်ခံနိုင်ပါ့မလား။ ကျွန်မထင်တာတော့ ဘယ်လိုမှ လက်ခံမှာမဟုတ်ပါဘူး။ သူများတိုင်းပြည်မှာသာ ကျူးကျူးကျော်ကျော် သွားဆောက်ကြပေမဲ့ သူတို့ဆီမှာဆောက်ရင် လက်ခံနိုင်မှာမဟုတ်တာ ရာနှုန်းပြည့်သေချာပါတယ်။
မြစ်ဆုံလို လှပသာယာတဲ့ နေရာပေါ်မှာတော့ ဆည်ကြီးဆောက်ပြီး ၊ မြစ်ကြီးနားမြို့မှာတော့ ပင်လယ်တု အပန်းဖြေစခန်းတစ်ခု ဆောက်မယ်ဆိုတဲ့ အစီအစဉ်ကလည်း ကြားရတာ ထူးဆန်းအံ့သြဖွယ်တော့ ကောင်းနေပါတယ်။ ရှိတဲ့ သဘာဝအလှကိုတော့ ဖျက်ဆီး၊ ရောင်းစားပြီး သဘာဝမကျတဲ့ အတုကို ဖန်တီးမယ်ဆိုတာကရော ဘယ်လောက်များ သဘာဝအလှကို မီနိုင်မှာမို့လဲ၊ တန်ဖိုးရှိမှာမို့လဲလို့ တွေးမိပါတယ်။ ထိန်းသိမ်းသင့်တာက သဘာဝတရားကိုပါ။ အတုတည်ဆောက်မဲ့အစား ရှိနေတဲ့ သဘာဝအလှအပတွေကိုဘဲ တန်ဖိုးထား စောင့်ရှောင့်သင့်တယ် မဟုတ်လားရှင်။
ဆည်ကိုဆောက်နေခဲ့ကြသူများ၊ စီမံကိန်းမှာ ပါဝင်ကြသူများ၊  တာဝန်ရှိသူများဟာ နောင်တစ်ချိန် ဒီဆည်ကြီးကြောင့် အများပြည်သူ ထိခိုက်နစ်နာမှုတွေ ဖြစ်လာခဲ့ရင် ၊ ဆုံးရှုံးမှုတွေ ရှိလာခဲ့ရင် တရားခံအဖြစ် အားလုံးက အပြစ်တင်ပြီး လက်ညိုးဝိုင်းထိုးတာ ခံကြရမဲ့အဖြစ်ပါ။ သူတို့တွေမရှိတော့ရင်တောင် သားစဉ်မြေးဆက်က အပြစ်မကင်းသလို ခံစားကြရမှာပါ။ ထိခိုက်ဆုံးရှုံးမှုတွေ၊ များပြားနိုင်တဲ့၊ အင်မတန်လှပတဲ့ သဘာဝရဲ့ အမွေအနှစ်ပေါ်မှာ တည်ဆောက်ချင်တဲ့ ဒီမြစ်ဆုံဆည် တည်ဆောက်ရေးကို ပြန်လည်စဉ်းစားပေးကြဖို့ တာဝန်ရှိလူကြီးမင်းများကို တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေကတော့ မြစ်ဆုံနဲ့ ဧရာဝတီမြစ်ကြီးကို သဘာဝအတိုင်းလေး သာသာယာယာနဲ့  စီးဆင်းနေတာကိုသာ မြင်တွေ့ချင်ကြပါတယ်။ မြစ်ဆုံနဲ့ မြစ်ဧရာရဲ့ အလှအပတွေ တာဝစဉ်တည်တံ့ခိုင်မြဲစွာ ရှိနေဖို့လည်း မျှော်လင့်လျှက်သာ ရှိနေပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing

42 Responses to “မျှော်လင့်လျှက်ပါ မြစ်ဧရာ..”

မြစ်ဆုံရဲ့ အလှအပတရားလေးတွေ မပျောက်ပျက်စေဖို့ စီမံကိန်းကြီးကို ပြန်စဉ်းစားပေးပါလို့ ဆန္ဒပြုသွားပါတယ်။

ခင်တဲ့
မေသိမ့်

ကိုကိုမောင်(ပန်းရနံ့) said...

ဒီပေါက်ဖော်တွေကြောင့် ခက်နေတာ။ သူတို့နိုင်ငံကြီး ဒီလောက်ကျယ်ဝန်းတာ၊ မြစ်တွေချောင်းတွေလဲ ရှိနေတာကို ဒီဘက်လာဖြစ်အောင် လာခဲ့သေးတယ်။ သက်သက်မဲ့ ဖျက်ဆီးရေးလုပ်နေတာ ကျနေတာဘဲ။

အဲဒီစီမံကိန်းကို ကန့်ကွက်တယ်။

ခင်မင်လျှက်

Aunty Oo said...

အားလုံးဆန္ဒနဲ.ထပ်တူထပ်မျှပါ။

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

sosegado said...

ဝိုင်းဝန်းဆွေးနွေးကာ အဖြေရှာရမှာပါ
တော်တော်ကြိုးစားယူရမှာပဲ
မချောသိတဲ့အတိုင်း မဟာတရုတ်ကြီးက အသာပြာထုတ်ပြီးသားဖြစ်နေတယ်။

ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

Anonymous said...

ဧရာဝတီကြီးကိုဘယ်နည်းနဲ့မှ
အပျက်စီးမခံနိုင်ပါ။
ဒါပေမယ့်လည်း..
စိတ်ပဲရှိတာပါအစ်မရယ်..ထိထိရောက်ရောက်
ဘာမှမကူညီနိုင်တော့..၀မ်းနည်းမိပါရဲ့။

kiki said...

ဒီလောက်လှပတဲ့ သဘာဝရှုခင်းကို ဘာကြောင့်များ ဖျက်လိုဖျက်ဆီးလုပ်ချင်နေကြပါလိမ့် .. နော်.
လောဘသားတွေရဲ့ လက်ထဲ မှာ ဧရာဝတီ ပျက်စီးဆုံးရှုံးရမဲ့ အရေး တွေးကြည့်ရုံနဲ့တင် စိတ်ဆင်းရဲလှပါတယ် မချော ရေ ..။

ခင်မင်စွာ
မကိ

Anonymous said...

မြစ်ဆုံအလှပကို အခုထိမမြင်ဖူးသေးဖူး ဓတ်ပုံတွေထဲမှာပဲတွေ့ဖူးတယ် အစ်မရယ်
တနေ့သွားကြည့်ဖြစ်မယ်ဆိုတာ သေချာပေမယ့် ဒီစီမံကိန်းကြောင့် မရှိတော့ဖူးဆိုရင် ကျွန်တော်လိုပဲ မြင်ဖူးချင်သူတွေလည်း မြင်ခွင့်ကြုံပါ့ဦးမလားဗျာ

မယောင်ရာဆီလူးနေတဲ့ အဖြစ်တွေကို အသိရှိရှိ တွေးတောကြစေချင်ရဲ့ဗျာ
ဘယ်နိုင်ငံမှာမှ မရှိတဲ့ ကျောက်စိမ်းကို အသည်း သန်အလုယှက်တူးနေမယ့်အစား တနှစ်ကို တန်ချိန် ဥပမာ တစ်တန်ပဲတူးပြီး ဈေးပြိုင်လေလံတင်ရောင်းရင် ပိုမြတ်ပေဖူးလား (တွေးကြည့်တာပါ) ကိုယ့်နိုင်ငံက ထုတ်ရောင်းမှ သူတို့ရမှာလေ နည်းနည်းပဲ အကန့်သတ်နဲ့ထုတ်ပြီး ဈေးကြီးကြီးရောင်းရင်ဖြစ်ဖူးလားဗျာ လိုချင်သူတွေကတော့ ပေးဝယ်ကြမှာပဲ အဓိကက ကိုယ့်ပစ္စည်းကို ကိုယ်တန်ဖိုးမြင့်တတ်ဖို့ပဲလို့တွေးမိပါရဲ့

ဧရာဝတီကိုတော့ ဘယ်သို့သော အကျိုးမြတ်အတွက်နဲ့မှ မလဲလှယ်နိုင်ပါဖူး


မောင်ဘကြိုင်

ပြောစရာ စကားတွေတောင် ရှားကုန်ပါပြီ အစ်မရာ ကျနော်တို့တွေ လက်မှိုင်ချရတာတွေ များလှပါပေါ့ဗျား(((

Anonymous said...

ဘယ်သို့သော အကျိုးအတွက်မှ သဘာဝအမွေ အဖိုးတန်မြစ်တစင်းကို မလဲလှယ်နိုင်ပါဖူးဗျာ
နဂိုတိုင်းလေးပဲရှိစေချင်တယ်
တိုင်းပြည်ရဲ့ အသက်သွေးကြောကို တန်ဖိုးထားစေချင်ပါတယ်


မောင်ဘကြိုင်

အစ်မရေ.. မြန်မာနိုင်ငံက ထွက်သမျှ သူတို့အကုန်ယူပြီး မြန်မာနိုင်ငံကို အတုတွေနဲ့ နှိပ်စက်နေတာ လည်းကြာခဲ့ပါပြီ။ ဒါကို အဟုတ်ကြီးလုပ်ပြီး တရုတ်နဲ့ပေါင်းပြီး မြန်မာတစ်မျိုးသားလုံရဲ့ အမျိုးသားအကျိုးစီးပွားဆိုပြီး အရှက်မရှိပြောပြောနေကြသေးတယ်နော်..
တကယ်တမ်းဆိုရင် အမျိုးသား အကျိုးစီးပွား မဟုတ်ဘူးဗျ။
အမျိုးစား... တရုတ်စီးပွား ဆိုရင် အမှန်အကန်ပါပဲဗျာ။

သဘာဝအတိုင်းလှပနေတာတွေကို အတုတွေနဲ့ အစားမထိုးနိုင်အောင် ဝိုင်းဝန်း ကာကွယ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ဒီအစိုးရက ပြည်သူ့ဆန္ဒနဲ့ သာ တကယ် ရွေးချယ်ခံထားရတာ မှန်ရင် တမျိုးသားလုံး နဲ့ တခြား အဖွဲ့အစည်းတွေ ဒီလောက် ကန့်ကွက်နေတာကို နည်းနည်းလေးလောက်တော့ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

ကိုယ့်ပြည်ကို ကိုယ်ချစ်တတ်ရဲ့လား? ပိုက်ဆံ (မဟုတ်တဲ့နေရာတွေမှာ လျှောက်သုံးပြီးမှ အကြွေးဆပ်ဖို့) တစ်ခုတည်းအတွက်နဲ့ ကိုယ့်နိုင်ငံဘာဖြစ်ဖြစ်ဆိုတဲ့ သဘောလား?

TM said...

ဧရာဝတီကိုကာကွယ်သူများအတွက်ဂုဏ်ယူပါတယ်

အုပ်ချုပ်တဲ့ နိုင်ငံတော် အကြီးအကဲတွေ က အုပ်ချုပ်ခံ ပြည်သူတွေထက် ဥာဏ်ပညာ အမျှော်အမြင် ပိုပြီး ရှိရယ်၊ ရေရှည် ကို မျှော်ကြည့်တတ်ရမယ်။ အခုတော့ အုပ်ချုပ်ခံ ပြည်သူတွေ က ပိုပြီး ဥာဏ်ပညာ အမျှော်အမြင် ရှိနေပါလား။ အဖေ အသုံး မကျ တာ ကို သားသမီးတွေ က ပြန်ဆုံးမ နေသလိုပါဘဲ လား။ ငါ အဖေဘဲ.. ငါလုပ်တာ မှားမှားမှန်မှန် အားလုံး လိုက် နာမယ် ဆို တဲ့ အစွဲ က မြန်မာလူမျိုတွေ အရိုဆွဲ အယူအဆတွေ ပြောင်းဘို့ ကောင်းပါပြီး။
မချောရေ......ပြင်လို့ မရတဲ့ အမှား မလုပ်ခင် ကြိုတင် တားစည်း ရမှာဘဲ..ကောင်းတဲ့ ပိုစ် လေးဗျာ.ကြိုက်တယ်။။။။

ဧရာဝတီအတွက် အမျိုးသားရေးအသိနဲ့ ဆောင်ရွက်နေကြတာ အားရစရာပါချောရေ..။
လူကြီးမင်းတို့ နားပိတ်မနေကြပါနဲ့...။
ဧရာဝတီမြစ်ဆုံ စီမံကိန်းကို လုံးဝ ရပ်တန့်ပေးပါ...။

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

IRRAWADDY SUFFERING

{POEM}

Between down-in-out and nothingness

Turning into ugliness

We Burmese children here

None can cure

As life-fresher

Between failure and no mentor

They wrap no soul

And their education no more

Of their caliber

Nothing comes happier

Barren of events

In the fate of their rat-race-events

Come what may

Between eventful frustration

Hey! Grow up Intolerable indignation.



Heart touched by Poet named Min Maung (Samurai),

Natural name, Mr. Myat Ko Ko

National League for All Burma Refugees, NLABR

ညီရဲ said...

သူတို့ တွေကတော့ လုပ်ချင်တိုင်း လုပ်နေကြတာပါပဲ အစ်မရာ...
မြစ်ဆုံမှာ ဆည်ဆောက်တာ ဘာများ ကန့်ကွက်စရာရှိသလဲ၊ ငွေကြေးအကျိုးအမြတ် ရတာဘဲဆိုရင် ဒီထက်နှစ်ဆငွေပေးမယ် ဧရာဝတီလိုမြစ်တစ်စင်း ဝယ်လို့ ရမလားလို့  မေးလိုက်ချင်တယ်...

mstint said...

မြန်မာပြည်သူ ပြည်သားများအားလုံးချစ်တဲ့ ခင်တဲ့ မြတ်နိုးတွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေသား လို့ဆုတောင်းသွားတယ် ချောရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

seesein said...

မြစ်ဆုံ အလှ မြစ်ဧရာအလှအပတွေ
ထာဝစဉ်တည်တံ့ခိုင်မြဲစွာ ရှိနေဖို့
ချောနဲ့အတူမျှော်လင့်တယ်

အမိဧရာ ထာဝရ စီးဆင်းပါစေ

ခင်မင်တဲ့
seesein

Anonymous said...

မချောတို့လို ဘလော်ဂါတွေအားလုံးပါဝင်လာကြတာ အားရစရာပါ
မြစ်ဧရာထာဝစဉ်တည်တံ့ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်လဲအပါအဝင်ပေါ့

အောင်ကျော်သူ

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းအား ထပ်ဆင့် ထောက်ခံပါသည်..။
ဧရာဝတီထာဝရတည်တံ့စွာရှင်သန်စီးဆင်းနိုင်ပါ‌စေ...။

SHWE ZIN U said...

အင်း ညီမ ချော ရေ

အားလုံး လက်တွဲ လို့ ကာကွယ် ကြမယ်
အရှုံးမပေးစတမ်း

ချစ်အမကြီး
ရွှေစင်ဦး

Baby taster said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်
ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ

ခရစ္စတလ် said...

နေမကောင်းနေပေမယ့်လို့ ဧရာဝတီကို သိပ်သိပ်ချစ်လို့ ကိုယ်မကျန်းမာပေမယ့် သူ့ကို ကျန်းမာစေချင်တယ် :)

ချောရေ
သူတို့ကိုဘယ်လိုပြောရမလဲဆိုတော့
မျက်ကန်း တစ္ဆေမကြောက် လား။
မသိတော့မကြောက်ဘူး။
လုပ်ချင်တာလုပ်တော့တာပဲ။

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

ahphyulay said...

အင်းဗျာ...
ဖတ်နေရင်းနဲ့  ဒေါသ ကနေ ဝမ်းနည်းလာမိ
တယ်။ ဒီလူတွေက မြန်မာစစ်စစ်တွေမှ
ဟုတ်ရဲ့ လားမသိ။ သူတို့ မှာ ရှိနေတဲ့ 
နားတွေ မျက်စေ့ တွေက ဘလိုင်းတွေဖြစ်
ကုန်ပြီလား..၊ အခုလည်း လူကြားကောင်း
အောင် လွှတ်တော်အဆုံးအဖြတ်တဲ့ ဗျာ၊
ဘုရားစူးလွှတ်တော်ကလည်း ကြည့် ပါအုံး။
ပြိုင်တူ ခေါင်းညိတ်၊ခေါင်းခါလုပ်နေတဲ့ 
ယိမ်းအဖွဲ့  ကြီးစိုးနေတဲ့  ဇာတ်သဘင်ကြီးလေ။
ရင်မောတယ် မ ချောရေ့  ..။
ကန့် ကွက်ရင်းပဲ ဆုတောင်းခဲ့ ပါတယ်ဗျာ။
အရေးတော်ပုံ အောင်ပါစေ... လို့ ။

ခင်တဲ့ 

အဖြေးလူ ..။

Anonymous said...

မြန်မာပြည်သားအနေနဲ့မြစ်ဆုံဆည်ဆောက်ဖို့ လုံးဝ ကန့်ကွတ်ပါသည်။

အမကြီးရေ....
ဒို့ ပြည်သူ ညီစေ
ဧရာဝတီ ကိုတည်စေ။

မြစ်ဆုံရေကာတာ စီမံကိန်း ကိုအကြွင်းမရှိ ကန့်ကွက်ပါတယ်။
ငါ တို့ရဲ့ ဧရာစတီ ရှင်သန်စေရမည်။

nang(jp) said...

stop IrrawaddY Dam project construction immediately.

PhyoPhyo said...

မချော ရေ
ပိုစ့်တွေလိုက်ဖတ်၊ ကွန်မန့်တွေ လိုက်ဖတ်ပြီး ညက်ရေတွေကျကုန်ပြီ။

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

blackroze said...

ဧရာဝတီဆိုတာ
ဘာနဲ့မှလဲလှယ်လို့မရတဲ့အရာပါ..
ဒီစီမံကိန်းကိုလုံးဝကန့်ကွက်ပါတယ်...

ဖတ်ရင်းနဲ့ စိတ်ထဲမကောင်းဖြစ်မိတယ်ချောရေ..
မြစ်ဆုံရေကာတာစီမံကိန်းအား ဖျက်သိမ်းပေးရန်အတွက် ထောက်ခံပါတယ်.
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Nyi Linn Thit said...

မချော သုံးသပ်ထားတာလေး တွေက ရိုးရိုးလေးနဲ့ တန်းကနဲ သိသွားစေတယ်၊ သူတို့ နိုင်ငံကိုကျတော့ အထိမခံဘဲ ဒီဖက်မှာ ရသလောက် လာသဲ့ယူနေတာ ရင်နာဖို့ ကောင်းတယ်၊ အင်းလေ.. သူခိုး ဓားရိုးကမ်းနေ တာတွေကလည်း ရှိနေတာကိုး..၊ မြစ်ဆုံဆည် စီမံကိန်း ကို အကြွင်းမဲ့ ဆန့်ကျင်ကန့်ကွက်ပါတယ်...။

san htun said...

မြစ်ဆုံဆည်စီမံကိန်းအား အကြွင်းမဲ့ ကန့် ကွက်သည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

ဧရာဝတီပို့စ်တွေကို မနေ့ထဲက လိုက်ဖတ်နေတာ အခုထိမပြီးနိုင်သေးဘူး။ ပို့စ်တစ်ခုဖတ်ပြီးတိုင်း ဖတ်ပြီးတိုင်း ပိုပိုပြီးခံစားလာရတယ်။ တကယ်ကိုရင်နာတယ်ချောရေ။ ကိုယ်တွေတောင်ဒီလောက်ခံစားနေရတာ ဧရာဝတီကိုမှီခိုအသက်ရှင်နေကြတဲ့ ဒေသခံတွေဘယ်လောက်များခံစားကြရမလဲဆိုတာ တွေးတောင်ကြည့်လို့မရဘူး။ ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး နေစိမ့်နိုင်ကြသူများကို အံ့သြလွန်းမကကို အံ့သြမိပါရဲ့။ သူတို့နိုင်ငံကျတော့ ထိန်းသိမ်းဖို့ကြိုးစားပြီး သူများနိုင်ငံလာ ယုတ်မာကြတဲ့သူတွေကိုလည်း အမှုန့်ကြိတ်ပစ်ချင်တယ်။ ဧရာဝတီကို တို့အားလုံးရဲ့စုစည်းမှုနဲ့ အမြန်ဆုံးကယ်တင်နိုင်ဖို့ဆုတောင်းပါတယ်ညီမရေ။

ဖတ်၇င်းနဲ့ ငိုချင်လာတယ် ..
အားလုံးဝိုင်းပြီးကန့် ကွက်သင့် ပါတယ်...

ဧရာဝတီအကြောင်းကိုဖတ်မိတိုင်း ၀မ်းနည်းခြင်းနဲ့အတူ ဒေါသတွေက ထွက်ရတယ်။

တိုင်းသူပြည်သားတွေအားလုံး ပိုင်ဆိုင်တဲ့ မိခင်ဧရာဝတီကို ပြည်သူတွေ မသိအောင် တိတ်တိတ်လေး တရုတ်ဆီကို ရောင်းစားဖို့ဆုံးဖြတ်ခဲ့တဲ့ စိတ်ဓါတ်တွေကို အံ့သြလို့မဆုံးဘူး....အကြိုရ ထားတဲ့ဟာတွေကိုလည်း စားဝါးထားပြီးကြလို့ မြေကြီးထဲတောင်ရောက်လောက်ပီ....ဘယ်သူသေသေငတေမာရင် ပြီးရောဆိုတဲ့ဟာတွေ....ပြောရင်းဒေါသထွက်တယ်...

မြစ်ဆုံကို မရောက်ဖူးပေမယ့် ဧရာဝတီကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရင်ထဲက ဧရာဝတီပါ။ ဘာနဲ့မှ လဲလို့မရနိုင်ပါဘူး။ ဘယ်သူ့ကိုမှ ဧရာဝတီရဲ့ရေက ဖြစ်တဲ့အကျိုးအမြတ်ကို မပေးနိုင်ပါဘူး။ ရှင်းပါတယ်။ ကျွန်တော့်ဘလော့မှာ မတင်သေးတာပဲရှိတာပါ။ မြစ်ဆုံစီမံကိန်းကို လုံးဝ ( လုံးဝ )ကန့်ကွက်ပါတယ်။