နေကြာပန်းကလေးများလို....




လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ကျွန်တော်ရယ်၊ ကျွန်တော့်ဇနီးတို့ဟာ ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ မြေအနေ အထားမျိုး ရှိတဲ့ ဒေသက မြို့ငယ်လေးတစ်ခုကို အလုပ်တာဝန်နဲ့ ပြောင်းရွေ့ခဲ့ကြ ဖူးပါတယ်။ ဘယ်လောက်တောင်များ ကြမ်းတမ်း ခက်မာတဲ့ မြေမျိုးလဲဆိုရင် ခြံဝင်းကြီး တစ်ခုလုံးဟာ ဖုန် တစ်ထောင်းထောင်းထနေ တဲ့ မြေပြင် မျိုးဖြစ်ပြီး ထိုးထိုးထောင်ထောင် ကျောက် တုံး ကျောက်ဆောင် တွေကသာ ဖုံးလွမ်းလို့ နေခဲ့ပါတယ်။ ကျွန်တော်တို့ နေအိမ် ကတော့ ခြံဝင်းကြီးရဲ့ ထောင့်နားမှာ ဆောက်ထားတာပါ။ အဲဒီနေရာဟာ လမ်းမထက်ကို မြင့်တဲ့ ကုန်းကလေး တစ်ခု ဖြစ်ပြီးတော့ အိမ်ဘေး လျှောက်လမ်းတစ်လျှောက်မှာတော့ ခြံစည်းရိုး ကာရံထားသလား ထင်ရသလို  ကျောက်တုံး ကြီးငယ်တို့က ဖုံတောထဲမှာ အပုံလိုက် ရှိနေတာဟာ သဘာဝတံတိုင်းပမာ ဆီးကာလို့ ရှိနေခဲ့ပါတယ်။

ကျောက်တုံးကျောက်ဆောင်ကြီးတွေ များပြားလှတဲ့ ကျွန်တော်တို့ရဲ့ ခြံကြီးဟာ  ကျောက်တုံး ဥယျာဉ် ရယ်လို့ ခေါ်ဆိုရလောက်အောင်ကို နေရာလပ်မကျန် ကျောက်ဆောင်ကြီးများသာ ရှိနေခဲ့ပါတယ်။ မြေသားများ ဟာလည်း ခြောက်သယောင်းနေပြီးတော့ သစ်ပင်ဆိုတာ တစ်ပင်မှကို မပေါက်နိုင်သလောက်ပါဘဲ။ ကျွန်တော်တို့ မိသားစုဟာ ကျောက်တုံးတွေ ဖုံတွေကြားက ခြံဝင်းကြီးကို လှပသာယာလာအောင် အစွမ်းကုန် ကြိုးစားမိပါတော့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဟာ ပျိုးပင်ပေါက်တွေ၊ သစ်စေ့လေးတွေ ယူလာပြီး ခြံကြီးထဲမှာ စိုက်ပျိုးကြပါတယ်။ တစ်နေ့ နှစ်ကြိမ် ရေမှန်မှန် လောင်းနိုင်အောင် ကြိုးစားပြီး ကျောက်တုံး တွေကြားမှာ ခက်ခက်ခဲခဲ ပေါက်လာတဲ့ ပန်းပင်လေးတွေ  ဘေးနားက ပေါင်းမြက်တွေ ကိုလည်း အမြဲတမ်း ရှင်းလင်းဖယ်ရှားပေးပါတယ်။ 

ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာတော့ ခြံထဲက ပန်းပင် တော်တော်များများဟာ ခြောက်သွေ့စ ပြုလာခဲ့ပါတယ်။ ရေကို ပုံမှန်လောင်းပေမဲ့ အပူရှိန်က အပင်ငယ်လေးတွေရဲ့ အရွက်တစ်ချို့ကို နွမ်းရော်သွားစေခဲ့ပါတယ်။ အပင်တွေကို အမြဲတမ်း စစ်ဆေးကြည့်ရှုတတ်တဲ့ ကျွန်တော်ဟာ တစ်ရက်မှာတော့  ကျွန်တော်ဟာ ကျွန်တော့်တို့ရဲ့ ကျောက်တုံး ဥယျာဉ်ကြီးရဲ့ အစွန်းဘက်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီခြံထောင့်တစ်နေရာက ကျောက်တုံးတွေကြားထဲမှာ စိမ်းစိုသန်စွမ်းစွာ ပေါက်နေတဲ့
ရှားရှားပါးပါး သစ်ပင်ပေါက်ကလေး တစ်ပင်ကို တွေ့လိုက်ရပါတယ်။ ဒီလောက်တောင် ပူပြင်းတဲ့ အပူရှိန်ကို မမှုဘဲ အပင်လေးဟာ ထူးထူးခြားခြား စိမ်းစိမ်းစိုစိုနဲ့ လန်းဆန်းနေခဲ့ပါတယ်။ သိပ်မကြီးသေးတဲ့ အရွယ်မို့ ဘာပင်ရယ်လို့လည်း ကျွန်တော်ဟာ မခွဲခြားနိုင်ခဲ့ပါဘူး။ သို့သော် သေချာတာက ဒီပင်ဟာ ကျွန်တော်စိုက်ခဲ့တဲ့ သစ်ပင်မဟုတ်ပါဘူး။ အိမ်နဲ့လည်း ဝေးနေတော့ အဲဒီနေရာကိုလည်း အပင်လေးတွေ စိုက်ဖို့ ကျွန်တော် မရည်ရွယ်ခဲ့ဖူးပါ။


ဒါနဲ့ အိမ်ဘက်ကို ပြန်လျှောက်လာပြီး ကျွန်တော့်ဇနီးကို အဲဒီနေရာမှာ အပင်စိုက်ထားသေးလားလို့ မေးပါတယ်။ ကျွန်တော့်ဇနီးကလည်း သူ မစိုက်ကြောင်း ပြန်ဖြေပါတယ်။ ဒီလိုဆို ဒီအပင်လေးဟာ အလေ့ကျ ပေါက်လာတဲ့ အပင်ဖြစ်ပါလိမ့်မယ်။ ဘာပင်မှန်းမသိရတဲ့ အဲဒီအပင်လေးကို ဒီအတိုင်းထားပြီး အပင်လေးကြီးလာတော့မှ ဘာပင်ဆိုတာ ကြည့်ရအောင်ဆိုတဲ့ စိတ်ကူးနဲ့ အပင်စိမ်းစိမ်းလေးကို ဒီအတိုင်း ထားထားလိုက်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ အပင်လေးကို သတိ ရပြီးတော့ ခြံထောင့်ဆီကို ကျွန်တော် လျှောက်လာခဲ့ ပါတယ်။ အပင်လေးဟာ လွန်ခဲ့တဲ့ ရက်တွေတုန်းကလို မဟုတ်တော့ဘဲ ရှည်လျားထောင်မတ်နေပြီးတော့ အပင်ရဲ့ထိပ်မှာတော့ အဖူးလေးပင် ဖူးစပြုနေပါပြီ။ ဒီတော့မှ အဲဒီအပင်လေးဟာ ဘာပင်ဆိုတာ ကျွန်တော် သိလိုက်ရပါပြီ။ နေကြာပင်လေးပါ။ အရွက်တွေဟာ ကြီးမားကာ စိမ်းစိုတောက်ပလို့ နေပြီး ပင်စည်ကနေ အခြား အခက်အလက်တွေ မခွဲထွက်ဘဲ တစ်ပင်ထီးတည်း ထောင်မတ်နေကာ တစ်ပွင့်တည်း ပွင့်တတ်တဲ့ နေကြာပန်းပင်လေး ဖြစ်နေပါတယ်။ ကျွန်တော်ဟာ နေကြာပင်လေး လွပ်လတ် ကျယ်ဝန်းစွာ ကြီးပြင်းလာဖို့ ဘေးဝန်းကျင်က ရှုပ်ရှက်ခတ်နေတဲ့ ကျောက်တုံးကျောက်ခဲတို့ကို ဖယ်ရှားရှင်းလင်းပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ ဒါနဲ့ အနီးနားတစ်ဝိုက်က ကျောက်ခဲကျောက်တုံးတွေကို စတင်ဖယ်ရှားပါတော့တယ်။

အဲဒီမှာဘဲ ကျောက်တုံးတွေကို ရှင်းလင်း ဖယ်ရှားလိုက်တော့မှ ထူးဆန်းတာတစ်ခုကို တွေ့လိုက်ရပါတယ်။ အဲဒါက နေကြာပင်လေးရဲ့ ပင်စည်ဟာ ကျွန်တော်မြင်တွေ့နေရတဲ့ ပင်စည်ရဲ့ အစနေရာကနေ ထွက်တာမဟုတ်ဘဲ ကျောက်တုံးကြီးတစ်တုံးရဲ့အောက်ကနေ နေရောင်ကိုရနိုင်တဲ့ နေရာထိကို ကွေးညွှတ်ပြီး ထွက်လာတာ ဖြစ်ပါတယ်။ ဒီနေကြာပင်လေးကို ကြည့်ပြီး အသိတရားတစ်ခု ရလိုက် တာက သေးငယ်လှတဲ့ နေကြာပန်းလို အပင်ငယ်လေးကတောင် သူ့လမ်းကြောင်းမှာ ရှိနေတဲ့ ကျောက်တုံးကို မမှုဘဲ ကွေ့ပတ်ပြီး ကြီးထွားသန်စွမ်း လာတယ် ဆိုတာကိုပါဘဲ။


Image Hosted by PicturePush - Photo Sharing


နွေရာသီရဲ့ ပူပြင်းဒဏ်တွေကြားထဲကနေဘဲ နေကြာပင်လေးဟာ အဝါရောင် ပန်းပွင့်လေးတစ်ပွင့် လှပငွားစွင့်စွာ လန်းပွင့်လာခဲ့ပါပြီ။ နေကြာပင်လို သစ်ပင်လေးတစ်ပင်ကတောင် ကြီးမားလှတဲ့ ကျောက်တုံးကို ကျော်လွန်ပြီး ကြီးထွားလာနိုင်တယ်ဆိုရင် သစ်ပင်ထက်ခွန်အားကြီးမားပြီး အသိဥာဏ်မြင့်မားတဲ့ ကျွန်တော်တို့လို လူသားတွေကရော ဘဝလမ်းတစ်လျှောက်မှာ တွေ့ရတတ်တဲ့ အခက်အခဲ အနှောက်အယှက်တွေကို ဘာကြောင့်များ မကျော်လွှားနိုင်ရမှာလဲဗျာ။ ပထမဆုံး အရေးကြီးတာက အခက်အခဲတစ်ခုခုကို ကြုံတွေ့လာရရင် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လိုပါတယ်။ “ငါ လုပ်နိုင်ရမယ်၊ ငါဖြစ်အောင် လုပ်နိုင်တယ်” ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုပါ။ သစ်ပင်တစ်ပင် ကြီးထွားဖို့ နေရောင်၊ မြေသြဇာ၊ ရေ စတာတွေ လိုအပ်သလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်နိုင်ဖို့ ဆိုရင် နေရောင်ခြည် ၊ မြေသြဇာ၊ ရေတို့လိုဘဲ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က တကယ်ကို လိုအပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing


အခက်အခဲ ဘယ်လောက်ပင် ကြီးမားပါစေ.. နေကြာပင်လေးက ကျောက်တုံးကြီးအောက်ကနေ ကွေ့ကောက်ပြီး ရှင်သန်လာနိုင်တာကို သတိရသင့်ပါတယ်။ နေကြာပင်လေးဟာ ကျောက်တုံးကျောက်သား အောက်ကနေ ခက်ခက်ခဲခဲ ထွက်ပေါ်လာခဲ့ရပေမဲ့ စိမ်းစိုလန်းဆန်းစွာ ထောင်ထောင်မတ်မတ် ရပ်တည်နိုင်ခဲ့ပါတယ်။ သင်ဟာလည်း မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် ကြိုးစားမယ် ဆိုရင် ကျောက် တုံး အောက်က နေကြာပင်လေး ကနေ ပန်းပွင့်တွေ ပွင့်လာနိုင်သလို သင့်ရဲ့ ရည်မှန်းချက် တွေဟာလည်း ဘယ်လို ပူပြင်းတဲ့ နေရောင်အောက်မှာ ဖြစ်စေ နေကြာပန်း ကလေးများလို ဝင်းဝါ လန်းဖြာနေမှာ မလွဲပါဘူး။




Stand Tall Like The Sunflower by Tony Masiello ကို ဘာသာပြန်ပါသည်။



Image Hosted by PicturePush - Photo Sharing

25 Responses to “နေကြာပန်းကလေးများလို....”

ထူးထူးဆန်းဆန်း နေကြာပင်လေးပါလား ချောရယ်...။ လူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ၊ ရည်မှန်းချက်ပြည့်ပြည့်၀၀နဲ့ ဘ၀တိုက်ပွဲကို ယှဉ်ပြိုင်သင့်တာပေါ့ ချောရယ်။

blackroze said...

ဟုတ်တယ်နော်.မကြီးချော
နေကြာပန်းလေးကို အတုယူပြီး
ကြိုးစားသင့်တယ်..

ဟုတ်ပါ့ ချောရေ ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က တကယ် အရေးကြီးတယ်။ မမေဆို ကိုယ့်ကိုယ်ကိုယ် မယုံကြည်ဘူး (သူများလဲ မယုံပေါင်) ဟီးးးးး
ကိုယ်က အဲဒီလို ကျောက်တုံးကြီးမပြောနဲ့ ကျောက်စရစ်ခဲလေး ရှေ့မှာကာနေရင်တောင် လက်လျှော့မယ့် အစားထဲကလေ :D

ပုံထဲက နေကြာပန်းလေးတွေမြင်ပြီး မစားရတာကြာပြီဖြစ်တဲ့ နေကြာစေ့ စားချင်စိတ်တွေ တဖွားဖွား ပေါက်လာတယ်။ (မနူးညံ့လိုက်ပုံများနော်) :))

rose said...

Nice translation and it really encourages me. Thank you, sis!!

တကယ်ကို ခွန်အားတွေရသွားပါတယ်။ ဘဝမှာ စိတ်ပျက်စရာတွေ တွေ့တိုင်း အတိုက်အခိုက်ခံရတိုင်း စိတ်ပျက်နေခဲ့တာ နေကြာပန်းကလေးလိုပဲ ကွေ့ဝိုက်ကျော်တက်ပစ်လိုက်ဦးမယ်ဆိုတဲ့ စိတ်ကူးလေးရသွားတယ် မချောရေ။

ခင်တဲ့
မေသိမ့်

san htun said...

မချောပို့ စ်လေးက စိတ်ဓာတ်ခွန်အား ရစေတယ်...

Anonymous said...

ညီမချော ရေ

စာလေးဖတ်ရတာ အင်နာဘွန်စီ ၁၀ လုံးလောက် တပြိုင်ထဲ သောက်လိုက် ရသလိုဘဲ

ခင်မင်တဲ့
ရွှေစင်ဦး

ရည်ရွယ်ချက်ကောင်းတဲ့ ပို့စ်လေးပါပဲ မချောရေ... အခက်အခဲမရှိရင် ဘ၀လို့မမည်ပါတဲ့လေ..

ခင်မင်လျက်
နေ၀သန်

AH said...

အရမ်းကောင်းတဲ့ ပိုစ်လေး တစ်ခုပါဘဲ ခင်ဗျာ... :P

Anonymous said...

ရည်မှန်းချက်အောင်မြင်ဖို့အတွက်အရမ်းကောင်းတဲ့စာအရေးအသားပါ မချောပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

Nyi Linn Thit said...

ဒီလိုမျိုး စိတ်ဓါတ်ခွန်အား ပေးတဲ့စာတွေကို မချောရဲ့ ပြေုပစ်ရှင်းလင်းတဲ့ ဘာသာပြန် အရေးအသားနဲ့ ပေါင်းလိုက်တဲ့အခါ ရင်ထဲကို တန်းရောက်သွားတယ်၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သာမန်ဖြစ်စဉ်လေး တွေကနေ ယူတတ်ရင် သင်ခန်းစာ ရစရာတွေ အများကြီးပဲလို့ တွေးနေမိတယ်...။

အားရှိသွားပြီ :)

ဘဝမှာ အခက်အခဲတွေကတော့ ကြုံနေမှာပါပဲ။
ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကို နားလည်တတ်မြောက်ခြင်းကသာ စွမ်းရည်အစစ်အမှန်ပါ။

စိတ်ဓါတ်ခွန်အား ဖြစ်စေတဲ့ပို့စ်လေးပဲမမ...ကျေးဇူးပါလို့...

Anonymous said...

ကြီးပွားမယ့်သူများကျတော့လည်း..
ကြံဖန်ပြီးတော့တောင်..အတုယူတတ်တယ်နော်အစ်မ
အပျင်းကြီးတဲ့..မိစံတို့ကျတော့လည်း
မပုကြွယ်နဲ့ခရုငယ်.အကြောင်း
အထပ်ထပ်သင်ခဲ့ရတာတောင်
တစ်ခုခုဆို..မျက်ရည်က.၀ဲချင်ချင်ရယ်းP
လောလောဆယ်မှာတော့..
မချောရဲ့..စိတ်ဓာတ်ခွန်အားပို့စ်လေးကြောင့်
ဒီနေ့အဖို့..မိစံ..ဘေဘီဗိုက်တာ
သောက်ဖို့မလိုတော့ဘူးရှင့်း))
ချစ်ခင်စွာဖြင့်
မိစံ

Junemoe said...

ခွန်အားတွေရသွားတယ်ဗျာ..။ ကျေးဇူး မချောရေ..။

ခင်မင်စွာဖြင့်
ဂျွန်မိုး

ဆွေလေးမွန် said...

နေကြာပန်းလေးရဲ့ ခွန်အားတွေရသွားပြီ မချော..ရေ..

ဒီလိုပဲ ကုန်းရုန်းထကြတာပေါ့ အစ်မရာ...... ကျနော် တို့ အားလုံး တစ်သက်လုံး ကုန်းရုန်း ထ လာခဲ့ကြရတာပဲ မဟုတ်လားလေ။

အတုယူရပါလိမ့်မယ် မမရေ
ကျေးဇူးပါ အားဆေးပိုစ့်လေးအတွက်း)

mstint said...

စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ပို့စ်လေးပါလား ချောရေ။ ဖတ်သူတို့အတွက် စိတ်ဓာတ်အင်အား တိုးသွားမှာသေချာတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

PhyoPhyo said...

နေကြာပင်လေးကို ဆရာတင်ရမယ်။
ဆရာနေကြာ ပေါ့ :)
မချောရေ .. ဘယ်မှ မလည်နိုင်ဖြစ်နေလို့
ခုမှ သေချာဖတ်ရတယ်။
ဒီပိုစ့်လေးအတွက် ကျေးဇူး charging ဖြည့်တဲ့ ပိုစ့်လေး
ချစ်တဲ့
pp

ညီရဲ said...

ဘယ်လို အခက်အခဲ မျိုးနဲ့ ဘဲ ကြုံကြုံ နေကြားပင်လေး ကျောက်တုံး၊ ကျောက်ခဲတွေ ကြားထဲက ကွေ့ ဝိုက်ထွက်ပြီး ရှင်သန်လာနိုင်တာကို တွေးပြီး အားသစ်ပြန်မွေးပါမယ် အစ်မချော...

နေကြာပင်လို ဖြစ်ဖို့ အတော်လေး ကြိုးစားရဦးမယ်။
ကျောက်တုံးတွေတွေ့ရင် နဲနဲ တုန်လှုပ်တတ်တဲ့ စိတ်ကိုလဲ ပြန်ပြုပြင်ရဦးမယ်။


ခင်မင်လျှက်

Anonymous said...

ဒီ post လေးက တကယ်ကိုပဲ အားဆေးတစ်ခွက်ပါ.. မမချော

နေရောင်အောက်မှာ ခိုင်မာတဲ့စိတ်ရှိတဲ့ နေကြာကိုဥပမာပေးပြီး အားတက်စေတာ ကျေးဇူးပါ။ အားထုတ်ထားမှုကို လေးစားလျက်ပါ.......