ကျွန်မတို့ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖွေကြတာနဲ့ ပတ်သက်လို့ အသေးစိတ် မဟုတ်တောင် အကြမ်းဖျဉ်းတော့ အရင်တုန်းကလည်း ရေးခဲ့ဖူးပါတယ်။ ဖားကန့်ဒေသခံများသာမက မြန်မာပြည် အနှံ့အပြားက လူငယ်လူရွယ်တို့ရဲ့ စိတ်ကူး အိပ်မက်တွေ ဖြစ်မြောက်အောင် ရှာဖွေကြရာ အခန်းကဏ္ဍဟာ ဖားကန့် ရေမဆေး ကျောက်များ ရှာဖွေခြင်း ဟာလည်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ငွေအရင်းအနှီး မလိုဘဲ မြေစာပုံပေါ်မှာ ကျောက်ကောင်း တစ်လုံး တစ်လေလောက် ကောက်ရရုံနဲ့ ငွေဝင်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်း တစ်ခုလည်း ဖြစ်တာကြောင့် ဖားကန့် ဒေသမှာ ရေမဆေးကျောက် ရှာဖွေကြတဲ့ သူတွေ လက်ညိုးထိုး မလွဲလောက်အောင် များပြားလှပါတယ်။ “ နိုင်ငံခြား မထွက်နိုင်ရင် ဖားကန့်တက်” လို့တောင် ပြောစမှတ်ရှိလောက်အောင် စိတ်ကူးတွေကို အောင်မြင်အောင် အကောင်အထည် ဖော်ပေးနိုင်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ သို့သော် လူတိုင်းရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်ပေးနိုင်ရဲ့လား ဆိုတာနဲ့ ရေမဆေးကျောက် ဘယ်လိုများ ရှာကြသလဲဆိုတာ တစေ့တစောင်း လေ့လာကြည့်ရရင်ဖြင့်...
ရေမဆေးကျောက် ရှာသူများ ပွဲတော်တမျှ များပြားလှ
ရေမဆေးရှာဖို့ အားမာန်အပြည့်၊ မျှော်လင့်ချက်အပြည့်နဲ့ ချီတက်နေကြတဲ့ လူငယ်အချို့
ရေမဆေးကျောက် ရှာသူတွေဟာ လုပ်ကွက် အသီးသီးက စွန့်ပစ်တဲ့ မြေစာပုံတွေ ပေါ်မှာ လိုက်လံ ရှာဖွေကြတာ ဖြစ်ပါတယ်… မြင့်မားလှတဲ့ တောင်ကြီးတွေဖြိုဖျက်ပြီးမှ ကျောက်စိမ်းတွေ ရှာဖွေကြမှတော့ အဲဒီဖြိုဖျက်လိုက်တဲ့ မြင့်မားလှတဲ့ တောင်တန်းတွေကထွက်လာတဲ့ မြေကြီးတွေကို စွန့်ပစ်ဖို့နေရာဟာ ဖားကန့်ဒေသမှာ အကြီးအကျယ် လိုအပ်ချက်ဖြစ်လာပါတယ်။ ချောင်းဘေးနားမှာ၊ လူနေအိမ်တွေနားက မြေကွက်တွေမှာ၊ အလွယ်တကူ စွန့်ပစ်ကြတဲ့အတွက် မြေအနေအထား ပြောင်းလဲမှု အများဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်လက လမ်းတွေရှိနေပေမဲ့ နောက်လလောက်မှာ လမ်းတွေ မရှိတော့ဘဲ ကျောက်စိမ်းလုပ်ကွက်တွေကြောင့် ချိုင့်တွေ ကျင်းတွေဖြစ်ကုန်ရတာတွေ၊ ချောင်းနားဘေးက စွန့်ပစ်မြေစာတွေကြောင့် ချောင်းရေစီးဆင်းမှု ပိတ်ဆို့ပြီး မိုးတွင်းအခါမှာ အကြီးအကျယ် ရေကြီးပြီး လူထုတွေ ဒုက္ခရောက်ကြရတာတွေဟာ စာဖွဲ့မကုန်တဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။
ချောင်းဘေးက မြေစာများ
ရေဘေးကာကွယ်ရေးဆိုပြီး ချောင်းကမ်းဘေးတွေမှာ မြေကြီးတွေ အပုံလိုက် အပုံလိုက် လာပစ်ကြပြီး နောက်နှစ်မိုးတွင်းမှာဘဲ ဖားကန့်ဒေသမှာ မကြုံစဖူး ရေကြီး ရေလျှံပြီး များစွာ ဆုံးရှုံးမှုတွေ ဖြစ်ပါတော့တယ်။ မြေကြီးတွေ လာဖို့လိုက်လို့ ချောင်းအရွယ်အစား ကျဉ်းမြောင်းသွားပြီး မိုးရွာလို့ ချောင်းရေတိုးတဲ့အခါ ရေတွေစီးဆင်းဖို့နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတော့တာကြောင့် လူနေ အိမ်ခြေ ရပ်ကွက်တွေထဲ မတန်တဆ ဝင်ရောက်လာကြပါတော့တယ်။ ဒီပြဿနာဟာ လုပ်ကွက်တွေရဲ့ စွန့်ပစ်မြေစာတွေကြောင့် ချောင်းကောပြီး ရေကြီးရတာဖြစ်တာကြောင့် စနစ်တကျ မဖြေရှင်းရင် နောင်နှစ်တွေမှာ ပိုပြီးဆိုးဝါးလာမဲ့ အခြေအနေ ရှိပါတယ်။
ဒီလို မြေစာပုံကြီးတွေမှာ သက်စွန့်ဆံဖျား ကျောက်စိမ်းရှာသူများ
ရေမဆေးကျောက် ရှာဖွေပုံအကြောင်း ဆက်ပြောရမယ်ဆိုရင်
အရင်းအနှီး မရှိသူများအတွက် နေပူပူ မိုးရွာရွာ မြေစာပုံပေါ်မှာ ပင်ပင်ပန်းပန်း ကျောက်စိမ်း ရှာဖွေကြရပါတယ်။ ငွေအရင်း အနှီး ရှိသူများကတော့ ရေမဆေးကျောက် ရှာသူများ ဆီက ကျောက်တွေကို ပြန်ဝယ်ကာ ရေကောင်းကောင်းဆေးပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ပြီးတဲ့အခါ ဖြတ်တန်ဖြတ်၊ အလုံးလိုက် ပြန်ရောင်းတန်ရောင်း စသဖြင့် လုပ်နိုင်ကြ ပါတယ်။ တကယ်လို့များ မသောက်မစားနဲ့ ကြိုးကြိုးစားစားနဲ့သာ ရှာဖွေမယ်ဆိုရင်တော့ အိပ်မက်လေးတွေ လှပလာနိုင်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လူငယ်နဲ့ မူးယစ်ဆေးဟာ ဖားကန့်နယ်မြေမှာတော့ အကြီးအကျယ် စိန်ခေါ်နေတဲ့ ပြဿနာ ဖြစ်နေခဲ့ ပါတယ်။ ရိုးရိုးသားသား မသောက်မစား မသုံးမဖြုန်းရင် ငွေကြေး စုဆောင်းမိနိုင်တဲ့ အလုပ်တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။
အရင်းအနှီး မရှိသူများအတွက် နေပူပူ မိုးရွာရွာ မြေစာပုံပေါ်မှာ ပင်ပင်ပန်းပန်း ကျောက်စိမ်း ရှာဖွေကြရပါတယ်။ ငွေအရင်း အနှီး ရှိသူများကတော့ ရေမဆေးကျောက် ရှာသူများ ဆီက ကျောက်တွေကို ပြန်ဝယ်ကာ ရေကောင်းကောင်းဆေးပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ပြီးတဲ့အခါ ဖြတ်တန်ဖြတ်၊ အလုံးလိုက် ပြန်ရောင်းတန်ရောင်း စသဖြင့် လုပ်နိုင်ကြ ပါတယ်။ တကယ်လို့များ မသောက်မစားနဲ့ ကြိုးကြိုးစားစားနဲ့သာ ရှာဖွေမယ်ဆိုရင်တော့ အိပ်မက်လေးတွေ လှပလာနိုင်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လူငယ်နဲ့ မူးယစ်ဆေးဟာ ဖားကန့်နယ်မြေမှာတော့ အကြီးအကျယ် စိန်ခေါ်နေတဲ့ ပြဿနာ ဖြစ်နေခဲ့ ပါတယ်။ ရိုးရိုးသားသား မသောက်မစား မသုံးမဖြုန်းရင် ငွေကြေး စုဆောင်းမိနိုင်တဲ့ အလုပ်တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။
ရေမဆေးရှာသူတွေ အများစုဟာလည်း လူငယ်တွေဖြစ်တာကြောင့် အပျော်အပါး၊ အသောက်အစား၊ အသုံးအဖြုန်းမက်တဲ့သူတွေ ဒုနဲ့ဒေး ဖြစ်တာကြောင့် မူးယစ်ဆေး သုံးစွဲတဲ့ သူတွေ ပေါများလှတဲ့ နေရာ တစ်ခုလည်း ဖြစ်လာရ ပါတယ်။ ရတဲ့ ကျောက် ကလေးတွေကို ရောင်းချလိုက်ရင် ငွေ လွယ်လွယ် ကူကူ ဖြစ်လာနိုင်တဲ့အတွက် ငွေရှာရ လွယ်ကူတာကြောင့် လွယ်လွယ်နဲ့ သုံးနိုင်ဖြုန်းနိုင်တဲ့ နည်းလမ်းတွေလည်း များပြားလှပါတယ်။ မာဆတ်လို့ ခေါ်တဲ့ အနှိပ်ခန်း သွားမလား၊ ကာရာအိုကေ သွားမလား… မူးယစ်ဆေး ရောင်းချတဲ့နေရာတွေ သွားမလား၊ ညလုံးပေါက်ဖွင့်ထားတဲ့ ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေ သွားမလား စသဖြင့် နေရာတွေလည်း ပေါများလှပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေးနဲ့ မလွတ်ကင်းနိုင်ရင်တော့ အောင်မြင်ကြီးပွားဖို့ဆိုတာ ဝေးလွှင့်သွားတဲ့ အိပ်မက်တွေသာ ဖြစ်သွားနိုင်ပါတယ်. ဖားကန့်ဒေသမှာ နေရာယူ ကြီးထွားနေတဲ့ မူးယစ်ဆေး အကြောင်းကိုတော့ နောက်များမှ အချိန်ယူပြီး ရေးချင်ပါသေးတယ်။
ရေမဆေး ရှာသူတွေထဲမှာ ကျောင်းသားလူငယ်တွေ များစွာ ပါဝင်ကြပါတယ်။ အချို့ကတော့ ကျောင်းပိတ်ရက်မှာ ကျောင်းစရိတ် ရှာလိုတဲ့ ကျောင်းသားတွေ ဖြစ်ပြီး အချို့ကတော့လည်း ပညာရေးလောကကို အပြီးအပိုင် ကျောခိုင်းကာ မျှော်လင့်ချက် စိတ်ကူးတွေများ လှပလာမလားရယ်လို့ ရေမဆေး ကျောက်ကို ပင်ပန်းတကြီး ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ရေမဆေးကျောက် ရှာသူတွေထဲက ငွေရသွားတဲ့ သူတွေ ရှိသလို မူးယစ်ဆေးကြောင့် ဘဝပျက်သွားရတဲ့ သူတွေ၊ အန္တရာယ် များလှတဲ့ တောင်စောင်းလို နေရာတွေမှာ ကျောက် ရှာဖွေတာကြောင့် အပေါ်က ကျောက်တုံး ပြိုကျ၍ သော်လည်းကောင်း၊ ခြေချော်လက်ချော် ဖြစ်လို့ သော်လည်းကောင်း၊ မြေပြို ကျလို့ သော်လည်းကောင်း အသက်ပေး သွားရသူတွေလည်း မနည်းမနော ရှိတတ်ပါတယ်။
မြို့အတွင်းက လူနေအိမ်ခြေအနီးက ချောင်းဘေးမှာ မြေစာလာစွန့်တဲ့ကားတွေပါ။
လုပ်ကွက်တွေက ဘူဒိုဇာ၊ ဘက်ဖိုးတွေနဲ့ တောင်ကြီးတွေကို ဖြိုဖျက် တူးဆွလို့ရလာတဲ့ မြေကြီးတွေ ခုလို မြေသယ်ကားကြီးတွေနဲ့ သယ်လာပြီး ချောင်းဘေး၊ မြေကွက်လပ်၊ တောင်စောင်းစသည်တို့မှာ လာရောက် စွန့်ပစ်လေ့ရှိပါတယ်။ အဲဒီလို မြေကြီးတွေကနေလည်း စစ်ဆေးရှာဖွေသူတွေက မမြင်လိုက်လို့၊ မျက်စိရှန်းသွားလို့ ကျောက်စိမ်းတစ်လုံးစ နှစ်လုံးစ ပါလာတတ်ပါတယ်။ အဲဒီကျောက်တွေကို ရှာဖွေသူတွေကလည်း အသင့်အနေအထားနဲ့ လာရောက်စောင့်ဆိုင်းပြီး ရှာဖွေကြတာပါ။
ကားတွေထွက်သွားပြီးနောက်မှာတော့ ရေမဆေးကျောက် ရှာနေကြသူတွေ စည်ကားလှပါတယ်။
ရေမဆေးကျောက် ရှာသူတွေလက်ထဲမှာ အမြဲတမ်း ကိုင်ထားတတ်တာက စိန်တူလေး တစ်လက်ပါ။ အဲဒီ ထိပ်ဖျားလေး ခပ်ချွန်ချွန်ဖြစ်နေတဲ့ စိန်တူ ဆိုတာလေးနဲ့ မြေစာပုံတွေပေါ်က ကျောက်ခဲလေးတွေကို လိုက်ခေါက်ကြည့်ပြီး ကျောက်စိမ်းနဲ့ ရိုးရိုးကျောက်ခဲကို ခွဲခြားရွေးချယ်ကြတာ ဖြစ်ပါတယ်။ ကျောက်စိမ်းမှန်ရင် ရိုးရိုးကျောက်ခဲနဲ့ အရွယ်စားတူနေပါစေ.. အလေးချိန်ခြင်းကွာခြားပါတယ်။ ကျောက်စိမ်းတစ်လုံးဟာ သိပ်သည်းဆမတူညီတာကြောင့် သာမန်ကျောက်ခဲထက် ပိုလေးပြီး အေးလည်း အေးပါတယ်။ ကျောက်စိမ်းနဲ့ ကျောက်ခဲဟာ အပေါ်ယံအားဖြင့် တူသလိုထင်ရပေမဲ့ သေသေချာချာ လေ့လာကြည့်ရင် ခွဲပြားချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖားကန့်မှာ အနေကြာသွားခဲ့ရင် ကျောက်စိမ်းတစ်လုံးနဲ့ ကျောက်ခဲတစ်လုံးကို ခွဲခြားတတ်မြောက်သွားမှာဖြစ်ပါတယ်။ ကျောက် ကြည့်ဓာတ်မီးနဲ့ ကျောက်ရဲ့ အတွင်းသားကိုလည်း ခန့်မှန်းခွဲခြား ကြည့်ရှုရပြန်တာကြောင့် ကျောက်သမား တို့အတွက် ကျောက်ကြည့် ဓာတ်မီးဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ကျောက်စိမ်းတုံးအကြီးနဲ့ ကျောက်ကြည့်ဓာတ်မီး၊ စိန်တူတို့ဖြစ်ပါတယ်။ အပေါ်က ပုံကတော့ ကျောက်စိမ်းလုံး အငယ်လေးတွေ ဖြစ်ပါတယ်. နှစ်မျိုးစလုံးဟာ မသိသူများအတွက်တော့ ကျောက်စိမ်းလား သာမာန်ကျောက်တုံးလား ခွဲခြားဖို့ ခက်ခဲတတ်ပါတယ်။
စိန်တူတစ်လက်ရဲ့ ထိပ်ဖျားပိုင်းပါ။
အပေါ်မှာ မြင်ရတဲ့ စိန်တူရဲ့ ထိပ်ဖျားလေးနဲ့ ကျောက်ကို ခေါက်ကြည့်လို့ ထွက်လာတဲ့အသံကို နားထောင်ပြီး ကျောက်စိမ်းဟုတ်မဟုတ် ခွဲခြားကြပါတယ်။ ကျောက် ဝယ်သူများကတော့ ကျောက်ကြည့်ဓာတ်မီး အကူအညီနဲ့လည်း အကဲဖြတ်ကြပါတယ်။ ကျောက်ကြည့်ဓာတ်မီးဟာ တန်ဖိုးကို လိုက်ပြီး အရည်အသွေး ကောင်းမကောင်း ကွဲပြားသွားပါတယ်။ သာမန် ရေမဆေး ရှာသူများအနေနဲ့တော့ ကျောက်ကြည့်ဓာတ်မီးကို မဝယ်နိုင်ကြပါဘူး။ နေ့ရော ညပါ မြေကြီးတွေကို တူးဆွပြီး ကျောက်စိမ်းတူးနေကြတဲ့ ကုမ္ပဏီ လုပ်ကွက်တွေဟာ နေ့ခင်းဘက်မှာလည်း မြေစာစွန့်ပစ်ကြသလို ညဘက်မှာပါ မြေစာ စွန့်ပုံကြတဲ့အခါ ရေမဆေးကျောက် ရှာဖွေတဲ့ သူတို့ဟာ ညသန်းကောင်မှာလည်း မြေစာအသစ်တွေမှာ သူများထက်ဦးအောင် ဓာတ်မီး ကိုယ်စီနဲ့ ကျောက်ရှာကြ ပြန်ပါတယ်။
ရေမဆေးဆိုတဲ့ သဘောတရားက စွန့်ပစ်ထားတဲ့ မြေစာပုံတွေမှာ ရှာဖွေလို့ ရလာတဲ့ ကျောက်တွေကို ကျောက်စိမ်းဝယ်တဲ့ ဝယ်လက် (လောပန်း) တွေဆီ ရေမဆေးဘဲ မြေကြီးတွေ ပေနေတဲ့ အနေအထား အတိုင်း ရောင်းချကြတာ ဖြစ်တာကြောင့် ရေမဆေးကျောက်လို့ ခေါ်ကြပါတယ်။ အဲဒီလို ရောင်းချကြတဲ့ သူတွေက ဈေးကောင်း သိပ်မရကြပါဘူး။ ဘာကြောင့်များ ရေမဆေးဘဲ ရောင်းချကြတာလဲ . မိမိကိုယ်တိုင် ဆေးကြောပြီးမှ ရောင်းချပါလားလို့ မေးစရာရှိပါတယ်။ ရေမဆေး ရှာကြသူတွေဟာ ငွေကြေး အရင်းအနှီး မရှိတာကြောင့် တစ်နေ့လုပ် တစ်နေ့စားကြရသူတွေ များသလို၊ ကျောက်ကို ရေမဆေး ထားတဲ့အခါ သေသေချာချာ မမြင်နိုင်ဘဲ ခန့်မှန်းပြီး ရောင်းဝယ်ကြရတာ ဖြစ်ပါတယ်။ ဝယ်သူကလည်း ကောင်းမယ် ဆိုးမယ်ဆိုတာ မသိနိုင်ဘဲ ဝယ်တာ ဖြစ်လေတော့ ရေမဆေး ရှာဖွေသူများဟာ သူတို့လို မစွန့်စားရဲကြပါဘူး၊ ရတဲ့ကျောက်ကလေးကို ရတဲ့ ဈေးနဲ့ ရောင်းချလိုက်ကြတာ များပါတယ်။ ဒါကြောင့် ကျောက်အောင်တယ် ဆိုတာလည်း ပြန်ဝယ်ပြီးမှ ရောင်းသူတွေကသာ မြိုးမြိုးမြက်မြက် ရတတ်ကြပါတယ်။ အချို့ရေမဆေးကျောက် ရှာဖွေသူတွေဆီကနေ ဝယ်ယူရရှိတဲ့ ကျောက်တွေထဲမှာ Emporium ( ကျောက်မျက်ပြပွဲ) တင်နိုင်တဲ့ အထိ ကောင်းမွန်တဲ့ ကျောက်ကောင်းတွေ ပါလာတတ်ပါတယ်။ ရောင်းချကြ သူတွေက သိန်းရာပိုင်း၊ ထောင်ပိုင်းအထိ ( ယူရိုများစွာ ) ရရှိတတ်ကြပါတယ်။
ပြပွဲတင် တန်ဖိုးကြီးအရည်အသွေးကောင်း မြန်မာ့ကျောက်စိမ်း
အချို့ကလည်း ကိုယ့်လက်ထဲကနေ အဆင့်ဆင့် ရောက်ပြီးကာမှ အခြားသူလက်ထဲရောက်မှ သိန်းထောင်ပေါင်းများစွာ တန်သွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဖားကန့်ရတနာမြေနဲ့ ပတ်သက်ပြီး ကျောက်စိမ်းပုံပြင်တွေ များစွာ ရှိခဲ့ဖူးရာ နောင်ကိုလည်း ပုံပြင်များစွာ ပေါ်ထွက်နေဦးမှာပါ။ ကံတရားနဲ့ဆိုင်တယ်လို့ ယူဆကြတဲ့ ရတနာ ရှာဖွေတဲ့လုပ်ငန်းမှာ ကျောက်အောင်ဖို့ လွယ်သလို၊ ရှုံးဖို့လည်း လွယ်လှပါတယ်။ သို့သော် ကံတရားနဲ့ မဆိုင်တဲ့ မူးယစ်ဆေးဝါးလို ကိစ္စမျိုးကတော့ မိမိကိုယ်ကို ထိမ်းသိမ်းမှသာလျှင် သူဌေးဖြစ်နိုင်ဖို့ မျှော်လင့်ချက် ရှိပါတယ်။ မဟုတ်လို့ ကတော့ ရတနာမြေကို ကျောက်စိမ်းရှာဖွေဖို့ ရောက်လာခဲ့ပြီးမှ ဆေးသမားအဖြစ်နဲ့ အရှုံးပေးလိုက်ရတဲ့ သူတွေစာရင်းမှာ ပါဝင်သွားခဲ့ရင်ဖြင့် တစ်ဘဝစာပါ ဆုံးရှုံးရမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြရင်း ဖားကန့်ဒေသ အကြောင်းများကို မကြာခင်မှာ နောက်ထပ်ရေးသားဖို့ ရှိပါသေးတယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ပိုစ့်လေးကို နိဂုံးချုပ်လိုက်ပါတယ်ရှင်။
29 Responses to “ဖားကန့်ရတနာမြေက ရေမဆေးကျောက်ရှာပုံတော်”
တစ်ခေါက်တစ်ခါတော့ အလည်လာဦးမယ် ဖားကန့်ရယ်...မြန်မာပြည်က လက်လုပ်လက်စားတွေထဲကမှ (အချို့) ငတုံးတော်တော်များများဟာ...ရှာလိုက် ဖြုန်းလိုက်နဲ့...သက်တမ်းကုန်တဲ့အထိ အချည်းအနှီး နေသွားတဲ့..ဘ၀ သမားတွေများကြတယ်လို့ ထင်ပါတယ်... တစ်ကယ်သာ ရိုးသားကြိုးစားရိုးမှန်ရန် ( အစိုးရလည်း သမာသမတ်နဲ့ အမြော်အမြင်ရှိရင်) ဒီတိုင်းပြည် ဟာ ရိုက်ချရင်တောင် သူများတိုင်းပြည်အောက်မရောက်ဘူးဆိုတာ သွေးဖောက်ပြလိုက်ချင်စမ်းတယ်။
ဖားကန့်အကြောင်း နောက်ခံဝတ္ထု (နုနုရည် အင်းဝ ရေးတာထင်တယ်) ငယ်ငယ်က ဖတ်ဖူးတယ်။
မူးယစ်ဆေးဝါးတို့ ဒုစရိုက်တို့ ငှက်ဖျားတို့နဲ့ တွဲပြီး သိနေခဲ့တဲ့ ဖားကန့်ကို ခုမှပဲ ပုံနဲ့တကွ သေချာ မြင်ရတော့တယ်။
အဲဒီလိုတွေ ရှာရဖွေရတာကိုး ... မလွယ်ပါလားနော်။ သူတို့ရောင်းလိုက်တဲ့ ရေမဆေးတဲ့ ကျောက်တွေ အောင်သွားတော့လဲ သူတို့ခမျာ ဘာမှခံစားခွင့် ရရှာမှာ မဟုတ်ဘူး။
အဲဒီလို ပို့စ်လေးတွေ စုပြီး စာအုပ်ထုတ်ဖို့ ချောကို အကြံပြုပါတယ်။
မိုးကောင်းအထိပဲရောက်ဖူးပြီး ဖားကန့်ကိုတစ်ခါမှမရောက်ဖူးသေးဘူး။ ဖားကန့်ဆိုတာ ဘယ်လိုပုံလဲဆိုတာ နည်းနည်းတော့ စိတ်ထဲပေါ်လာတယ်။ မြေစာပုံတွေကတော့ မြို့ပြင်ဖက်မှာ တောင်လိုတောင်ဖြစ်နေရောပေါ့နော်။ ရေမဆေးကျောက်ရှာတဲ့လူတွေလည်း လုပ်ကိုင်စားရတာ မလွယ်ပါလားနော်။ အဲဒီမှာ ဆေးဝါးဘာညာကလည်း ပေါတော့ မူးယစ်ဆေးဝါးကိစ္စကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းသိမ်းမှရမှာပေါ့လေ။ မချောရေ ဗဟုသုတတွေ အများကြီးရသွားပါတယ်ရှင်။
ခင်တဲ့
မေသိမ့်
ဖားကန့်မြို့
စည်းနဲ့တစ်ကျလုပ်သင့်ပါပြီ
မြန်မာတွေက ဧရာဝတီထိမှာ ငိုတတ်ကြတယ် အပြောခံရသလို
မဖြစ်အောင်ပေါ့။
အရင်က ဇတ်ကားတွေမှာ ကျောက်စိမ်းအကြောင်းတွေ ကြည့်ဖူးတော့ ဖားကန့်မှာလား ဘယ်မှာလားမသိ ကောက်ကြတာတွေ့ရတာ ငှက်ဖျားတွေ ဖြစ်လို့ သေကြတဲ့သူတွေလိုမျိုးတွေကော ပါတဲ့ အခန်းတွေ ။
မပြည့်စုံတဲ့ သူတွေအဖို့တော့ စိတ်ကူးယဉ် အိပ်မက်တွေကလည်း တော်တော်ကြီး နေရာယူတတ်ကြတာပဲ လူအုပ်ကြီးကို ကြည့်ပြီး အိပ်မက်တွေ ပြည့်စုံပါစေလို့ ဆုတောင်းမိပါရဲ့။
ဖားကန့် ကို သွားချင်တယ်.ဓါတ်ပုံ တွေ ရိုက်ထားတာ တော် တော် ကောင်း တယ်။ သွားလည် ချင် အောင် ဆွဲဆောင်နေတယ်. သွားချင်တယ်.. ရက် ပေါင်း ဘယ်လောက် ပေး ရ ပါ သလဲ.. မကြာ ခင် ရက် အတွင်း မြန်မာ ပြည် ပြန် လည် မို့ မေးတာပါ.
ရေမဆေးကျောက်အကြောင်း ဗဟုသုတတွေအတွက် ကျေးဇူးပါ ချွေးမရေ။
ဓာတ်ပုံတွေအားလုံး နောက်တစ်ခေါက်ဝင်ကြည့်မယ် အခုစုစုပေါင်း ၉-ပုံပဲမြင်ရသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လာဖတ်သွားပါတယ်ဗျာ
ဗဟုသုတလေးပါပဲ..။
စိတ်ဝင်စားဖို့ကောင်းတယ်.... မချောရေ... ဖားကန့်ကတော့ နာမည်ကြီးပဲ....း))..
ခင်မင်လျက်
နေ၀သန်
ဖားကန့်မှာ အလုပ်လုပ်တဲ့အကြောင်းကို ကြားရုံပဲကြားဖူးနေတာပါ. ခုဓါတ်ပုံလေးလည်း တွေ့ရတယ်။ ကျောက်တူးတဲ့သူတွေအတွက် ဆိုထားတဲ့ သီချင်းလေးတပုဒ်ကိုတောင် သတိရလိုက်တယ်.(တကယ်တော့ ကျောက်တူးသမားများဟာ လောပန်လောင်းတွေပါး) ဖားကန့်ကို လာပြီး လေ့လာချင်ပါသေးတယ် အဲဒီအခါ မချောလိုက်ပို့ပေး..
ချစ်တဲ့
သဒ္ဓါ
အောင်မလေး မြေပုံများပြိုကျရင်တော့လား ချစ်မရယ်
မတွေးရဲစရာပါလားနော်း(
ဗဟုသုတအများကြီးရတဲ့အတွက် ကျေးဇူးပါခင်ဗျာ... ကျောက်စိမ်းတွေကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်..... :)
ဖားကန့် က နံမည်ကြီးသလို
ဖားကန့် သွားတဲ့ ရထားလမ်းက ချောက်ကလည်း နံမည်ကြီးတယ်နော်။
ကျောက်ကောက်တာ အန္တရာယ်ကြီးတယ်လို့ တော့ ကြားဘူးသား၊ တချို့ ဆို သေတောင်သေကြတယ်တဲ့။ ဓါတ်ပုံနှင့် မြင်ရတော့ ပိုသိသွားရတာပေါ့။
ရေမဆေးကျောက် အကြောင်း တစ်နေနရာမှာ ဖတ်ခဲ့ဖူးတယ် အစ်မ။ သိပ်ကို စိတ်ဝင်စားဖို့  ကောင်းပါတယ်။ ရန်ကုန်မှာ လူငယ်တွေ ဖားကန့် တက် သွားပြီး တောက်ပြောင်ပြီး ပြန်လာကြ သူများ ရှိသလို အစ်မပြောသလို ဆေးစွဲ လေးလုံး ကိုက်၊ ငှက်ဖျားနဲ့  ရူးကြောင်ကြောင် ဖြစ်ပြီး ပြန်ရောက်လာ ကြသူတွေလည်း ဒုနဲ့ ဒေးပါပဲ။
ဘာပဲ ဖြစ်ဖြစ် သယံဇာတတွေကို နင်းကန် တူးဆွနေတဲ့  အလုပ်ကို အစိုးရကနေပဲ ရပ်တန့်  အောင် ကြိုးစားဖို့  တတ်နိုင်ပါလိမ့်မယ်။ လုပ်နိုင်ကြပါစေ။ ဖားကန်မြေ မြန်မာပြည် မြေပုံပေါ်က ပျောက် ကွယ် မသွားဖို့  ဖြစ်လာပါစေသား။
ဖားကန့်မှော်အကြောင်းရေးထားတာကိုဖတ်ရတာအရမ်းစွဲဆောင်မှု့ရှိပါတယ် ဖားကန့်မှော်အကြောင်းရေးထားတဲ့ပိုစ့်တွေစုပြီးစာအုပ်ထုတ်ပါမချောရေ အားပေးနေပါတယ်ခင်ဗျာ
ချောရေ...
ပုံတွေက ကောင်းလိုက်တာ...
အခုလို အကြီးအကျယ် အုံနဲ့ကျင်းနဲ့ ကျောက်ရှာဖွေသူတွေ ရှိနေတာ အခုမှ သိမြင်ရတယ်..။ မျှော်လင့်ချက်တစ်ခုအတွက် လာရောက်အလုပ်လုပ်နေကြသူတွေပေါ့နော်..။ဗဟုသုတရတယ်..။ တအံ့တသြဖြစ်ရတယ်။ ဘေးမသီရန်မခပဲ သဘာ၀၀န်းကျင်ကို မထိပါးဘဲ ရှာဖွေနိုင်ကြရင် ပိုကောင်းမှာ..။
ထိုင်ရာမထဘဲ ဗဟုသုတရစေတဲ့ တန်ဖိုးရှိတဲ့ ပို့စ်လေးပါ။
စာဖတ်သူတွေအတွက် များစွာအကျိုးရှိစေပါတယ်။
ဗဟုသုတတွေအများကြီးပဲအစ်မရေ
အခွင့်ကြုံရင်တော့..တစ်ခေါက်လောက်
ရောက်ဖူးချင်ပါရဲ့ရှင်
ကိုယ်တိုင်ရှာသူအနေနဲ့ဖြစ်ဖြစ်ပေါ့း)
ကျောက်အောင်ရင်တော့. (ဟဲ..ဟဲ) :P
ဓာတ်ပုံထဲမှာတော့..ပျော်နေကြတာတွေ့ပေမယ့်
အပြင်မှာတော့ အရမ်းပင်ပန်းနေမှာပဲနော်အစ်မ
အန္တာရာယ်ကင်းကင်း၊လုံလုံခြုံခြုံနဲ့
နေ့ချင်းညချင်း.လော်ပန်ပေါက်စများ
မြန်မြန်ဖြစ်နိုင်ကြပါစေ...
ချစ်ခင်စွာဖြင့်
မိစံ
လူတွေကြောင့်ပဲ သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးရတယ်ဆိုတာ သိပ်မှန်တာပဲနော် ။
ဒါပေမဲ့ ဖားကန့်ကတော့ တခေါက်လောက်ပဲ ဖြစ်ဖြစ် ရောက်အောင်သွားကြည့်ဖူးချင်တဲ့နေရာ တခုပါ ။
ချော ဆီကနေ သိမှတ်စရာတွေ အများကြီးအမြဲရတဲ့အတွက်ကော လူအရောက်ပေါက်နည်းလွန်းတဲ့ အိပ်မက်ချယ်ရီကို ရောက်အောင်လာခဲ့တဲ့အတွက်ကော ကျေးဇူးနော်း))
အဲဒီဖားကန့်ကိုလာပြီး ကျောက်တူးရင်ကောင်းမလား..လောပန်းတစ်ယောက်ဖြစ်နိုင်ကောင်းပါရဲ့၊ အင်း... သင်္ကန်းဝတ်နဲ့ပဲ ကောင်းမယ်ထင်ပါတယ်လေ...
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အဲဒီဖားကန့်ကိုလာပြီး ကျောက်တူးရင်ကောင်းမလား..လောပန်းတစ်ယောက်ဖြစ်နိုင်ကောင်းပါရဲ့၊ အင်း... သင်္ကန်းဝတ်နဲ့ပဲ ကောင်းမယ်ထင်ပါတယ်လေ...
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အမကြီးရေ.....
တကယ်သာ ရိုးရိုးသားသားနဲ့ ကြိုးစားကြမယ်ဆိုရင်
အဲဒီမြေမှာ ကြီးပွားကြမယ်ထင်တယ် မူးယစ်ဆေးဝါး
အသောက်အစား လောင်းကစား တို့များဖက်လာရင်တော့
ဘယ်လိုလူမှ မကြီးပွားနိုင်ပါဘူး ဘယ်လောက်လုပ်လုပ်
အလကားပါပဲ တိုးတက်ကြီးပွားခြင်းတွေမှာ ရိုးသားကြိုးစားခြင်ကသာ အဓိက အခြေခံပါ
နောက်များဆိုရင်တော့ ဖားကန့်ကို ရောက်အုံးမယ်ထင်တယ်ဗျာ။
အမရေ....
ကျွန်တော့်ဘလောက်ဒ်က ၀င်ပြီးရေးလို့မရတော့လို့
ဘလောက်ဒ်တခု ထပ်ပြီးဖွင့်လိုက်ရတယ်ဗျာ။
(မင်းဧရာ)
ရေမဆေးကျောက်အကြောင်း ဒေါ်ချောတစ်ခါကရေးထားတာ နည်းနည်းတော့ ဖတ်ဖူးတယ်...ဒီတစ်ခါတော့ စုံစုံလင်လင်ရေးထားလို့ ၀မ်းမြောက်ဝမ်းသာနဲ့ ဖတ်သွားပါတယ်...ခပ်ငယ်ငယ်က မဂ္ဂဇင်းတစ်ခုမှာ “ ချမ်းသာချင်လို့ စိမ်းမှစိမ်းဆိုတဲ့ဖားကန့်မြေကို ထွက်လာခဲ့ကြတာ သူငယ်ချင်းတွေနဲ့ သူစိမ်းတွေဖြစ်ကုန်ပြီ...အစိမ်းသေ မသေရစ်တာဘဲ ကျေးဇူးတင်ရမယ် ” ဆိုတဲ့ စာသားကို သွားသတိရမိပါရဲ့...
ရေမဆေးကျောက်ရှာတဲ့ နေရာမှာတော့ စကိုင်းနက်နဲ့ပါကလား...အင်း ငွေကို အဲဒီလို ခပ်လွယ်လွယ်ရနိုင်တဲ့ ဒေသဖြစ်ပြန်တော့ ကလေးတွေရဲ့ ပညာရေးအခြေအနေနဲ့ စာရိတ္တပိုင်းကို တွေးမိရင်း ရင်လေးသွားရပြန်ပါပေါ့လား...
ဖားကန့်ဒေသမှာ နံမည်ကြီးလှတဲ့ မူးယစ်ဆေးဝါးအကြောင်းလည်း ရေးဖို့တိုက်တွန်းပါသဗျား...လုံးခင်၊ တောမှော်၊ ဟောင်ပါးတို့ဒေသတွေမှာလည်း ဒီလိုပဲလားဆိုတာလည်း သိချင်လှပါရဲ့...
သိလိုသမျှကို ရေးပေးနေတဲ့ ဒေါ်ချောတစ်ယောက် အေးအေးဆေးဆေး စာရေးနိုင်ဖို့ ဒီတစ်သက် အိမ်ထောင်မကျပါစေနဲ့ဗျား...( ဆုဆိုတာ ကိုယ်လိုတာကိုပဲ တောင်းရတာ မဟုတ်လား...;D )
ဖားကန့် မှော်ဆိုပြီး ကြားဖူးနေတာ ခုမှပဲ မြင်ဖူးတော့တယ်...ဖားကန့် မှာ နေတဲ့ အမတယောက်လည်း ပြောဖူးတယ်..လမ်းသွားနေရင် တောင်တွေပြို၊ ကျောက်တူးရင် မြေပြို၊ မူးယစ်ဆေးတွေနဲ့  အန္တရာယ်များတယ်..ငွေရှာရလွယ်တယ်လို့  ကြားဖူးတယ်..ဆက်ရေးပါဦး မချော..စိတ်ဝင်စားဖို့  အရေမ်းကောင်းတယ်...
လိုချင်တာအကုန်ရတဲ့မှော်မြေ မသွားရဲပေါင် အလုပ်ကလွှတ်မယ်ဆိုတုန်းကတောင် အလုပ်ထုတ်ထုတ် မသွားဖူးငြင်းခဲ့တယ် လမ်းစရိတ်တင် သိန်းကျော်ကုန်တဲ့နေရာမျိုး
ဘာတဲ့ ပြန်လာတဲ့သူတွေပြောပြတာ
ဖားမြေကိုဖြတ်၍ စိုင်းတောင်ကိုကျော်မည်ဆိုလား
း)
အလည်ပတ်တော့သွားချင်သား
မောင်ဘကြိုင်
လိုချင်တာအကုန်ရတဲ့မှော်မြေ မသွားရဲပေါင် အလုပ်ကလွှတ်မယ်ဆိုတုန်းကတောင် အလုပ်ထုတ်ထုတ် မသွားဖူးငြင်းခဲ့တယ် လမ်းစရိတ်တင် သိန်းကျော်ကုန်တဲ့နေရာမျိုး
ဘာတဲ့ ပြန်လာတဲ့သူတွေပြောပြတာ
ဖားမြေကိုဖြတ်၍ စိုင်းတောင်ကိုကျော်မည်ဆိုလား
း)
အလည်ပတ်တော့သွားချင်သား
မောင်ဘကြိုင်
ဆိုင်းတောင်နဲ့မှားလို့း)
အရာရာဟာ သိပ်ကိုပြောင်းလဲသွားခဲ့ပြီ။ ရတနာမြေဆိုတဲ့ နာမည်က လှပနေပေမဲ့ သူဘဝကတော့ အရမ်းကို အရုပ်ဆိုနေခဲ့ပြီပေါ့ ချောရေ...။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်။။
နောက်ထပ် နှစ်ပေါင်း 100 ထိပြန်ပြုပြင်အုံးတော့လည်း နကိုအတိုင်း မဖြစ်နိုင်တော့ဘူး... အပျိုစင်ဘဝလေးဆုံးရှုံးသွားခဲ့ပြီ.....။။
မိုးကောင်းနဲ့ဖားကန့်းက မနက်၉ ထွက် .ည၇ နာရီရောက်၏.
Post a Comment