ကျွန်မတို့ဟာ မိမိရဲ့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ် နေ့စဉ် အချိန်ကုန်နေရာကနေ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံလို၊ ဥယျာဉ်လို နေရာမျိုးတွေ၊ ဒါမှမဟုတ် သစ်ပင်တွေ၊ အစိမ်းရောင် ရှုခင်းတွေ ပေါတဲ့ တောင်ပေါ်မြို့တွေလို နေရာတွေကို ရောက်သွားတဲ့အခါ စိတ်ဖိစီးနေတာတွေ၊ ပန်ပင်း နွမ်းနယ်နေတာတွေ ပြေပျောက် လန်းဆန်းသွားတာကို ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ ဒါဟာ အစိမ်းရောင် ရှိတဲ့ သစ်ပင်တွေ၊ တောတောင်တွေရဲ့ စွမ်းအားကြောင့်ပါဘဲ။ အစိမ်းရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင် ချမ်းမြေ့စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ်သင့်သလို အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်းဆိုတဲ့ စကားလုံးနဲ့ အနည်းငယ် စိမ်းနေကောင်း စိမ်းနေပါလိမ့်မယ်။ သို့သော်လည်း အကြောင်းအရာကတော့ လူတိုင်း သိပြီးသား အကြောင်းအရာသာ ဖြစ်ပါလိမ့်မယ်။
အစိမ်းရောင်လေ့ကျင့်ခန်းက တစ်ခြားမဟုတ်ပါဘူး.. မိမိအနီးနား ဝန်းကျင်တွေမှာ ရှိတတ်တဲ့ ပန်းခြံ၊ သစ်ပင်တောအုပ်၊ ဥယျာဉ် စတဲ့ သဘာဝနဲ့တူအောင် ပြုပြင်ထားတဲ့ အပင်စိမ်းစိမ်းတွေ ရှိတတ်တဲ့ ပတ်ဝန်းကျင်မှာ ငါးမိနစ်ခန့်မျှ ဖြစ်စေ အနားယူ အပန်းဖြေတာမျိုး၊ ကိုယ်လက်လှုပ်ရှား လုပ်ပေးတာမျိုးနဲ့ အပင်လေးတွေကို ပြုစု စောင့်ရှောက်တာမျိုးကို အစိမ်းရောင် လေ့ကျင့်ခန်းလို့ ဆိုပါတယ်။ သင်ဟာ စိတ်ရော ကိုယ်ပါ မျှမျှတတ ကျန်းမာချင်တယ်ဆိုရင် ကိုယ်ခန္ဓာလေ့ကျင့်ခန်းအပြင် အိမ်အပြင်ဘက်က စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ တစ်နေ့ကို ၅မိနစ်ခန့်တော့ မဖြစ်မနေ အချိန်ပေး နေထိုင်သင့်တယ်လို့ ပညာရှင်များက အကြံပြုကြပါတယ်။ လေ့လာဆန်းစစ်ချက်များအရ စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်တွေရှိရာ ပန်းခြံ၊ ဥယျာဉ်၊ တောတောင်၊ သစ်တောတို့မှာ ငါးမိနစ်ခန့် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်း၊ သီးပင်စားပင်၊ ပန်းအလှပင်များ စိုက်ပျိုးပြုစုခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ ကိုယ်လက် လှုပ်ရှား ပြုလုပ်ခြင်း၊ မြစ်ချောင်း၊ ရေကန်တို့မှာ ငါးမျှားခြင်း စသည်တို့ကို ပြုလုပ်ပေးပါက စိတ်ရဲ့ ကျန်းမာကြံ့ခိုင်ရေးကို အထူးဘဲ ကောင်းမွန် တိုးတက်စေနိုင်တယ်လို့ Environmental Science and Technology မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
ပန်းပင်၊ သီးပင်ပြုစုပျိုးထောင်ခြင်း
စက်ဘီးစီးခြင်း
လမ်းလျှောက်ခြင်း
မြင်းစီးခြင်း
စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အိမ်၊ ခန်းမ စတဲ့ နေရာအတွင်းမှာ လေ့ကျင့်ခန်း လုပ်တာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အစိမ်းရောင် လေ့ကျင်းခန်းကို ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုနဲ့ စိတ် မကြည်မလင် ညစ်နွမ်း နေတာတွေကိုပါ လျော့ပါးသက်သာ စေနိုင်တာကြောင့် အစိမ်းရောင် လေ့ကျင်းခန့် ပြုလုပ်တဲ့ အလေ့အထကို ပြုစု ပျိုးထောင်သင့်ပါတယ်။ မိမိအိမ် ခြံဝင်းတွင်းမှာသော်လည်းကောင်း သို့မဟုတ် အနီးတစ်ဝိုက်က အစိမ်းရောင် ရှုခင်းများ၊ သစ်ပင်များရှိရာ နေရာတို့မှာ သော်လည်းကောင်း အဆင်ပြေတဲ့ နေရာမှာ အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်နိုင် ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်း ပြုလုပ်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင် အနေ အထားဟာ ဘေးပတ်ဝန်းကျင်မှာ ရေကန်၊ ရေအိုင်၊ မြစ်ချောင်း စသည်တို့ရှိပါက ပိုပြီး ထိရောက် ကောင်းမွန်တယ်လို့လည်း ပညာရှင်များက အဆိုပြုကြပါတယ်။ ပင်လယ် ကမ်းခြေဟာလည်း ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။
ငါးမျှားခြင်း
တောင်တက်ခြင်း
အစိမ်းရောင်ပေါများတဲ့ သဘာဝပတ်ဝန်းကျင်၊ မြစ်ချောင်း၊ ရေအိုင်၊ ပင်လယ် ကမ်းခြေတို့မှာ ရှိနေတဲ့ လေထုဟာ လူနေ အိမ်ခြေ ထူထပ်တဲ့နေရာ၊ မိမိနေထိုင်တဲ့ တိုက်ခန်းလိုနေရာ၊ ကား အသွားအလာ ရှုပ်ထွေးတဲ့ နေရာတွေထက်စာရင် အများကြီး သန့်စင်နေမှာ ဖြစ်တဲ့အတွက် အဲဒီလို နေရာတွေမှာ လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့်လည်း အဆုပ်ကို သန့်ရှင်းတဲ့လေတွေ ပိုမို ဝင်ရောက်ခွင့်ရတဲ့အတွက် အဆုပ်ရဲ့ကျန်းမာရေး ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ အဲဒီလို ပင်လယ်ကမ်းခြေနဲ့ ရေကန်ရေအိုင်တွေရှိတဲ့ ပတ်ဝန်းကျင်၊ အစိမ်းရောင် သစ်ပင်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေထိုင်လေ ကျန်းမာရေးအတွက် အကျိုးရှိလေဖြစ်သော်လည်း သင့်အတွက် အချိန်အများကြီး မဟုတ်တောင် ၅မိနစ်လောက် သွားလာ နေထိုင် လှုပ်ရှားယုံနဲ့တင် စိတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် လုံလောက် မျှတစေနိုင်တယ်လို့ ဆိုပါတယ်။
အစိမ်းရောင် ပတ်ဝန်းကျင်
မိမိအိမ်တွင်း၊ တိုက်ခန်း၊ စသည်တို့ရဲ့ အတွင်းထဲမှာသာ အမြဲတမ်း နေထိုင်သူများ၊ တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်တတ်သူများ၊ ရယ်ဒီမိတ် အစားသောက်ကိုသာ အများအားဖြင့် စားသောက် တတ်ကြသူများထက် သဘာဝပတ်ဝန်းကျင် သစ်ပင်တောတောင်၊ ရေချောင်း၊ ရေကန်၊ ပင်လယ်ကမ်းခြေ စသည်တို့မှာ နေထိုင်သူများ၊ အုပ်စုအဖွဲ့များ၊ အပေါင်းအသင်း မိတ်ဆွေများဖြင့် လှုပ်ရှားသွားလာ တတ်ကြသူများ၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်တို့ကို စားသောက်တတ်ကြသူများဟာ ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။
ဥယျာဉ်ခြံစိုက်ပျိုးခြင်း
အချိန်မရှိလို့၊ အလုပ်များလို့ စသဖြင့် ဆင်ခြေပေးကောင်း ပေးကြပါလိမ့်မယ်။ အချိန်များများ မဟုတ်ပါဘူး။။ ငါးမိနစ်လောက် နေ့စဉ်အချိန်ပေးပြီး အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။ သင့်ရဲ့ စိတ် အခြေ အနေဟာ သိသိသာသာ တိုးတက် ကောင်းမွန်လာပါလိမ့်မယ်။ ဥပမာ ရုံးကို ကားနဲ့ သွားတတ်သူတစ်ဦးဟာ မိမိရဲ့ကားကို ရုံးနဲ့ မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ပါကင်ထိုးပြီး မိုင်ဝက်ခန့် လမ်းလျှောက်ပေးခြင်း၊ နေ့လည်စာ စားချိန်ကိုလည်း မိမိကွန်ပျူတာဘေးမှာ စားသောက်ခြင်း၊ အလျင်စလို စားသောက်ပြီး အလုပ်ထဲ အမြန်ပြန်ဝင်ခြင်းထက် မိမိကို ပေးထားတဲ့အချိန်မကုန်မချင်း ပြင်ပ ဝန်းကျင်ကို ထွက်ပြီး လေညှင်းခံခြင်း၊ သဘာဝ ပတ်ဝန်းကျင် အလှအပများကို ခံစားခြင်း၊ မိမိကလေးကို ကျောင်းပို့ကျောင်းကြို ပြုလုပ်ရာတွင် အိမ်မှ ကျောင်းသို့ တောက်လျောက် ကားမောင်း သွားခြင်းထက် ပန်းခြံ၊ ရေကန်တို့ရှေ့မှာ ခေတ္တခဏ ရပ်နားပြီးမှ သွားခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။
အုပ်စုလိုက် green exercise ပြုလုပ်နေကြပုံ
Jules Pretty နဲ့ Jo Barton တို့နှစ်ဦး သိပ်မကြာခင်ကမှ သုတေသန ပြုလုပ်ထားတဲ့ လေ့လာချက် ဆယ်ခုမှာ လူပေါင်း ၁၂၅၂ဦးကို ဆန်းစစ် လေ့လာချက်များ အရ အစိမ်းရောင် ပတ်ဝန်းကျင်မှာ လေ့ကျင့် ခန်း ပြုလုပ်ခြင်းဟာ မူလထက် စိတ်ကြည်လင် ငြိမ်းချမ်းမှု ပိုမို ရရှိလာတယ်၊ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေး လည်း ပိုမိုတိုးတက် ကောင်းမွန်လာတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အစိမ်းရောင် သစ်ပင်တွေ များများရှိတတ်တဲ့ နေရာမျိုးတွေမှာ မိမိ တစ်ဦးတည်းသော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း၊ အစုအဖွဲ့များနဲ့ သော်လည်းကောင်း ခဏတာ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းဟာ ငွေကုန်ကြေးကျ မများလှတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပါတယ်။။ အစိမ်းရောင် ပတ်ဝန်းကျင်မှာ လှုပ်ရှား သွားလာ နေထိုင်ခြင်းအားဖြင့် မိမိ အလုပ်ကြောင့် သော်လည်းကောင်း၊ ရှုပ်ထွေးတဲ့ ဘဝ နေထိုင် မှုကြောင့် သော်လည်းကောင်း ဖြစ်ပေါ်လာတတ်တဲ့ စိတ်ဖိစီးမှုများခြင်း သူတစ်ပါးအပေါ် မကျေနပ် ဒေါသ ကြီးခြင်း၊ မနာလိုစိတ် များပြားကြီးမားခြင်း၊ စိတ်ရှုပ်ထွေး စိတ်ဓာတ်ကျခြင်း စသည်တို့ကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။
ကျန်းမာရေးအတွက် အကျိုးကျေးဇူးကြီးမားလှတဲ့ အစိမ်းရောင် လေ့ကျင့်ခန်းကို ကျွန်မတို့အနေနဲ့ တတ်အားသမျှ လုပ်ဆောင်ကြည့်ကြပါစို့လားနော်။
Ref: Dr. Jo Barton ( The benefits of green exercise )
Jo Barton, Jules Pretty (What is the Best Dose of Nature and Green Exercise for Improving Mental Health? )
23 Responses to “အစိမ်းရောင်လေ့ကျင့်ခန်းများ”
နောက်ဆုံးပုံက မြက်ခင်းပြင်မှာလုပ်နေကြတာ ယောဂကျင့်စဉ်ထဲက လေ့ကျင့်ခန်းတစ်ခုပဲ...။ အခု ယောဂနဲ့ အေရိုးဗစ်ကစားနေတယ်...း)
အင်း.. အစိမ်းရောင်ဟာ လူ့စိတ်ကို တကယ်အကျိုးပြုတာတော့ အမှန်ပဲ.. အဲဒီအစိမ်းရောင်တွေ အနည်းတကာ့အနည်းဆုံးထဲမှာ ကျွန်တော်တို့နိုင်ငံက ထိပ်ဆုံးလိုဖြစ်နေပြီ... ကန္တာရနိုင်ငံမဟုတ်ပဲနဲ့... အစိမ်းရောင်တွေ ရှားပါးလွန်းတယ်..... ထိန်းသိမ်းဖို့လည်း စိတ်ကူးမရှိဘူးထင်ပါရဲ့...
ခင်မင်လျက်
နေ၀သန်
အင်း အထူးသဖြင့် မြက်ခင်းစိမ်းစိမ်းလေးတွေပေါ် ခြေဗလာပြေးရတာ ကြိုက်တယ်... ဝေမျှတာ ကျေးဇူးပါတယ်...
ဒါ့ကြောင့် ဒါကြောင့် အစိမ်းရောင်ဖြစ်သော ချစ်မကြီးထံသို့နေတိုင်းလာသည်း)
ဟုတ်တယ် အစ်မ...
အစိမ်းရောက်က မျက်စိအေးတယ်။ ကျွန်တော်ဆိုရင် မနက်အိပ်ယာထလို့ သွားတိုက်ရင်း အိပ်နောက်ဖေးက သစ်ပင်အုပ်လေးတွေကို ကြည့်ပြီး သွားတိုက်လေ့ရှိတယ်...
နှင်းကပဲ အစိမ်းရောင် ကြိုက်လို့လား မသိဘူး။ မြင်မြင်သမျှ အစိမ်းတွေက လှပနေတယ်။ မျက်ခင်းစိမ်း၊ အပင်စိမ်းစိမ်း၊ အမြင်မှာ အေးချမ်းတယ်။ စိတ်ကြည်တယ်။ အစိမ်းရောင်လေ့ကျင့်ခန်းတွေကလည်း လူကို အကျိုးပြုတယ်ဆိုတော့ ပျော်သွားတယ်။
ဒါပေမယ့် လောလောဆယ် အစိမ်းရောင် အသီးအနှံတွေကိုစားဖြစ်ရုံမှ တစ်ပါး အစိမ်းရောင် လေ့ကျင့်ခန်းတွေနဲ့ ကင်းဝေနေသေးတယ်။ အချိန်ယူပြီး လုပ်ဦးမှပါပဲ။
Thank you for motivation to do green exercises :))
အစိမ်းရောင်အရမ်းနှစ်သက်တယ်။
ဥပမာ - ချော (အစိမ်းရောင်လွင်ပြင်)...ဟိ..။
အစိမ်းရောင်သည် မျက်စိအေး၏။
ငြိမ်းချမ်းသည့် သဘောဆောင်၏။
အသီးအရွက်အစိမ်းလတ်လတ်ဆတ်ဆတ်စား သော် ကျန်းမာရေးနှင့် ညီညွတ်၏။
သို့သော် စိမ်းကားခြင်းသည် မကောင်း...။ တတ်သလောက်အဓိပ္ပါယ်ဖွင့်သွားပါတယ် ဒေါ်စိမ်းရေ...။
ဟုတ်တယ်ဗျ၊ ဒီပို့စ်လေးထဲမှာ မချော ပြောပြထားတဲ့ အကြောင်းအရာတွေက အချိန်လည်း ဘယ်လောက်မှ မကုန်ဘဲနဲ့ လူတိုင်းနီးပါး လုပ်နိုင်တဲ့ ဟာတွေပါပဲ၊ ဖတ်ရတာ တကယ်ပဲ အကျိုးရှိတယ်၊ ရာသီဥတု ဆိုးရွားတဲ့ နေ့တွေမှာ ဘာမှမလုပ်နိုင်တဲ့အခါ ကျနော်တော့ ဖန်သားပြင် ခပ်စိမ်းစိမ်းနဲ့ အစိမ်းရောင် လွင်ပြင်လေးမှာ စာလာဖတ်နေလိုက် တာပဲ၊ အဲဒီ လွင်ပြင်မှာ ပေါက်နေတဲ့ စိမ်းစိမ်းစိုစို ပို့စ်လေးတွေက စိတ်ကို ကျန်းမာစေတယ် မဟုတ်လား...။း)
ဟုတ်လိုက်လေအစ်မရယ်း)
အမှန်ပါပဲရှင်..မိစံဆို.မြင်ကွင်းစိမ်းစိမ်းတွေကို
အားကြီးသဘောကျတာရှင့်း)
အစိမ်းရောင်မြက်ခင်းပေါ်ကျောခင်းပြီး
အပြာရောင်ကောင်းကင်ကြီးကို.အားရပါးရ
ကြည့်ရတာကိုလည်း..အရမ်းသဘောကျပါတယ်။
အစိမ်းရောင်က.လူ့ရဲ့စိတ်ကို.ကြည်လင်လန်းဆန်း
စေသလို..စိတ်အေးချမ်းသာမှုတွေကိုလည်း
အများကြီးပေးနိုင်တယ်လေ။(ကိုယ်တွေ့မို့ပါး)
ဒါကြောင့်..အချိန်ရတာနဲ့..ကန်တော်ကြီးတို့
ပန်းခြံတို့ကိုလျှောက်သွားဖြစ်ပါတယ်းP
အဲ..တစ်ခုတော့ရှိပါတယ်
အစိမ်းရောင်ကိုသဘောကျပေမယ့်
အ၀တ်အနေနဲ့ဝတ်ရဲဘူးရှင့်
သိုက်နန်းရှင်လိုလို..ဥစ္စာစောင့်လိုလိုကြီးကိုး
အစ်မရဲ့း)
ပျော်ရွှင်ချမ်းမြေ့ဖွယ်..
အစိမ်းရောင်နေ့ပေါင်းများစွာကို
အမြဲပိုင်ဆိုင်နိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ
ကျွန်တော်လည်း အစိမ်းရောင် များများကြည့်ပေးတယ်၊ ကွန်ပျူတာကြီးပဲ တစ်နေကုန်ကြည့်ဖြစ်ရင် အပြင်ထွက် အစိမ်းရောင်များများရှိတဲ့နေရာကိုကြည့် လေကို တစ်ဝကြီးရှု့... ကောင်းမှ ကောင်း :)
အင်း ဒေါ်ချောကတော့ ဆရာဝန်တွေ ပိုက်ဆံမ၀င်အောင် လုပ်နေပြန်ပါပြီ...မှန်သပဗျာ...အစိမ်းရောင်လေ့ကျင့်ခန်းဟာ လူတွေကို သဘာဝနဲ့ ပိုရင်းနှီးစေပြီး အေးမြသန့်စင်ကြည်လင်ရှင်းသန့်မှု စိတ်အာရုံတည်ကြည်ငြိမ်သက်မှုကိုလည်း ရစေတာမို့ ကျန်းမာရွှင်လန်းစေပါသတဲ့...ဒါပေမယ့် ရှိသမျှသစ်တောတွေအကုန် ဟိုဘက်ကခုတ်၊ သည်ဘက်ကခုတ်နဲ့ အပြိုင်ခုတ်နေကြတာမို့ ကြာလာရင်တော့ ဒီလေ့ကျင့်ခန်းလုပ်ဖို့ အစိမ်းရောင်ပိတ်စလေးတွေများ ၀ယ်ထားရတော့မလား မသိတော့ဘူးဗျို့...
ညီမလည်း မြက်ခင်းစိမ်းလေးတွေ
တောအုပ်စိမ်းစိမ်းလေးတွေ
သဘာဝရဲ့ စိမ်းစိမ်းစိုစိုလေးတွေကို
သဘောကျတယ်..
အစိမ်းရောင်လွင်ပြင်ဆိုတဲ့
မကြီးကိုလည်း ခင်တယ်
ကွန်ပြူတာရှေ့မှာ အညောင်းမိနေတဲ့ လူတွေအတွက် လေ့ကျင့်ခန်း ဗဟုသုတ ဝေပေးနေသလို ...း)
တောင်တက်ရတာ၊ တောအုပ်ထဲ သွားတာ၊ မြက်ခင်းစိမ်းစိမ်းလေးတွေကို ကြိုက်တယ်..မချော သတိပေးမှပဲ ဂူမအောင်း အပျင်းမထူ ကွန်ပျူတာရှေ့ က ခွာကာ လမ်းလျှောက်ထွက်ပြီး အစိမ်းရောင်လေ့ကျင့်ခန်း လုပ်ဦးမှ..
စိတ်တွေရှုပ်ထွေးပြီး ဦးနှောက်ထိုင်းမှိုင်း မကြည်လင်တဲ့အခါ အဝေးမှာရှိတဲ့ စိမ်းစိမ်းအရာတွေကို တစ်စိမ့်စိမ့်ကြည့်ရင်းနဲ့ အလိုလိုစိတ်ကြည်လင်လန်းဆန်း လာစေတယ်ချောရေ။ တစ်ချိန်လုံး ငုတ်တုတ်ထိုင်ပြီး ဘလော့ဂ်တကာလည်ဖတ်နေတဲ့ သူတွေအတွက်လည်း ချောရဲ့ပို့စ်ကို ဝင်ကြည့်ပြီး အာရုံကိုပြန်လည် လန်းဆန်းလာစေတယ် (လက်တွေ့)
ချောပို့စ်မှာ ပြထားတဲ့ လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်သင့်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစိမ်းရောင်ကိုလဲကြိုက်တယ်
ပန်းပင်လေးတွေစိုက်ရတာကိုလဲနှစ်သက်မိတယ်
လေ့ကျင့်ခန်းတော့မလုပ်ဖြစ်ဘူး
ပုံတွေကြည့်ရတာအရမ်းကိုလှနေတော့ကြည်နူးမိပါတယ်
ကျွန်တော်ကတော့ လေ့ကျင့်ခန်းလုပ်မယ်လုပ်မယ်နဲ့
အတူနေသူငယ်ချင်းတွေကို မနက်ထပြေးမယ် မနက်ပြေးမယ်နဲ့ ခြင်ထောင်တပတ်ပဲလည်နေအောင်အိပ်ဖြစ်တယ် မပြေးဖြစ်သေးဖူး မန်းလေးကအပြန် နေပြည်တော်မှာ ဆောင်းတွင်းလေ့ကျင့်ခန်းလုပ်ဖြစ်မယ်ထင်တာပါပဲ
အပျင်းကြီးပြီး လေ့ကျင့်ခန်းမလုပ်တာကြာပေါ့မချောရေ.။ မြက်ခင်းစိမ်းစိမ်းစိုစို ကွင်းကျယ်ကြီးထဲမှာ အမြဲတမ်း အနားယူ လေ့ကျင့်နိုင်ရင်ကောင်းသားပဲ။ ခုတော့..
ချစ်တဲ့
သဒ္ဓါ
မချော ရဲ့
အစိမ်းရောင် လွင်ပြင် က
အစိမ်းရောင် တွေ အကြောင်း
လာဖတ်သွားတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အစိမ်းရောင်ဆိုတာ လူသားတွေရဲ့မိတ်ဆွေပါ။ အစိမ်းရောင် အသီးအရွက်တွေစားရင် ကျန်းမာသက်ရှည်တယ်။ အစိမ်းရောင်အပင်လေးတွေကို များများကြည့်ရင် မျက်စေ့အေးမြတယ်။ အစိမ်းရောင်လွှမ်းခြုံလိုက်ရင် ပတ်ဝန်းကျင်အေးသွားတယ်။
ခင်တဲ့
မေသိမ့်
ချောရေ.. အစိမ်းရောင်တွေလဲ ကြိုက်တယ်။ လေ့ကျင့်ခန်းလဲ လုပ်ချင်တယ်။ ဒါမဲ့ တယောက်တည်းကျ ပျင်းတယ်။ ဘိုလုပ်ရပါ့? :D
ဟီး
ခင်တဲ့
a young kaung pa tal
Post a Comment