အရောင်တွေရဲ့ ကဏ္ဍဟာ လူသားတွေရဲ့ ဘဝထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် နေရာယူခဲ့ကြတာ ဟိုးရှေးခေတ်ကတည်းက ဖြစ်ပါတယ်။ ငယ်စဉ် ကလေးဘဝမှာလည်း အသိဥာဏ်ကလေးတွေ ရှိလာပြီဆိုတာနဲ့ အိမ်က လူကြီးမိဘတွေဟာ ကလေးတွေကို အရောင်လေးတွေ စပြီး သင်ကြားပေးတတ်ပါတယ်။ ဒါဟာ အရောင်ကို ခွဲခြားနားလည်တတ်ဖို့ အရေးကြီးတယ်ဆိုတာ သိသာတဲ့ အကြောင်းချက်တစ်ခုလည်း ဖြစ်ပါတယ်။ အရောင်တွေမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ကေတနဲ့ ထူးခြားချက်များ ရှိနေပါတယ်။ လူတစ်ယောက်ဟာ သူနှစ်သက်တဲ့ အရောင်ကို သိခဲ့ရင် သူ့ရဲ့ စိတ်နေစိတ်ထား တစ်ပိုင်းတစ်စကိုတောင် ခန့်မှန်းလို့ ရနိုင်တယ်လို့ ဆိုကြတဲ့အထိ အရောင်တွေရဲ့ သက်ရောက်မှုက အင်အားရှိနေခဲ့ပါတယ်။ အရောင်တွေဟာ ထူးခြားနက်နဲ့တဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေပါတယ်။ တစ်ရောင်ချင်းစီရဲ့ အဓိပ္ပါယ် သင်္ကေတများကို ဖော်ပြရမယ်ဆိုရင်…
အဖြူရောင်
အဖြူရောင်ကတော့ အရောင်တွေ အားလုံးထဲမှာ အသန့်စင်ဆုံး၊ အစွန်းအထင်း မခံဆုံး အရောင် ဖြစ်ပါတယ်.. နိုင်ငံတကာမှာ သတို့သမီးတွေဟာ အဖြူရောင်ကို ဝတ်ဆင်တတ်ကြပါတယ်.. အဖြူရောင်ရဲ့ သဘောတရားက အပြစ်ကင်းစင်တဲ့ အရောင်ဖြစ်တာကြောင့် အပျိုစင်ရဲ့ ဂုဏ်ပုဒ်ကို ဖော်ပြနေတဲ့ သဘောလို့ သတ်မှတ်ကြပါတယ်။ အချို့သော နိုင်ငံတွေရဲ့ ယဉ်ကျေးမှုအရတော့ အဖြူရောင်ကို အသုဘ နာရေး ကိစ္စတွေမှာ ဝတ်ဆင်ကြပါတယ်။ အဖြူရောင်ဟာ တင်္နလာနေ့ကို ကိုယ်စားပြုတဲ့ အရောင် ဖြစ်ပါတယ်။ အဖြူရောင် ဒေစီပန်းဟာ သစ္စာရှိစွာ ချစ်သော ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပါတယ်.
သူတော်စင်များနဲ့ နတ်သမီးတို့ရဲ့ ဝတ်စုံများကို ကြည်လင်သန့်စင်သော အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်တတ်ကြပါတယ်။ အဖြူရောင်ဟာ အေးမြခြင်း သဘောကိုဆောင်ပြီး ရိုးသားခြင်း၊ အပြစ်ကင်းစင်ခြင်း၊ သစ္စာရှိခြင်း၊ ကြည်လင်ဝင်းပခြင်း စသည့်အဓိပ္ပါယ်လည်း ရှိပါတယ်။
အဖြူရောင်ကို
ရှုပ်ထွေးခြင်းများ၊ အခက်အခဲများကို ဖယ်ရှားလိုသောအခါ
အခြေအနေသစ်တစ်ခုကို စတင်လိုသောအခါ
စိတ်ကြည်လင်စေလိုသောအခါတို့မှာ ဝတ်ဆင်ကြပါတယ်။
အနီရောင်..
အနီရောင်ဟာ ရှိသမျှသော အရောင်တွေ အားလုံးထဲမှာ နွေးထွေးမှု အရှိဆုံး အရောင်ဖြစ်ပါတယ်။ အနီရောင်ကို ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေတတ်သူတွေက နှစ်သက်တတ်ကြပြီး အနီရောင်ရဲ့ အခြားသော အဓိပ္ပါယ်က ဒေါသကြီးခြင်း၊ မုန်းတီးခြင်းတို့ကိုလည်း ကိုယ်စားပြုပါတယ်။ သို့သော်လည်း တရုတ်ပြည်မှာတော့ ဂုဏ်သရေကြီးခြင်း၊ မင်္ဂလာရှိခြင်းအရောင်အဖြစ် သတ်မှတ်ကာ နေရာတကာမှာ အနီရောင်ကို အသုံးပြုကြပါတယ်။ တရုတ်လူမျိုးတွေရဲ့ ရိုးရာမင်္ဂလာပွဲတွေမှာ သတို့သမီးဟာ အနီရောင်ကို ဆင်မြန်းလေ့ရှိပြီး အိမ်တွေရဲ့ တံခါးရှေ့၊ အခန်းတံခါး စတဲ့နေရာတွေမှာပါ အနီရောင် စာလုံးတွေ ကပ်ထားလေ့ရှိပါတယ်။
အိန္ဒိယမှာတော့ သန့်စင်ခြင်းအဖြစ် အသုံးပြုပြီး အမေရိကန်မှာတော့ ခရစ္စမတ်အရောင်အဖြစ် အစိမ်းနဲ့ တွဲဖက်ပြီး အသုံးပြုကြသလို ဗယ်လင်တိုင်းအရောင်အဖြစ် ပန်းရောင်နဲ့ တွဲဖက်ကာ အသုံးပြု ဖော်ပြလေ့ရှိပါတယ်။ အနီရောင်နှင်းဆီဟာ ပြင်းပြင်းပြပြ စွဲစွဲလန်းလန်းရှိတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်။ အနီရောင် ပတ္တမြားလက်စွပ် ကိုတော့ ဘယ်ဘက်လက်မှာ ဝတ်ဆင်သင့်ပြီး အင်္ဂါနေ့ရဲ့ အမှတ်အသားက အနီရောင်ဖြစ်တယ်လို့ ဆိုပါတယ်။ အနီရောင်ဟာ မားစ်ဂြိုလ်ရဲ့ အမှတ် အသားလည်း ဖြစ်ပါတယ်။
အနီရောင်ဟာ သွေးရဲ့ အရောင်နဲ့ တူညီတဲ့အတွက် ဘဝရဲ့ရှင်သန်ခြင်း၊ တက်ကြွလှုပ်ရှားခြင်း တို့အတွက်လည်း အနီရောင်နဲ့ ဖော်ပြပြီးတော့ တပ်မက်ခြင်း၊ တဏှာတို့ကိုလည်း ကိုယ်စားပြုတဲ့ အရောင် ဖစ်ပါတယ်။ နိုင်ငံတကာမှာ အသုံးပြုတဲ့ အလံအားလုံးနီးပါးမှာ (အနည်းငယ်မျှသော အလံမှလွဲ၍ ) အနီရောင် ပါဝင်ပါတယ်။ ထို့အပြင် အနီရောင်ရဲ့ သင်္ကေတဟာ စစ်ပွဲများ၊ အန္တရာယ်ရှိခြင်း တို့ရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။ အလွယ်တကူ မြင်နိုင်တဲ့ အနီရောင်ကို အချက်ပေး ဆိုင်းဘုဒ်များ၊ မီးသတ်ကား၊ Stop ဆိုင်းပြသည့် နေရာများတို့မှာ အသုံးပြုကြပါတယ်။
အနီရောင်ကို
မိမိကိုယ်ကို တွန်းအားပေးလိုတဲ့အခါ၊
စိတ်တက်ကြွစေလိုတဲ့အခါ
စိတ်တက်ကြွစေလိုတဲ့အခါ
ခွန်အားရှိစေလိုတဲ့ခါ
မိမိကိုယ်ကို ယုံကြည်မှု ရှိစေလိုသောအခါ
ကြောက်ရွံ့ထိတ်လန့်မှု၊ စိတ်အနှောက်အယှက် ဖြစ်စေမှုတို့ကနေ ကာကွယ်လိုသောအခါ တို့မှာ ဝတ်ဆင် သင့် ပါတယ်။
အနီရောင်ပတ္တမြား
အပြာရောင်
အပြာရောင်ဟာ မိုးကောင်းကင်၊ ပင်လယ် သမုဒ္ဒရာ၊ အိပ်စက်ခြင်း စသည်တို့ရဲ့ အရောင်ဖြစ်ပါတယ်။ အရောင်တွေထဲမှာ ငြိမ်းချမ်းခြင်း အရှိဆုံး အရောင်ထဲမှာ ပါဝင်ပါတယ်. မြင့်မြတ် သန့်စင်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်လည်း ဖြစ်တာကြောင့် မယ်တော်မေရီဟာ အပြာရောင်ရဲ့ သင်္ကေတနဲ့ ဖော်ပြကြပါတယ်။ သန့်စင်တဲ့ အပြာရောင်စစ်စစ်ဟာ ဥာဏ်ကွန့်မြူးခြင်း၊ ရိုးသားခြင်း၊ သန့်ရှင်း စင်ကြယ်ခြင်းကို ရိုးရိုးရှင်းရှင်း ဖော်ပြနေတဲ့အရောင်လို့ ဆိုကြပါတယ်။ ရှေးရိုးဆန်ပြီး အပြောင်းအလဲကို မနှစ်သက်ကြသူတွေဟာ အပြာရောင်ကို ရွေးချယ်တတ်ကြပါတယ်။ အပြာရောင်ဟာ မြင်ရသူတိုင်းကို တည်ငြိမ် အေးချမ်းစေတဲ့အတွက် အိမ်တွေမှာ အသုံးပြုဖို့ သင့်တော်တဲ့အရောင်ဖြစ်ပြီး ညအိပ်ဝတ်စုံနဲ့ ကလေးငယ်တွေအတွက် အကောင်းဆုံးအရောင် ဖြစ်တယ်လို့ အကြံပေးကြပါတယ်။ အပြာရောင် အိုင်းရစ်ပန်းကို မိတ်ဆွေ တစ်ဦးဦးအား လက်ဆောင်ပေးမယ်ဆိုရင် “ မင်းရဲ့ ခင်မင်မှုဟာ ငါ့ဘဝအတွက် သိပ်ကို အရေးကြီးပါတယ်” လို့ အဓိပ္ပါယ်ရှိပါတယ်။
အပြာရောင်ဟာ ဗုဒ္ဓဟူးနေ့ကို ကိုယ်စားပြုတဲ့ အရောင်လည်း ဖြစ်ပါတယ်။ အပြာရောင် ကျောက်မျက် ရတနာတွေဟာ ဝတ်ဆင်တဲ့သူကို တည်ငြိမ်စေပြီး အေးချမ်းစေတယ်လို့ ဆိုပါတယ်။ အပြာရောင် ရှိတဲ့ ကျောက်မျက်တွေကတော့ နီလာ၊ ဥဿဖရား၊ မြပြာ၊ စိန်ပြာ၊ တာကွိုဇ်ကျောက် စသည်တို့ ဖြစ်ပါတယ်။
အပြာရောင်ကို
စိတ်တွေ ပူလောင်ရှုပ်ထွေးနေတဲ့အချိန် တည်ငြိမ်အေးချမ်းစေလိုတဲ့အခါ
အခြားသောသူများနဲ့ ဆက်ဆံရေး အဆင်ပြေချောမွေ့လိုသောအခါ
အသစ်အသစ်သော သတင်းအချက်အလက်များကို ကျယ်ပြန့်စွာလေ့လာလိုသောအခါ
တိတ်ဆိတ်ငြိမ်သက်စွာ အေးအေးချမ်းချမ်း နေထိုင်လိုတဲ့အခါတွေမှာ ဝတ်ဆင်သင့်ပါတယ်။
စိန်ပြာ
ခရမ်းရောင်
ခရမ်းရောင်ဟာ.. တရားမျှတခြင်းကို ကိုယ်စားပြုပါတယ်.. လူတစ်ယောက်ဟာ ခရမ်းရောင်ကို ဝတ်ဆင်ထားမယ်.. ခရမ်းရောင်ရှိတဲ့ ပစ္စည်းတွေကို သုံးစွဲသူ ဖြစ်နေမယ်ဆိုရင် ငြိမ်းချမ်းတဲ့ စိတ်အခြေအနေ ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်. ခရမ်းရောင်ကို တရားထိုင်တဲ့အချိန် ဝတ်ဆင်မယ်ဆိုရင်လည်း စိတ်နှလုံး တည်ငြိမ်မှုကို ရရှိနိုင်တယ်လို့ သိရပါတယ်။ ခရမ်းရောင်ဟာ ပဉ္စလက်ဆန်ခြင်း၊ လျှို့ဝှက်ခြင်းတို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ခရမ်းရောင်ဟာ အနီရောင်နဲ့ အပြာရောင်တို့ ပေါင်းစပ်ရာကနေ ထွက်ပေါ်လာတဲ့ အရောင် ဖြစ်ပါတယ်။ နွေးထွေးပြီး အေးချမ်းစေတဲ့ အရောင်ဖြစ်တာကြောင့် ခရမ်းရောင်ကို မဟာဆန်တဲ့အရောင် လို့လည်း ပြောဆိုတင်စားကြပါတယ်။ ကလေးသူငယ်တွေဟာ ခရမ်းရောင်ကို အကြိုက်များပြီး အနုပညာရှင်တွေ နှစ်သက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ အရောင်လည်း ဖြစ်ပါတယ်။ ခရမ်းရောင်ဟာ ကြာသပတေးနေ့ရဲ့ အရောင်ဖြစ်တယ်လို့ မှတ်သားရပါတယ်။
ခရမ်းရောင်ကို
မိမိဆန္ဒတွေ ပြည့်ဝစေလိုတဲ့အခါ
ဘဝကို ဟန်ချက်ညီညီ ကျော်ဖြတ်လိုတဲ့အခါ
အခက်အခဲများကို အောင်မြင်စေလိုတဲ့အခါ
စိတ်ဆင်းရဲခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်နေသောအခါ စိတ်ခွန်အားတွေ ပြည်လည်ရရှိဖို့ စတဲ့ အခါတွေမှာ ဝတ်ဆင်သင့်ပါတယ်။
ခရမ်းရောင်ကျောက်ကို စိတ်ကူးစိတ်သန်းများ ထူးခြားကောင်းမွန်စေလိုတဲ့အခါ ဝတ်ဆင်သင့်ပါတယ်။
အစိမ်းရောင်
အစိမ်းရောင်ကတော့ သဘာဝကို ကိုယ်စားပြုတဲ့ အရောင် ဖြစ်ပါတယ်။ အရောင်တွေထဲမှာ အအေးမြဆုံး၊ ငြိမ်းအေးမှု အရှိဆုံးအရောင်ရယ်လို့လည်း ပြောဆိုကြပါတယ်။ အစိမ်းရောင်ဟာ မိမိကိုယ်ကို လေးစားမှုရှိခြင်း၊ နေထိုင်ရ သက်တောင့်သက်သာ ကောင်းမွန်စွာ ရှိခြင်း၊ ဟန်ချက်ညီခြင်း တို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ အခြားသော အဓိပ္ပါယ်များမှာ လေ့လာသင်ယူခြင်း၊ လုံခြုံစိတ်ချခြင်း၊ ရင့်ကျက်ခြင်း၊ သဟဇာတဖြစ်ခြင်း စသည်ဖြင့် များစွာ ရှိပါတယ်။ တကယ်လို့များ သင်ဟာ တစ်နေရာရာကို သွားဖို့ ဘယ်လိုအရောင်မျိုး ဝင်ဆင်သွားရမယ်ဆိုတာ စဉ်းစားလို့ မရခဲ့ရင် အစိမ်းရောင်ကို ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်. အစိမ်းရောင်ဟာ ဘယ်လို အခမ်းအနားမျိုး အတွက်မဆို သင့်တော်ပါတယ်။
အစိမ်းရောင်ဟာ မျက်စိရောဂါကို ကုစားပေးနိုင်တဲ့ အရောင်လို့လည်း ယုံကြည် လက်ခံကြတာကြောင့် အီဂျစ်လူမျိုးတွေဟာ မျက်လုံးအတွက် အစိမ်းရောင်လိုင်နာနဲ့ မျက်ခွံကို အစိမ်းရောင် ယခုထက်တိုင် အသုံးပြုကြဆဲ ရှိပါတယ်။ အစိမ်းရောင် အသီးအရွက်များကို ကျန်းမာရေးအတွက် များများ စားသုံးပေးသင့်ပြီး အစိမ်းရောင် လေ့ကျင့်ခန်း ( ပြီးခဲ့တဲ့ အပတ်က ရေးပြီး) ကိုလည်း တတ်အားသမျှ အချိန်ပေးပြီး လုပ်သင့် ပါတယ်။ အစိမ်းရောင်ဟာ သောကြာနေ့ရဲ့ အရောင်ဖြစ်ပြီး အစိမ်းရောင်ရှိတဲ့ ကျောက်စိမ်းကို အာရှနိုင်ငံ ( အထူးသဖြင့်. တရုတ်နိုင်ငံ) မှာ အထွတ်အမြတ် ထားပြီး သုံးစွဲကြပါတယ်။ကျောက်စိမ်းကို မကောင်းသော ဘေးရန်မှ ကာကွယ်ဘေးခြင်း ရောဂါဘယများကို ကုစားပေးနိုင်ခြင်းတို့မှာ အစွမ်းထက်တယ်လို့ တရုတ်လူမျိုးတို့က ယုံကြည်ကြပါတယ်။
အစိမ်းရောင်ကို
အခြေအနေသစ်တစ်ခုမှာ တည်ငြိမ်စေလိုတဲ့အခါ
လွတ်လပ်ခြင်းကို ဖော်ဆောင်လိုသောအခါ
အပြောင်းအလဲကို လိုလားတဲ့အခါ
ထိတ်လန့်ကြောက်ရွံ့မှုကနေ ကာကွယ်လိုသောအခါတို့မှာ ဝတ်ဆင်သင့်ပါတယ်။
အစိမ်းရောင်ကျောက်စိမ်း
အနက်ရောင်
အနက်ရောင်ကတော့ အရောင်တွေအာလုံးထဲမှာ နားလည်ဖို့ အခက်ခဲဆုံး အရောင်လို့ ဆိုကြပါတယ်။ အချို့နိုင်ငံတွေမှာတော့ အနက်ရောင်ကို သေခြင်းနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။ အနက်ရောင်ကို အများအားဖြင့် မကောင်းမှုတွေနဲ့ ယှဉ်တွဲပြီး ပြောဆိုတတ်ကြပါတယ်။ လူကောင်းနဲ့ လူဆိုးကို ခွဲခြားပြောဆိုရာမှာလည်း အဖြူနဲ့အနက်လို့ နှိုင်းယဉ်ပြီး ပြောတတ်ကြပါတယ်။ အနက်ရောင်ဟာ အလင်းကို စုပ်ယူနိုင်စွမ်းအရှိဆုံး အရောင်ဖြစ်ပြီး လျှို့ဝှက်နက်နဲမှု အရှိဆုံး အရောင်လို့လည်း ဆိုကြပါတယ်။ အနက်ရောင်ဟာ စနေနေ့ကို ကိုယ်စားပြုတဲ့အရောင် ဖြစ်ပါတယ်။
အနက်ရောင်မှာ မမြင်နိုင်တဲ့ စွမ်းအားတစ်မျိုးရှိပြီး ထိတ်လန့်ကြောက်ရွံ့ခြင်းကို ဖြစ်ပေါ်စေတယ်လို့ သိရပြီး ကလေးငယ်တိုင်း မှောင်မဲနေတဲ့ အရောင်မျိုးကို ထိတ်လန့်တတ်ကြပါတယ်.။ သို့သော်လည်း အချို့ကတော့ အနက်ရောင်ဟာ မြေကြီးအရောင် ဖြစ်တာကြောင့် စွမ်းအားရှိပြီး ဘဝကို ဆက်လက် ရှင်သန်ဖို့ ခွန်အားတွေ ပေးနိုင်စွမ်းရှိတယ်လို့လည်း သတ်မှတ်ကြပါသေးတယ်။
အနက်ရောင်ကို
လျှို့ဝှက်စွာ လှုပ်ရှားသွားလာလိုသောအခါ
လျှို့ဝှက်သိုသိပ်စွာ နေထိုင်လိုသောအခါ
မသိနိုင်သော တစ်စုံတစ်ရာကို ရင်ဆိုင်ရန်ပြင်ဆင်လိုသောအခါ တို့မှာ ဝတ်ဆင် အသုံးပြုကြပါတယ်။
မဟူရာလက်ဝတ်ရတနာ
အဝါရောင်
အဝါရောင်ဟာ အရောင်တွေထဲမှာ ဆွဲဆောင်မှုရှပြီး ဖမ်းစားနိုင်စွမ်းအရှိဆုံး အရောင်ထဲမှာ ပါဝင်ပါတယ်. အဝါရောင်ရဲ့ အဓိပ္ပါယ်က တောက်ပခြင်း၊ သန့်ရှင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်း၊ စသည်တို့ ဖြစ်ပါတယ်။ အဝါရောင်ဟာ ကာလာဘလိုင်း (အရောင်ကန်း) ဖြစ်သူတွေအတွက်လည်း အခြားအရောင်တွေထက်စာရင် မြင်ဖို့ အလွယ်ကူဆုံး အရောင်ဖြစ်ပါတယ်။ အဝါရောင်ဟာ ထိုးထွင်းတီထွင်မှုနဲ့ ထက်မြက်ခြင်း၊ အတွေးအခေါ် ကြီးမားခြင်း၊ အကောင်းမြင်ခြင်း၊ ဥာဏ်ပညာရှိခြင်း တို့ကိုလည်း ကိုယ်စားပြုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များအတွက် လိပ်စာကဒ်ကို အဝါရောင်ဖြင့် ပြုလုပ်လျှင် အသင့်တော်ဆုံး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
အာရှနိုင်ငံများမှာ အဝါရောင်ဟာ မြင့်မြတ်ခြင်း၊ တော်ဝင်ခြင်းအဖြစ် သုံးစွဲကြပါတယ်. မြတ်စွာဘုရားရှင်နဲ့ ရဟန်းသားတော်များရဲ့ သင်္ကန်းဟာ မြင့်မြတ်စင်ကြယ်ခြင်းရဲ့ ကိုယ်စားပြုတဲ့ အဝါရောင် ( ရွှေဝါရောင် ) ဖြစ်ပါတယ်။ ဥရောပမှာတော့ စိတ်ရွှင်လန်းခြင်းနဲ့ ပျော်ရွှင်ခြင်းကိုလည်း အဝါရောင်နဲ့ ဖော်ပြ တတ်ကြပါတယ်။ အဝါရောင်ဟာ တနင်္ဂနွေကိုယ်စားပြု အရောင်ဖြစ်ပါတယ်..
အဝါရောင် Daffodils ပန်းဟာလည်း ပေးဆပ်ခြင်းနဲ့ ချစ်တယ် ဆိုတဲ့ သဘောကို ရည်ညွှန်းပါတယ်။ စစ်တမ်း ကောက်ယူချက်များအရ အမေရိကန်တွေကတော့ နွေးထွေးပြီး နေရောင်ခြည်လို တောက်ပတဲ့ အဝါရောင်မျိုးကို လူကြိုက်များပြီး အဲဒီအရောင်ဟာ နေကြာပန်းရဲ့ အရောင်မျိုးဖြစ်တယ်လို့ သိရပါတယ်။ အဝါရောင် ဖဲကြိုးတွေကို သစ်ပင်မှာ ချည်နှောင်ခြင်းအားဖြင့် အဝေးရောက်နေတဲ့ တစ်စုံတစ်ယောက်ကို သတိတရအနေနဲ့ လုပ်တာဖြစ်ပြီး ပြန်ရောက်လာဖို့ မျှော်လင့်နေတယ် ဆိုတဲ့ သဘောကို ဖော်ပြနေပါတယ်။
အဝါရောင် Daffodils ပန်းဟာလည်း ပေးဆပ်ခြင်းနဲ့ ချစ်တယ် ဆိုတဲ့ သဘောကို ရည်ညွှန်းပါတယ်။ စစ်တမ်း ကောက်ယူချက်များအရ အမေရိကန်တွေကတော့ နွေးထွေးပြီး နေရောင်ခြည်လို တောက်ပတဲ့ အဝါရောင်မျိုးကို လူကြိုက်များပြီး အဲဒီအရောင်ဟာ နေကြာပန်းရဲ့ အရောင်မျိုးဖြစ်တယ်လို့ သိရပါတယ်။ အဝါရောင် ဖဲကြိုးတွေကို သစ်ပင်မှာ ချည်နှောင်ခြင်းအားဖြင့် အဝေးရောက်နေတဲ့ တစ်စုံတစ်ယောက်ကို သတိတရအနေနဲ့ လုပ်တာဖြစ်ပြီး ပြန်ရောက်လာဖို့ မျှော်လင့်နေတယ် ဆိုတဲ့ သဘောကို ဖော်ပြနေပါတယ်။
အဝါရောင်ကို
ဆုံးဖြတ်ချက်တွေ ချတော့မဲ့အခါ
ပင်ပန်းနွမ်းနယ်ခြင်း တုန်လှုပ်ခြင်း မောပန်းခြင်းတို့ကနေ ပြန်လည် သက်သာလိုတဲ့အခါ
မှတ်ဥာဏ်အား ကောင်းစေလိုသောအခါ၊ အာရုံစူးစိုက်မှု လိုချင်သောအခါ
စိတ်ဓာတ်ကျခြင်း ရာသီဥတု မသာယာခြင်းကြောင့် ထိုင်းမှိုင်းလေးလံခြင်း စသည်တို့ ဖြစ်တဲ့ အခါမှာ ပျော်ရွှင်တဲ့ စိတ်ခံစားမှုကို ရရှိဖို့ အဝါရောင်ကို ဝတ်ဆင်သင့်ပါတယ်။
အဝါရောင် ရွှေတွင်းဝါ
အရောင်တွေ အကြောင်း ဖတ်ချင်ပါတယ် ဆိုသူများအတွက် ဖတ်မှတ် လေ့လာထား မိသလောက် ပြန်လည် ဖော်ပြ ရေးသားခြင်း ဖြစ်ပါတယ်ရှင်။
ရောင်စဉ်များကြားမှာ အားလုံးဘဲ ပျော်ရွှင်ကြည်လင်ကြပါစေလို့..
29 Responses to “ရောင်စဉ်များရဲ့ နောက်ကွယ်မှာ...”
ဗဟုသုတ ရှာမှီးသွားပါတယ် မချော ခင်ဗျ :)
မချောကတော့ (ထုံးစံအတိုင်း) ထောင့်စုံနေအောင်ကို လေ့လာ၊ တင်ပြထားတော့ တာပဲဗျာ..၊ အနက်ရောင်ဟာ လျှို့ဝှက်စွာ နေထိုင်လိုတဲ့အခါ ဝတ်ဆင်တယ်လို့ တွေ့လိုက်တော့ ဝ,တဲ့သူတွေ အနက်ရောင်ဝတ်ပြီး optical illusion နဲ့ ကိုယ်ရေစစ် သွားတာ တွေးလိုက်မိသေးတယ်၊ အစိမ်းရောင်ဟာ အေးမြခြင်း၊ လန်းဆန်းခြင်းတွေ အပြင် မြင်ရသူတွေ အတွက် နှစ်သက်စရာလည်း ဖြစ်မယ် ထင်တယ်ဗျ၊ ကျနော်သိတဲ့ အစိမ်းရောင် လွင်ပြင်တစ်ခုဆိုရင် လူတွေ သိပ်နှစ်သက်ကြတယ်၊း)
သောကြာနေ့ရှင်ကျွန်တော်က အနီရောင်ကြိုက်သဗျာ့
အဝတ်စားတွေ အနီရောင်များလွန်းတယ်
http://bakying.myanmarfriendsday.net/
အိမ်ပျောက်နေတယ် မချောရေး)
မောင်ဘကြိုင်
ဟုတ်ကဲ့ ...ကျနော် နေ့ တိုင်း အရောင်တွေ နဲ့  အလုပ်လုပ်နေတာ အစ် မ post ကို ဖတ်ရတော့မှ ပဲ ပိုပြီး နားလည်သွားတော့တယ် ...
အဖြူရောင်ကို
ရှုပ်ထွေးခြင်းများ၊ အခက်အခဲများကို ဖယ်ရှားလိုသောအခါ ... အသုံးပြု ရတယ်တဲ့ အမှန်ပဲ ဗျာအ ရောင်စပ် ကားတွေ မှုတ်ရင် အဖြူရောင် ကို အ ခြေခံ အရောင် အဖြစ် မှုတ်ပြီမှ လိုချင်တဲ့ အ ရောင်ကို မှုတ်ရပါတယ် .. ဘာကြောင့်လည်းလို့  တွေးကြည့်ဘူးပါတယ် .. အခုမှရှင်းတော့တယ် ...
အနီရောင်ဟာ ရှိသမျှသော အရောင်တွေ အားလုံးထဲမှာ နွေးထွေးမှု အရှိဆုံး အရောင်ဖြစ်ပါတယ် ... တဲ့ .. ဒါလည်းမှန်တာပဲ ဆေးမှုတ်ခန်းထဲမှာ တူညီတဲ့ အပူချိန် နဲ့  အနီရောင်နဲ့  တခြားရောင်ကို မှုတ်ရင် အနီရောင်က ဘာကြောင့် ပိုပြီ ခြောက်တာ မြန်တယ် ..ဆိုတာ အခုမှ သဘောပေါက်တော့တယ် ...
အပြာရောင်လည်းမှန်တာပဲ .. ကျနော် တို့ ကတော့ အရောင် အိပ့်တယ်လို့ ခေါ်တယ် ...
အစိမ်းရောင် က ...အရောင်တွေထဲမှာ အအေးမြဆုံး၊ ငြိမ်းအေးမှု အရှိဆုံးအရောင်ရယ်လို့လည်း ပြောဆိုကြပါတယ် ...တဲ့
သူလည်းမှန်တယ်ရော ... တော်တော် နဲ့ ကို မခြောက် တက်ဘူး ..
အနက်ရောင်ကတော့ အရောင်တွေအာလုံးထဲမှာ နားလည်ဖို့ အခက်ခဲဆုံး အရောင်လို့ ဆိုကြပါတယ် ... တဲ့ ....အရမ်းမှန်တယ် ဗျာ ... အနက်ရောင် ကားကို မှုတ်ရင် တစ်ခုမဟုတ် တစ်ခု အခက်တွေ့ ရတယ် .. မှန်းလို့ မရဘူး ဒီတခါ မှုတ်၇င် ဒီလို ဖြစ်တက် လို့ ဆိုပြီ နောက် တခါ မဖြစ်အောင် လုပ် လည်း သူ က နောက် တမျိုး ဖြစ်တယ် .. အနက်ရောင် မှုတ်တဲ့ နေ့ ဆို၇င် ကျနော် စိတ် အညစ်ရဆုံးပဲ ...
ကျေးဇူးပါ အစ်မရေ ... အခုလို အရောင်တွေ ကြောင်း ဖော်ပြပေးတဲ့ အတွက်ပါ ...
တရုတ်တွေ ဘာ့ကြောင့် ကျောက်စိမ်းကြိုက်ကြလဲ ခုမှ သဘောပေါက်တော့တယ်။ သူတို့ တွေ အမြဲ ကြောက်လန့်  နေကြပုံရတယ် နော်အစ်မ။
ကျနော့ ပရီဖား ဖြစ်တဲ့ အရောင်က အနက်နဲ့  အစိမ်းနုပါ။
I love red and black colour, sis, even though I'm Thursday born.
စနေနေ့မှာမွေးဖွားတဲ့ ညီမလေးကတော့ အနီရောင်နဲ့ အနက်ရောင် ခရေစီ ဖြစ်တဲ့သူ တစ်ယောက်ပါမမ :):)
အရောင်တွေအကြောင်းဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။
ဟုတ်ပါရဲ့ ထောင့်ကိုစေ့နေတာပဲ။
ဖတ်ရင်းနဲ့ အရောင်တွေအကုန်ကြိုက်ကုန်ပြီ။
ဒါဆို အရောင်စုံလေးဝတ်ရမလား။
မချောကိုအားကျတယ်။ စာရေးနိုင်လိုက်တာ။
တကယ်ချီးကျူးပါတယ်။
ချစ်တဲ့
pp
ကျေးဇူးပါတီချောရေ.. ညီမတောင်စဉ်းစားနေတာ တီချောကိုအရောင်တွေနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေနဲ့ အဓိပ္ဗာယ်တွေကိုရေးပေးဖို့တောင်းဆိုမလို့။
ငယ်စဉ်ကတည်းက ခုချိန်ထိအဖြူနဲ့ ခရမ်းရောင်ကိုအရမ်းနှစ်သက်တယ်။
မိုက်တယ် ..း) အရောင်ဆို မကြိုက်တဲ့အရောင်လည်းရှိဘူး .. တချိန်တမျိုးကြိုက်နေတာ .. လက်စွပ်လေးထဲမှာ စိန်လက်စွပ်လေးကြိုက်တယ် .. :D ညီမကတော့ အပြာရောင်ကိုယ်စားပြုသော နေ့ :D
အကြိုက်ဆုံးက အဖြူရောင်နဲ့ အနက်ရောင်
ကျွန်တော်က အနက်ရောင်ကိုယ်စားပြုသောနေ့...
အဖြူနဲ့ အနက် တွဲဝတ်ရတာကို အကြိုက်ဆုံးပဲ
ဒါကြောင့် ရှင်းလင်းတာကို ကြိုက်သလို ဒေါသလည်းကြီးတယ်... :P
ခင်လျက်
Junemoe
ဒီတစ်လော ကျွန်တော် လေ့လာဖြစ်တာကလည်း အရောင်တွေပဲ..။ (မလေ့လာရင်လည်း မဖြစ်တော့လို့ :D) color psychology တွေအပြင် apply color တွေကိုရောပေါ့...။ မချောရဲ့ အရောင်တွေနဲ့ ရတနာတွေအကြောင်း ဖတ်ရတော့ နောက်ထပ်တွေးဖို့ dimension တစ်ခု ထပ်ရသွားတယ်...။ ကျေးဇူးပဲ မချောရေ..။
တစ်ချိန်ချိန် အချိန်များရရင် color တွေအကြောင်း အတွေးအက်ဆေးရှည်လေးရေးဖို့ စိတ်ကူးတယ်..။ အက်ဆေးရှည်ဆိုမှာတော့ ကြာဦးမယ် ထင်ပါရဲ့လေ...။ again, i like this post, ma chaw. ;)
လှတဲ့အရောင် အကုန်ကြိုက်တယ်။ မချောရဲ့ အရောင်ပို့စ်လေးဖတ်ပြီး အားလုံးကောင်းနေတော့ နောက်နေ့ အပြင်သွားဖို့... ဘယ်အရောင်ရွေးရမှန်းမသိတော့ဘူး။ ဟိ။
ခင်တဲ့
မေသိမ့်
ကျွန်တော်က အပြာရောင်ကို ရွေးတယ် မချော...
အပြာရောင်ကို နှစ်သက်တယ်...
တကယ် တည်ငြိမ်အေးချမ်းတဲ့ အရောင်ပေါ့...
အရောင်တွေ အကြောင်းပြည့်ပြည့်စုံစုံ ဖော်ပြပေးတဲ့ မချောကို ကျေးဇူးတင်ပါတယ်...
ကျန်းမာပါစေမင်္ဂလာပါ ချော
ရောင်စုံကျောက်တွေကြားမျာ
“ ပျော် ”
အောင်နေပစ်လိုက်အုံးမယ်ဗျာ-နေဖူးတယ်မှရှိရှိပေါ့
ငယ်ငယ်ကတည်းက စွဲလမ်းနှစ်သက်ခဲ့တာ တစ်ခုတည်းရှိတယ်.. အပြာရောင်.... တော်တော့ကို ကြိုက်တယ်... အဖြူဟာ စင်ကြယ်ခြင်းကိုကိုယ်စားပြုလို့ ကြိုက်ပေမယ့် ပျော့လွန်းအားကြီးတယ်... စွန်းထင်းလွယ်တယ်.. အဲဒါကြောင့် အပြာကိုပဲ ပိုနှစ်သက်မိတယ်.. အိပ်ရာခေါင်းအုံးစွပ်.. ခြုံတဲ့စောင်ကအစ အပြာရောင်ကိုပဲ ခြုံမိတယ်... မချောရေ..း)))
ခင်မင်လျက်
နေ၀သန်
မချောရေ.. အရောင်တွေ အကြောင်းကို တော်တော်လေးကို လေ့လာထားပြီး စုံစုံလင်လင်လေးကို ရေးထားတာပဲနော်..။တန်ဖိုးကြီးတဲ့ ရတနာ ပစ္စည်းဆိုရင်တော့ ဘာရောင်ပဲဖြစ်ဖြစ် ရပါတယ်..။ အားလုံးကို ကြိုက်တာကိုးး)))။
အရောင်တွေအကြောင်း သေချာ ဖတ်သွားပါတယ် ..
ဖြူပြာကို ကြိုက်တယ် .. မဖြူပြာကို ပြောတာမဟုတ်း)
အစိမ်းရောင် လွင်ပြင်ကိုလည်း နှစ်သက်တယ် ..း)
အဲ့လွင်ပြင်မှာ ကစားချင်လို့ ..းD ။
တို့ကတော့ လက်ဝတ်ရတနာဆို အဖြူရောင်စိန် ကြိုက်တယ်။ (လက်တွေ့မှာတော့ စိန်တံဆိပ်ခေါက်ဆွဲတောင် စားဖို့အနိုင်နိုင် :)
အ၀တ်အစားဆိုရင်တော့ အဖြူ၊ အနက်၊ Cream Color ဖျော့ဖျော့လေးတွေ ကြိုက်တယ်။ အ၀ါရောင်သည် မနှစ်သက်ဆုံးသောအရောင်ဖြစ်ပါ၏။
သြော်.. ကျန်သေးတယ်...ဟဲ.. အစိမ်းရောင်လေးကိုတော့ ချွင်းချက်နဲ့ ချစ်တယ်တော့...။
ချစ်မကြီးရေ ခရမ်းစွဲ တစ်ဆင်စာလုပ်ချင်စိတ်ပေါက်သွားတယ်
လုပ်ချင်တာပြောပါတယ်
ပတ္တမြားကြီးကလဲရဲလို့
ရောဂါတွေတိုးလိုက်တာနော် ..ဟင်းဟင်းး
ကိုရင့်ကိုပူဆာလို့မရရင် ချစ်မကြီး စစ်ကူတိုက်ရမှာနော်း)
ချစ်တဲ့
မဒိုးကန်
စိန်သည် အဖြူရောင် ဟုတ်မဟုတ် ကျောင်းသားဘဝတုန်းက ဘာရယ်မှမဟုတ် အငြင်းပွားခဲ့ကြပါသေးသည်
အဖြူရောင်ကြိုက်ပါသည်။
sky blue ရောင်ကြိုက်ပါသည်။
သို့သော်.............
:P
ချစ်ခင်စွာဖြင့်
မိစံ
မမ သမီးအရောင်တွေအကြောင်းဖတ်သွားပါတယ်ရှင်။သမီးကMonday bornဆိုတော့အဖြူရောင်ပေါ့နော်...အားပေးလျက်...:)
ခရမ်းကြိုက်တယ် မမ.. ပန်းရောင်လဲ ကြိုက်တယ် ပန်းရောင်ကရော ဘာအဓိပ္ပါယ်လဲဟင်..ညီမထင်တာက သွက်လက်မှု ကလေးဆန်မှု ..ဟန်မဆောင်အပြစ်ကင်းမှုဆိုတဲ့ အဓိပ္ပါယ်များလား.တစ်နေရာရာမှာ ဖတ်ဖူးသလိုပဲ မမှတ်မိတော့ဘူး..
ချစ်တဲ့
အိမ်မက်
အဲ့လိုဆိုရင်တော့ လောလောဆယ် အပြာရောင်လေး လိုချင်တယ် ချောရယ် ...
အဖြူ နဲ့ အနက်ကိုကြိုက်တယ်ဗျ ။
အစိမ်းရောင်မမ ကလည်း မျက်စိအေးပါတယ်လို့း)
အရောင်တိုင်းမှာလည်း သူ့အစွမ်းသတ္တိနဲ့ သူပါပဲလားနော်။ ဗဟုသုတတွေဖတ်သွားတယ် ချောရေ။
တန်ဘိုးရှိတဲ့ ကျောက်သံပတ္တမြား ရောင်စုံလေးတွေကို နှစ်သက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရောင်ထဲမှာဆိုရင်တော့
အဖြူနဲ့အနက်ကို ကြိုက်တယ်..
စိန်ကိုအားကြီးကြိုက်တယ်..
ကြိုက်သော်ငြားလည်း ဟီးးးဟီးးးဟီးးး
မဟူရာကို စိန်ပတ်ထားတာလေးကြိုက်တယ်..
အရောင်ထဲမှာလည်း အနက်နဲ့ အဖြူကိုကြိုက်တယ်..။
နတ်သမီးရဲ့စိတ်နဲ့ဆိုင်မလားပဲ..
ကောင်းရင် အရမ်းကောင်းတယ်..
ဆိုးရင်လည်း အရမ်းဆိုးတယ်..
အလယ်အလတ်မရှိတဲ့သဘောလား..???
Post a Comment