သောက်စရာစပယ်ပန်းဟင်းချိုနဲ့ ဖျော်ရည်အေး

ဒီနေ့တော့ စပါယ်ပန်းဟင်းချိုအကြောင်း ရေးချင်ပါတယ်။ တကယ်ကို စပါယ်ပန်းဟင်းချို ချက်စားဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ချက်ပြန်ပြီလို့ ပြောကြမယ်ထင်ပါတယ်။ အမှန်တော့ ကျွန်မ တီထွင်ဖန်တီးတဲ့ ဟင်းမဟုတ်ပါဘူး ။ မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးတဲ့ ဟင်းချက်နည်းစာအုပ်ထဲမှာ တွေ့လိုက်ရတာမို့ စပါယ်ပန်းကို ချက်စားလို့ရတယ်ဆိုတာ သိလိုက်ရတာဖြစ်ပါတယ်။
စပါယ်ပန်းနဲ့ရောပြီး ချက်ထားတာတွေက မှိုခြောက်၊ မုန်ညင်း၊ ငုံးဥ

ဒီပုံလေးက စပါယ်ပန်းကို ဟင်းချိုချက်တဲ့နည်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဟင်းချက်နည်းကို တရုတ်လို ရေးထားပေမဲ့ ကျွန်မတော့ တစ်လုံးမှ နားမလည်ပါဘူး။ ဒါနဲ့ တရုတ်စာတတ်တဲ့ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး ဖတ်ပြခိုင်းရတာဖြစ်ပါတယ်။ ဒီထဲက ဟင်းချက်နည်းကိုကြည့်မိပြီး စပါယ်ပန်းကို ဟင်းချိုချက်စားရရင်ဘယ်လိုအရသာများ ရှိလေမလဲလို့ ကျွန်မက စိတ်ဝင်စားမိပါတော့တယ်။ စပါယ်ပန်းနဲ့ရောပြီး ချက်ထားတာတွေက မှိုခြောက်၊ ငုံးဥ၊ မုန်ညင်းတို့ဖြစ်ပါတယ်။

ခရီးသွားလာရင်း တစ်ရက်မှာ စူပါမားကက်တစ်ခုကို ဝင်ကြည့်တဲ့အခါ စိတ်ဝင်စားဖို့ ကောင်းတာလေးတွေကို တွေ့လိုက်ရပါတယ်။ အဲဒါက ပန်းပေါင်းစုံနဲ့ ဆေးဘက်ဝင် အရွက်များ နှင်းဆီ၊ စပါယ်၊ ညမွှေးပန်း၊ ရှောက်သီး၊ ယူကလစ်ရွက်တွေကို အခြောက်လှမ်းပြီး ရောင်းထားတာပါ။ ဘေးတစ်ဖက်မှာတော့ အဲဒီ ပန်းခြောက် အရွက်ခြောက်များကို ရေခွက်ထဲက ရေနဲ့ စိမ်ပြီး နမူနာ ပြထားပါတယ်။ ခွက်ထဲမှာတော့ ပန်းရဲ့ အရောင်အတိုင်း ရေတွေကလည်း အနီရောင် အစိမ်းရောင် စသဖြင့် မြင်နေရပါတယ်။

လဘက်ခြောက် ၊ ဝက်မြေဥခြောက်၊ ပန်းပေါင်းစုံနဲ့ အသီးခြောက်များ

အခြောက်ခံထားတဲ့နှင်းဆီပန်းအဖူးကလေးများ

ပန်းနုရောင်နှင်းဆီဖူး

အနီရောင်နှင်းဆီပန်းဖူး

ရှောက်သီး ၊ သံပုရာသီးခြောက်များ

ချဉ်ပေါင်သီးခြောက်
ပေါက်ပန်းပွင့်နဲ့ ဆင်တူသော ပန်းခြောက်
စပါယ်ပန်းဖူး

ပရုပ်ဆီနံ့သင်းတဲ့ ယူကလစ်ရွက်ခြောက်

ဒါနဲ့ ကျွန်မလည်း အဲဒီဆိုင်ကနေ အရွက်နဲ့ ပန်းပွင့်ခြောက်တစ်ချို့ကို ဝယ်ယူလာခဲ့ပါတယ်။ စပါယ်ပန်းခြောက်လေးတွေမြင်တော့ အပေါ်ဆုံးက ပုံထဲကလို  ဟင်းချက်စားကြည့်ရင် ဘယ်လိုများနေမလဲဆိုပြီး စဉ်းစားနေမိပါတယ်။ ပြောနေတာကြာပါတယ်နော် ။ လက်တွေ့ချက်ကြည့်ကြရအောင်း)

ပထမဦးဆုံး စပါယ်ပန်းဟင်းချိုချက်ဖို့ စပယ်ပန်းခြောက်များကို ရေအေးနဲ့ ခေတ္တစိမ်ထားပါတယ် 

စပယ်ပန်းနဲ့ ဟင်းချိုချက်ပြီး ပြင်ဆင်ထားတဲ့ မှိုခြောက်၊ ငါးဖယ်လုံး၊ မုန်ညင်း၊ ဂျင်း၊ ကြက်သွန်ဖြူ
 
ထို့နောက် ဟင်းရည်အိုးတည်ပြီး ဂျင်း ကြက်သွန်ဖြူ ခတ်ပါတယ်။ ဟင်းအိုးဆူလာရင် ငါးလုံးနဲ့ မှိုကိုထည့်ပါတယ်။ ထို့နောက် မုန်ညင်းနဲ့ စပယ်ပန်းကို ထည့်ပြီး အသားမှုန့်ခတ်ပါတယ်။ ဟင်းအရသာ အပေါ့အငံမြည်းပြီး အနေတော်ဖြစ်ရင် စပါယ်ပန်းဟင်းချို တစ်ခွက် ရပါပြီ။
မှို၊ မုန်ညင်း၊ ငါးလုံး၊ စပါယ်ပန်းဟင်းချို

*****************@@@@@*******************
နောက်တစ်ခေါက် ချက်စားဖြစ်တဲ့ စပါယ်ပန်းဟင်းချိုအတွက်

စပါယ်ပန်း၊ ပြောင်းဖူး၊ မုန်လာဥနီ၊ ဥဖြူ၊ အသားလုံး တို့ကို ပြင်ဆင်ပါတယ်။ 

ရေနွေးတည်ပြီး ကြက်သွန်ဖြူ ၊ဂျင်း ဆား ထည့်ပါတယ်။ အသားလုံးနဲ့ မုန်လာဥဖြူနီ တို့ကိုထည့်ပါတယ်။


ပြောင်းဖူးနဲ့ စပါယ်ပန်းကိုထည့်ပါတယ်။ အရသာမှုန့်ထည့်ပြီး အပေါ့အငံမြည်းကာ အနေတော်ဖြစ်ရင် ဟင်းအိုးရပါပြီ။ 

စပါယ်ပန်းဟင်းချို

စပါယ်ပန်းခြောက်တုန်းက အနံ့မရှိပေမဲ့ ဟင်းချိုချက်လိုက်တဲ့အခါ မူလစပါယ်ပန်းရဲ့ အနံ့ကို မမီသော်လည်း ခပ်သင်းသင်း အနံ့မျိုး ထွက်ပေါ်လာပါတယ်။ စပါယ်နံ့သင်းတဲ့ ဟင်းချို သောက်လိုသူများ ဒီနည်းနဲ့ စမ်းကြည့်နိုင်ပါတယ်နော်။

*****************@@@@@*******************

စပါယ်ပန်းကို ဖျော်ရည်လည်း လုပ်သောက်ကြတယ်။ စပါယ်ပန်းနံ့ မွှေးနေတဲ့ ဖျော်ရည်အေးအေးလေး

ဒီစပါယ်ပန်းဖျော်ရည်က ဆိုင်ကဝယ်တာပါ။ ဖေ့ဘွတ်မှာ တင်တဲ့အခါ တစ်ချို့က ဘယ်လိုလုပ်တာလဲလို့ လုပ်နည်းမေးကြပါတယ်။ ကျွန်မအထင်တော့ စပါယ်ပန်းကို သကြားရည်ကျိုတဲ့ထဲမှာ ရောမွှေထားပြီး လိုသလောက်သာ ဖျော်တဲ့အခါ ထည့်တယ်လို့ ထင်ပါတယ်။
Jasmine Tea ပါ။ လ္ဘက်ခြောက်နဲ့ စပါယ်ပန်း ရောစပ်ထားတဲ့ လ္ဘက်ခြောက်ပါ။ သောက်လိုက်ရင် စပါယ်နံ့လေး အလွန်မွှေးပါတယ်။
ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်.. 

ချော(အစိမ်းရောင်လွင်ပြင်)

30 Responses to “သောက်စရာစပယ်ပန်းဟင်းချိုနဲ့ ဖျော်ရည်အေး”

Baby taster said...

ချွေးမ ပို့စ်က ခုမှတက်လာတယ်း)
ဒါနဲ့ အပေါ်ဆုံးက ပုံကလွှဲပြီး ကျန်တဲ့ပုံ
မမြင်ရဘူးနော်။

jr said...

ချောရေ..
ထူးထူးဆန်းဆန်းနော်.. ခုမှသိတယ်။
ဟုတ်တယ် ပုံတွေက အကုန်မမြင်ရဘူး။

ခင်မင်လျှက်

Anonymous said...

Same here, Chaw, can't really see any pictures in this post.
Mon Petit Avatar

Anonymous said...

ညီမ ရေ

အမလည်း ပုံတွေ မမြင်ရဘူး ထူးထူးခြားခြား လေးတွေ ကြည့်ချင်နေတာ ပြီးမှ ပြန်လာမယ်

ချစ်တဲ့
အမရွှေစင်

Baby taster said...

ခုလည်း အကုန်မမြင်ရဘူး
ပရုပ်ဆီနံ့သင်းတဲ့ ယူကလစ်ရွက်ခြောက် ထိပဲ
မြင်ရတယ်း)

Anonymous said...

ခေါင်းစဉ် ဖတ်မိပြီးတော့ကို
တော်တော် စိတ်ဝင်စားသွားတယ် ..
သူများတွေကမှ
တစ်ပုံ လောက် မြင်ရသေးတယ် ..
ဆောင်းနှင်း ကတော့
တစ်ပုံမှကို မမြင်ရဘူး ..း((
ပုံတွေ ကြည့်ချင်တယ်လို့ ..
စိတ်ဝင်စားလို့ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Shinlay said...

စိတ်ဝင်စားစရာ မို့ ကျေးဇူးတင်ပါတယ်။
ပန်းခြောက်တွေရောင်းတဲ့ဆိုင်တော့ ရောက်ချင်ပါတယ်။
စပယ်ပန်းဟင်းချိုလည်း မြည်းကြည့်ချင်ပါတယ်။

rose said...

အိ... စံပယ်ပန်းဟင်းချိုတဲ့... :O) ထူးဆန်းတာာာ...။ စံပယ်ပန်းကို စားလို့ရတယ်လို့ မထင်ခဲ့ဘူး။ ပန်းခြောက်တွေ ရောင်းတဲ့ ဆိုင်က စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ရို့စ်တော့ ဓာတ်ပုံတွေ အကုန်မြင်ရတယ်။ အစ်မချောဆီ လာလည်ရင် စံပယ်ပန်းဟင်းချို ချက်ပေးနော်။

ပိုစ့်တင်ပြီးကာမှ ပုံတွေ ပျောက်ကုန်တာကြောင့် ပုံတွေအားလုံး အသစ်ပြန်ထည့်နေရတဲ့အတွက် အစောပိုင်းမှာ ပုံတွေ မပေါ်တာမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်။

blackroze said...

မကြီးချောကတော့
ဆန်းဆန်းပြားပြားကိုရှာတွေ့တတ်တယ်..
အခုမှဘဲစံပယ်ပန်းကိုချက်စားတာ
မြင်ဖူးတာအမရဲ့

တစ်ကယ်ကို အဆန်းပဲမမရေ :):)
မျှဝေပေးလို့ ကျေးဇူးပါ ..ဈေးတော့ ကြိးမယ်နော် :P

တကယ့်ကို ရှာရှာဖွေဖွေ ပါပဲလား မချောရေ့..၊ တခါလောက်တော့ သောက်ဖူးချင်တယ်၊ စံပယ်နံ့လေး သင်းနေမှာပဲနော်...။

တကယ့်ကို ရှာရှာဖွေဖွေ ပါပဲလား မချောရေ့..၊ တခါလောက်တော့ သောက်ဖူးချင်တယ်၊ စံပယ်နံ့လေး သင်းနေမှာပဲနော်...။

စပယ်ပန်းနံ့ပါတဲ့ လက်ဘက်ခြောက်တော့ သောက်ဖူးတယ်။ စပယ်ပန်းတို့ တခြားမွှေးတဲ့ပန်းတို့ကို အဲဒီလိုအများကြီး ဟင်းလုပ်စားရမှာကျတော့ တမျိုးကြီးပဲနော်။ ပန်းနံ့ မွှေးတေးတေးကြီး စားရမှာ မကြိုက်သလို အဲဒီပန်းလေးတွေကိုလဲ မစားရက်ဘူး။

ငယ်ငယ်တုန်းက ပုံပြင်ထဲမှာ ပန်းစားဘီလူးမဆိုတာ ကြားဖူးတယ် .. ဟီးးးးး ချောလဲ ပန်းခြောက်တွေ ၀ယ်ဝယ်ချက်ပြီး စားလွန်းရင် ပန်းစားဥစ္စာစောင့်မလေး ဖြစ်သွားအုံးမယ်။ ချောက ချောတော့ ဘီလူးတော့ဖြစ်မှာ မဟုတ်ဖူးလေ။ (ဟဲ .. ပြန်ဖားထားရတာ။)

mstint said...

"စပါယ်ပန်းကို ဟင်းချိုချက်စားရရင်ဘယ်လိုအရသာများ ရှိလေမလဲလို့ ကျွန်မက စိတ်ဝင်စားမိပါတော့တယ်" ဆိုတာကို သဘောကျတယ်း)) အမြဲတန်းအဆန်းအသစ်လေးတွေကို စိတ်ဝင်တစားရေးသားနေတဲ့ချောရဲ့ စိတ်ကိုခန့်မှန်းပြီးသားပါး)
ဗဟုသုတစုံစုံလင်လင်အတွက် ကျေးဇူးပါနော်။ စံပယ်နဲ့ပတ်သက်ရင်တော့ 'ဂျက်စမင်တီး' ပဲသောက်ဖူးတယ်။ ဟင်းချိုစမ်းချက်ကြည့်အုံးမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ပန်းဟင်းချိုချက်နည်းလေး လာဖတ်သွားတယ် မချောရေ။ ဟင်းအဆန်းတစ်မျိုးရပြီ။

ထူးထူးဆန်းဆန်းပါလား။
စံပယ်ပန်းကိုဟင်းချက်စားလို့ရတယ်ဆိုတာ
အခုမှသိတယ်။ပေါက်ပေါက်ရှာရှာနော်.ဒါနဲ့
ကျမ်းမာရေးအတွက်ဘာတွေကောင်းတာလဲ။
စံပယ်ပန်းဟင်းချိုကကျမ်းမာရေးအတွက်ဘာ
တွေကောင်းတာလဲဆိုတာလဲသိချင်တယ်ခင်ဗျ
ခင်မင်စွာဖြင့်
ဒေါင်းမင်း

မမရေ ထူးဆန်းတာတော့ထူးဆန်းတယ်
ဒါပေမယ့်မွှေးမနေဘူးလားဟင်
အနံတော်တော်ထွက်မနေဘူးလား

စံပယ်ပန်းရနံ့လက်ဖက်ခြောက်တော့ သောက်ဘူးတယ်။ အခုလိုမျိုးတော့ တစ်ခါမှ ဟင်းချင်မစားဘူးဘူး။ မွှေးမွှေးအီအီလေး ဖြစ်နေမှာပဲနော်..။ ပေါက်ပေါက်ရှာရှာ ရှာဖွေတတ်တဲ့ ဂျီးတော်ချော... အထူးအဆန်းလေးတွေ သိရလို့ ကျေးဇူးတင်ပါ၏။

စံပယ်နံ့သင်းတဲ့ လက်ဖက်ခြောက်တော့ သောက်ဖူးတယ်။ အခုလို ဟင်းချက်စားတာတော့ မသိသေးဘူးရယ်။ မွှေးမွှေးအီအီလေးဖြစ်နေမလားဘဲနော်။ ရှာရှာဖွေဖွေ ရေးတတ်တဲ့ ဒေါ်ချော..။

PhyoPhyo said...

စပယ်ပန်းဟင်းချိုးလေးသောက်ချင်လိုက်တာ။ ပူပူလေးသောက်ရရင်ကောင်းမှာပဲ။
စပယ်ပန်းခြောက်ရေနွေးကြမ်းတော့ သောက်ဖူးတယ်။
မချော apple compotehttp://www.marthastewart.com/345068/apple-compote တော့ သွားရည်စာ စားရင် ဆိုးဘူး။ လွယ်လည်းလွယ်သား။ သကြားလောက်ပဲထည့်ပြီးလုပ်လည်း ရတာပဲ။ မချော စိတ်ဝင်စားမလားလို့။
ချစ်တဲ့
pp

ညီရဲ said...

မချောကတော့ ရှာရှာဖွေဖွေလေးတွေ တွေ့ တတ်တယ်နော်...
ခုမှ ကြားဖူးတော့တယ်...

ကြံကြံဖန်ဖန်ဟင်းပါလား.. မချောရေ..း))

ခင်မင်လျက်
နေ၀သန်

စံပယ့်ဘ၀.. အဲလေ စံပယ်ပန်းဘ၀လေးကလဲ မလွယ်ပါလား။ နည်းပေါင်းစုံ လုပ်တာ ခံနေရရှာတယ်။ ဒါပေမဲ့ ဟင်းချိုလေးတော့ မြည်းကြည့်ချင်သား။း))

ခင်မင်လျှက်

sosegado said...

ပီကင်းရောက်တုန်းကတော့ ပန်းမျိုးစုံစားသောက်ဆိုင်လည်းရောက်ပါတယ် အဲဒီမှာ စပါယ် နှင့်နှင်းဆီ လက်ဖက်ရည်ပဲသောက်ခဲ့ပါတယ်၊ တစ်ခုခု side affects ဖြစ်မှာကြောက်လို့၊

စံပယ်ပန်းလက်ဖက်ခြောက်ပဲ သောက်ဖူးသေးတယ်။ အခုလို စုံစုံလင်လင်တစ်ခါမှ မမြင်ဖူးသေးဘူး။ ထူးထူးဆန်းဆန်းပါပဲ။ ကျေးဇူးပါ မချောရေ။

ခရီးသွားနေလို့ မလာဖြစ်တာ ခွင့်လွှတ်နော်။

ခင်တဲ့
မေသိမ့်

San San Htun said...

စံပယ်ပန်း လက်ဖက်ခြောက်ပဲ သောက်ဖူးတာ..စံပယ်ပန်းဟင်းချို အဆန်းလေးပဲ မချော..စံပယ်ပန်းနံ့ လေး သင်းနေမှာပဲ..မွန်တွေ ဆီးသီးဟင်းချို ချက်သလိုပေါ့

လုပ်ပြီ အဲလို ဂလုဂလုပိုစ့်တွေကိုအသည်းယားတယ်ဗျာ့
တကယ် ဂလုရတယ်

အို.. စပယ်ပန်း ဟင်းချိုတဲ့.. စားလို့ ရတယ်လို့ တစ်ခါ မတွေးမိဖူးဘူး.. :) မမ အရသာက ဘယ်လို ရှိလဲဟင် ?

သစ်တယ်ဗျာ။ ကျွန်တော့်ဇနီးပါရမီဖြည့်ဖက်လေးတော့ ဖတ်ပြီးသွားပြီ။ ကျွန်တော့်အတွက်လည်း ဗဟုသုတရပါတယ်။ ကျေးဇူးပါ။