မာလာငါးပေါင်း၊ အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်သုပ်





ဒီနေ့တော့ ဟင်းချက်ပြမဲ့ အစီအစဉ်ပေါ့နော်.. ဟင်းချက်ကောင်းတဲ့ အိမ်ကလေးတွေလိုက်လည်ပြီး သူများချက်ထားတာတွေ ကြည့်ပြီး တံတွေးမြိုမြိုပြီး ပြန်ခဲ့ရလို့ ခုတော့ ကိုယ့်ဟာကို ဟင်းချက်ပါဦးမယ်.. ပထမဦးဆုံးချက်မဲ့ဟင်းက မာလာငါးပေါင်းပါ။ ထွေထွေထူးထူးလဲ မဟုတ်ပါဘူး.. ငါးကို မာလာအနှစ်နဲ့ ရောနှယ်ပြီး ပေါင်းလိုက်တာပါဘဲ။

မာလာငါးပေါင်း


ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ထားတဲ့ငါး


ပထမဦးဆုံး ငါးကို ကြေးခွံဖယ် ဗိုက်ဖောက်၊ ရေများများချိုးပေးပြီး ၊ ဓါးနဲ့ မွန်းပါတယ်.. ပြီးရင်တော့ ဆား၊ အချိုမှုန့်( ဟင်းခတ်မှုန့်) ပဲငံပြာရည်၊ ဟင်းချက်ဝိုင် (သို့) ဆန်အရက် နည်းနည်းတို့နဲ့ နယ်ပြီး အရသာတွေ အသားထဲ စိမ့်ဝင်အောင် အချိန်ကြာကြာ ထားလိုက်ပါတယ်..

အဆာပလာ နယ်ထားတယ်၊ စားလို့ ရသေးဘူးနော် အစိမ်းကြီး ရှိသေးတာ


ကြက်သွန်ဖြူ၊ ဂျင်း၊ ဥနီ၊ နံနံတို့ကို အဆင်သင့်ပြင်ပြီး ငါးနဲ့ နယ်ပါမယ်.. အချောင်းကလေးတွေက ဂျင်းနဲ့ ဥနီပါ။ ပြီးတော့ မာလာ အနှစ်နဲ့ ထမင်းစား ၂ဇွန်းလောက်ဘဲ ထည့်ပါတယ်.. အများကြီးဆို တအားစပ်ပြီး ငံမှာ စိုးလို့ပါ.. ငရုပ်သီးစိမ်းတော့ မထည့်တော့ပါဘူး မာလာအနှစ်က စပ်နေပြီးသားမို့ပါ. မွှေးအောင် နှမ်းဆီလေးလည်း နည်းနည်းထည့်ပြီးတော့ နှံ့အောင် နယ်ပါတယ်..


 ဒီပုံလေးထဲက မာလာအနှစ်ကို သုံးထားတာပါ။


ခုမှ ပေါင်းမှာ..


ပြီးတော့  အိုးတစ်လုံးမှာ ရေထည့် ငါးပန်းကန်ကိုတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပါတယ်.. အဖုံးအုပ်ပေးဖို့ မမေ့ပါနဲ့... အငွေ့တွေနဲ့ ကျက်အောင်ပေါင်းတာမို့ အဖုံးမဖုံးရင် ကျက်ဖို့ ကြာတတ်ပါတယ်.. ပြီးတော့  ငါးက ပေါင်းနေရင်း သူ့အရည်တွေ အများကြီးထွက်လာတတ်ပါတယ်..  တစ်ဖက် ကျက်ရင် နောက်တစ်ဖက် လှန်ပေးပါတယ်.. သိပ်မကြာခင်မှာ မာလာငါးပေါင်း ရပါပြီ.



ကျက်သွားရင် ခုလို အရည်တွေက ထွက်လာသေးတယ်လေ။ အစောက ချန်ထားတဲ့ ဥနီနဲ့ နံနံကို ခုလို အပေါ်ကနေ ပြန်ပြီး ဒီလိုလေး လှတပတဖြစ်အောင်  စားချင်စဖွယ်လေး ပြန်ထည့်ပါသေးတယ်.. စားလို့လဲ တကယ်ကောင်းတဲ့ မာလာငါးပေါင်းပါ။  


 ဒါကတော့ အနီးကပ်လေးပေါ့နော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာလူးချဉ်စပ်

နောက်ထပ် ဟင်းတစ်မျိုးက သက်သပ်လွတ် အာလူးချဉ်စပ်ပါ.. ခုတစ်လော ကြားနေတာ ၀က်သား၊ ကြက်သား၊ အမဲသားတွေမှာ Dioxin တွေ တွေ့နေတယ်ဆိုတော့ အသားမစားတဲ့လူတွေ များနေမှာမို့ အာလူး သက်သပ်လွတ်ချက်နည်းလေး တင်ပေးချင်ပါတယ်နော်.. အဲ Dioxin ပါတယ်ဆိုတာ ပြည်ပနိုင်ငံတစ်နိုင်ငံပါ.. မြန်မာနဲ့ အာရှနိုင်ငံတွေ မပါပါဘူး.. အဲဒီမှာနေတဲ့ တစ်ချို့သော သူလေးတွေ ခုတစ်လော အသီးအရွက်တွေ နေ့တိုင်း စားနေကြပါတယ်.. အသီးအရွက်ကို ကြိုက်လို့ မဟုတ်ဘဲ  Dioxin ကို ကြောက်လို့ စားနေတာဖြစ်မှာပါ :)



ပထမဦးဆုံး အာလူးကို အခွံနွာပြီး ခုလို ပြားပြားလေးနဲ့ ပါးပါးလေး ဖြစ်အောင်လှီးပါတယ်.. ပြီးရင် ရေစိမ်ထားပါတယ်..



ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီး၊ ခရမ်းချဉ်သီးတို့ကို အသင့်ပြင်ထားပါတယ်.. စပ်စပ်လေးဖြစ်ချင်ရင် ငရုပ်သီးပိုထည့်နိုင်ပါတယ်..




အိုးထဲ ဆီအနည်းငယ်ထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ဂျင်းကို ထည့်ပါတယ်. ပြီးတော့ ကြက်သွန်နီနဲ့ အာလူးတွေကိုထည့်၊ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်နဲ့ အချဉ်အတွက် ရှာလကာရည်(သို့) ဗနီကာရည် အနည်းငယ်ထည့်ပါတယ်.. ပြီးတော့ ရေအနည်းငယ်ထည့်ပါတယ်..




ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတွေ ပျော့အိကုန်မှာစိုးတာကြောင့် အာလူးကျက်ခါနီးမှ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ထည့်ပါတယ်။  ကော်မှုန့်နည်းနည်းကို ရေအေးနဲ့ဖျော်ပြီး အိုးထဲကိုလောင်းချကာ မွှေပေးပါ။ အာလူးကို စမ်းကြည့်လို့ ကျက်ပြီဆို အပေါ့အငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ။ အာလူးကို ပျော့ပြဲအောင် ချက်ရင် စားမကောင်းပါ။ ခပ်ဆတ်ဆတ် အနေအထားမှာ ချတာ အာလူးချဉ်စပ်အတွက် စားလို့အကောင်းဆုံးပါ။

ချဉ်ချဉ်စပ်စပ် စားလို့ရပြီ


မ၀မှာစိုးလို့


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောက်ပွင့်သုပ်

နောက်ထပ် ဟင်းတစ်မျိုးက ကျောက်ပွင့်လို့ခေါ်တဲ့ အဖြူရောင် အပွင့်ကြီးတွေပါ။ တရုတ်ကုန်စုံဆိုင်တွေမှာ ရှိတတ်ပါတယ်..


သူ့ကို မသုပ်ခင်မှာ ရေစိမ်ထားရပါမယ်.. ပြီးတော့ ရေနွေးနဲ့ ခဏပြုတ်ပါတယ်.. အဖြူရောင်အဆုပ်ကြီးက သို့မှသာ ပွတက်လာမှာ ဖြစ်ပါတယ်..

အရောင်စုံ

ပြီးနောက် အပိုင်းအစသေးသေးလေးများ ဖြစ်အောင် တစ်စီစီ လှီးဖြတ်ပါမယ်... ကြက်သွန်ဖြူ တောက်တောက်စင်းထည့်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းထည့်၊ အနီရောင်ခရမ်းချဉ်သီး၊ လိမ္မော်ရောင်ဥနီ၊ အစိမ်းရောင်သခွားသီး စတာတွေကို အရောင်လေးတွေစုံအောင်ထည့်ပါတယ်.. ကျောက်ပွင့်က အဖြူရောင်ဆိုတော့ အရောင်လေးတွေ စုံနေတာပါဘဲ။


ကျောက်ပွင့်သုပ်ပါ။


ဆား၊ အချိုမှုန့်၊ ငရုပ်သီးဆီကြော်(သို့) ဆီကျက်၊ နှမ်းလှော်နဲ့ သံပုရာသီးညှစ်ပြီး နယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် အရောင်လှလှ ကျောက်ပွင့်သုပ်ရပါပြီ။


စားသောက်ဖွယ်ရာ မာလာငါး၊ အာလူးချဉ်စပ်၊ ကျောက်ပွင့်သုပ်တို့က ဒီတစ်ပတ် Friday Special ပါရှင်။ လာမဲ့ ရုံးပိတ်ရက်မှာ လုပ်စားချင်သူများအတွက် ပြန်လည် ဝေမျှပါတယ်.. အစားအသောက်များဖြင့် စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေရှင်။