စတော်ဘယ်ရီ ထမင်းကြော်နဲ့ ပန်းပွင့်သုပ်



ဒီနေ့တော့ အစားအသောက် ကဏ္ဍအတွက် ခုလိုဆောင်းရာသီမှသာ စားနိုင်တဲ့ ရာသီစာ စတော်ဘယ်ရီ ထမင်းကြော်ကို လက်ဆောင်ပေးချင်ပါတယ်ရှင်။


စတော်ဘယ်ရီ ထမင်းကြော်


ပထမဦးဆုံး စတော်ဘယ်ရီ ထမင်းကြော်ဖို့အတွက် အသားတစ်မျိုးမျိုးနဲ့ အသီးအရွက်တွေကို ပြင်ဆင်ပါမယ်.. အသားနဲ့ မကြော်လိုသူများ အသီးအရွက်တွေချည်း သပ်သပ်လွတ်လည်း ကြော်နိုင်ပါတယ်။

အသီးအနှံများနှင့် ကြက်အူချောင်း

ပုံထဲမှာတော့ စတော်ဘယ်ရီထမင်းကြော်ဖို့ အတွက် ပြင်ဆင်ထားတဲ့ အသီးအနှံတွေပါ။ ကြက်သား၊ ၀က်သား ကြိုက်ရာသုံးနိုင်သလို ဒီမှာတော့  ကြက်အူချောင်းကိုသာ သုံးထားပါတယ်.. အသီးအရွက် တွေကတော့ မှို၊ ဘရိုကိုလီ (ပန်းမုန်လာစိမ်း)  ၊ စတော်ဘယ်ရီသီး၊ ပြောင်းဖူး၊ ပဲသီး၊ ငရုပ်ပွစိမ်း၊ ဥနီ၊ အညိုရောင်ကတော့ ရေညှိဖြစ်ပါတယ်.. မရှိရင်ဖြစ်ဖြစ် မကြိုက်ရင်ဖြစ်ဖြစ် မထည့်ဘဲလဲ ဖြစ်ပါတယ်.. အသီးအနှံကိုလည်း မိမိမှာ ရှိတဲ့ အသီးအနှံလေးတွေ နှစ်သက်သလို ထည့်နိုင်ပါတယ်.. ကြက်ဥထည့်ချင်ရင် ကြက်ဥ ၂လုံးလောက်ကို ဖောက်ပြီး ခွက်တစ်ခုထဲ ခလောက်လို့ အရင်ကြော်ထားပြီး ကြက်ဥကြော်ကို ပါးပါးလှီးထားပါတယ်.


ထမင်းကိုတော့ မကြော်ခင်မှာ ချေမွပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်တို့နဲ့ နယ်ထားပါတယ်.. 


အသီးအရွက်တွေ ကြော်ပါတယ်.  

ပထမဦးဆုံး အသားပြားတွေကို အရင်ကြော်ပါတယ်.. ၀က်သား၊ ကြက်သားနဲ့ ကြော်မယ်ဆိုရင်လည်း အသားကို အရင်ကြော်ပါတယ်.. ကျက်ရင်ဆယ်ထားပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့ကို အရင်ထည့် အသီးအရွက်ထည့်  ကြော်ပါတယ်.. အသားကို ပြန်ထည့်ကြော်ပါတယ်..


ကြက်ဥထည့်ကြော်ပြီ


 ပြီးတော့မှ အစောက ကြော်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဥကိုထည့်ကြော်ပါတယ်.. ပြီးတော့ နယ်ထားတဲ့ ထမင်းတွေကို ထည့်ပြီး ကြော်ပါတယ်.. ငရုပ်ကောင်းလေး နည်းနည်းထည့်ပါတယ်.. အနံ့လေး မွှေးနေအောင်ပါ။


နောက်ဆုံးမှ သူလာတယ်..

ထမင်းထည့်ပြီးကြော်လို့ အပေါ့အငံမြည်းလို့ လိုတာထပ်ထည့်ပြီး မီးပေါ်က ချကာနီးမှာ မထူမပါး လှီးထားတဲ့ စတော်ဘယ်ရီတွေကို ထည့်မွှေပြီး ချလိုက်ပါတယ်.. ချပြီးတာနဲ့ ချက်ခြင်းစားမှ စတော်ဘယ်ရီလေးတွေ အရည်မပျော်ဘဲ ရှိနေမှာပါ။ ချကာနီးမှ မထည့်ဘဲ အစောကတည်းက ထည့်ရင် မီးတအားပြင်းပြင်းနဲ့ဆို အသီးတွေ အရည်ပျော်ကုန်ပါလိမ့်မယ်..


စတော်ဘယ်ရီ ထမင်းကြော်

ထုံးစံအတိုင်း ထမင်းကြော်ကို အလှဆင်ထားပါတယ်. ထမင်းကြော်ကို ပန်းကန်လုံးတစ်ခုထဲ ဖိထည့် လက်နဲ့ အသာသိပ်ပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါတယ်.. ခုလို ခပ်လုံးလုံးလေး ဖြစ်အောင် ပေါ့နော်.. ပြီးတော့ ဥနီနဲ့ သခွားသီးနဲ့ အလှဆင်ပါတယ်။  ကြက်ဥကို မမဲအောင်၊ မညိုအောင် ဖြူဖြူဖွေးဖွေးလေး ကြော်ပြီး ဘေးနားမှာ နေရာချပါတယ်.. သီးသန့်ချန်ထားတဲ့ စတော်ဘယ်ရီသီးလေးတွေကို ခုလို ပါးပါးလှီးပြီး ထမင်းကြော်အပေါ်မှာ အလှဆင်လိုက်ပါတယ်.. ဒါဆို စတော်ဘယ်ရီသီးနဲ့ အခြားအသီးအနှံတွေ ပါဝင်တဲ့ စတော်ဘယ်ရီ ထမင်းကြော်ရပါတယ်..

ကြက်ဥကို မညိုသွားအောင်၊ အနားတွေ မတူးအောင်၊ မကျက်တကျက် ဖြူဖြူဖွေးဖွေးဖြစ်အောင် ကြော်နည်းကတော့ ဆီကိုပူအောင်တည်ပြီးတာနဲ့ နည်းနည်း အအေးပြန်ခံပါတယ်.. ပြီးတော့မှ ကြက်ဥကို ဖောက်ထည့်လိုက်ပါတယ်.. ဆီအေးနေရင် မီး မျှဉ်းမျှဉ်းလေးနဲ့ ဖြည်းဖြည်းအပူပေးပါ။ ပူနေသေးရင်တော့ မီးခလုပ် မဖွင့်တော့ဘဲ သူ့အပူချိန်လေးနဲ့သူ ဖြေးဖြေး  ထားလိုက်ရင် ကြက်ဥဟာ ဖြူဖြူဖွေးဖွေးနဲ့ လှလှလေး ကျက်သွားပါမယ်..

မ၀မှာစိုးလို့ နောက်တစ်ပွဲ


စတော်ဘယ်ရီထမင်းကြော်လိုဘဲ နာနတ်သီး ထမင်းကြော်ကိုလည်း ကြော်စားနိုင်ပါတယ်.

နာနတ်သီးထမင်းကြော်

နာနတ်သီးပေါ်ချိန်တုန်းက ကြော်စားခဲ့တဲ့ နာနတ်သီး ထမင်းကြော်ပါ။ အဲဒီတုန်းက မတင်ဖြစ်ဘဲ ခုမှပေါင်းပြီး တင်ပေးလိုက်ပါတယ်နော်.. အပေါ်မှာ ငရုပ်ကောင်းမှုန့်လေးတွေ ဖြူးထားပါတယ်..  ပြီးတော့ အဲဒီချိန်တုန်းက ဓာတ်ပုံရိုက်ထားလိုက်မိပေမဲ့ လှတပတ မပြင်လိုက်ရပါဘူး.. ဖြစ်သလိုပေါ့နော်။ နာနတ်သီး ထမင်းကြော်ဟာ ချိုချိုချဉ်ချဉ်လေးနဲ့ အရသာ တစ်မူထူးပြီး စားလို့ ကောင်းပါတယ်။။




************@**************
ပန်းပွင့်သုပ်


နောက်ထပ် ဟင်းတစ်မျိုးက ပန်းပွင့်လို့ ခေါ်ကြတဲ့ ပန်းမုံလာ( မုန်လာပန်းပွင့်) သုပ်ဖြစ်ပါတယ်.. ပန်းပွင့်သုပ်ဖို့ မုန်လာပန်းတွေကို အနေတော်အရွယ်လေးတွေ ဖဲ့ထားပါတယ်..

ရေဆေးပြီးပြီ


ပြုတ်ပါတယ်..

ပန်းပွင့်တွေကို ရေနွေးဆူဆူနဲ့ ပြုတ်ပါတယ်.. ကြာကြာ မပြုတ်ဘဲ မပျော့ခင်မှာ ဆယ်ယူပြီး ရေအေးနဲ့ စိမ်လိုက်ပါတယ်..  ပျော့သွားရင် စားမကောင်းပါ။ ခပ်မာမာ အနေအထားမှာ ဆယ်ယူပါ။


သုပ်ဖို့ပြင်


ရေအေးနဲ့စိမ်ထားတဲ့ ပန်းပွင့်ကို ရေစစ်ပြီး ဥနီ၊ သခွားသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံ တို့ကို ထည့်ပါတယ်..

စုံအောင်ထည့်

နှမ်း၊ မြေပဲထောင်း၊ ပဲမှုန့်၊ ဆီကျက်၊ ပုဇွန်ခြောက်၊ ဆား၊ အချိုမှုန့် ( ဟင်းခတ်မှုန့်)၊ ပဲငံပြာရည်၊ သံပုရာသီး၊ နှမ်းဆီ( ရှိလျှင်) အနည်းငယ်ထည့်ပါတယ်.. အဆာပလာစုံလျှင် နယ်လို့ ရပါပြီ။

ချဉ်ချဉ်စပ်စပ် ပန်းပွင့်ခေါ် ပန်းမုန်လာသုပ်ပါ


လိုက်ပွဲ..


စတော်ဘယ်ရီ ထမင်းကြော်နဲ့ ပန်းပွင့်သုပ်က ဒီတစ်ပတ် Sunday Special ပါ။ နောက်အပတ် အစားအသောက် ကဏ္ဍမှာ အခြား ဟင်းလေးတွေနဲ့ ပြန်လည် ဆုံတွေ့ကြပါဦးစို့နော်.။


ပိတ်ရက်မှာ စားကောင်းသောက်ဖွယ်များဖြင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။