ရှမ်းပြည်မြောက်ပိုင်းက မူဆယ်လမ်းသို့



ကျွန်မဟာ ခရီးသွားရတာကို အလွန်ဝါသနာပါပါတယ်.. ဘယ်ကိုမှ မသွားဘဲ တစ်နေရာထဲမှာ အချိန်ကြာကြာ ငြိမ်နေရပြီဆိုရင်  ခရီးသွားချင်စိတ်က မနေနိုင် မထိုင်နိုင် ဖြစ်လာတတ်ပါတယ်.. ခရီးထွက်ရာကနေ ရရှိတဲ့ စိတ်ပျော်ရွှင်မှု၊ အတွေ့အကြုံ၊ နေရာဒေသ အသစ်အဆန်း၊ လူမှုအသိုင်းအ၀ိုင်း အသစ်နဲ့ မတူညီတဲ့ ဒေသ အစားအစာတို့ကို စိတ်ဝင်စားမိသလို ၊ အတွေ့အကြုံ အသစ်အဆန်းတွေဟာလည်း  ခရီးသွားရာကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေ ဖြစ်ပါတယ်.. တခါတရံတော့လည်း ခရီးသွားရင်း စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးလဲ ကြုံနိုင်ပါသေးတယ်.. ဘယ်လိုဘဲဖြစ်ဖြစ် ခရီးသွားပြီ ဆိုကတည်းက သွားသူအတွက် တစ်ခုခုတော့ ရခဲ့တာဘဲ ဖြစ်ပါတယ်။




ကျွန်မတို့ တက္ကသိုလ်ကျောင်းတက်စဉ်က ကျောင်းသူဘ၀မှာ Excursion (အပျော်လေ့လာရေးခရီး) တွေကို ကျောင်းသားတွေ အုပ်စုလိုက် ခရီးထွက်တာ သိပ်တွင်ကျယ်ခဲ့ပါတယ်.. အဲဒီတုန်းကတည်းက ကျောင်းသားတွေ စုပြီးထွက်ကြတဲ့ ခရီးကို ကျွန်မက တစ်နှစ်ကို တစ်ခေါက်တော့ လိုက်ဖြစ်အောင် လိုက်ပါတယ်.. တစ်နှစ်နဲ့တစ်နှစ်လဲ သွားတဲ့ နေရာဒေသကို မတူတဲ့အဖွဲ့နဲ့ လိုက်ဖြစ်ပါတယ်.. ကိုယ့် မေဂျာက မဟုတ်ဘဲ တစ်ခြားမေဂျာက စီစဉ်တဲ့ ခရီးတွေကိုပါ သွားမဲ့နေရာကို သဘောကျရင် လိုက်ဖြစ်ပါတယ်.. အခုအချိန်မှာတော့ တက္ကသိုလ် ကျောင်းသားတွေစုပြီး Excursion ထွက်တာကို ကျောင်းတွေက ခွင့်ပြုမပြု မသိတော့ပေမဲ့ ကျွန်မတို့တက္ကသိုလ်  တက်စဉ်မှာတော့ သက်ဆိုင်ရာ ပါမောက္ခတွေက ခွင့်ပြုလေ့ ရှိကြပါတယ်. ပျော်စရာလဲ သိပ်ကောင်းပါတယ်။ ကျောင်းသားဘ၀မှ နေရာစုံအောင် ရောက်ထားဖူးတာ အကောင်းဆုံးပါဘဲ။ လုပ်ငန်းခွင်ဝင်ရောက်ရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သလို အခြေအနေလဲ ပေးတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ တစ်နှစ်ကို ခရီးတစ်ခုတော့ ထွက်ဖြစ်အောင် ကြိုးစားခဲ့ခြင်းပါ။ ဒါဟာလည်း တကယ်တော့ မှန်ပါတယ်.. ကျောင်းတက်တုန်းက နေရာဒေသ တော်တော်များများကို ရောက်ဖြစ်ခဲ့လို့သာပါ။ လုပ်ငန်းခွင် ၀င်ရောက်ကြပြီဆိုရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြတော့ပါဘူး။ ခုချိန်မှာတော့ အလုပ်တစ်ဖက်နဲ့မို့ ခရီးကို များများစားစားထွက်ဖို့ မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။


 တောင်ခိုးနဲ့တိမ် ရောယှက်လိမ်


တိမ်တွေပေါ်မှာ ခရီးနှင်
ကွေ့ကာ ၀ိုက်ကာ တောင်တန်းပေါ်မှာ



တောင်တောရယ်သာ

လွန်ခဲ့တဲ့ ၂ပတ်လောက်က မမျှော်လင့်ဘဲ ခရီးတွေ သွားဖြစ်ခဲ့ပါတယ်.. မန္တလေး - ရန်ကုန်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ကြောနဲ့ နေပြည်တော် ခရီးစဉ်တို့ ဖြစ်ပါတယ်။ ခရီးသွားနေတုန်းမှာ ဘလော့ဂ်ကိုတော့ ပိုစ့်တွေ အဆက်မပြတ်အောင် Schedule နဲ့ တင်ပေးဖြစ်ခဲ့ပါတယ်။ နေပြည်တော် မြို့သစ်ကြီး အကြောင်း ကိုတော့ နောက်ရက်တွေမှာ ဓာတ်ပုံတွေ တင်ပေးချင်ပါသေးတယ်။ နေပြည်တော်မှာ မကြာခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ဆာဖာရီ ဥယျာဉ်ကြီးကိုလဲ ရောက်ဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်ကတော့ ခုရာသီဟာ အေးသေးတဲ့ အချိန်ဖြစ်တာကြောင့် ခရီးသွားလာလို့ ကောင်းတဲ့အချိန် ဖြစ်ပါတယ်.. လမ်းလဲကောင်းတာမို့ မန္တလေးကနေ မနက် ကားစီးရင် မူဆယ်မြို့ကို တစ်ရက်ခရီးနဲ့ ရောက်နိုင်ပါတယ်.. ရန်ကုန်မြို့ကနေ သွားချင်သူများအတွက် ရန်ကုန်-လားရှိုး ပြေးဆွဲနေပြီ ဖြစ်တဲ့ ရွှေမန္တလာ၊ တက်လမ်း၊ မန်းရွှေပြည်၊  စတဲ့ Express အမြန်ကားလိုင်းတွေ ရှိနေပြီဖြစ်သလို Air Bagan က ပြေးဆွဲတဲ့ လေကြောင်းလိုင်းနဲ့လည်း သွားလာလို့ ရပါတယ်. လားရှိုးရောက်တော့မှ ဗင်ကား၊ ဆလွန်းကားတို့နဲ့ ၄နာရီနဲ့ ၅နာရီကြား ဆက်ပြီး စီးမယ်ဆိုရင် နယ်စပ်မြို့လေးဖြစ်တဲ့ မူဆယ်မြို့ကို ရောက်ပါတယ်။ နောက် မိနစ်၂၀ခန့် ဆက်သွားရင်တော့ နမ့်ခမ်းမြို့လေးကို ရောက်နိုင်ပါတယ်။