ဒီရက်ပိုင်းမှာ ခရီးသွားဘာညာနဲ့ဆိုတော့ ဟင်းမချက်စားဖြစ်တာ ကြာပါပြီ။ မချက်တာကြာတော့လည်း ပျင်းနေသလိုဘဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အလုပ်လဲ မလုပ်ချင်၊ ထမင်းဟင်းလဲ မချက်ချင် ဖြစ်နေပါတယ်။ ဒါပေမဲ့ အလုပ်မလုပ်ပဲ နေလို့တော့ ဘယ်ရပါ့မလဲနော်.. တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀မှာ တစ်ရက် အလုပ်မလုပ်ရင် ထမင်းငတ်မှာ စိုးရတာကြောင့် ပျင်းပျင်းနဲ့ပဲ အလုပ်တွေ လုပ်ရပါတော့တယ်။ စာရေးရမှာလည်း ပျင်းသလို ဖြစ်နေတယ် ဒါနဲ့ စာလည်းမရေးချင်ဘူးဆိုရင် ဘာလုပ်မလဲ စဉ်းစားလိုက်တော့ ဟင်းချက်တာ ကောင်းပါတယ်လို့ စိတ်ကူးရမိတယ်။ ချစ်ညီမလေး တစ်ယောက်ကလည်း Weekend အစီအစဉ်ကို မျှော်နေမယ်နော်လို့ ပြောနေတော့ ချက်ဖို့ စဉ်းစားရပါပြီ။ ဘာဟင်းချက်ရပါ့.. စဉ်းစားလိုက်တော့ ပုဇွန်ချက်ဖို့စိတ်ကူးရပါတယ်။ ကျွန်မက အသီးအရွက်ကို ကြိုက်သူဖြစ်ပြီး
ဒါကြောင့် ပုဇွန်နဲ့ ငါးကို ခဏခဏ ချက်ဖြစ်ပါတယ်.. အခုလည်း ပုဇွန်ကို ဘယ်လိုချက်မလဲ စဉ်းစားလိုက်တော့ ဆီလဲမများတဲ့ ကြက်သွန်ဖြူလေးနဲ့ ပေါင်းစားတဲ့နည်းကို စိတ်ကူးရမိပါတယ် ။ ဒီတော့လည်း ပုဇွန်ကြက်သွန်ဖြူပေါင်းကို စပြီး ချက်ဖို့ ပြင်ဆင်ပါတော့တယ်။
ပုဇွန်ကြက်သွန်ဖြူပေါင်း
ဒါနဲ့ ပုဇွန်ဝယ် အမြီးခေါင်းဖြတ်၊ အခွံချွတ်၊ အလယ်ကြောက ချေးကြောင်းထုတ်၊ ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းချက်ဝိုင်၊ အရသာမှုန့်တို့နဲ့ နယ်ပြီး ခေတ္တ နှပ်ထားလိုက်ပါတယ်။
မှိုအခြောက် ၄ပွင့်လောက်ကို ရေနွေးပူပူနဲ့ စိမ်လိုက်ပါတယ်..
ကြက်သွန်ဖြူ များများ ၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဥနီ တို့ကို တောက်တောက်စင်းပြီး ပြင်ဆင်ထားပါတယ်..
ပန်းကန်ပြားတစ်ခုထဲမှာ ပုဇွန်တွေကို နေရာချပါတယ်.. အပေါ်ကနေ မှိုပွင့်တွေကို ပါးပါးလှီးထည့်ပါတယ်။
ရေနွေးဆူဆူအိုးထဲကို ၁၅မိနစ်ခန့် ခုလိုလေး ထည့်ပေါင်းပါတယ်.. အောက်မှာ တူ ( တုတ်ချောင်းလေးတွေ ခံထားတာပါ)၊ ပြီးရင်တော့ အဖုံးအုပ်ဖို့ကို မမေ့နဲ့ပေါ့နော်။ မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုး (မဖတ်ရသေးသူများ ဒီနေရာကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်) တွေကို မကြောက်သူတွေက မိုက်ခရိုဝေ့ဖ်နဲ့ ပေါင်းနိုင်ပါတယ်။ ကျွန်မကတော့ မိုက်ခရိုဝေဖ့်ကို မသုံးပါဘူး။ ခုလို လေးဘဲပေါင်းပါတယ်။ ( တကယ်က မိုက်ခရိုဝေဖ့်မီးဖို မရှိလို့ပါ) :)
စကားများနေတာနဲ့ ဟင်းအိုးမေ့သွားတယ်.. ကျက်ပြီလား မသိဘူး ချောင်းကြည့်လိုက်မယ်....
အပ်ချလောင်း............