ဒီတစ်ခေါက် အိမ်ပြန်ရင်းနဲ့ ကချင်ပြည်နယ်ရဲ့ သစ်တောများပေါလှတဲ့ တောင်တန်းကြီးတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ တောင်တန်းတွေပေါ်ကို ခရီးသွားရတဲ့အရသာဟာ စိတ်ကို တစ်မျိုးလေး လတ်ဆတ်စေသလို ရှုခင်းတွေကြည့်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကျွန်မတော့ ခံစားမိပါတယ်။ ကျွန်မ သွားခဲ့တဲ့ တောင်ပေါ်ခရီးလမ်းဟာ လမ်းမကြီး မဟုတ်သလို မြို့ကြီးပြကြီး သွားတဲ့လမ်းလည်း မဟုတ်တာကြောင့် ရောက်ဖူးသူ နည်းမယ် ထင်ပါတယ်။ အဲဒီဒေသဟာ သစ်တောတွေပေါတာကြောင့် သစ်တွေ ခိုးထုတ်ကြ၊ သစ်ထုတ်လုပ်ရေးတွေ လုပ်ကြတဲ့ ဒေသဖြစ်ပြီး ဗန်းမော်၊ မိုးမောက် စတဲ့ မြို့နယ်တွေကို ဖြတ်သွားပြီး ပေ ၅၀၀၀ကျော် မြင့်မားတဲ့ ကချင်တောင်တန်းကြီးကို ဖြတ်ရတဲ့ ခရီးဖြစ်ပါတယ်။ အဲဒီတောင်တန်းကြီးရဲ့ အမည်က စိန်လုံတောင်တန်း ဖြစ်ပါတယ်။
ဗလမင်းထင်တံတား
နှုတ်ဆက်နေတဲ့ မြစ်ကြီးနားမြို့
ဝိုင်းမော်မြို့အ၀င်
မြစ်ကြီးနားမြို့ကနေ ကားနဲ့သွားရပြီး မိုင်တစ်ရာကျော်ဝေးတယ်လို့ သိရပါတယ်။ ကားဆရာကိုမေးတော့ ကားဆရာကလည်း သူက အခုမှ ဒီလမ်းကိုမောင်းတာမို့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။ ခရီးသွားရင် ကျွန်မလို မေးမြန်း စပ်စုတတ်သူနဲ့ တိုးလို့ကတော့ ကားဆရာတွေ စိတ်ညစ်မယ် ထင်ပါတယ်။ ကျွန်မအကျင့်က ခရီးသွားရင် လမ်းတစ်လျောက် ကိုယ်မသိတာမှန်သမျှ မေးတတ်တဲ့ အကျင့် ရှိပါတယ်။ စစချင်းတော့ မြစ်ကြီးနား - ဗန်းမော်လမ်းအတိုင်း မောင်းလာတဲ့ခရီးက ကတ္တရာခင်းလမ်းဖြစ်ပြီး ကျယ်လဲကျယ်ဝန်းပါတယ်။ မြစ်ကြီးနားမြို့ကနေ ထွက်လာပြီးမကြာခင်မှာ ၀ိုင်းမော်မြို့ကို ရောက်ပါတယ်။ ၀ိုင်းမော်မြို့ဆိုတာ တစ်ချိန်က ဗလမင်းထင်တံတားမရှိခင် မြစ်ကြီးနားမြို့ကနေ စက်လှေ၊ မော်တော် စသည်တို့ဖြင့်သာ ကူးသန်းသွားလာနိုင်ခဲ့ပြီး ခုချိန်မှာတော့ တံတားကြီးကနေ သွားလာနိုင်ပြီဖြစ်တာကြောင့် အတော်အသင့် ဖွံ့ဖြိုးနေပြီလို့ ပြောလို့ရတဲ့မြို့ကလေးဖြစ်နေခဲ့ပါပြီ။ တရုတ်နယ်စပ်နဲ့နီးတာကြောင့်လည်း တရုတ်ပစ္စည်းတွေနဲ့ စည်ကားလို့နေပါတယ်။ လမ်းတစ်လျှောက်မှာ လိမ္မော်ခြံ၊ ရာဘာခြံ၊ သစ်မွှေးခြံတွေ တစ်လမ်းလုံးတွေ့ရပါတယ်။ ယခင်ကတော့ ကျွန်မတို့ ကချင်ပြည်နယ်မှာ ရာဘာစိုက်ပျိုးတာမျိုး မရှိခဲ့ပါဘူး။ ခုနောက်ပိုင်းမှ ရာဘာကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြတာဖြစ်ပါတယ်။
လမ်းတစ်လျောက်က ရာဘာခြံများ
တောင်တန်းတွေဆီ ဦးတည်နေတဲ့ မြေပဲယိုလမ်းများ