ကျွန်မရဲ့ ရေးလက်စ တောင်ပေါ်ခရီးအကြောင်း ဆက်ပါဦးမယ်ရှင်။ ကျွန်မ ခရီးသွားတဲ့ အချိန်ဟာ ဧပရယ်လအတွင်းမှာ ဖြစ်သော်လည်း ရာသီဥတုက ကပြောင်းကပြန်တွေ ဖြစ်ပြီး ကျွန်မတို့ ကချင်ပြည်နယ်မှာ နွေရာသီဟာ မိုးတွင်းလို မိုးသည်းသည်းမည်းမည်း ရွာနေခဲ့ပါတယ်။ မိုးရွာပြီး တိတ်စအချိန်မှာတော့ တောင်တန်းတွေနဲ့ နီးလာလေ တောင်ခိုးတွေ တိမ်တွေဟာ တောင်ခါးပန်းတွေ၊ တောင်ထိပ်ဖျားတွေမှာ ရစ်သိုင်းဖွဲ့ခြုံထားတာများ လှလွန်းလို့ မလွတ်တမ်း ဓာတ်ပုံရိုက်မိပါတယ်။ ကျွန်မအနေနဲ့ တောတောင်ထဲမှာ ကြီးပြင်းလာရသူမို့ ထင်ပါတယ်။ တောတောင်တွေရဲ့ သဘာဝအလှကို တော်တော်လေး နှစ်သက် သဘောကျတာကြောင့် ကျွန်မလိုဘဲ တောတောင်ရှုခင်းတွေရဲ့ အလှကို နှစ်သက်သူများ ရှိခဲ့ရင် ကြည့်နိုင်ဖို့ ပုံတွေကို အများကြီး တင်ပေးချင်မိပါတယ်။ ဒါကြောင့်လဲ ပုံတွေ သိပ်များတဲ့အခါ ပိုစ့်က သိပ်ရှည်မှာ စိုးတာကြောင့် တစ်ပိုင်းပြီးတစ်ပိုင်း ဖြတ်ချလိုက်ရတဲ့အခါ အကြောင်းအရာတစ်ခုထဲကို ပိုစ့်တွေ အများကြီးတင်တယ်လို့ မထင်စေချင်ပါဘူး။ ကျွန်မအနေနဲ့လည်း ခရီးစဉ်တစ်ခုထဲကို ပိုစ့်တွေ ခွဲခွဲပြီးတင်ရတာမျိုး သဘောမကျသလို တစ်ပုဒ်ထဲနဲ့ အပြီးရေးချင်သော်လည်း ကျွန်မ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ သိပ်များလွန်းတဲ့အပြင် ခရီးစဉ်တစ်ခုတည်းမှာတင်ဘဲ ရေးစရာတွေ တော်တော်များများ ရှိနေခဲ့တာကြောင့် ပိုစ့်တွေ အပိုင်းခွဲပြီးတင်ရတာကို နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်ရှင်..
စမ်းချောင်းကလေးရယ် စိမ်းစိုနေတဲ့ အပင်လေးတွေရယ် မှိုင်းပြာပြာ တောင်တန်းရယ် တိမ်စိုင်တွေရယ်
တောင်စတက်ပါပြီ
ကျွန်မတို့စီးလာတဲ့ကားဟာ တောင်တက်ခရီး မစခင်မှာဘဲ မြင်ကွင်းတွေမှာ တောင်နဲ့ နီးလာလေ တိမ်တွေနဲ့ ပိုပိုနီးလာသလို ခံစားရစေလောက်အောင် တိမ်တွေဟာ တောင်ခြေနားထိအောင် ရစ်သိုင်းနေပါတော့တယ်။ ဒီလိုနဲ့ ကားကလေးဟာ တောင်ခြေကနေ တိမ်တွေဖုံးနေတဲ့ တောင်ပေါ်ကို စပြီးတက်ခဲ့ပါပြီ။
တကယ်တမ်းတော့ ဒီမြင်ကွင်းဟာ တော်တော်လေးကို ဝေးပါတယ်. ကင်မရာကို zoom ဆွဲပြီး ရိုက်ထားတာမို့ ဒီလောက်မြင်ရတာဖြစ်ပါတယ်။
တောင်တက်လာလို့ တော်တော်ကြာပြီး ၇မိုင်လောက်အရောက်မှာတော့ ခုတွေ့ရတဲ့ မြင်ကွင်းကို ကားလမ်းပေါ်ကနေ ပေါ်တစ်လှည့် ကွယ်တစ်လှည့်မြင်ရပါတော့တယ်။ ဗန်းမော်၊ မိုးမောက်၊ မြစ်ကြီးနား လွင်ပြင်ဒေသကြီးတစ်ခုလုံးကို အပေါ်စီးကနေ မြင်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းလှပါတယ်။ ကွေ့ဝိုက် ရစ်ခွေ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကိုလည်း မှုန်ပျပျ လှမ်းမြင်နေရသလို၊ ရွာတွေ၊ မြို့တွေ၊ လယ်ယာ ချောင်းမြောင်းတွေကိုလည်း တောင်ပေါ်ကနေ လှမ်းမြင်နေရပါတယ်။
ဟိုးတစ်ဖက်က မြစ်ဟာ ဧရာဝတီမြစ်ဖြစ်ပြီးတော့ ဒီဘက်က မြစ်ကတော့ တာပိန်မြစ်လို့ ကျွန်မထင်ပါတယ်။ တောင်ပေါ်ကို တက်လာတဲ့ လမ်းတောက်လျှောက် သစ်ပင်နဲ့ ကွယ်မနေဘဲ မြင်ကွင်းရှင်းတဲ့နေရာရောက်တိုင်း ဒီမြင်ကွင်းကို မြင်နေရပါတယ်။
အမြင့်ဆုံးတောင်ထိပ်ရောက်တဲ့အထိ ဧရာဝတီမြစ်ကြီး လှပစွာ စီးဆင်းနေတာကို တွေ့မြင်နေရပါတယ်
တိမ်တွေပေါ်မှာ
တိမ်ပင်လယ်
တဖြေးဖြေး တောင်တွေအထပ်ထပ်ကို ကျော်ဖြတ်လာပြီးတဲ့အခါ တောင်ပေါ်က လှမ်းအကြည့် မြင်ရတဲ့ တိမ်ဖုံးနေတဲ့ မြင်ကွင်းလေးတွေကြောင့် ကျွန်မတို့ဟာ တိမ်တွေထက်မြင့်တဲ့ အပေါ်ကို ရောက်နေတယ်ဆိုတာ သိသာနေပါတယ်။ လေယာဉ်နဲ့ ခရီးသွားတဲ့အခါ အောက်ကို ငုံ့ကြည့်ချိန်မှာ ကိုယ့်ရဲ့ အောက်မှာ တိမ်တွေ ရောက်နေတာကို မြင်ရတဲ့ ခံစားချက်မျိုးလို အခုမြင်ရတဲ့ မြင်ကွင်းဟာလည်း ပီတိတစ်မျိုးနဲ့ စိတ်ကို အေးချမ်းလို့ နေစေပါတယ်။