နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့ Avatar ကားကို ကြည့်ဖူးကြမှာပါနော်။ အဲဒီကားထဲမှာထည့်သွင်း ရိုက်ကူးထားတဲ့ Pandora ဂြိုလ်ပေါ်က တိမ်တွေကြားမှာ မျောလွှင့် နေသော Hallelujah တောင်ကြီးတွေကို မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်မတော့ Avatar ကားကိုကြည့်မိတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် ကောင်းလောက်အောင် လှပလွန်းတဲ့ တောင်တွေရဲ့အလှကို အပြင်မှာ တကယ်ကို တွေ့မြင်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ သို့ပေမဲ့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာပါ။ ဒီလိုတောင်တွေဆိုတာ အပြင်မှာ တကယ်တမ်းတော့ ဘယ်ရှိနိုင်ပါ့မလဲနော်။











Avatar ကားထဲက Floating Mountains of Pandora တောင်များ
ကြည့်လေ တိမ်တွေကြားက Hallelujah တောင် ဘယ်လောက်များ လှလိုက်သလဲနော်
ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ တကယ်လက်တွေ့ဖြစ်နိုင်မှန်း တစ်ရက်မှာ သိလိုက်ရပါတယ်။ ဘာလို့ဆိုတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်နေတဲ့ တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိနေလို့ပါဘဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပါသလား။ တကယ်ပါ။ Avatar ကားထဲက Pandora ဂြိုလ်ပေါ်က တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိပါတယ်။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့တောင်တွေက ရုပ်ရှင်ထဲကလို ကောင်းကင်မှာ အောက်ခြေမပါဘဲ မျောလွှင့်နေတဲ့ Floating Mountains တောင်များတော့ မဟုတ်ပါဘူး။ မြေပြင်ကနေပြီး ထောင်မတ်စွာ မြင့်မြင့်မားမား ဖြစ်ပေါ်တည်ရှိ နေကြတဲ့ ကျောက်တောင်ထွတ်တွေ ဖြစ်ကြပါတယ်။ အောက်ကပုံတွေမှာ ကြည့်ကြည့်ပါရှင်...
ဒီကျောက်သားတိုင် သဖွယ် တောင်ကတော့ ရုပ်ရှင်ထဲမှာ Pandora ပေါ်က Hallelujah တောင်အဖြစ် ထင်ထင်ရှားရှားတွေရတဲ့ တရုတ်ပြည် ဟူးနန့်ပြည်နယ် ZhangJiaJie ဥယျာဉ်တွင်းရှိ တောင်ဖြစ်ပါတယ်။
ဇာတ်ကားထဲက Hallelujah တောင်နဲ့ Zhangjiajie ဥယျာဉ်အတွင်းက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၇၄ (ပေ ၃၅၀၀ ခန့်) မြင့်မားတဲ့ တောင်တို့ရဲ့ တူညီတဲ့အချက်များ ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဝဘ်ဆိုဒ် တစ်ခုမှာလည်း Avatar ကားထဲကတောင်ဟာ Zhangjiajie ဥယျာဉ်အတွင်းက တောင်တွေကနေ ဖြစ်ပေါ်ထာတာပါလို့ အတိအလင်းဖော်ပြထားပါတယ်။ အောက်မှာတော့ Zhangjiajie ဒေသရဲ့ သလင်းနဲ့ သဲကျောက်တောင်များရဲ့ အလှကို ရင်သပ်ရှုမော တွေ့မြင်ကြရမှာဖြစ်ပါတယ်
ဘယ်လောက်တောင် ပန်းချီဆန်တဲ့ အလှလည်းနော်
တိမ်တွေကြားကပုံတွေကိုကြည့်ပြီး အိပ်မက်ထဲမှာသာ တွေ့နိုင်မဲ့ မြင်ကွင်းမျိုးလို့ ကျွန်မစိတ်ထဲ ခံစားမိပါတယ်။ လှပလွန်းလှတဲ့ ဒီကျောက်တောင်ထွတ်တွေရဲ့ ရှုခင်းဟာ တကယ်ကို ရင်သပ်ရှုမောဖြစ်ရလောက်အောင် ကျွန်မကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ တိမ်တွေကြားမှာ ခမ်းနားကြီးကျယ်စွာ မြင်တွေ့ရတဲ့ တောင်ထွတ်တွေရဲ့ မြင်ကွင်းဟာ ကောင်းကင်ဘုံက မြင်ကွင်းတစ်ခုလို ထူးခြားဆန်းပြားလွန်းလှပါတယ်။ ဒီလောက်လှပ ဆန်းကျယ်တဲ့ တောင်ထွတ်တွေ ရှိတဲ့နေရာဟာ ဘယ်နေရာများဖြစ်မလဲလို့ အချက်အလက်တွေကို စိတ်ဝင်စားစွာနဲ့ မွှေနှောက်ရှာဖွေမိပါတော့တယ်။