မနေ့က သောကြာနေ့ဟာ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးတမ်းစဉ်လာအရ ဘုရားသွားကျောင်းတက် ဝါဆိုသင်္ကန်းကပ် ဥပုသ်သီလ ဆောက်တည်တဲ့ နေ့လည်းဖြစ်ပါတယ်။ ဘုရားကျောင်းကန်နဲ့ ဝေးနေသူတွေ၊ အလုပ် မအားလပ်တဲ့ သူတွေအတွက်တော့ တစ်မျိုးပေါ့နော်။ ကံအားလျော်စွာ ကျွန်မနေတဲ့ မြို့ကလေးမှာ ဘုန်းကြီးကျောင်း ရှိနေတာမို့ မနက်စောစောကဘဲ ဝါဆိုသင်္ကန်းကပ်ရင်း ဥပုသ်ယူဖြစ်ပါတယ်။ ဝါဝင်ပြီဖြစ်တဲ့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ စာလေးဘဲ တင်ချင်တဲ့စိတ် ဖြစ်မိပါတယ်။ ဒါကြောင့်လည်း မပြီးသေးတဲ့ ဗန်းမော်မြို့အကြောင်းထဲက ဗန်းမော်မြို့ကို ရောက်ခဲ့စဉ်က ဖူးဖြစ်ခဲ့တဲ့ ဘုရားစေတီတွေအကြောင်း ရေးဖို့ စဉ်းစားမိပါတော့တယ်။
ဗန်းမော်မြို့မှာ ကျွန်မအနှစ်သက်ဆုံး နေရတစ်ခုကို ပြပါဆိုရင် သိမ်မဟာ ရွှေစေတီတော်ကြီး တည်ရှိရာ စေတီဝင်းကို ပြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျယ်ဝန်းလှတဲ့ စေတီဝင်းကြီးမှာ ကြာပန်းကြာရွက်တွေ စိမ်းစိုတင့်တယ်ဝေဆာတဲ့ ရေကန်ကြီးရှိပြီးတော့ သိမ်မဟာစေတီရဲ့ အနီးက ရေကန်ဘေးမှာလည်း စကားပန်း အဖြူ အနီအပင်တွေဟာ အဖြူအနီအပွင့်များဖြင့် လှပစွာ ဖူးပွင့်နေပါတယ်။ စေတီပုရဝုဏ် တစ်ခုလုံးဟာ ကျယ်ဝန်းဆိတ်ငြိမ်ပြီး အေးချမ်းလှပါတယ်။ ဒေသခံတို့ကတော့ သိမ်တော်ကြီးစေတီလို့လည်း ခေါ်ဆိုကြပါတယ်။
ကြည်ညိုဖွယ်ကောင်းလှတဲ့ သိမ်မဟာရွှေစေတီနဲ့ သာယာအေးချမ်းတဲ့ ဘုရားပရဝုဏ်
ကြာရွက်တွေနဲ့ စိမ်းစိုနေတဲ့ ရေကန်ကြီးကို ဒီတံတာလေးကနေ ဖြတ်ပြီး စေတီတော်ဆီ သွားပါတယ်
မြတ်စွာဘုရားရဲ့ ဓာတ်တော်တစ်ဆူ ဌာပနာထားသော ကြည်ညိုဖွယ်ကောင်းလှတဲ့ သိမ်မဟာစေတီတော်ကြီး
စေတီကြီးဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး ဗန်းမော်မြို့ကို အုပ်စိုးလာခဲ့သော စော်ဘွားများအဆက်ဆက်နဲ့ မြို့ပြအုပ်ချုပ်သူများ၊ တာဝန်ရှိသူများနဲ့ မြို့ခံများက အကြိမ်ကြိမ် ပြန်လည် ပြုပြင်တည်ထား ကိုးကွယ်ခဲ့ပါတယ်။ နှစ်ပေါင်း နှစ်ထောင်နီးပါးခန့်က တည်ထားကိုးကွယ်ခဲ့ကြောင်း သိရပါတယ်။
သမိုင်းဝင်ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီ
သိမ်မဟာစေတီတော်ကြီးဟာ ဗန်းမော်မြို့ရဲ့ သမိုင်းဝင် နာမည်ကျော် ရွှေကျီးနား စေတီနဲ့ အတူတူ တစ်ပြိုင်တည်း တည်ထားခဲ့တဲ့ စေတီတော်ဖြစ်ပါတယ်။ ဗန်းမော်မြို့ စတင်တည်ထောင်ပုံနဲ့ စေတီရဲ့ သမိုင်းကြောင်းကို ( ဒီနေရာမှာ) ရေးခဲ့ဖူးပါတယ်ရှင်။
စေတီအနီးက အပွင့်တွေ ဝေနေတဲ့ စကားပန်းအနီနဲ့ အဖြူပင် (အောက်မှာတော့ ပန်းပွင့်လေးတွေ ကြွေနေတာ အများကြီးဘဲ )
ဒီဘက်မှာတော့ စီတန်းနေတဲ့ စကားပန်းအနီများ
အနီနဲ့အဖြူရဲ့ တွဲဖက်မှု
ကန်တော်မင်္ဂလာအတွင်းက ကြာရွက်များ (ကျွန်မရောက်သွားတဲ့အချိန်ဟာ ဧပြီလာဖြစ်တဲ့အတွက် ကြာပန်းတွေ ပွင့်ချိန်မဟုတ်သေးတာကြောင့် အပွင့်နည်းနည်းသာ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကန်ထဲမှာလည်း ရေနည်းနေပါတယ်။ ခုချိန်မှာဆိုရင် ရေတွေပြည့်နေပြီး ကြာပန်းတွေ ဖွေးနေမှာ မြင်ယောင်မိပါသေးတယ် )
ရေကန်ရဲ့ တစ်ဖက်ထိပ်က မြတ်စွာဘုရားနဲ့ သံဃာတော်များ ဆွမ်းခံကြွသည့် ရုပ်ပွားတော်များ
ဗန်းမော်မြို့မှာ ထင်ရှားတဲ့ စေတီတော်တစ်ဆူက မြို့လည်ကောင်မှာ ဆူးလေစေတီတော်ကဲ့သို့ အဝိုင်းအတိုင်း တည်ထားတဲ့ ချမ်းသာရ ကံထူးမြတ်စေတီကြီးဖြစ်ပါတယ်။