ကျွန်မ ခရီးထွက်ရာက ပြန်ရောက်ပါပြီ။ ချစ်ခင်ရသော မိတ်ဆွေသူငယ်ချင်းများကို ရုတ်တရတ် နှုတ်မဆက်ဘဲ ဘလောဂ့်ပါပိတ်ပြီး ခွဲခွာသွားခဲ့ရပါတယ်။ ခရီးက ပြန်ရောက်ရင် ဘလောဂ့်ကို ပြန်ရေးဖြစ်ချင်မှ ရေးဖြစ်တော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဘလောဂ့်ကိုပါ ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မဘလောဂ့်သက်တမ်း တစ်နှစ်ကျော် နှစ်နှစ်နီးပါး အတွင်းမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ဘယ်သောခါမှ စိတ်ပျက်လက်ပျက်နဲ့ ဘလောဂ့်ကို ရပ်တန့်ပစ်ခဲ့ဖို့ စိတ်ကူးမရှိခဲ့ဘဲ ဆက်ပြီးရေးနေခဲ့ပါတယ်။ ကျွန်မရဲ့ ဘလောဂ့်ကိုလည်း ပျက်သွားလိုက် အသစ်ပြန်လုပ်လိုက်နဲ့ ၈ကြိမ်အထိ ပြန်တည်ဆောက်ခဲ့ရဖူးပါတယ်။
စာမရေးတော့ဘူးလို့ ပြောချိန်မှာ ပြန်ရေးဖို့ တိုက်တွန်းတဲ့ အစ်မနဲ့ ညီမလေးလိုခင်ရသူတို့ကိုလည်း ကျေးဇူးတင်ရပါတယ်။ ဘယ်လိုပင်ဖြစ်စေ လွယ်လွယ်နဲ့ စိတ်ဓာတ်ကျ အရှုံးပေးတာမျိုး မလုပ်တတ်တဲ့ ကျွန်မဟာ သူများတကာလို ရသမြောက်အောင် စာရေးကောင်းသူတစ်ယောက် မဟုတ်ပေမဲ့လည်း မတောက်တခေါက်လေးနဲ့ဘဲ စာတွေ ပုံမှန်အတိုင်း ပြန်ရေးနိုင်အောင် ကြိုးစားပါမယ်လို့ ချစ်သော မိတ်ဆွေများကို အသိပေးချင်ပါတယ်။ ကျွန်မ ပျောက်နေတဲ့အတောအတွင်းမှာ စိတ်ပူပြီး အီးမေလ်းဖြင့် မေးထားကြသူများ၊ ဖုန်းဆက်ပြီး တကူးတက မေးလာတဲ့ချစ်စွာသော အစ်မများ စီဘောက်မှာ မေးထားတဲ့ ညီမလေးတို့ အားလုံးအားလုံးကို ကျေးဇူး အထူး တင်ပါတယ်နော်။
ရောက်လာကြသူများကို ဘလောဂ့်ပြန်လည်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ငါးပေါင်းတစ်မျိုးနဲ့ ကြိုဆိုဧည့်ခံပါမယ်နော်။ အပေါ်က ပုံလေးမှာ မြင်ရတဲ့အတိုင်း ငါးကို ယပ်တောင်သဖွယ် ပြုပြင်စီမံပြီး ပေါင်းထားတာ ဖြစ်ပါတယ်။ အမှန်ပြောရရင် ဒီငါးပေါင်းနည်းက လက်ဆောင်ရတဲ့ တရုတ်ဟင်းချက်နည်း စာအုပ်ထဲက ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ငါးကိုခုလိုလေးဖြစ်အောင် ဖြတ်တောက်ပြီး ပန်းကန်ပြားပေါ် အလှဆင်ထားတာကို အလွန်နှစ်သက် သဘောကျမိတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ ပြန်လုပ်စားဖြစ်ချိန်မှာ မှတ်တမ်းတင်ထားတဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ချစ်သော မိတ်ဆွေများအား ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်ရှင်။
ငါးတစ်ကောင်ကို ကြေးထိုး၊ ပါးဟက်ယူပစ်ပြီး ဗိုက်ကို အလျားလိုက်မဖောက်ဘဲ ဦးခေါင်းနဲ့ ကပ်လျှက် ကန့်လန့်ဖြတ် ဖေါက်ကာ အတွင်းမှ ကလီစာများ ယူပစ်ပါတယ်။
ရေစင်အောင်ဆေး၊ ဆူးတောင်များ ဖယ်ပစ်ပြီး ဦးခေါင်းအမြီးများကို ဖြတ်တောက်ပါတယ်။
ထို့နောက် ငါးကို ကျောကုန်းဘက်ကနေ ဝမ်းဗိုက်နားထိ ရောက်အောင် ခုလိုပိုင်းပါတယ်။ သို့သော် ငါးများ အပိုင်းပိုင်း ပြတ်ထွက်မသွားဘဲ တစ်ကောင်လုံး တစ်ဆက်တည်းဖြစ်နေအောင် ဂရုစိုက်ရပါမယ်။ ပျော့အိနေတဲ့ငါး မဖြစ်ဖို့လည်း လိုအပ်သလို ခက်ဓားထက်ထက်နဲ့ ဖြတ်ဖို့လည်း လိုပါတယ်။
အကောင်မပျက် ပိုင်းဖြတ်ထားတဲ့ ငါးကို ပန်းကန်တစ်ချပ်ပေါ်မှာ ခုလို ယပ်တောင်ဖြန့်ထားသကဲ့သို့ (သို့မဟုတ်) ဒေါင်းတစ်ကောင် အမြီးဖြန့်ထားသကဲ့သို့ ဖြန့်ခင်းလိုက်ပါတယ်။
ငါးကို အရက် (ဟင်းချက်ဝိုင်) ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်ကြည်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီး ကြက်သွန်ဖြူတို့ဖြင့် နယ်ပြီး ၁၀မိနစ်ခန့် ထားလိုက်ပါတယ်။
ဖြတ်ထားတဲ့ ငါးခေါင်းကို ခုလို အလယ်ကောင်မှာ နေရာချပါတယ်။
ရေနွေးဖြင့် ငါးကိုပေါင်းပါတယ်။
အချိန်အနည်းငယ်အတွင်းမှာတော့ ငါးပေါင်း ကျက်ပြီဖြစ်လို့ အိုးပေါ်မှချပြီး ငရုပ်သီး၊ နံနံပင်များဖြင့် အလှဆင်ပါတယ်။ ငရုပ်သီးက အပွ အရှည်မျိုး ဖြစ်တာကြောင့် စပ်ဖို့ မပူရဘဲ အလှသက်သက် ပြင်ဆင်ထားတာ ဖြစ်ပါတယ်ရှင်။
အမြင်အားဖြင့်လည်း လှ၊ အရသာလည်း ရှိတဲ့ ငါးပေါင်းပါ။ တကယ်လို့များ အချဉ်အရသာလေးနဲ့ စားလိုပါက သံပုရာသီးလေးညှစ်ပြီး သုံးဆောင်နိုင်ပါတယ်။
ဒီငါးပေါင်းကိုတော့ ယပ်တောင်သဖွယ် လှပစွာ ဖြန့်ခင်းထားတာမို့ ကျွန်မက ငါးယပ်တောင်ပေါင်း လို့ အမည် ပေးလိုက်ပါတယ်ရှင်..
ဧည့်သည်လာရင် စိတ်ဝင်စားဖွယ်ဟင်းလျာများ ချက်ကျွေးချင်သူများ၊ ယောက္ခမကို ကြွားချင်သူ(တစ်ယောက်သော ညီမငယ်) အတွက် ဒီငါးပေါင်းလေးက သူတို့ရဲ့အာရုံကို အစွမ်းကုန် ဆွဲဆောင်ယူပေးမဲ့ လှပသော ဟင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်နော်။း)
အားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်..