ကျွန်မရဲ့ ဘဝမှာ အချစ်မြတ်နိုးဆုံး လူတစ်ယောက် ရှိပါတယ်။ ကျွန်မ ချစ်ရတဲ့ သူ့အကြောင်းလေးကို အားလုံးသိအောင် ပြောပြချင်မိပါတယ်။ သူ့အကြောင်း မပြောခင်မှာ ကျွန်မအကြောင်းကို ဦးဆုံး ပြောပြဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့် ကျွန်မအကြောင်း စပြောရမယ်ဆိုရင် ကျွန်မနာမည်က Bobby ပါ။ ကျွန်မဟာ ငယ်ရွယ်စဉ်တုန်းကတော့ လှပချောမောပြီး ချစ်စရာ မိန်းမငယ်လေး ဖြစ်ခဲ့ပေမဲ့လည်း ခုချိန်မှာတော့ အသက် ၈၉နှစ် ဖွားဖွားအရွယ် ဖြစ်လို့နေပါပြီ။ အသက်ကြီးရင့်လာတဲ့ အဖွားတစ်ယောက် ဖြစ်နေတဲ့အပြင် ကျွန်မမှာ သားအိမ်ကင်ဆာရဲ့ ဖိစီးနှိပ်စက်မှုကြောင့် ချုံးချုံးကျလို့ နေပါပြီ။ ဓာတ်ကင်တာလည်း အကြိမ်ကြိမ် လုပ်နေရပြီး ပြင်းထန်လှတဲ့ ကင်ဆာဆေးတွေကြောင့် ကျွန်မရဲ့ ခေါင်းပေါ်က ဆံပင်တွေဟာ ကျွတ်ကျကုန်ပြီးတော့ ခုချိန်မှာ ကတုံးနီးပါး ဖြစ်နေခဲ့ရပါပြီ။ အဆိုးဆုံးကတော့ အာရုံကြောပါ ထိခိုက်ပြီး ကျွန်မရဲ့ ဘယ်ဘက်လက်နဲ့ ခြေထောက်ဟာ လှုပ်ရှားလို့ မရတော့တာကြောင့် လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။
ကျွန်မ အသက် ၈၉နှစ်အရွယ် ဖွားဖွား Bobby
အခုတော့ ကျွန်မဟာ လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုက ဖွင့်လှစ်ထားတဲ့ အသက် ၇၅နှစ်အထက် သက်ကြီး ရွယ်အိုများ စောင့်ရှောက်ကုသရေး ဆေးရုံကလေးမှာ ဆေးကုသမှုကို သွားပြီး ခံယူနေရပါတယ်။ အဲဒီဂေဟာဟာ အသက်ကြီးနေတဲ့ လူမမာများ၊ ကင်ဆာရောဂါသည်များအတွက် ကျန်နေတဲ့ ဘဝလက်ကျန်အချိန်လေးမှာ ဆေးရုံတစ်ခုရဲ့ အငွေ့အသက်များကို လုံး ၀မခံစားရစေဘဲ အေးအေး ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားနိုင်ဖို့အတွက် အထူးအလေးထားပြီး ကူညီနေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဆေးကုသခံယူခွင့်ရတာဟာ ကျွန်မအတွက် သက်သောင့်သက်သာ ရှိလှသလို အဆင်ပြေချောမွေ့ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် ဝမ်းနည်းစရာကောင်းတာက လမ်းလည်းမလျှောက်နိုင်၊ ဘယ်ဘက် လက်ကလည်း မလှုပ်ရှားနိုင်ဘဲ ထိုင်ခုံတစ်လုံးပေါ်မှာသာ ငြိမ်သက်စွာ ထိုင်နေရတာကြောင့် ကျွန်မချစ်သူကို ဘာမှ ပြန်ပြီး မလုပ်ပေးနိုင်၊ မကူညီပေးနိုင်တော့တာကိုပါ။
သူ… ကျွန်မသိပ်ချစ်တဲ့ ကျွန်မကိုလည်း သိပ်ချစ်ပြီး နာလည်းပေးတတ်လွန်းတဲ့ ကျွန်မချစ်သူကတော့ Gene Bonty ဖြစ်ပါတယ်။ သူက အခုဆို အသက် ၉၀ ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်မ မျက်စိထဲမှာတော့ ကြည့်ချင်စဖွယ် ကောင်းလောက်အောင် ခန့်ညားချောမောတုန်း၊ အားကိုးချင်စရာကောင်းနေတုန်းပါဘဲ။ Gene ဟာ ကျွန်မ ဒီ ကင်ဆာရောဂါကြောင့် ဆေးကုသမှု ခံယူနေချိန်ကစလို့ သူတစ်ယောက်တည်း အိမ်ကို သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ဈေးဝယ် စတာတွေ လုပ်နေရပြီးတော့ ကျွန်မကိုလည်း ပြုစုစောင့်ရှောက်ရပါတယ်။ မနက်ခင်း နိုးလာချိန်တိုင်းဘဲဖြစ်ဖြစ်၊ သူလုပ်စရာ ရှိတာတွေ လုပ်ပြီးချိန်မှာဘဲဖြစ်ဖြစ် ကျွန်မရဲ့ နဖူးလေးကို အသာအယာစမ်းပြီးတော့ ဒီနေ့ဘယ်လိုနေလဲ၊ နေကောင်းရဲ့လား၊ သက်သာရဲ့လား စသဖြင့် ကြင်နာယုယစွာ မေးမြန်းတတ်ပါတယ်။ အဲဒီလိုချိန်မျိုးမှာ ကျွန်မရင်ထဲမှာ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်ပေါင်းစုံကို ခံစားရပါတယ်။ ဒုက္ခသည်တစ်ယောက်ဖြစ်နေတဲ့ ဇနီးမယားကို ငြူစူုခြင်းမရှိဘဲ ကြင်နာ ယုယစွာ ဂရုစိုက်တုန်း၊ ချစ်နေတုန်းရှိတဲ့ သူ့ကို ကျွန်မ ဘယ်လောက်တောင် အားကိုး တွယ်တာမိမလဲ ဆိုတာ ရှင်တို့ဘဲ စဉ်းစားကြည့်ပါလားနော်။
သူချက်ကျွေးတဲ့ အစားအစာတွေ စားသောက်ပြီးတာနဲ့ နေ့ခင်းတရေးတမောအိပ်ဖို့ ကျွန်မကို အိပ်ရာထဲ လိုက်ပို့ပါတယ်။ ကျွန်မအိပ်ရာထဲရောက်ပြီ ဆိုတာနဲ့ Gene ဟာ အိမ်နဲ့ အနည်းငယ်ဝေးတဲ့ စူပါမားကက်မှာ ဈေးသွားဝယ်ပါတယ်။
တစ်ယောက်တည်း ဈေးဝယ်နေတဲ့ Gene
ဈေးဝယ်ပြီး ပြန်လာပြီ
ဈေးက ဝယ်လာတဲ့ စားသောက်ဖွယ်ရာတွေကို ရေခဲသေတ္တာထဲကို Gene က ထည့်နေတာပါ။ ရေခဲသေတ္တာ ပေါ်မှာတော့ ကျွန်မတို့၂ယောက်ရဲ့ ချစ်လှစွာသော မြေးတွေရဲ့ ဓာတ်ပုံကို ကပ်ထားပါတယ်။
ညနေစာ ပြင်ဆင်ချက်ပြုတ်နေတဲ့ Gene ကို ဘာတစ်ခုမှ မကူညီနိုင်ဘဲ ကျွန်မက ထိုင်ကြည့်နေခဲ့ပါတယ်။ ဘာမှ မကူညီနိုင်ပေမဲ့ သူလုပ်နေတာကို ခုလိုထိုင်ကြည့်နေရတာကို သူက စိတ်မညစ်ဘဲ ကျေနပ်နေတတ်ခဲ့သလို ကျွန်မအတွက်လည်း စိတ်ချမ်းမြေ့စွာနဲ့ ပျော်ရွှင်ကျေနပ်နေခဲ့ရတာပါ။ ကျွန်မတို့၂ယောက် အတူတူရှိနေခွင့်ရနေတာကိုက ကျေနပ်စရာဘဲ မဟုတ်ပါလားနော်။
ဘေးနားကနေ ကျွန်မက ခုလို စကားတွေ တစ်တွတ်တွတ် ပြောနေရင်လည်း သူက သဘောကျနေတတ်ပါတယ်။
ကျွန်မစားနိုင်ဖို့ အားလုံး အဆင်သင့် လုပ်ပေးနေတဲ့ ကျွန်မချစ်တဲ့ Gene..
အစာစားတဲ့အချိန်မှာ တစ်ယောက်စီ စားသင့်တယ်လို့ ဆရာဝန်က ညွှန်ကြားထားတဲ့အတွက် စားပွဲမှာ ကျွန်မတစ်ယောက်တည်း စားသောက်နေရပါတယ်။
ညစာစားသောက်ပြီးတဲ့အချိန်မှာတော့ ဧည့်ခန်းထဲမှာ ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတတ်ကြတယ်လေ။
အဲဒီလို ရှေးဟောင်းနှောင်းဖြစ်ပြောနေရင်းမှာ Gene က ဓာတ်ပုံတွေ သွားယူလာတတ်ပါတယ်။
ဒီဓာတ်ပုံတွေ ပြန်ကြည့်မိတော့ ကျွန်မကိုယ်တိုင် ငယ်ရွယ်နုပျိုလာသလို ခံစားမိရတတ်ပါတယ်။
အပေါ်က ငယ်ရွယ်လှပတဲ့ စုံတွဲပုံက ဘယ်သူ့ပုံများ ဖြစ်မယ်လို့ထင်ပါသလဲရှင်..
အဲဒီဓာတ်ပုံဟာ လွန်ခဲ့သော ၆၈နှစ်က လက်ထပ်မင်္ဂလာပွဲ ဆင်နွဲစဉ်မှာ ရိုက်ကူးထားတဲ့ ကျွန်မနဲ့ ကျွန်မချစ်သူ Gene တိုရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ပုံထဲမှာတော့ ကျွန်မရော Gene ဟာ ငယ်ရွယ်နုပျိုဆဲ၊ လန်းဆန်းတက်ကြွဆဲ ဖြစ်နေတဲ့ ချစ်စရာအကောင်းဆုံး အရွယ်တွေပေါ့။ အဲဒီအချိန်တုန်းကလည်း ကျွန်မတို့ နှစ်ယောက်ဟာ သိပ်ချစ်ကြသလို အခု အသက် ၈၉နှစ်အရွယ် ကျွန်မနဲ့ အသက် ၉၀အရွယ် Gene တို့ဟာလည်း ငယ်ရွယ်စဉ်တုန်းက ချစ်ခဲ့ကြတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နှစ်သက်ကြဆဲ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို အသက်အရွယ်ကြီးရင့်ခြင်း၊ ရုပ်ဆိုးခြင်း၊ ဒုက္ခိတဖြစ်ခြင်း စတာတွေက ဘာတစ်ခုမှ နှောက်ယှက် ဟန့်တားနိုင်မှာ မဟုတ်သလို ကျွန်မတို့ရဲ့ အချစ်တွေ ပျက်စီးသွားအောင်လည်း ဘယ်လိုအရာကမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူးရှင်။
Gene ဟာ ကျွန်မဘဝအတွက် အကောင်းဆုံး ချစ်သူ ဖြစ်သလို အကောင်းဆုံး ခင်ပွန်းလဲဖြစ်ပါတယ်။ သူက ကျွန်မကို အမြဲတမ်း ချစ်နေမှာ ဖြစ်သလို ကျွန်မကလည်း သူ့ကို ကျွန်မ သေဆုံးချိန်ထိ ချစ်နေမှာပါ။ ကျွန်မပြောပြာတဲ့ ကျွန်မရဲ့ ချစ်သူအကြောင်းကို အားလုံးလည်း သိကြပြီ ထင်ပါတယ်နော်။ ကျွန်မဟာ သူနဲ့ ချစ်ခွင့်ရတဲ့အတွက်၊ သူနဲ့ အိမ်ထောင်ကျခဲ့မိတဲ့အတွက် ကံအကောင်းဆုံး ဖြစ်တယ်လို့လဲ ထင်ပါတယ်။ ဒါကြောင့် အားလုံးလည်း ကျွန်မလို ကံကောင်းကြပါစေ၊ တစ်သက်လုံး ချစ်ခင်မြတ်နိုးနိုင်တဲ့ ချစ်သူနဲ့ တွေ့ဆုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်...
**************************************
အိမ်ထောင်ကွဲတွေ များပြားလာတဲ့ ဒီခေတ်မှာ သက်ထက်ဆုံးတိုင် ချစ်ခင် ကြင်နာသွားကြတဲ့ လေးစားဖွယ် အဖိုးအို Gene နဲ့ အဖွားအို Bobby တို့ရဲ့ ချစ်ခြင်းမေတ္တာကို အားကျ အတုယူစေနိုင်ဖို့ Vani Nalliah ရဲ့ Love and Care Story အမည်ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဆီလျှော်အောင် ခံစားရေးဖွဲ့ဘာသာပြန်ပါတယ်ရှင်။